Green Steps for Green Environment

Standard

“ကျွန်ုပ်တို့သည် ကမ္ဘာကြီးကို ဘိုးဘေးများထံမှ ငှားယူထားခြင်းမဟုတ် ၊ သား၊ သမီးများထံမှ ငှားယူထားခြင်းသာ ဖြစ်သည်” (အာဖရိက စကားပုံ)

အခုတလောမှာ ကမ္ဘာကြီးကို ကယ်တင်ဖို့ဆိုတဲ့စကားနဲ့ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးဆိုင်ရာ အလုပ်တွေကို လူကြီး လူငယ်မရွေးလုပ်ဆောင်လာကြတာကို တွေ့ရပါတယ်။ လူတွေရဲ့ လောဘ ၊ ဒေါသ ၊ မောဟတွေနဲ့အတူ ပြောင်းလဲတိုးတက်လာတဲ့ စီးပွားရေးတွေကြောင့် ကျွန်မတို့လူသားတွေဟာ ကမ္ဘာကြီးရဲ့ အရင်းအမြစ်ပေါင်းများစွာကို အညှာမတာထုတ်ယူသုံးစွဲလာခဲ့တာဟာ တော်တော်ကြီးကို ကြာခဲ့ပါပြီ။ ကမ္ဘာကြီးက ကျွန်မတို့ လူသားတွေအပါအ၀င် သက်ရှိအားလုံးအတွက် လိုအပ်တဲ့အရာမှန်သမျှကို ဖန်တီးပေးတဲ့ မိခင်တစ်ယောက်ဖြစ်ပါတယ်။ ကျွန်မတို့တွေ လုပ်နေတဲ့ သဘာဝ ပတ်ဝန်းကျင်ထိမ်းသိမ်းရေးအလုပ်တွေဆိုတာကကော၊ အမေ့ဆီက လိုသလောက်ကို လက်ဖြန့်တောင်းခဲ့ပြီးကာမှ အခု အမေကျန်းမာရေးမကောင်းလို့ လိုချင်တာတွေကို မဖန်တီးပေးနိုင်တော့တဲ့အခါ ဘာမှ မရတော့မှာကို စိုးရိမ်လို့ အမေ့ကို ဆေးကုပေးတဲ့ သဘောလား ၊ ဒါမှမဟုတ် အမေ့ကို တစ်ကယ်နေကောင်းစေချင်လို့ အမေမှ မရှိရင် မဖြစ်တော့လို့ဆိုတဲ့ ချစ်ခြင်းမေတ္တာစေတနာတွေနဲ့ စောင့်ရှောက်နေတဲ့ သဘောမျိုးလားဆိုတာကတော့ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ စိတ်သဘောထားအပေါ်မှာပဲ မူတည်လိမ့်မယ်ထင်ပါတယ်။

သူများတွေ လုပ်သလိုပဲ ကမ္ဘာကြီးကိုစောင့်ရှောက်ဖို့ ၊ ပတ်ဝန်းကျင်သာယာလှပဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေအပြင် လူငယ်တွေရဲ့ အသိပညာ၊ စိတ်ခွန်အားနဲ့ လုပ်ဆောင်ချက်တွေကို မြှင့်တင်ပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျွန်မတို့လည်း ပတ်ဝန်းကျင်ထိမ်းသိမ်းရေး အလုပ်တွေကို လုပ်ဆောင်ပါတယ်။ ကျွန်မတို့ဆိုတာက အသက် (၃၀) နှစ်အောက် လူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ Myanmar Youths in Action ၊ MYIA အဖွဲ့ကလေးပါ။ ဒီအဖွဲ့က သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးအလုပ်တွေဖြစ်တဲ့ သစ်ပင်များစိုက်ပျိုးခြင်း ၊ သဘာပပတ်ဝန်းကျင်အကြောင်း ပညာပေးဟောပြောခြင်းတွေကို အဓိကထားလုပ်ဆောင်ပါတယ်။ ကျွန်မတို့ရဲ့ ဦးတည်ချက်က လူငယ်တွေကို အသိပညာပေးဖို့ ဖြစ်တာကြောင့် ကျွန်မတို့ လုပ်တဲ့ အလုပ်မှန်သမျှမှာလည်း လူငယ်တွေရဲ့ တက်ကြွမှုတွေ ၊ စိတ်အားထက်သန်မှုတွေဟာ ရာခိုင်နှုန်းပြည့်နေရာယူထားပါတယ်။ ၂၀၁၁ ခုနှစ် ဧပြီလမှာလည်း ကျွန်မတို့လူငယ်တစ်စု ကျိုက်ထိုမြို့ကို အရောက်လှမ်းပြီး လူငယ်တွေရှိရာကို သွားရောက်ခဲ့ကြပြန်ပါပြီ။ ကျွန်မတို့ရဲ့ ဦးတည်ရာ နေရာကတော့ ကျိုက်ထိုမှာရှိတဲ့ ဆိပ်ဖူးတောင် လူငယ်ဖွဲ့ဖြိုးတိုးတက်ရေး ပရဟိတဂေဟာသို့ပဲ ဖြစ်ပါတယ်။

