Broken Hearted Tree – အသဲကွဲသစ်ပင်

Standard

(၁)

ဆောင်းရာသီဖြစ်သော်လည်း မန္တလေးမှာ သိပ်မချမ်းလှ။ ညအချိန်များတွင်သာ အနည်းငယ်အေးသယောင်ရှိသော်လည်း နေ့လည်ဘက်တွင်တော့ ပူမြဲတိုင်း ပူဆဲသာ။ အချုပ်တန်းဆရာဖေ၏ မန်းတုန်အောင် လမ်းဆုံက ဟစ်ချင်တော့ ဆိုသည့် ကဗျာကလည်း ခုချိန်တွင်တော့ ယုံတမ်းစကားတစ်ခုလိုသာ ဖြစ်နေတော့သည်။ အချုပ်တန်းဆရာဖေတို့ လက်ထက်က ရာသီဥတုတွေမှ မဖောက်ပြန်သေးတာ။ ဒီဘက်ခေတ်မှာတော့ ရာသီဥတုတွေလည်း မမှန်တော့သည်မို့ မန္တလေးဆောင်းသည်လည်း အချမ်းမပီပြင်နိုင်တော့။ သို့သော် မန္တလေးကတော့ လှမြဲ လှဆဲသာ ရှိခဲ့သည်။ ဆိုင်ကယ်တွေ ပေါသည့်မြို့၊ ရဟန်း သံဃာတော်တွေ အများအပြားရှိသည့်မြို့၊ သမိုင်းတွင်သည့်မြို့.. နောက်ပြီး ကျွန်မရဲ့ အမှတ်တရတွေ များစွာရှိခဲ့သည့်မြို့။ မန္တလေးကတော့ ကျွန်မ၏ သမိုင်းတွင် အရေးပါသော နေရာတစ်ခုမှ ပါဝင်ခဲ့လေပြီ။

 

(၂)

“မောတယ် မောင်ရဲ့.. ခဏလေးဖြစ်ဖြစ် နားရအောင်နော်”

နွမ်းလျလျကျွန်မအသံကိုကြားတော့ ကျွန်မရှေ့မှ လမ်းလျှောက်နေသည့် မောင် ကျွန်မကိုလှည့်ကြည့်သည်။ မောင့်မှာတော့ ကင်မရာတစ်လုံးနဲ့ အလုပ်ရှုပ်ကာ မောဖို့ကို သတိရပုံမပေါ်။ Canon နဲ့ ချစ်သူ ဘယ်သူ့ကိုရွေးမလဲဟု မေးလျှင်တောင် မောင်က ချစ်သူသည် ဒုတိယဦးစားပေးဟု ဖြေလိမ့်မည် ထင်ပါသည်။ ခုလည်း ကျွန်မကိုနောက်မှာ ချန်ခဲ့ကာ သူလိုချင်သည့် ပုံတွေကိုသာ မရ အရရိုက်နေတော့သည်။ ယခုအချိန်တွင်တော့ မောင့်အဖို့မှာ ဦးပိန်တံတားသည် သူ့ချစ်သူဖြစ်သော ကျွန်မထက် ပိုစိတ်ဝင်စားဖို့ ကောင်းနေမည်ဖြစ်ပါသည်။

“အိုးကေ နားမယ်လေ သဲ ရဲ့… ဟိုနားက ခုံလေးနားရောက်ရင် ခဏထိုင်မယ်နော်..”

ဦးပိန်တံတား၏ ဟိုနား သည်နားတွင် လာရောက်လည်ပတ်သူများ နားနေနိုင်ရန် နားနေဆောင်ပုံစံမျိုး အမိုးလေးတွေနဲ့ ခုံတန်းရှည်လေးတွေ သုံး လေးခုလောက်တော့ ရှိပါလိမ့်မည်။ တစ်ချို့နေရာများတွင် လည်ပတ်သူများ နားနေသည်ထက်   ဈေးသည်များကသာ   ပေါများနေသည်ကို   တွေ့ရသည်။ ၀မ်းရေးအတွက် သူတို့သည်လည်း ရုန်းရပါလိမ့်မည်။ ရေသန့်တစ်ဗူးဝယ်ပြီး ကျွန်မအနားကို မောင်ရောက်လာသည်။ ထို့နောက် ပုလင်းအဖုံးကို ဖွင့်ကာ ကျွန်မကို ရေသန့်ဗူး ကမ်းပေးသည်။ ရေခဲစိမ်ထားသော ရေအေးအေးလေးသောက်ပြီးနောက်တွင်တော့ ကျွန်မ အနည်းငယ် အမောပြေသလို ရှိသွားတော့သည်။

“ရာသီဥတုကလည်း ပူလိုက်တာ မောင်ရယ်.. ဆောင်းရာသီမှ ဟုတ်ရဲ့လား မသိဘူး.. တော်သေးတယ် ဦးပိန်တံတားမှာ လေအေးအေးတွေ တိုက်နေလို့”

“တောင်သမန်အင်းကြောင့်လည်း ပါတာပေါ့ သဲ ရဲ့.. ရေပြင်ကိုဖြတ်တိုက်လာတဲ့ လေတွေက အေးတယ်လေ..”

