The Giving Tree

Standard

သစ်တစ်ပင်၏ ပေးဆပ်ခြင်း

The Giving Tree ဟာ သစ်ပင်တစ်ပင်နဲ့ ကောင်လေးတစ်ယောက်အကြောင်းကို ရေးဖွဲ့ထားတဲ့ ကလေးပုံပြင်လေး တစ်ပုဒ်ဖြစ်ပါတယ်။ ဒီပုံပြင်လေးကို Shel Silverstein က ရေးသားခဲ့ပြီး သူကိုယ်တိုင်ကပဲ ပုံဖော်ရေးဆွဲပေးခဲ့ပါတယ်။ ဒီပုံပြင်လေးကို ၁၉၆၄ ခုနှစ်မှာ ပထမဆုံးအကြိမ်အဖြစ် ပုံနှိပ်ထုတ်ဝေခဲ့ပြီး ဘာသာစကားပေါင်း ၃၀ ကျော်သို့ ပြန်ဆိုထုတ်ဝေခြင်းကို ခံခဲ့ရပါတယ်။ The Giving Tree ဟာ သစ်ပင်နဲ့ လူတို့ရဲ့ ဆက်စပ်မှုအကြောင်းကို ရေးသားထားတဲ့ ပုံပြင်လေးဖြစ်တယ်ဆိုရင်လည်း မမှားပါဘူးရှင်။ ကျွန်မကိုယ်တိုင်လည်း ကြိုက်နှစ်သက်တာကြောင့် ဒီမှာ ပြန်လည်မျှဝေလိုက်ရပါတယ်။

******************************************************************

ဟိုးရှေးရှေးတုန်းက သစ်ပင်တစ်ပင်နဲ့ သူချစ်မြတ်နိုးတဲ့ ကောင်လေးတစ်ယောက်ရှိပါတယ်။ နေ့စဉ်နေ့တိုင်းဆိုသလိုပဲ ကောင်လေးဟာ သစ်ပင်ကြီးဆီကိုလာတယ်.. သစ်ရွက်တွေကိုကောက်ယူ.. သစ်ရွက်သရဖူလေးလုပ်ပြီး တောထဲမှာ ဘုရင်ကြီးလုပ်တမ်း ကစားလေ့ရှိပါတယ်။ ကောင်လေးဟာ သစ်ပင်ပေါ်ကိုတက်ဆော့.. သစ်ကိုင်းတွေမှာ ကူးချည် သန်းချည်လုပ်ကစားပြီး မောလာတဲ့ အခါမှာတော့ သစ်ပင်ရိပ်မှာ နားခိုရင်း အိပ်စက်လေ့ရှိပါတယ်။ ကောင်လေးကလေး သစ်ပင်ကို ချစ်တယ်.. သစ်ပင်ကြီးကလည်း ကောင်လေးကို ချစ်ပြီး သစ်ပင်ကြီးဟာ ကောင်လေးနဲ့အတူ ရှိနေရတာကို အရမ်းကိုပျော်ရွှင်ပါတယ်။

အချိန်တွေ ကြာလာတာနဲ့အမျှ ကောင်လေးဟာ အသက်အရွယ် တစ်ဖြည်းဖြည်းကြီးပြင်းလာတယ်… သစ်ပင်ကြီးဆီကိုလည်း သိပ်မလာဖြစ်တော့ဘူး။ သစ်ပင်ကလည်း အထီကျန်ဖြစ်တော့တာပေါ့။ တစ်ရက်မှာတော့ ကောင်လေးဟာ သစ်ပင်ဆီကို ပေါက်ချလာပြန်ပါရော.. သစ်ပင်ဟာ အရမ်းကိုပျော်ရွှင်သွားပြီး

“လာပါ ကလေးရေ.. ငါ့ ပင်စည်ပေါ်ကိုတက်.. ငါ့ အကိုင်းတွေကြားမှာ ကူးလူးဆော့ကစားပြီး ငါ့ အရိပ်မှာ အရင်လိုပဲ နားခိုအိပ်စက်လိုက်ပါ” လို့ပြောလိုက်တယ်။

“ကျွန်တော် အသက်ကြီးလာပြီဗျ.. သစ်ပင်ပေါ်တက်ပြီး ဆော့ရမယ့်အရွယ် မဟုတ်တော့ဘူး.. အခုကျွန်တော် ပစ္စည်းတွေ ၀ယ်ချင်နေတယ်.. ငွေလိုနေတယ်ဗျ၊ ခင်ဗျား ကျွန်တော့်ကို ငွေပေးနိုင်မလား” လို့ ပြန်မေးလိုက်တယ်။