ဧပြီလဖြစ်တာကြောင့် ရာသီဥတုက တော်တော်လေးကို ပူပါတယ်။ ကျွန်မတို့ ကျိုက်ထိုကို မနက်ခြောက်နာရီလောက်မှာ ထွက်ခွာခဲ့တာဖြစ်ပေမယ့် အရှေ့အရပ်ဆီမှာ မပေါ် တစ်ပေါ်မြင်နေရတဲ့ ရှင်နေမင်းရဲ့ အပူရှိန်တွေဟာ ကမ္ဘာတစ်ဝှမ်းလုံးကို စောစောစီးစီးဖြန့်ကျက်ထားပြီးပါပြီ။ ကျွန်မတို့အဖွဲ့လည်း စောစောစီးစီး ချွေးဒီးဒီးနဲ့ပေါ့။ ရန်ကုန်ကနေ သုံးနာရီကျော်ကျော်လောက် ကားမောင်းပြီးတော့ ကျိုက်ထိုကို ရောက်ပါတယ်။ တည်းခိုဖို့ ကြိုတင်ဘွတ်ကင်ယူထားတဲ့ ရွှေမော်ကွန်း တည်းခိုခန်းမှာပဲ ပစ္စည်းတွေချ အနားယူပြီး ဆိပ်ဖူးတောင်ကို ကျွန်မတို့ သွားရောက်ခဲ့ကြပါတယ်။ ဆိပ်ဖူးတောင်ဟာ သဘာပတ်ဝန်းကျင်အမြင်အရ တော်တော်လေးကို လှပတဲ့နေရာဖြစ်ပါတယ်။ သစ်ပင်တွေ အများကြီးစိုက်ပျိုးထားတာကြောင့် သစ်ရိပ်ဝါးရိပ်တွေနဲ့ အေးအေးချမ်းချမ်းလည်း ရှိပါတယ်။ ကျွန်မတို့ရောက်တော့ ဂေဟာကို တာဝန်ယူရတဲ့သူတွေထဲက တစ်ယောက်ဖြစ်တဲ့ မမေသက်နိုင်က လှိုက်လှိုက်လှဲလှဲပဲ ကြိုဆိုပါတယ်။ ဂေဟာရဲ့ ဥယာဉ်မှူး ဘုန်းဘုန်းဦးဇောတိက ကတော့ ခေါင်းနည်းနည်းမူးနေတာကြောင့် ကျွန်မတို့ရောက်အောင် မစောင့်နိုင်ပဲ ကျောင်းပေါ်ပြန်တက်သွားပါတယ်လို့ သူကပဲပြောပါတယ်။ ကျွန်မတို့အစီအစဉ်အတွက်လည်း အခမ်းအနားကို သေသေချာချာကို ပြင်ဆင်ပေးထားပါတယ်။ သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေး ဟောပြောပွဲဆိုတဲ့ ခေါင်းစဉ်ကြီးနဲ့အတူ ခမ်းနားတဲ့ အပြင်အဆင်တွေကြောင့် ကျွန်မတို့အဖွဲ့မှာ အားတုံ့အားနာ ဖြစ်မိရပါသေးတယ်။ ကျွန်မတို့သွားတဲ့ အချိန်က ကျောင်းပိတ်ချိန်ဖြစ်တာကြောင့် ဆိပ်ဖူးတောင် လူငယ်ဖွံ့ဖြိုးရေးဂေဟာက ကလေးတော်တော်များများ ရွာကို ပြန်နေတဲ့အချိန်ဖြစ်ပါတယ်။ ကျောင်းမှာ စုစုပေါင်း ကလေး ၆၀၀ ကျော်လောက်ရှိပေမယ့် ခုချိန်မှာတော့ (၅၀) ကျော်ကျော်လောက်ပဲ ရှိပါတော့တယ်။ ကျွန်မတို့လည်း ရှိတဲ့ကျောင်းသူ ၊ ကျောင်းသားတွေကို စုစည်းပြီး ဟောဖို့ ပြောဖို့ ပြင်ဆင်ရတာပေါ့။

သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေး ဟောပြောပွဲဆိုပေမယ့် ကျွန်မတို့အဓိကပြောဖြစ်ခဲ့တာကတော့ အချက်သုံးချက်ပဲ ဖြစ်ပါတယ်။ အဲ့ဒါတွေကတော့ သစ်ပင်တွေကို ကာကွယ်ပါ ၊ မလိုအပ်ပဲ ကြွပ်ကြွပ်အိတ် မသုံးပါနဲ့ ၊ အမှိုက်တွေကို စနစ်တကျပစ်ပါဆိုတာတွေပဲ ဖြစ်ပါတယ်။ ကျွန်မတို့ပြောဖို့အတွက် သင်ထောက်ကူတွေအဖြစ် ဆရာအော်ပီကျယ်ရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကာတွန်းတွေကို အသုံးပြုခဲ့ပါတယ်။ ဆိပ်ဖူးတောင်က ကျောင်းသူ ကျောင်းသားလေးတွေဟာ ကျွန်မတို့ရဲ့ ဆွေးနွေးပွဲမှာ တက်တက်ကြွကြွပါဝင်ကြပါတယ်။ မြို့နေကျောင်းသားတွေလောက် ဗဟုသုတ မကြွယ်ဝကြပေမယ့် သူတို့လေးတွေကိုယ်တိုင်က ဆိပ်ဖူးတောင်မှာ သစ်ပင်တွေကို ကိုယ်တိုင်စိုက်ပျိုးကြတာကြောင့် သစ်ပင်တွေအကြောင်းကို ပြောရတဲ့အခါမှာ အားတက်သရောရှိလှပါတယ်။ နောက်ပြီး သူတို့တွေကိုယ်တိုင်က ကျောင်းပြန်ဖွင့်တဲ့အခါ ဂေဟာမှာ အတူနေကြတဲ့ မောင်ငယ် ၊ ညီမငယ်တွေ၊ သူငယ်ချင်းတွေကို ဗဟုသုတတွေ ပြန်လည်ဝေမျှပေးမယ်လို့ ကတိပေးတာကြောင့် ကျွန်မတို့တွေ ပီတိဖြစ်ရပါသေးတယ်။

