Monthly Archives: June 2011

အချစ် လှေကားထစ်လေးများ (၃)

Standard

နောက်တစ်နေ့ မနက်ကျတော့ တစ်ဖွဲ့လုံး ချောင်းသာကမ်းခြေ၏ အခြားတစ်ဘက်တွင်ရှိသော ကျောက်မောင်နှမရှိရာကို သွားကြသည်။ ဒုတိယနေ့အတွက် ဆွေးနွေးမည့် သင်ခန်းစာက သဘာဝ ပတ်ဝန်းကျင်နှင့် လူအခွင့်အရေး ဖြစ်သောကြောင့် ပတ်ဝန်းကျင် သာယာလှပသည့် ကျောက်မောင်နှမ ရှိရာနေရာကို ရွေးချယ်လိုက်ကြခြင်း ဖြစ်သည်။ သင်တန်းအတွက် တာဝန်ကျသည့် သူမတို့လည်း လိုအပ်သည့်ပစ္စည်းများကို စုံလင်အောင်ထည့်ရသည်။ အဖွဲ့သားအားလုံး ကားနှင့်သွားကြသော်လည်း ခိုင်စိုးလင်းနှင့် မခရေကတော့ ဆိုင်ကယ်စီးချင်သည်ဟုဆိုတာက နှစ်ယောက်သားဆိုင်ကယ်တစ်စီးနှင့် ထွက်သွားကြသည်။ ပျော်ရွှင်နေသာ ချစ်သူနှစ်ဦး၏ ပုံရိပ်က မနက်ခင်းကို ကျက်သရေတိုးစေသည်ဟု ငြိမ်းထင်မိသည်။ အချစ်သည် လောကကြီးကို သာယာစေသည်ဟု ဆိုလျှင် လောကကြီးသာယာဖို့ ချစ်သူများများလိုအပ်ပါသည်။

ကျောက်မောင်နှမဆိုသည်မှာ ကျောက်ဆောင်ကြီးကြီးနှစ်ခုကို ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။ ဘာကြောင့်များ ကျောက်ညီအကိုနဲ့ ကျောက်ညီအစ်မလို့ နာမည်မပေးခဲ့ကြတာပါလိမ့်။ သက်မဲ့ဖြစ်သည့် ကျောင်ဆောင်တွေကိုတောင် မောင်နှစ်မဖြစ်အောင် အထီးနဲ့ အမဆိုပြီး လုပ်တတ်ကြသည့်လူတွေက ရီစရာတော့လည်းကောင်းလှပါသည်။ ကျောက်မောင်နှမရှိရာ ကမ်းခြေဘက်က တော်တော်ကြီးကို လှပါသည်။ ဟိုတယ်များရှိရာဘက်တွင် ပင်လယ်ရေများ နောက်ကျိနေသလောက် ဒီဘက်ခြမ်းတွင်တော့ ရေများက ပြာလဲ့ကာ အောက်ခြေထိပင်မြင်နေရသည်။ အုန်းပင်တန်း စိမ်းစိမ်းစိုစိုတွေရယ် ၊ ပြာလဲ့နေသောရေပြင်ရယ်ကို မြင်ရသဖြင့် အဖွဲ့သားတွေ ပျော်ရွှင်စွာ အော်ဟစ်ကြသည်။ တစ်ချို့က ရေထဲကို တစ်ဟုန်ထိုးပြေးဆင်းကြသည်။ လှိုင်းလုံးကြီးများက ဖွေးကနဲ့ ဖွေးကနဲနဲ့ ကမ်းခြေကို တစ်ဝုန်းဝုန်းရိုက်နေကြသည်။ ဒီဘက်အပိုင်းရှိ သဲသောင်ပြင်သည် ဖြူလွသည်။ ရေများက ကြည်လဲ့သည်။ အုန်းပင်များက စိမ်းလဲ့လဲ့ဖြင့် ယိမ့်နွှဲ့ကြသည်။ သဘာဝ ပတ်ဝန်းကျင်သည် အသက်ရှုမှားလောက်အောင် လှပလွန်းလှသည်။ ကမ်းခြေတစ်လျှောက်လုံးတွင် ဆိုင်ကလေးတစ်ဆိုင်တည်းသာရှိသည်။ အုန်းရည်ချိုချိုတွေကို ငြိမ်း ၀ယ်သောက်လိုက်သေးသည်။