“ငါ့မှာ ငွေတော့ မရှိဘူးကွ.. ဒါပေမယ့် သစ်ရွက်တွေနဲ့ သစ်သီးတွေရှိတယ်.. ငါ့ဆီက သစ်သီးတွေ ခူးသွားပြီး မင်း ဈေးထဲမှာ သွားရောင်းပေါ့.. ဒါဆိုရင်တော့ ငွေတွေရမှာပဲ” လို့ သစ်ပင်ကလည်း ပြန်ပြောလိုက်တယ်။

ကောင်လေးဟာ သစ်ပင်ပေါ်တက်ပြီး သစ်သီးတွေကို ခူးပါတော့တယ်။ သစ်ပင်ကတော့ ကောင်လေးရဲ့ အပြုအမှုတွေကြောင့် ပျော်နေတာပေါ့။ ဒါပေမယ့် အဲ့ဒီနေ့ကစပြီး နောက်ပိုင်းမှာ ကောင်လေးဟာ သစ်ပင်ကြီးဆီကို မလာတော့ပြန်ပါဘူး။ သစ်ပင်ကြီးဟာ ၀မ်းနည်းနေပြန်တာပေါ့။

ဒါနဲ့ တစ်ရက်မှာ ကောင်လေးက သစ်ပင်ကြီးဆီကို ပြန်ရောက်လာပြန်ရော.. သစ်ပင်ကြီးဟာ ပျော်လွန်းကို အကိုင်းအခက်လေးတွေတောင် လူးလွန့်သွားရတဲ့ အထိဖြစ်သွားတယ်။ နောက်တော့ ပြောနေကျအတိုင်း ပြောလိုက်တာပေါ့

“လာပါ ကလေးရေ.. ငါ့ ပင်စည်ပေါ်ကိုတက်.. ငါ့ အကိုင်းတွေကြားမှာ ကူးလူးဆော့ကစားပြီး ငါ့ အရိပ်မှာ အရင်လိုပဲ နားခိုအိပ်စက်လိုက်ပါ”

“ကျွန်တော်အခု သိပ်အလုပ်များနေတယ်ဗျ ၊ ကျွန်တော် နွေးနွေးထွေးထွေးနေဖို့ အိမ်လိုနေတယ်.. ပြီးတော့ ကျွန်တော် မိန်းမလည်း ယူချင်နေတယ်.. ကလေးတွေလည်း မွေးချင်တယ်ဗျာ.. ကျွန်တော့်မိသားစုနဲ့ တူတူနေဖို့ ကျွန်တော့်မှာ အိမ်ရှိမှ ဖြစ်မယ်ဗျ.. ခင်ဗျားကျွန်တော့ကို အိမ်ပေးနိုင်မလား” လို့ ကောင်လေးက သစ်ပင်ကို ပြန်ပြောလိုက်တယ်။

“ငါက တောထဲမှာ နေနေတာ ဘယ်လိုလုပ် အိမ်ရှိပါ့မလဲ.. ဒါပေမယ့်.. မင်း ငါ့ဆီက သစ်ကိုင်းတွေ ခုတ်သွားပြီး အိမ်ဆောက်ပေါ့.. ဒါဆိုရင် မင်ပျော်မှာပါ” လို့ ပြန်ပြောလိုက်တယ်။

ဒါနဲ့ ကောင်လေးဟာ သစ်ကိုင်းတွေကို ခုတ်ယူတော့တာပေါ့။ ကောင်လေးပျော်တာကို မြင်ရတော့ သစ်ပင်ကြီးလည်း ပျော်တော့တာပါပဲ။ ကောင်လေးဟာ သစ်ကိုင်းတွေကို ခုတ်ယူသွားပြီးတဲ့နောက် အချိန်တော်တော်ကြာအောင် မလာပဲ ရှိနေပါတော့တယ်။ သစ်ပင်ကြီးကလည်း ကောင်လေးကို လွမ်းရင်း ၀မ်းနည်းနေပြန်ပါတော့တယ်။

အချိန်တွေကြာသွားပြီးတဲ့နောက် ကောင်လေးဟာ သစ်ပင်ကြီးဆီကို တစ်ခေါက်ပြန်ရောက်လာပါတော့တယ်။ သစ်ပင်ကြီးမှာတော့ ပျော်လွန်းလို့ စကားတောင် မပြောနိုင်ရှာပါဘူး။ ခါတိုင်းလိုပဲ လာပါ.. ဆော့ပါ လို့ပဲ ပြောလိုက်ပါတော့တယ်။ အဲ့ဒီအချိန်မှာ ကောင်လေးဟာ အသက်အရွယ်ကြီးပြင်းလို့ နည်းနည်းတောင် အိုမင်းစပြုနေပါပြီ။ သူက သစ်ပင်ကြီးကို ပြောလိုက်တယ်..