“မောင် ဓါတ်ပုံ ကောင်းကောင်းကော ရရဲ့လား”

“အား.. ရပါ့ဗျာ.. ဒီပုံတွေထဲမှာ မောင်အကြိုက်ဆုံးကတော့ ဟိုးနားက သစ်ပင်ကြီးပဲ”

မောင် လက်ညှိုးညွှန်ရာကို ကျွန်မကြည့်မိတော့ သစ်ပင်သေကြီးတစ်ပင်ကို တွေ့ရသည်။ ပင်စည်လုံးပတ်ကြီးမားသည်။ အကိုင်းအခက်တွေ ဖြာထွက်နေပုံက ကဗျာဆန်သည်။ သို့သော သစ်ခြောက်ပင်ကြီး ဖြစ်သောကြောင့် အရွက်တွေ တစ်ရွက်မှ မရှိ။ အရိုးပြိုင်းပြိုင်းနဲ့ နေပူကျဲတောက် ကောင်းကင်အောက်တွင် ထီးထီးကြီး ရှိနေပုံက သနားစရာပင် ကောင်နေသေးတော့သည်။

“အဲ့ဒါ ဘာအပင်လည်း မောင်.. အရွက်တွေလည်း မရှိဘူး.. သူက အရွက်ရော ထွက်သလား”

“ဘာပင်မှန်းတော့ မောင်လည်း မသိဘူးလေ.. ဒါပေမယ့် မောင့်ဓါတ်ပုံမှာ ထိုးမယ့် Caption ကိုတော့ စဉ်းစားပြီးသေား.. အသဲကွဲ သစ်ပင် တဲ့.. သဲ ကြိုက်ရဲ့လား”

“မောင်ကလည်းနော်.. အသဲကွဲသစ်ပင်ပဲ ဖြစ်ရသေးတယ်.. သစ်ပင်ကတော့ အသဲကွဲမလား မောင်ရဲ့”

“သဲကလည်း ကဗျာ မဆန်လိုက်တာကွာ.. ကြည့်လေ.. သူ ရပ်တည်နေပုံက အထီးကျန်တယ်.. အကိုင်းအခက်တွေ ဖြာထွက်နေပုံက ကွဲအက်အက် သဏ္ဍန်ပေါ်နေတယ်.. သူ့ဟာ အင်းဘေးမှာ ရှိနေတယ် .. ဒါပေမယ့် နေမင်းရဲ့ အပူရှိန်က သူ့ကို မအေးမြစေနိုင်ဘူး.. ကွဲအက် ပူပြင်းနေတဲ့ သစ်ပင်ဟာ အသဲကွဲ သမားတစ်ယောက်နဲ့တူတယ်..”

ပြောပြောဆိုဆို မောင်က ကင်မရာဖြင့်ချိန်ကာ သူပြောသည့် အသဲကွဲ သစ်ပင်ကြီးကို ဓါတ်ပုံရိုက်ဖို့ လုပ်နေပြန်သည်။ ကျွန်မ မောင့်မျက်နှာကို ကျွန်မ သေသေချာချာကြည့်မိသည်။ သစ်ပင်ကြီးကို ဓါတ်ပုံရိုက်နေသော မောင့်မှာ ခံစားမှု တစ်ခုတစ်လေများ ရှိနေလိမ့်မလား။ ကျွန်မကို မပြောပြချင်သည့် အကြောင်းအရာတွေ မောင့်နောက်ကွယ်မှာ ဖြစ်ခဲ့ဖူးသလား။ ကျွန်မကကော မောင့်အတွက် ဘယ်လောက်ထိ အရေးပါသည့် မိန်းမတစ်ယောက်လဲ။

“မောင်.. မောင် အသဲကွဲဖူးလားဟင်”