“ပတ်ဝန်းကျင်ကြီးက အရမ်းကိုလှတယ်.. ကျွန်မတို့တွေ လှပတဲ့ပတ်ဝန်းကျင်ကြောင့် ဘယ်လိုအခွင့်အရေးတွေ ရနေတယ်လို့ထင်လဲ”

ပိုးအိက ဆွေးနွေးပွဲကို မေးခွန်းဖြင့်စတင်သည်။ လူ့အခွင့်အရေးအကြောင်းကို ငြိမ်း များများစားစား မလေ့လာဖူးပါ။ သို့သော် လှပသည့်ပတ်ဝန်းကျင်သည် လူ့စိတ်ကို ရွှင်လန်းချမ်းမြေ့စေသည်ဆိုတာကိုတော့ အသေအချာသိထားပါသည်။

“ရန်ကုန်မှာ ညဘက်တွေဆို အမှိုက်ပုံတွေက လမ်းမကြီး တော်တော်များများမှာ တွေ့ရတယ်.. အနားကဖြတ်သွားတော့ အနံ့တွေနံတယ်.. လေထုညစ်ညမ်းတယ်.. အဲ့တော့ ကျွန်မတို့တွေ နှာခေါင်းတွေ တစ်ရှုံ့ရှုံ့နဲ့ မပြေးရုံ တစ်မယ်လမ်းလျှောက်ကြတယ်.. ပတ်ဝန်းကျင်ကြီး ညစ်ပတ်နေရင်ကော ကျွန်မတို့ ဘယ်လိုအခွင့်အရေးတွေ ဆုံးရှုံးသွားလဲ”

ပထမ မေးခွန်းပြီးတော့ ဒုတိယမေးခွန်းလာသည်။ အားလုံးက သိသလောက် တစ်ယောက် တစ်ပေါက်ဖြေကြသည်။ ပတ်ဝန်းကျင်ကြီးက ညစ်ပတ်မှတော့ အနားမှာရှိသည့် လူတွေလည်း လေထုကြောင့် အဆုတ်ရောဂါတွေ ၊ နောက်ပြီး တစ်ခြား ကျန်းမာရေး မကောင်းတာတွေ ဖြစ်ကြမှာပေါ့။ ညစ်ပတ်သည့် ပတ်ဝန်းကျင်ကြောင့် ဖြစ်လာတဲ့ အကျိုးဆက်က ကျန်းမာရေးကို ထိခိုက်စေမှာ အမှန်ပါပဲ။ ကြွက်တွေလည်း ရောက်လာပါလိမ့်မည်။ တစ်ခြား အန္တရယ်ဖြစ်စေသည့် ပိုးမွှားတွေလည်း ခိုအောင်းကြပါလိမ့်မည်။ ပတ်ဝန်းကျင်ညစ်ညမ်းလျှင်တော့ လူ့စိတ်လည်း ရွှင်လန်းတော့မှာ မဟုတ်ပါဘူး။

