မွေးရပ်မြေမှာ ရောက်တတ်ရာရာ

Standard

ကျွန်မစီးလာတဲ့ သဘောင်္ကြီးက ဘင်္ဂလားပင်လယ်အော်ထဲမှာ အရှိန်မှန်မှန် ခုတ်မောင်းလို့နေတယ်… အမြန်နှုန်းကြောင့် ဖွာထွက်လာတဲ့ ရေလှိုင်းဖြူဖြူတွေရယ်… အဆုံးကို မမြင်ရတဲ့ ပင်လယ်ကြီးရယ်… နောက်ပြီး မိုးသားပြာပြာတွေရယ်.. ဒီမြင်ကွင်းတွေကို ကျွန်မ မမြင်ခဲ့ဖူးတာ တော်တော်ကြာနေပြီမို့ ကင်မရာတစ်လုံးနဲ့ အလုပ်ရှုပ်နေမိတယ်။ ခဏကြာတော့ သင်္ဘောရပ်သွားတာကို ခံစားမိတယ်.. ဘာဖြစ်လို့လဲလို့ မေးကြည့်တော့ မန်ကျည်းကျွန်းမှာ ခဏရပ်တာတဲ့။ သြော.. ကျွန်မရဲ့ ဘယ်ဘက်ကနေ မြင်ရတဲ့ မြင်ကွင်းက ကမ်းမမြင် လမ်းမမြင် ပင်လယ်ပြင်ကြီး ဖြစ်နေပေမယ့်… ကျွန်မရဲ့ ညာဘက်မှာတော့ မန်ကျည်းကျွန်းက ထီးထီးကြီး ရှိလို့နေရဲ့။ ဆန့်ကျင်ဘက်သဘောတရားတွေကလည်း တစ်ခါ တစ်လေမှာ လူကို လှည့်စားတတ်ကြသားရှင်။

မန်ကျည်းကျွန်းကို ကျော်လာပြီး နောက်တစ်နာရီလောက် ထပ်မောင်းတော့ မာန်အောင်ကျွန်းကို မှုန်ပြပြလေး မြင်ရတယ်။ သူ့ဘေးမှာတော့ ရဲကျွန်း ၊ တိုက်ကျွန်းဆိုတဲ့ ကျွန်းသေးသေးလေးတွေ ၀န်းရံလို့။ ပင်လယ်ပြာပြာထဲမှာ စိမ့်ညို့ညို့ဖြစ်နေတဲ့ ကျွန်းကို မြင်ရတာ တစ်ကယ်ကို လွမ်းစရာကြီးပါ။ အိမ်ကို လွမ်းလို့ပြန်လာခဲ့တာ မဟုတ်ပေမယ့် အိမ်ပြန်ရောက်တော့မယ်ဆိုတဲ့အသိနဲ့ ကျွန်မ အတိုင်းမသိပျော်မိပါတယ်။ တစ်ကယ်တော့ အဲ့ဒီအချိန်မှာ ကျွန်မတော်တော်လေးကို ပင်ပန်းနေပြီ.. ရန်ကုန်ကနေ တောင်ကုတ်ကို တစ်ညလုံး ကားစီးရတယ်။ တောင်ကုတ်ကနေ ကျွန်မတို့ဆီကိုရောက်ဖို့ လျှပ်ပြေးလို့ခေါ်တဲ့ သင်္ဘောအမျိုးအစားနဲ့ နှစ်နာရီလောက် ပင်လယ်ပြင်ကို ဖြတ်ရသေးတာ။ ကားစီးတယ်ဆိုတာကလည်း မြေပြန့်မှာ သွားရတာမျိုးမဟုတ်ပဲ အကွေ့အကောက်များလှတဲ့ ရခိုင်ရိုးမကို ဖြတ်ကျော်ပြီး ကားစီးရတဲ့အတွက် တစ်ကိုယ်လုံးလည်း ကိုင်ရိုက်ထားသလို နာနေတယ်။ ဒါတောင် ခုချိန်မှာ လေအိပ်ကားတွေ ရှိနေလို့သာပေါ့။ တက္ကသိုလ်တက်တုန်းကဆို ရိုးရိုးမှန်လုံကားတွေနဲ့ သွားခဲ့ရတာ။ လူစီးသီးသန့်လည်း မဟုတ်တဲ့အတွက် ငါးပိနံ့ ၊ ငါးခြောက်နံ့တွေကြားမှာ လူလည်း ငါးခြောက်ဖြစ်တော့မတတ် ကားစီးခဲ့ရတာ။ အချိန်တွေ နည်းနည်းကြာလာလို့ ကားဂိတ်ပိုင်ရှင်တွေလည်း ပိုပိုပြီး ချမ်းသာလာကြလို့လာ သူတို့တွေမှာလည်း ခုမှ လေအိပ်ကားတွေ ၀ယ်နိုင်တာ ဖြစ်မှာပေါ့လေ။