“ငါအခု ခရီးသွားဖို့ လှေတစ်စင်းလိုနေတယ်.. မင်း ငါ့ကို လှေတစ်ခုလောက် ပေးနိုင်မလား”

“ဒါဆိုရင်တော့ ငါ့ပင်စည်ကိုသာ ခုတ်လှဲသွားပါတော့ကွာ.. ပြီးတော့ မင်း လှေလုပ်ပြီး ရွက်လွှင့်လိုက်တော့ပေါ့.. ပျော်အောင်နေစမ်းပါကွာ” လို့ သစ်ပင်ကြီးကလည်း ပြန်ပြောလိုက်တယ်။

ဒါနဲ့ ကောင်လေးလည်း ပင်စည်ကြီးကို ခုတ်လှဲလိုက်တော့တာပေါ့။ အဲ့ဒီနောက် လှေလုပ်ပြီး ရွက်လွှင့်ထွက်ခွာ သွားပါတော့တယ်။ ပင်စည်ကို ခုတ်လှဲနေချိန်မှာတော့ သစ်ပင်ကြီးဟာ အရင်တုန်းကလောက် အမှန်တစ်ကယ်မပျော်ရွှင်တော့ပါဘူး။

အချိန်တွေအရမ်းကြာလာတော့ ကောင်လေးဟာ နောက်တစ်ခေါက်ရောက်လို့ လာပြန်ပါတော့တယ်။ အဲ့ဒီအချိန်မှာတော့ သူဟာ အိုမင်းပြီး အဖိုးကြီး ဖြစ်နေပါပြီ။ သူ့ကိုမြင်တော့ သစ်ပင်ကြီးက ပြောလိုက်တယ်..

“၀မ်းနည်းပါတယ် ကောင်လေးရေ.. ငါ့မှာ မင်းကို ပေးစရာ ဘာမှ မရှိတော့ဘူးလေ.. ငါ အသီးတွေလည်း မသီးတော့ဘူးကွ”

“ငါ့မှာ မင်းအသီးတွေကို စားနိုင်လောက်အောင် သွားတွေက မကောင်းတော့ပါဘူးကွာ” လို့ သူကလည်း ပြန်ပြောလိုက်တယ်။

“ငါ့မှာ သစ်ကိုင်း သစ်ခက်တွေလည်း မရှိတော့ဘူးကွ.. မင်းဆော့လို့ မရတော့ဘူး.. ငါ စိတ်မကောင်းလိုက်တာ” လို့ သစ်ပင်ကလည်း ထပ်ပြောပြန်တယ်။

“ငါ အိုမင်းမစွမ်း ဖြစ်နေပါပြီကွာ.. မဆော့နိုင်တော့ပါဘူး” လို့ သူက ပြန်ပြောလိုက်တယ်။

“ငါ့မှာ ပင်စည်လည်း မရှိတော့ဘူး.. မင် တက်လို့မရတော့ဘူး” သစ်ပင်က ပြောပြန်တယ်။

“ငါ့မှာ သစ်ပင်တက်နိုင်လောက်တဲ့ စွမ်းအားတွေ မရှိတော့ပါဘူး သစ်ပင်ရယ်” လို့ သူကလည်း ပြန်ပြောလိုက်တယ်။

“ငါ စိတ်မကောင်းလိုက်တာကွာ.. ငါ မင်းကို တစ်ခုခုပေးချင်ပါတယ်.. ဒါပေမယ့် ငါ့မှာ ပေးစရာ မကျန်တော့ဘူးလေ.. အခုဆို ငါဟာ သစ်ငုတ် တစ်ငုတ်ပဲ ဖြစ်နေတော့တယ်” လို့ သစ်ပင်က သက်ပြင်းချပြီး ပြောလိုက်တယ်။