“ကျွန်မတို့ အခု ကျောက်မောင်နှမကို ရောက်နေတယ်.. ဟိုတယ်တွေ ရှိတဲ့ဘက်နဲ့ ဒီဘက် ကမ်းခြေခြင်းတူပေမယ့် လှပပုံခြင်း ကွာခြားတယ်.. ဘာကြောင့်လဲ.. ဒီဘက်က လူသူ အရောက်အပေါက်နည်းတာကိုး.. ဒီတော့ စည်းကမ်းမဲ့ အမှိုက်စွန့် ပစ်တာတွေ မဖြစ်ဘူး.. ဈေးသည်တွေလည်း ဒီဘက်မှာ မရှိသလောက်နည်းတယ်.. ဒီဘက်မှာ စားစရာ သိပ်မရှိတဲ့အတွက် ကျွန်မတို့လည်း စားကြွင်းစားကျန်တွေကို သောင်ပြင်မှာ ပစ်စရာမလိုဘူး.. လူတွေအရောက်များတဲ့ဘက်နဲ့ လူတွေအရောက်နည်းတဲ့ဘက်.. အရောက်နည်းတဲ့ဘက်က ပိုလှနေတယ်.. ဟိုဘက်မှာ လူတွေကြောင့် ရေပြင်လည်း ညစ်နွမ်းနေပြီ.. သောင်ပြင်လည်း ညစ်ပတ်နေပြီ.. လူတွေဟာ ပတ်ဝန်းကျင်ကို အဓိက ညစ်ညမ်းစေတဲ့ တရားခံတွေ ဖြစ်တယ်”

ဟုတ်ပါရဲ့.. ကျွန်မတို့တွေဟာ ကမ္ဘာမြေကို မှီခိုနေကြပြီး ကမ္ဘာမြေကို ပြန်အန္တရာယ်ပြုနေတဲ့ သူတွေပါလား။ ဟိုတလောက သတင်းတွေမှာ ငြိမ်း ဖတ်လိုက်ရသေးသည်။ ဒီဘက်မှာလည်း ဟိုတယ်ဇုန်လုပ်တော့မယ်တဲ့။ ဒါဆိုရင် တည်းခိုသူတွေ များလာပါလိမ့်မည်။ လူများလာလျှင် ပတ်ဝန်းကျင်ကြီးလည်း ညစ်နွမ်းလာပါလိမ့်မည်။ ပြာလဲ့သည့်ရေပြင် အရောင်ပြောင်းသွားပါလိမ့်မည်။ အိုး.. မလုပ်လိုက်ကြပါနဲ့။ စီးပွားရေးလောဘတွေကြောင့် ကျွန်မတို့ကို အကျိုးပြုတဲ့ ပတ်ဝန်းကျင်ကို မညစ်ပတ်စေပါနဲ့။ လူတွေသာ စည်းကမ်းတကျရှိကြလျှင် တော်တော်ကောင်းပါလိမ့်မည်။ နိုင်ငံခြားမှာလို ထိရောက်သည့် ပတ်ဝန်းကျင်ထိမ်းသိမ်းရေး ဥပဒေတွေ မြန်မာနိုင်ငံမှာလည်း ကျင့်သုံးစေချင်ပါသည်။

“အဲ့ဒီတော့ ကမ်းခြေတွေကြောင့် ဟိုတယ်တွေများလာတယ်.. ဒေသခံတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ပွင့်လာတယ်.. လာရောက်လည်ပတ်သူတွေရှိတာကြောင့် ဈေးဆိုင်တွေပေါ်လာတယ်.. စီးပွားရေး ထောင်တက်လာတယ်.. ဒါပေမယ့် တစ်ဘက်က ကြည့်ပြန်တော့လည်း ရေသတ္တ၀ါတွေကို အလွန်အကျွံဖမ်းဆီးတာတွေ လုပ်လာတယ်.. ဒါကိုလည်း အပြစ်ပြောလို့မရဘူး.. စားဝတ်နေရေးက ရှိသေးတာကို.. ကောင်းလာတဲ့ စီးပွားရေး အခွင့်အလမ်းတွေနဲ့အတူ တစ်ဘက်မှာ ရေထုညစ်ညမ်းတာတွေ ၊ ရေသတ္တ၀ါလျော့နည်းတာတွေ ဖြစ်လာတယ်.. တစ်နည်းအားဖြင့်ပြောရရင် Biodiversity ကို ထိခိုက်တယ်ပေါ့.. အဲ့တော့ ပတ်ဝန်းကျင်ကြီးလည်းလှအောင် ဒေသခံတွေရဲ့ စီးပွားရေးလည်း မထိခိုက်အောင်.. ကျွန်မတို့ ဘာလုပ်ကြရင် ကောင်းမလဲ”