Manaung Island Landing in the Bay of Bangle

Pagoda situated on the rock at the mouth of Taung Goke River

သင်္ဘောဆိပ်ကို ရောက်တော့ ကျွန်မတို့ ညီအစ်မကို လာကြိုနေတဲ့ အဖေ့ကိုတွေ့တယ်။ အမေ့ကိုလည်း တွေ့ချင်တာမို့ အိမ်ကို ဖုန်းဆက်ဖို့ ကျွန်မရဲ့ CDMA 450 ဖုန်းလေးကို ထုတ်လိုက်တော့ လိုင်းက အပြည့်ပါပဲရှင်။ ကျွန်မ မာန်အောင်မှာ နေခဲ့တဲ့ တောက်လျှောက်မှာလည်း ဘယ်နေရာသွားသွား ဆက်သွယ်မှုဧရိယာ ပြင်ပရောက်တယ်ဆိုတာ မရှိခဲ့သလောက်ပါပဲ။ ဒါနဲ့အမေလည်းရောက်လာရော ကျွန်မတို့ မိသားစုလေးယောက် ဆူညံပွက်လောရိုက်ပြီး အိမ်ကိုရောက်လာခဲ့ကြတော့တယ်။ မရောက်တာကြာတဲ့ မြို့ကလေးက ပိုသေးသွားတယ်လို့ စိတ်ထဲမှာ ထင်မိသလို၊ လမ်းတွေကလည်း ပိုကျဉ်းသွားတယ်လို့ ခံစားမိသေးတယ်။ ပိုပေါလာတာကတော့ ဆိုင်ကယ်တွေပါပဲ။ ကျွန်မရဲ့ အိမ်လေးကတော့ ချစ်စရာ ကောင်းမြဲ ကောင်းဆဲ။ ဒါပေမယ့် အဖေက အိမ်ချဲ့နေတာမို့ သစ်တွေ၊ အုတ်တွေ ၊ လက်သမားတွေနဲ့ အိမ်မှာ နည်းနည်းတော့ ရှုပ်နေတယ်။

သင်္ကြန်တစ်တွင်းလုံးမှာတော့ အိမ်တွင်းအောင်းပြီး အိမ်အလုပ်တွေ လုပ်နေခဲ့လို့လား မသိပါဘူး.. သင်္ကြန်ရောက်နေတယ်ဆိုတာ ကျွန်မ မေ့တေ့တေ့လေးတောင် ဖြစ်သွားလိုက်သေးရဲ့။ သင်္ကြန်နောက်ဆုံးနေ့မှာ ကမ်းခြေဘက်ကို ဆိုင်ကယ်စီးဖို့ အိမ်ကအထွက် ရေလိုက်လောင်းတဲ့သူတွေကိုတောင် ဒေါကြီး မောကြီးနဲ့ ရန်တွေ့မိခဲ့သေးတာ။ ဒီနှစ်သင်္ကြန်က အဲ့လောက်ထိကို ကျွန်မအတွက် အဓိပ္ပာယ်မရှိခဲ့တာပါ။