ကျွန်မတို့တွေဟာ ဆိပ်ဖူးတောင်မှာ ဟောပြောပွဲလေးပြုလုပ်ခဲ့တဲ့အပြင် ဆရာအော်ပီကျယ်ရဲ့ သဘာဝပတ်ဝန်းကျင်ကာတွန်းတွေကို ဗီနိုင်းတွေထုတ်ပြီး ကျိုက်ထီးရိုးဘုရား ပတ်ဝန်းကျင်မှာ ကပ်တဲ့အစီအစဉ်လေးကိုလည်း ပြုလုပ်ခဲ့ပါသေးတယ်။ အဲ့ဒီက ဒေသခံတွေဟာ ကျွန်မတို့ရဲ့ ဗီနိုင်းတွေကို လိုလိုလားလားရှိကြပါတယ်။ သူတို့အတွက် ပညာပေးရာလည်းရောက်တာကြောင့် ကျိုက်ထီးရိုးဘုရားက ဂေါပကအဖွဲ့တွေ၊ တောင်တက်မော်တော်ယဉ်အသင်းက တာဝန်ရှိသူတွေနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက တာဝန်ရှိသူတွေကလည်း ကျွန်မတို့ရဲ့ လုပ်ဆောင်ချက်တွေကို ၀မ်းမြောက်ဝမ်းသာ လုပ်ခွင့်ပြုခဲ့ပါတယ်။ ကျွန်မတို့တွေလည်း ကျိုက်ထီးရိုးတောင်တက်ကားတွေ၊ ကင်မွန်းစခန်း၊ ရသေ့တောင်နဲ့ ကျိုက်ထီးရိုးဘုရားရဲ့ ဈေးဆိုင်တန်းတွေမှာ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေး ပညာပေးဗီနိုင်းတွေကို ကိုယ့်မှာ ရှိသလောက် ကပ်ခဲ့ကြပါတယ်။ ကျွန်မတို့လုပ်တဲ့ အလုပ်တွေကို အားပေးတဲ့သူတွေရှိတဲ့အပြင် လိုလားလက်ခံသူတွေလည်း အများအပြားရှိနေတာကြောင့် ဒီအစီအစဉ်လေးဟာ တော်တော်လေးကို အထမြောက်ခဲ့တဲ့ အစီအစဉ်လေးတစ်ခု ဖြစ်သလို Myanmar Youths in Action အဖွဲ့ရဲ့ မှတ်တိုင်လေးတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

ဆိပ်ဖူးတောင်နဲ့ ကျိုက်ထီးရိုးဘုရားဟာ သဘာဝပတ်ဝန်းကျင်အနေအထား ကောင်းမွန်တဲ့နေရာတွေ ဖြစ်ပါတယ်။ စိမ်းစိမ်းစိုစိုတောအုပ်တွေကို ဖြတ်သွားရတဲ့ ဘုရားဖူးခရီးဟာ မောပန်းသမျှကို ပြေပျောက်စေပါတယ်။ ဒီလို တောတောင်သဘာဝကို ခံစားနိုင်တဲ့ခရီးမျိုး မြန်မာပြည်မှာ ရှိနေခြင်းဟာ ကျွန်မတို့အတွက် ဂုဏ်ယူစရာလည်း ကောင်းလှပါတယ်။ ဒါကြောင့်လည်း တန်ခိုးကြီးရုံသာမက ရင်သပ်ရှုမောစရာ သဘာဝအလှတွေရှိတဲ့ ကျိုက်ထီးရိုးဟာ ကမ္ဘာ့အလယ်မှာ ၀င့်ထယ်နေတာဖြစ်ပါတယ်။ ဒီလိုလှပတဲ့ ရေမြေတွေကို ထိမ်းသိမ်းဖို့ဆိုတာ ဘုရားဖူးတိုင်းရဲ့ တာဝန်တစ်ခုဖြစ်ပါတယ်။ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်တာတွေကို အတတ်နိုင်ဆုံးရှောင်သင့်ပြီး ဘုရားကို လှပရုံမက သန့်ရှင်းအောင်ပါ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကင်မွန်စခန်းထိရောက်အောင်လာရတဲ့ ကားလမ်းရဲ့ ဘေးဘီတွေမှာ အငုတ်ပါမကျန်ခုတ်ထားတဲ့ ကျွဲကောစိုက်ခင်းတွေ ၊ တောမီးရှို့နေတာတွေကို မြင်ရတာတော့ စိတ်မကောင်းစရာ တစ်ခုပါပဲ။ ကျွဲကောစိုက်ခင်းတွေနေရာမှာ ရာဘာတွေကို အစားထိုးစိုက်ပျိုးမယ်လို့ သိရပေမယ့် ခုချိန်မှာ မြင်နေရတဲ့ ပြောင်သလင်းခါ မြင်ကွင်းတွေဟာ ခရီးသွားတွေရဲ့စိတ်ကို ညှိုးနွမ်းစေတာတော့ အမှန်ပါပဲ။