“Group လေးတွေ ခွဲလိုက်ပြီး ဆွေးနွေးကြမယ်လေ” သားငယ်က ၀င်ပြောသည်။

“အိုးကေ ဒါဆိုရင် ငါးယောက် တစ်ဖွဲ့ဖွဲ့ရအောင်.. ကြိုက်သလို လွပ်လွပ်လပ်လပ်ပြောလို့ရပါတယ်”

“ရေထဲကော ဆင်းပြောလို့ရလား” မအိမ့်က ၀င်မေးတော့ သူ့ကို အားလုံးက ရီကြသည်။ အဖွဲ့ထဲတွင် မအိမ့်က ရေအကြိုက်ဆုံးဖြစ်သည်။ ပင်လယ်ထဲကနေ တော်ရုံပြန်တက်မလာတတ်ပဲ မမောတမ်းရေကူးနေလေ့ရှိသည်။

“ရတာပေါ့ ကျွန်မတို့ Workshop က Human Rights နဲ့ ဆက်စပ်နေတာပဲဟာ.. လူတိုင်းမှာ ကြိုက်တဲ့နေရာမှာ ကြိုက်သလို ဆွေးနွေးနိုင်တဲ့ အခွင့်အရေး ရှိပါတယ်”

ပိုးအိ အဖြေကြားတော့ မအိမ့် ၊ စုစု ၊ ဘိုဘို ၊ ထွန်းထွန်းနဲ့ အာကာတို့ ငါးယောက်အဖွဲ့ ရေထဲ ပြေးဆင်းကြသည်။ တစ်ခြားအဖွဲ့တွေလည်း ကျောင်ဆောင်နားမှာ ၊ ကမ်းခြေမှာ ၊ ရေစပ်မှာ စသည်ဖြင့် အသီးသီးသွားကြသည်။ ငြိမ်းတို့အဖွဲ့မှာတော့ ငြိမ်းနဲ့အတူ ဖြိုးပိုင် ၊ သီတာ ၊ ၀တ်ရည်နဲ့ အာကာတို့ပါသည်။ ဆွေးနွေးမှုတွေအားလုံးကို ဖြိုးပိုင်က ဦးဆောင်ဆွေးနွေးသွားသဖြင့် သူ့ကို အထင်ကြီးလေးစားမိရသေးသည်။ ငါးဖမ်းသင်္ဘောတွေနဲ့ ပတ်သက်သည့် ဥပဒေတွေ၊ သန္တာကျောက်တန်းကို ကာကွယ်နိုင်မည့် နည်းလမ်းတွေ၊ လည်ပတ်သူတွေနဲ့ ဟိုတယ်တွေအတွက် စည်းကမ်းချက်တွေ စတာတွေကို သူက ဦးဆောင်သွားသဖြင့် ငြိမ်းတို့တောင် အများကြီးပြောစရာ မလိုလိုက်ပါ။ နာရီဝက်ခန့် ဆွေးနွေးပြီး အဖွဲ့လိုက် Presentation တွေ လုပ်ကြသည်။ ပိစိတို့အဖွဲ့က ဇာတ်လမ်းလေးနှင့် သရုပ်ဆောင်ကာ စည်းကမ်းရှိဖို့ သင်ပြသွားကြသေးသည်.. “ပင်လယ်ကြီး ငိုနေပြီ သူ့ကို မျက်ရည်တွေသုတ်ပေးလိုက်ကြရအောင်.. ငါတို့ စည်းကမ်းမဲ့နေလို့ သူငိုနေတာ.. မငိုပါနဲ့ ပင်လယ်ကြီးရယ်.. နင်ငိုရင် ငါတို့လည်း မျက်ရည်တွေလိမ်းကျံရလိမ့်မယ်.. လူသားတွေ စည်းကမ်းရှိအောင် ငါတို့ စည်းရုံးပေးပါ့မယ်” ဆိုသည့် ခင်မြတ်၏ သရုပ်ဆောင်ချက်က ပီပြင်လွန်းသဖြင့် လက်ခုပ်တွေတီးပြီး အားပေးကြသည်။