ကျွန်မလည်း ရောက်တုန်းရောက်ခိုက်မှာ ကိုယ့်ဆီက လေ့လာစရာလေးတွေကို နည်းနည်းလေးတော့ လေ့လာမိခဲ့သေးရဲ့။ ဘင်္ဂလားပင်လယ်အော်ထဲမှာ ရှိတဲ့ ကျွန်မတို့ကျွန်းဟာ လက်ရှိမှာဖြစ်နေတဲ့ သဘာဝဘေးအန္တရာယ်တွေသာ ဖြစ်လာခဲ့မယ်ဆို တစ်ကယ်ကို ကြောက်ဖို့ ကောင်းတဲ့ နေရာတစ်ခု ဖြစ်တယ်။ ကျွန်မတို့ဆီမှာ ဘာအကာအကွယ်မှ မရှိသလို၊ ဘာ အန်ဂျီအိုမှလည်း ရှိမနေပါဘူး။ ဒေသခံတွေကလည်း ရေကူးတတ်တယ်ဆိုတာမျိုးလောက်ပဲရှိပြီး ငလျင်တို့ ၊ ဆူနာမီတို့ဖြစ်လာရင် ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာ မသိတဲ့သူတွေများပါတယ်။ ဒီလိုမျိုး ကျွန်းတွေက လူတွေကို တကူးတက လာရောက် ထရိန်နင်ပေးကြမယ့် ဘယ်အဖွဲ့အစည်းမှလည်း ရှိမှာ မဟုတ်ပါဘူး။ မဖြစ်ရင် မလုပ်တတ်ကြတဲ့ ကျွန်မတို့ မြန်မာနိုင်ငံမှာ မဖြစ်သေးသမျှ မလုပ်ခဲ့လို့လည်း နာဂစ်တုန်းက ဆုံးရှုံးမှုတွေ များခဲ့ရတာ မဟုတ်လား။ ဘယ်အရာကိုမှ ကြိုတင်မှန်းဆလို့ မရတဲ့ အနာဂတ်မှာ ကျွန်မတို့ ရခိုင်ကိုလည်း ၀င်နေကျ ဘေးအန္တာရာယ်တွေထက် ပိုဆိုးတဲ့ အရာမျိုး ရောက်မလာနိုင်ဘူးလို့ ပြောလို့ရပါ့မလားရှင်။ ကမ်းရိုးတန်းကို မှီခိုစားသောက်နေထိုင်ရတဲ့ သူတွေဖြစ်တာကြောင့် ငလျင်တို့ ဆူနာမီတို့နဲ့ ပတ်သက်တဲ့ ပညာပေးမှု ၊ လေ့ကျင့်သင်ကြားပေးမှုတွေဟာ ပိုမိုလိုအပ်တယ်လို့ ထင်မိပါသေးတယ်။ ဒါတွေကို ကြိုသိ ကြိုလုပ်ဖို့ ကြိုးစားတဲ့ အဖွဲ့အစည်းမျိုးရှိရင်တော့ လူ့အဖွဲ့အစည်းအတွက် တစ်ကယ့်ကို ပိုကောင်းတဲ့ ရလဒ်တွေ ဖြစ်လာအုံးမှာပါပဲ။

မာန်အောင်ကျွန်းရဲ့ ကမ်းခြေမှာ ဒီရေတောတွေလည်း အရင်ကလောက် မရှိတော့ဘူး။ ဒါတွေကို အပြစ်တင်လို့လည်း မရဘူး။ ကျွန်မတို့ဆီမှာ ညပိုင်း လေးနာရီလောက်ပဲ လျှပ်စစ်မီး ရတာကြောင့် ထင်းမရှိရင် ၊ မီးသွေးမရှိရင် ကျွန်မတို့ ထမင်းချက်စားဖို့ အဆင်ပြေမှာ မဟုတ်ဘူး။ ဖွဲနုတွေနဲ့ လည်ပတ်လို့ရတဲ့ မီးစက်ကြီးကို စလည်ပတ်ဖို့ ကြိုးစားနေတယ်လို့တော့ ပြောသံ သဲ့သဲ့ကြားခဲ့ပါရဲ့။ ဒါတောင် မြို့နယ်တစ်ခုလုံး မီးရသေးတာ မဟုတ်ပါဘူး။ အီးပီစီမှာ မီတာအိုးလျှောက်ဖို့ မတတ်နိုင်တဲ့သူတွေက ရပ်ကွက်ထဲက ပုဂ္ဂလိက မီးစက်တွေကိုပဲ အားကိုးနေရတာ။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက ရခိုင်ပြည်နယ်လွှတ်တော်အတွက် မာန်အောင်ကျွန်းက အမတ်တစ်ယောက် အရွေးခံရတယ်။ အနာဂတ်မှာ ဖြစ်လာမယ့် နိုင်ငံရေးကို လွှတ်တော်ထဲက သူတို့တွေတောင် သေချာမပြောနိုင်ဘူးဆိုတော့ မာန်အောင်ကျွန်းသား အမတ်ကြီးလည်း မာန်အောင်ကျွန်းအရေးကို ပိုကောင်းအောင် လုပ်ဆောင်နိုင်မှာ မဟုတ်ဘူးလို့ ထင်မိပါသေးတယ်။ တစ်ကယ်ဆို ကျွန်မတို့မြို့မှာ လျှပ်စစ်မီးလေးတော့ ၂၄ နာရီမဟုတ်တောင် ၁၂ နာရီလောက်တော့ အလှည့်နဲ့ ပေးသင့်တာပေါ့ရှင်။ ထိုင်းနိုင်ငံရဲ့ သဘာဝဓါတ်ငွေ့သုံးစွဲမှု ရာခိုင်နှုန်း ၄၀ လောက်ကို တာဝန်ယူထားတဲ့ ရခိုင်ပြည်နယ်ထွက် သဘာဝဓါတ်ငွေ့တွေကိုလည်း ရခိုင်ပြည်သူ၊ ပြည်သားတွေ မူးလို့တောင် ရှုခွင့်မရကြရရှာပါဘူး။ ဂက်စ်လေးသာ ပေးနိုင်ခဲ့ရင် ထမင်းချက်ဖို့ ထင်းခုတ်စရာ ၊ မီးသွေးဖုတ်စရာလည်း မလိုတော့ဘူးပေါ့။