“ငါ့မှာ ဘာမှ မလိုတော့ပါဘူးကွာ.. ငါ အခု သိပ်မောပန်းနေတယ်.. ငါ နားခိုဖို့ အေးဆေးတဲ့ နေရာကောင်းလေး တစ်ခုပဲ လိုချင်တယ်” လို့ အဖိုးကြီးအရွယ်ကိုရောက်နေတဲ့ ကောင်လေးက ပြောလိုက်တယ်။

“ကောင်းပါပြီ ကောင်လေးရေ.. မင်းနားခိုဖို့ ဆိုရင်တော့ ငါ့ရဲ့ ဒီသစ်ငုတ်တိုက အကောင်းဆုံးနေရာ ဖြစ်ရမှာပေါ့.. လာပါ.. ငါ့ပေါ်မှာ တက်ထိုင်ပါ” လို့ ပြောလိုက်တယ်။

အဲ့ဒီနောက်မှာတော့ သစ်ပင်ဟာ ပြန်လည်ပျော်ရွှင်သွားပါတော့တယ်။

ပုံပြင်လေးကတော့ ဒီလောက်ပါပဲ။ ဒီပုံပြင်လေးကိုဖတ်ပြီး ဘာတွေများ သင်ခန်းစာ ရကြပါသလဲရှင်။ လူသားတွေဟာ သူတို့ကိုယ်ကျိုးအတွက် သစ်ပင်တွေကို ခုတ်တယ်.. သစ်ပင်တွေကို အတ္တအတွက် အသုံးချကြတယ်။ အခု ရာသီဥတုတွေ ဖောက်ပြန်လာပြီ.. အိုဇုန်းလွှာကလည်း ပါးသထက် ပါးလာပြီ.. ကာဗွန်ဒိုင်အောက်ဆိုဒ် ထွက်ရှိမှုနှုန်းကလည်း မြင့်သထက် မြင့်လာပြီ။ ကျွန်မတို့ တစ်ကယ်လိုအပ်နေတဲ့ အချိန်မှာတော့ သစ်ပင်တွေ ရှားပါးသွားပါပြီ။ သစ်တောတွေ ပြုန်းလုနီးပါး ဖြစ်သွားပါပြီ။ သစ်ပင်တွေက ပေးဆပ်ကြသလောက် ကျွန်မတို့ လူသားတွေကတော့ သစ်ပင်တွေအတွက်၊ ကမ္ဘာမြေအတွက် ဘာမှပြန်မပေးဆပ်နိုင်ရင် ကျွန်မတို့တွေဟာ ဘာမှအသုံးမကျပဲ ဖြစ်သွားတော့မှာပေါ့။

Advertisements

3 responses »

  1. မမ ပြောတဲ့အတိုင်း သဘာဝ ပတ်ဝန်းကျင် နဲံ့ ပတ်သတ်လို့ တွေးမိတယ်…ပြီးတော့ ဖတ်နေရင်းကနေ စိတ်ထဲမှာ မေကြီး နဲ့ ဖေကြီးကို သတိရသွားတယ်….မိဘ တွေက ဒီသစ်ပင်ကြီးလိုပဲနော်. တွေးလေတွေးလေ သနားလေ ၊ ကျေးဇူးတင်လေ ၊ လေးစားလေပဲ….အရေးကြီးတာ တစ်ခုလောက် တောင်းဆိုချင်ပါတယ်…မမရေ…မနက်ဖြန် အမေများနေ့မှာ ငြိမ်းရဲ့ မေကြီးကို လက်ဆောင်ပေးချင်လို့ မမရဲ့ ဒီပို့စ်လေးကို ပရင့်ထုတ်ပြီး ပေးလို့ရမလား….

    • ရတာပေါ့ ညီမလေးရေ.. သစ်ပင်ကြီးဟာ မိဘ နှစ်ပါးဖြစ်တယ်လို့ တွေးယူရင်လည်း ရတာပါပဲ

  2. တစ်သက်လုံး စိတ်ချမ်းသာချင်ရင် သစ်ပင်စိုက် တဲ့ …

    စိုက်ပျိုးရေးကလည်း မတတ်တာနဲ့တော့ အခက်ပဲ …

    သစ်ပင်တွေ နဲ့ ခြံလေး တစ်ခြံ နဲ့ တော့ နေချင်သား …

    အတွေးလေးတွေ ချရေးသွားတာသက်သက်ပါ မပင့်ဂိုးလ်ရေ … 🙂

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s