Monthly Archives: December 2010

December Essay

Standard

မနက်ခင်းက ချမ်းစိမ့်စိမ့်နိုင်လှသည်။ စောင်ကိုခပ်တင်းတင်း ဆွဲခြုံပြီး ထပ်ကွေးဖို့ စဉ်းစားလိုက်ပေမယ့် အလုပ်သွားရမယ် ဆိုသည့်အတွေးက ခေါင်းထဲရောက်လာသောကြောင့် ချမ်းအေးအေး မနက်ခင်းတွင် ပျင်းရိစွာ နိုးထမိသည်။ အိပ်ရာမှထပြီး ပြူတင်းတံခါးကို ဖွင့်လိုက်တော့ နှင်းသက်ငွေ့လေးတွေ၏ ရနံ့ကို ရှုရှိုက်မိလိုက်သလိုတော့ ရှိသည်။ လေနုအေးတွေက ကျွန်မမျက်နှာပြင်ကို ကလူကျီစယ်ကြပြန်သည်။ ကြက်သီးလေးတွေက တစ်ချက် တစ်ချက် ဖြန်းကနဲထနေကြသေးသည်။ နှင်းသက်ရနံ့တွေရယ် ၊ မြောက်ပြန်လေတွေရယ် ၊ ချမ်းစိမ့်စိမ့် မနက်ခင်းရယ်.. အိုး… ဒီဇင်ဘာကိုတောင် ရောက်လာပြီပဲ။ မပီပြင်သော ရန်ကုန်ဆောင်းက ဒီဇင်ဘာတွင်တော့ ၀တ်ကျေ တန်းကျေအေးဖို့ ကြိုးစားနေရှာပြန်သည်။

အတွေးစတွေကို ရပ်ပြီး တစ်နေ့တာအတွက် လှုပ်ရှားဖို့ ကျွန်မ ပြင်ဆင်ရသည်။ ကျွန်မ ရန်ကုန်ရောက်တာ ကြာခဲ့ပြီ။ မချမ်းအေးသော ဒီဇင်ဘာနဲ့လည်း ရင်းနှီးခဲ့ပါပြီ။ ငယ်ငယ်က တွေ့နေကျ ဒီဇင်ဘာ နှင်းစက်တို့ကိုကား တမ်းတ၍ လွမ်းမိသေးသည်။ နှင်းစက်တွေ တွဲခိုနေတဲ့ သစ်ရွက်စိမ်းစိမ်းတွေ ၊ မြူတွေဆိုင်းနေတဲ့ မြေနီလမ်းကလေး (ခုတော့ ကတ္တရာလမ်း ဖြစ်နေရောပေါ့) ၊ မနက်ခင်းမှာ မီးလှုံနေကြတဲ့ အဖိုး အဖွားတွေ၊ အပြေးလေ့ကျင့်ကြတဲ့ တပ်မတော်သားတွေ ၊ နောက်ပြီး.. ဆောင်းမနက်စောစောမှာ အိပ်ရာကထပြီး သမီးတွေစားဖို့ ကန်ဇွန်းဥမီးဖုတ်ပေးတတ်တဲ့ ဖေဖေနဲ့ ကန်းဇွန်းဥ ချိုချိုလေးတွေ… ကျွန်မ လွမ်းလိုက်တာ။ ကျွန်မရဲ့ အတ္တနဲ့ လောဘတွေ ၊ လိုချင်တပ်မက်မှုတွေကြောင့် ဒီဇင်ဘာမနက်ခင်းမှာ အလွမ်းအက်ဆေးတစ်ပုဒ်ရေးဖို့တောင် အခွင့်မသာခဲ့ဘူး။