Workshop ပြီးတော့ အားလုံးကိုယ်ပိုင်အချိန်ထပ်ရသည်။ တစ်ချို့က ရေဆင်းကူးကြသည်။ တစ်ချို့က သဲကျင်းတွေတူးပြီး ၀င်အိပ်ကြသည်။ တစ်ချို့ကလည်း မြင်းစီးကြသည်။ သုံးယောက်တစ်ဖွဲ့ လေးယောက်တစ်ဖွဲ့စသည်ဖြင့် စိတ်ကူးတည့်ရာ လုပ်နေကြသည်မှာလည်း လူငယ်တို့၏ သဘာဝပင်ဖြစ်သည်။ ငြိမ်းရယ် မူနွှဲ့ရယ်ကတော့ ဓါတ်ပုံတွေ လျှောက်ရိုက်နေမိသည်။ ကမ်းခြေ၏အလှကို ဓါတ်ပုံရိုက်လို့ မ၀နိုင်အောင်ရှိလှသည်။ ကျောက်ဆောင်တွေဘက်ကို မြင်ကွင်းချိန်နေတုန်း လူတစ်ယောက်က ကင်မရာ screen ထဲ တွေ့လိုက်သည်။ ဖြိုးပိုင်… ပါလား။ ဘယ်သူနဲ့မှလည်း အတူမရှိပဲ ကမ်းခြေတစ်လျှောက် တစ်ယောက်တည်း လမ်းလျှောက်လို့နေသည်။ ခြေလှမ်းတွေကို ရေတွက်ပြီး လျှောက်နေသည့်အလား ခေါင်းငိုက်စိုက်နဲ့ တစ်လှမ်းချင်းလျှောက်လို့နေသည်။ ကျောက်မောင်နှမရယ်.. လူတစ်ယောက်ရယ်.. ငြိမ်းအတွက်တော့ မြင်ကွင်းက အသက်ဝင်လွန်းလှသည်။ အသင့်တော်ဆုံး ရှုထောင့်မှ အမိအရ ရိုက်ယူပြီး ငြိမ်း တစ်ယောက် မရည်ရွယ်မိပါပဲ ကျောက်ဆောင်တွေဘက်ကို လမ်းလျှောက်မိရက်သား ဖြစ်သွားသည်။