ကျွန်မတို့ဆီမှာ လူငယ်တွေ သိပ်မရှိဘူး။ ဘာကြောင့်လဲဆိုတော့ တော်တော်များများက မလေးရှားနဲ့ ယိုးဒယားကို ရောက်နေကြလို့လေ။ ကျွန်မတောင် ကိုယ့်အိမ် ကိုယ့်ယာမှာ မနေပဲ ရန်ကုန်မှာ ဒုက္ခလာခံနေသေးတာပဲကို။ ကျောင်းသူ ကျောင်းသားအရွယ်တွေနဲ့ သုံးဆယ့်ငါးအထက်တွေသာ ကြီးစိုးနေကြလေရဲ့။ ကျွန်မရဲ့ သူငယ်ချင်းတွေလည်း တစ်ယောက်မှ မတွေ့ခဲ့ပါဘူး။ တော်တော်များများက မလေးရှားကို ရောက်နေကြလေရဲ့။ ကျွန်မတို့ဆီမှာ လုပ်ကိုင်စားသောက်စရာကလည်း အင်မတန်ကို ရွေးရခက်ပါတယ်။ နယ်မြေဒေသ ကျဉ်းမြောင်းတာကြောင့်လည်း ပါပါလိမ့်မယ်။ ဒါကြောင့် အပြင်ထွက်ပြီး စီးပွားရှာတဲ့ လူငယ် လူရွယ်တွေ များသထက် များလာခဲ့တာပါပဲ။ လက်ရှိ ရှိနေတကြတဲ့သူတွေကလည်း ကျောင်းဆရာ၊ ကျောင်းဆရာမတွေချည်းပဲ ဖြစ်နေကြတာကို အံ့သြဖို့ကောင်းလောက်အောင် တွေ့ခဲ့ရပါသေးတယ်။ ကျွန်မတို့အရွယ်တော်တော်များများကလည်း အိမ်ထောင်ရက်သားကျလို့ တစ်ပိုင် တစ်နိုင် အလုပ်ကလေးတွေနဲ့ ဖြစ်လို့နေကြပေါ့။ နောက်တစ်ခုက အရင်တုန်းက မရှိခဲ့ဖူးတဲ့ ဘီယာဆိုင်ကြီးကြီးတစ်ဆိုင်ကလည်း မြို့ထဲရောက်နေတာ တွေ့ခဲ့ရသေးတယ်ရှင်။ စားသောက်ဆိုင် ဆိုတာမျိုးကလည်း ဘယ်နေရာမှာ ဖွင့်ဖွင့် အခြေအနေကောင်းတဲ့ စီးပွားရေးမျိုးကို။