“ငါဟာ ပါမွှားလေးပါ ၊ ငါရဲ့လုပ်ရပ်တွေက မထိရောက်နိုင်ပါဘူးလို့ထင်ရင် အခန်းတစ်ခန်းတည်းမှာ ခြင်တစ်ကောင်နဲ့အတူ အိပ်ကြည့်လိုက်လေ” ဆိုတဲ့ အာဖရိက စကားပုံတစ်ခုရှိပါတယ်။ ကမ္ဘာမြေကိုထိမ်းသိမ်းဖို့ ၊ ကျွန်မတို့တွေ နေစရာမပျောက်စေဖို့က ဘယ်သူ့အပေါ်မှာမှ တာဝန်ရှိတာ မဟုတ်ပါဘူး။ ကိုယ်ကိုတိုင်ကသာ တာဝန်ရှိတာဖြစ်ပါတယ်။ ဘယ်လောက်ပဲ သေးငယ်တဲ့ လုပ်ရပ်ကလေး ဖြစ်စေဦးတော့ အကျိုးရှိစေမှာ ဖြစ်ပါတယ်။ ရေစက်ရေပေါက်ကလေးတွေ တစ်စက်ချင်းစုစည်းလိုက်တဲ့အခါ ရေအိုင်ကြီးဖြစ်လာသလိုပဲ ကျွန်မတို့ တစ်ဦးတစ်ယောက်ချင်းစီ ၊ အဖွဲ့လိုက်စီရဲ့ အလုပ်တွေကလည်း ကြီးမားတဲ့အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်။ သစ်ပင်လေးတစ်ပင်ကို ရှင်သန်ကြီးထွားအောင် စိုက်ပျိုးတာ၊ အမှိုက်ကလေးတစ်စကို အမှိုက်ပုံးထဲကောက်ထည့်တာကနေ အစပြုပြီး စွမ်းအင်ချွေတာတာ ၊ ကာဗွန်ခြေရာနည်းအောင် လုပ်တာတွေထိ အချင်းချင်းလက်ချင်းတွဲပြီး လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။

ကျွန်မတို့ရဲ့ အစိမ်းရောင်ခြေလှမ်းလေးတွေနောက်ကို လိုက်လျှောက်ကြမယ့် လူငယ်တွေကို ကျွန်မတို့ လိုအပ်သလို ၊ ကျွန်မတို့ လျှောက်လမ်းနေစဉ်မှာ အင်အားတွေပေးကြမယ့် လူကြီးတွေကိုလည်း လိုအပ်ပါတယ်။ ဒါ့အပြင် ကျွန်မတို့ရဲ့ ခြေလှမ်းစိမ်းစိမ်းတွေကို အစဉ်အမြဲရှင်သန်စေဖို့ ထိမ်းသိမ်းရမယ့် နောင်လာနောက်သားတွေဆိုတာလည်း ရှိနေမှ ဖြစ်မှာပါ။ ဒီအစဉ်အလာရှိလာဖို့ ဆိုတာကလည်း ကျွန်မတို့ကိုယ်တိုင်က တည်ဆောက်ခဲ့မှ ဖြစ်လာမှ မဟုတ်ပါလားရှင်။ ဒါကြောင့် ဒီအသက်အရွယ်ကနေစလို့ ခြေလှမ်းစိမ်းစိမ်းလေးတွေသာ မနားတမ်းဆက်လှမ်း ဖြစ်ခဲ့မယ်ဆိုရင် ကျွန်မတို့ရဲ့ နောင်လာနောက်သားတွေဆီကနေ ငှားယူထားတဲ့ ကမ္ဘာကြီးကိုလည်း အကောင်းအတိုင်းပြန်လည်ပေးအပ်နိုင်မှာ ဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s