ခြေလှမ်းလေးတွေက သဲပြင်အိအိထက်မှာ ခြေဖ၀ါးရာအလိုက် ထင်ဟပ်လို့နေသည်။ သူမရှေ့မှ လျှောက်သွားသည့် ဖြိုးပိုင်၏ ခြေရာတွေက ညီညာစွာ ရှိနေသေးသည်။ သူ့ခြေရာလေးတွေနဲ့ ဘေးချင်းယှဉ်လျက် လှမ်းလျှောက်မိနေသည်။ ခြေရာတိုင်းတယ်ဆိုတာ ဒါများလား မသိဟု ရီစရာတွေးမိသေးသည်။ ဒီလိုသာ ခြေလှမ်းတွေ အတူတူလှမ်းမယ့်သူရှိလျှင် ဘ၀က ပိုမိုပြည့်စုံမည်ဟုလည်း ထင်မိသည်။ ဘ၀ခရီးကို အတူလျှောက်မည့်သူ.. အိုးး ငြိမ်းတစ်ယောက် တစ်ခါမှ မတွေးမိခဲ့ဖူးပါ။ ဖေဖေရယ်.. မေမေရယ် နောက်ညီမလေးရယ်.. သူမရယ်.. အရင်တုန်းက သူမဘ၀က ဒါတွေသာ ရှိခဲ့သည်။ ပျော်ရွှင်စရာကောင်းသော မိသားစုတွေနဲ့ အခက်အခဲမှန် သမျှကို ရင်ဆိုင်ရင်း ဘ၀ကို ဒီအသက်အရွယ်ထိ ငြိမ်းချမ်းစွာ ဖြတ်သန်းခဲ့သည်။ ဘာကြောင့်များ ဘ၀လက်တွဲဖော်ဆိုတာကို ခုမှ ကောက်ကာ ငင်ကာ တွေးမိရတာပါလိမ့်။ သူမစိတ်တွေ ဘာဖြစ်နေတာလဲ။ ခြေလှမ်းတွေကို စိုက်ကြည့်ရင်း လမ်းလျှောက်ရာမှ ကျောက်ဆောင်တွေဘက်ကို လှမ်းကြည့်လိုက်သောအခါ ကျောက်ဖျာကြီးထက်တွင် ပက်လက်အနေအထားဖြင့် အိပ်နေသော ဖြိုးပိုင်ကိုတွေ့ရသည်။ ငြိမ်း ၏ စိတ်များက ဖြိုးပိုင်ဘေးနားလို့ အလိုလိုရောက်သွားပြန်သည်။ သူ့ဘေးမှာ ယှဉ်အိပ်ရင်း ကောင်းကင်ကြီးကို မော့ကြည့်ရလျှင် တော်တော်ကောင်းမှာပဲဟု တွေးမိသည်။ ရွေ့လျားနေကြသည့် တိမ်တောင်တွေနဲ့အတူ သူမတို့နှစ်ယောက်၏ စိတ်တွေ လွတ်လပ်စွာ စီးမျောမည်။ ကောင်းကင်ကြီးထဲတွင် စိတ်ကူးတွေနဲ့ အတူတူပျံသန်းချင်လည်း ပျံသန်းပါလိမ့်မည်။ ဒါမှမဟုတ် ပါးပြင်တွေကို ကျီစယ်ကြမည့် ပင်လယ်လေကိုလည်း ခံစားမိကြပါလိမ့်မည်။ အချစ်ဆိုသော ဇာတ်လမ်းတွင် စိတ်ကူးယဉ်မှုသည် ဇာတ်ပို့ဖြစ်သည်ဆိုပါက စိတ်ကူးယဉ်နေမိသော သူမ အချစ်ဇာတ်လမ်းတွင် ကိုယ်တိုင် မင်းသမီးအဖြစ်များ သရုပ်ဆောင်မိပါလိမ့်မည်။ သူမ၏ စိတ်ကူးတွေကို ဖြိုးပိုင်များ သိသွားခဲ့လျှင် ဆိုသည့်အတွေးများ ပါးပြင်များတွင် ရှက်သွေးများ ဖြာမိသည်။ လူ့အခွင့်အရေးကို လူတိုင်းတန်ဘိုးထား ကျင့်သုံးသည်ဟု ဆိုလျှင် စိတ်ကူးယဉ်မှုများကို ကိုယ်ပြောပြချင်သည့်သူကို ပြောပြနိုင်သည့် အခွင့်အရေးလည်း အမှန်အကန် ရှိပါလိမ့်မည်။ သို့သော် ပျက်ရယ်ပြု မခံရဖို့တော့ အတော်ကြိုးစားရပါမည်။ ဖြိုးပိုင်ရယ်.. ကျွန်မလည်း ရှင်နဲ့အတူ လှေကားထစ်တွေ လိုက်တက်ချင်လိုက်တာ.. ။