လမ်းပေါ်ကို ထွက်လိုက်တော့ လမ်းထိပ်က မုန့်ဟင်းခါးဆိုင်မှာ လူစည်စပြုပြီ။ လက်ဘက်ရည်ဆိုင်တွေက သီချင်းသံတွေ စကြားနေရပြီ။ မီးပွိုင့်မှာ တန်းစီနေတဲ့ ဘတ်စ်ကားတွေ၊ အပြေးအလွှား လုယက်တက်ကြတဲ့ ရုံးသွား ၊ ကျောင်းသွားသူတွေ ၊ လမ်းဘေး ပလက်ဖောင်းဆိုင်က ဈေးသည်တွေ.. ဒါတွေက မရိုးနိုင်တဲ့ မနက်ခင်း ပန်းချီတွေပါပဲ။ ခြေလှမ်း သုံးလေးလှမ်းလောက်လျှောက်ပြီး ဘတ်စ်ကားပေါ်ရောက်တော့ ကျွန်မချွေးစို့စပြုပြီ။ ချမ်းအေးအေး အရသာလေးက နေအထိမှာ အရည်တွေ ပျော်ကျလို့…..။ ရုတ်တရက် စက်ဘီးစီးလာတဲ့ သတင်းစာပို့သမားလေးကို ကျွန်မတွေ့လိုက်သည်။ ငယ်ငယ်တုန်းက ဒီဇင်ဘာကို သတိရပြန်သည်။

မနက် မနက်ဆို စက်ဘီးလေးတွေ ကိုယ်စီနဲ့ ကျွန်မတို့ သူငယ်ချင်းတွေ မြူတွေကြားမှာ တိုးဝှေ့ကြသည်။ မြောက်ပြန်လေတွေက ချမ်းအေးသော ဒီဇင်ဘာကို အရိုးကွဲအောင် အေးစေသည်။ မာဖလာတွေ ၊ ဦးထုပ်တွေ ၊ အနွေးထည် ထူထူကြီးတွေဝတ်ပြီး ဆောင်းမနက်ခင်းမှာ ပညာရေးအတွက် ကျွန်မတို့ ရုန်းကန်ကြသည်။ လက်အိတ်  မ၀တ်တတ်သော ကျွန်မ အေးစက်ထုံထိုင်းနေသော လက်တွေနဲ့ ဘောလ်ပင်ကို အားတင်းကိုင်ရင်း စာတွေကြိုးစားရေးတာ အမှတ်ရမိသေးသည်။ ချမ်းချမ်းစီးစီး အာရုဏ်ဦးတွေမှာ စာကျက်ရတာက ဦးနှောက်ကို လန်းဆန်းစေသည်။ စာကို ပို၍မှတ်မိစေသည်။ ခုတော့လည်း Laptop တစ်လုံးနဲ့ E Book တွေထိုင်ဖတ်ရင်း ပန်ကာကိုလည်း မရပ်မနားဖွင့်ရသေးရဲ့။ မီးမပျက်သေးတာကို တော်တော်ကျေးဇူးတင်ရမည်။ နွေရာသီကို စိတ်ကူးလိုက်မိသည်။ ကျွန်မ နှာခေါင်းတွေတောင် ရှုံ့သွားရတော့သည်။ စိတ်မသက်သာစရာပဲ။

ဟော..ဘတ်စ်ကားရပ်ပြီ။ ရုံးကို ရောက်တော့မည်။ ရှစ်နာရီ ခွဲကာနီးပြီမို့ ဘတ်စ်ကားဂိတ်မှ မပြေးရုံတမယ် လမ်းလျှောက်လာမိသည်။ ဓါတ်လှေကားမှာ လူတွေတိုးနေ၍ နောက်တစ်စီးကို စောင့်ရသေးသည်။ ရုံးပေါ်ရောက်တော့ အဲကွန်းလေးက အေးစိမ့်လို့နေသည်။ အင်း Men Made December ပါပဲ။ ဒီလိုနဲ့ ကျွန်မရဲ့ တစ်နေ့တာကို ကျွန်မစတင်သည်။ ငယ်ငယ်တုန်းက ဒီဇင်ဘာ ပုံရိပ်တွေက ကျွန်မရဲ့ စိတ်ကို လွှမ်းမိုးဆဲ။ ဒီလိုအချိန်တွေကို ကျွန်မ ဘယ်တော့များမှ ပြန်သွားနိုင်မှာပါလိမ့်။ ဆောင်းမနက်ခင်းတွေရယ်.. ဒီဇင်ဘာရယ်… နှင်းစက်တွေရယ်က ကျွန်မဘ၀တွင် အမှတ်ရခဲ့ဖူးသော လက်ရေးနဲ့ချရေးစရာမလိုသည့် အက်ဆေးများသာ ဖြစ်ကြသည်။

Advertisements