တစ်ခုအားရစရာ ကောင်းတာက ကျွန်မတို့ဆီက ကလေး လူကြီးမရွေး သစ်ပင်တွေကို ချစ်ခင်ကြတယ်။ သစ်ပင်စိုက်ဖို့ အသိရှိကြတယ်။ သစ်ပင်ရဲ့ အကျိုးကျေးဇူးကို ကောင်းကောင်းနားလည်ကြတယ်။ အဲ့ဒီမှာ ကျွန်မရှိတုန်း ငါးတန်း ခြောက်တန်းအရွယ် ကလေး အယောက် (၂၀) လောက်ကိုစုပြီး သစ်ပင်တွေအကြောင်းကို ပြောပြဖြစ်ခဲ့သေးတယ်။ လား လား.. သူတို့တွေက ရန်ကုန်က ကလေးတွေထက်ကို ဗဟုသုတ ပိုရှိနေကြတာပါလား။ ဘာပဲပြောပြော ကျောင်းတွေ ကျောင်းတွေမှာ သဘာဝ ပတ်ဝန်းကျင်အကြောင်းကို ဘာသာရပ် တစ်ခုအနေနဲ့ သင်ကြားဖို့လိုတယ်လို့တော့ ထင်တာပဲရှင့်။ ဆရာ ဆရာမတွေကလည်း ဒါနဲ့ပတ်သက်တဲ့ အသိပညာတွေကို ပိုတိုးအောင် လေ့လာကြဖို့လိုပါတယ်။

လူဆိုတာက ဘယ်နေရာ ဘယ်ဌာနကိုပဲ ရောက်ရောက် ကိုယ့်ရဲ့ မွေးရပ်မြေကို ချစ်ခင်တွယ်တာ တတ်ကြတာပဲ မဟုတ်လား။ နွေရာသီမှာ ရန်ကုန်မှာလို ပူလောင်မနေတဲ့ မာန်အောင်မြို့ကလေးက ရောက်တုန်းရောက်ခိုက်မှာ အေးချမ်းမှုတွေ ပေးခဲ့ပါတယ်။ ပင်လယ်စာတွေ ပေါတာကိုလည်း ကျွန်မက ချစ်တာပါပဲ။ သွားရ လာရ ခက်ခဲပေမယ့် ဒီနေရာကိုပဲ မရောက် ရောက်အောင် လာရတာကိုလည်း ကျွန်မ ပျော်တာပါပဲ။ ရန်ကုန်မှာ ကျွန်မလုပ်နေတဲ့ လူမှုရေး ဖွံ့ဖြိုးရေး အလုပ်တွေကိုလည်း တစ်ချိန်မှာတော့ ကိုယ့်ဒေသမှာ ကျွန်မကိုယ်တိုင် ဦးစီးပြီး လုပ်ခွင့်ကြုံဖို့ ကြိုးစားရအုံးမှာပါ။

5 responses »

  1. မာန်အောင်ကို သွားချင်စိတ်နဲ့ အတူ လွမ်းမိပါတယ်
    Post လေးကကောင်းလို့ဝင်ဖတ်ရင်းနဲ့မှ မာန်အောင်သူလေးကို ဂုဏ်ယူပါတယ်။

  2. အစ်မ မာန်အောင်ကဓာတ်ပုံတွေ Google ထဲဝင်ရှာရင်းနဲ့ မမျှော်လင့်ပဲ ဓာတ်ပုံလှလှလေးတွေနဲ့ အစ်မရဲ့ ဘလော့ကို ရောက်လာမိတယ် 1998လောက်မှာမှ ကွန်ပျူတာကို မာန်အောင်မှာ စမြင်ဖူးခဲ့တဲ့ ကျွန်တော့်အတွက် ကိုယ့်မာန်အောင်က ခုလို Bloggerတစ်ယောက်ရှိနေလိမ့်မယ်လို့ တစ်ခါလဲ မထင်မိခဲ့ပါ ဂုဏ်ယူပါတယ်အစ်မ ဖြစ်နိုင်ကေ ကျွန်တော့်facebookကိုလာလည်ဖို့ ဖိတ်ခေါ်ချင်ပါတယ် Myat Thein Tun(email-myattheintun@gmail.com)ပါ

  3. အစ်မရဲ့blogကိုဖတ်ရင်းနဲ့မာန်အောင်ကကျွန်တော်ချစ်သူကိုသတိရလာတယ်………ကျွန်တော်ကတောင်ကုတ်ကပါ
    အခုmalaysia မှာနေပါတယ်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s