ဟိုတယ်ကို ပြန်ရောက်တော့ တော်တော်များများ ပင်ပန်းနေကြပေမယ့် မီးပုံပွဲကိုတော့ နွှဲဖြစ်အောင် နွှဲလိုက်ကြသေးသည်။ မနက်ဖြန်ဆို ကမ့်ပြီးဆုံးပြီဖြစ်သဖြင့် ရန်ကုန်ကို ပြန်ရပေတော့မည်။ ချောင်းသာအမှတ်တရတွေကို ရန်ကုန်ထိ သန့်ရှင်းစွာ သယ်ဆောင်သွားချင်ပါသည်။ ချောင်းသာ၏ နောက်ဆုံးညကို ဂစ်တာတီးရင်း ကုန်ဆုံးကြသည်။ ဘိုဘိုတို့က ဓါတ်မီးတွေနဲ့ Spot Light ပုံစံထိုးကာ နိုက်ကလပ်ဆိုပြီး လုပ်ကြသေးသည်။ အဲ့ဒီမှာ ရီစရာ ဇာတ်လမ်းတစ်ခု ထပ်ဖြစ်သည်။ နောက်ဆုံးညဖြစ်သဖြင့် မိန်းကလေးတော်တော်များများလည်း ဘီယာတွေ သောက်ကြသည်။ တစ်ချို့တွေလည်း မူးပြီး ကကြသေးသည်။ တစ်ချို့ကတော့ မိန်းကလေးပေမယ့် မမူးတတ်ကြ။ ရီစရာအဖြစ်က ဒီလိုပါ။ ခင်မြတ်ကို ခိုင်စိုးလင်းတို့အဖွဲ့ ဘီယာတွေ တော်တော်တိုက်လိုက်ကြသည်ထင်သည်။ မူးမူးနဲ့ တွေ့ရာလူကို ရစ်တော့သည်။ ခင်မြတ်၏ တရားခံ ဖြစ်သွားသူက သားသား။ တစ်မျိုးပြီး တစ်မျိုးပတ်ရစ်သဖြင့် နောက်ဆုံးတွင် သားသားခမျာ မခံနိုင်ရှာတော့။ အိပ်ချင်သည်ဟုဆိုကာ အခန်းထဲဝင်ပြေးဖို့ လုပ်ရသည်။ မရ.. ။ နောက်ဆုံးတွင် “ဆယ့်ငါးမိနစ်ပဲ အိပ်မှာပါ ခင်မြတ်ရယ်.. ပြီးရင် ငါ့ကို ကြိုက်သလောက်ရစ်ပါ.. ဆယ့်ငါးမိနစ်ထဲပါ” ဟု မနည်းတောင်းပန်မှ ခင်မြတ်က သားသားကို အိပ်ခွင့်ပြုလိုက်တော့သည်။ ငြိမ်းလည်း ပစ္စည်းတွေ သိမ်းချင်သဖြင့် အခန်းထဲ ပြန်ဝင်လာခဲ့သည်။ သားသားကတော့ ဆယ့်ငါးမိနစ်အိပ်ရန် အခန်းထဲဝင်သွားသည်။ ခင်မြတ်က သူ့မ၏ အရစ်ခံလူသားကို ရေသန့်ပုလင်းလေးဖက်ကာ အပြင်မှ စောင့်သည်။ နောက်ဘာတွေ ဆက်ဖြစ်သွားသည် မသိ.. သူတို့နှစ်ယောက်၏ ဆယ့်ငါးမိနစ် ဇာတ်လမ်းကတော့ ခုထိ ပြောလို့မဆုံးတော့။ ငြိမ်းအခန်းထဲ ၀င်ကာနီးတော့ ဖြိုးပိုင်က လှမ်းခေါ်က ဖုန်းနံပါတ်ပေးပါလား အမဟုတောင်းသည်။ ဒီနေ့အဖို့ သူနဲ့ စကားလေးတစ်ခွန်းတောင် ဟဟ မပြောဖြစ်သေး။ အိပ်ရာဝင်ကာနီးမှ ဖုန်းနံပါတ်လာတောင်းဖော်ရသည်။

“ရန်ကုန်ပြန်ရောက်ရင် ဖုန်းဆက်လို့ ရလား”

“ရပါတယ်.. ဆက်ပါ ဖြိုးပိုင်ရဲ့”

“ကိစ္စမရှိလည်း ဆက်မှာနော်”

“သြော်.. ကဲ ဆက်လို့ရပါတယ်ဆို”

“နေ့တိုင်းကော ဆက်လို့ရလား”

“အယ် ဘာလုပ်ဖို့တုန်း”

“ကိစ္စမရှိလည်း ဆက်လို့ရတယ်ဆိုလို့လေ မေးကြည့်တာ”

ငြိမ်း သူ့ကို မျက်စောင်းထိုးမိပြန်သည်။ တစ်နေကုန် တေမိလုပ်နေပြီးကာမှ ခုမှလာ အလွမ်းသယ်နေလိုက်တာ။ ထို့နောက် သူ့ဖုန်းဟုဆိုကာ လိပ်စာကဒ်လေး ထုတ်ပေးသည်။

“အံမယ် ကဒ်တွေ ဘာတွေနဲ့..”

“လူရှိန်အောင်ပါဗျာ.. တစ်ကယ်တော့ အညတရ လေးပါ”

“ဟား ဟား ဟုတ်ပါပြီ.. ဒါနဲ့ မနက်စောစောထမှာလား.. ပလပ်စတစ်အိတ် သွားကောက်ကြမယ်လေ.. ပိုးအိလည်း လိုက်မယ်တဲ့.. နောက်လည်း မူနွှဲ့တို့ မိုးအောင်တို့ လိုက်လိမ့်မယ်.. အမပြောပြီးသွားပြီ”

“အိုးကေ သွားမယ်လေ အမ… အိုကေ ဒီနေ့ ပင်ပန်းနေပြီ နားတော့နော်.. Good Night”

“Good Night.. သရဲမနဲ့ အိပ်မက် မက်ပါစေ”

“လာစမ်းပါ.. သရဲမကို အာဘွားပေးပလိုက်မယ်”

သူမတို့နှစ်ယောက် နောက်ပြောင်ရင်း အိပ်ရာအသီးသီးဝင်ကြသည့်။ တစ်နေကုန် ပင်ပန်းခဲ့သမျှကို အတိုးချ အိပ်ပစ်ရမည်။ မနက်ကျလျှင် ရန်ကုန်ကို ပြန်ရမည် ဖြစ်သဖြင့် ခရီးက ပန်းပေအုံးမည်။ အင်း သူမမှာလည်း ကိုယ်လုပ်ချင်တာတွေကို လုပ်ဖို့ အခွင့်အရေးတွေ ရှိပါသည်။ အတူရှိနေစေချင်သည့်သူနှင့် ရှိရန် အခွင့်အလမ်းတွေ ဖန်တီးနိုင်မည့် အခွင့်အရေးလည်း ဖြစ်ပါသည်။ ငြိမ်းကိုယ်တိုင် မသေချာသေးသော အချစ်တစ်ခုအတွက် ပိုကောင်းမည့် အခွင့်အရေးတွေကို သူမကိုယ်တိုင် ဖန်တီးကာ ကိုယ့်ကိုကိုယ် စမ်းသပ်ကြည့်ရပါအုံးမည်။ လူ့အခွင့်အရေးသည် သဘာဝ ပတ်ဝန်းကျင်နှင့်သာမက အချစ်ကိစ္စနဲ့လည်း အများကြီး သက်ဆိုင်ပါသည်။

(အပိုင်း ၄ လာပါအုံးမည်)

Advertisements