ရုတ်တရက်မေးလိုက်သည့် ကျွန်မ မေးခွန်းကို မောင် နည်းနည်းတော့ အံ့သြသွားသည် ထင်ပါသည်။ မောင့် မျက်လုံးတွေ ချက်ချင်းဆိုသလို အရောင်ပြောင်းသွားသည်။ မောင့်မျက်နှာမှာ ထင်ဟပ်သွားသည့် အရိပ်တစ်ခုက အဆွေးရိပ်ဆိုသည့် အရာများလား။

“ဘာဖြစ်လို့လဲ သဲ”

“ဘာမှ မဖြစ်ပါဘူး.. ကျွန်မ သိချင်လို့ပါမောင်”

“ဒါတွေကို  သိလို့လည်း ဘာမှမထူးပါဘူးကွာ.. ကြားရင် သဲတောင် စိတ်မကောင်းဖြစ်အုံးမယ်”

“ဒါဆို မောင် အသဲကွဲဖူးတယ်ပေါ့..”

“မပြောချင်ပါဘူးဆိုကွာ”

“အိုး.. ကျွန်မ တောင်းပန်ပါတယ်မောင်ရယ်.. ဒါပေမယ့် အဲ့ဒီသစ်ပင်ကြီးကို ကြည့်ပြီး ကျွန်မရင်ထဲ တစ်ခုခံစားရတယ်.. ကျွန်မ အသဲကွဲရမှာ ကြောက်တယ်မောင်”

“သဲကလည်း ဘာတွေလျှောက်ပြောနေတာလဲကွာ.. ကဲ အမောပြေရင်လည်း ပြန်ကြမယ်နော်.. သဲ ဒီနေ့ညနေ ရန်ကုန်ပြန်ဆင်းရမှာလေ.. ကားမမီပဲ နေလိမ့်မယ်.. မောင်လည်း မန္တလေးမှာ လုပ်စရာ နည်းနည်းကျန်သေးတယ်”

ဦးပိန်တံတားကနေပြန်လာတော့ ကျွန်မရင်ထဲ အသဲကွဲမှာ ကြောက်သည့် ခံစားချက်က မသိမသာ ကပ်ပါလာခဲ့သည်။ မောင် ပြောသည့် သစ်ပင်ကြီးကတော့ အရာရာကို လျစ်လျူရှုထားသယောင် မတ်မတ်ကြီးရပ်လို့။ ညနေကျတော့ ကျွန်မက ရန်ကုန်ကိုပြန်သည်။ အလုပ်ကိစ္စတွေ မပြတ်သေးသည့် မောင်က မန္တလေးတွင် ကျန်ခဲ့သည်။ မောင့်အလုပ်ရှိရာကို အလည်လိုက်လာခဲ့သော ကျွန်မအတွက် မန္တလေးခရီးသည် အတော်အတန်တော့ ပျော်စရာ ကောင်းခဲ့ပါသည်။ မောင် မပါသော အပြန်လမ်းသည် အနည်းငယ်တော့ ပျင်းစရာကောင်းလှသည်။ ဖုန်းမက်ဆေ့ ပို့ဖော်ရသောမောင့်ကို ကျွန်မ ကျေးဇူးတင်ရသည်။

(၃)

အချိန်နှင့် ရာသီတွေ ပြောင်းသလို လူတွေ၏ စိတ်တွေပြောင်းလဲ တတ်မှန်း ကျွန်မသိခဲ့ပါသည်။ သို့သော် လူတစ်ယောက်၏ အချစ်သည် အချိန်နှင့်လိုက်ပြီး ပြောင်းလဲတတ်မှန်းကိုတော့ ကျွန်မ အသိနောက်ကျခဲ့ပါသည်။ မောင်နဲ့ ကျွန်မ ချစ်သူ သက်တမ်းတစ်နှစ်အတွင်း အစစ အရာရာအဆင်ပြေခဲ့သည်။ ကျွန်မကို အရိပ်တစ်ကြည့်ကြည့်နဲ့ ဂရုစိုက်လွန်းခဲ့သော မောင့်ကို ကျွန်မရင်ထဲကမှ အချစ်ပိုခဲ့ရသည်။ ကျွန်မစိတ်ကူးယဉ်ခဲ့သော မောင်နဲ့ ကျွန်မ၏ ဘ၀ခရီးသည် မောင့်ကြောင့်ပြိုလဲသွားလိမ့်မည်ဟု ကျွန်မ စိတ်ပင်မကူးခဲ့ဖူးပါ။ မောင်သည် ကျွန်မအပေါ်တွင် မပြောင်းမလဲ အချစ်မြဲလိမ့်မည်ဟု ထင်မြဲ ထင်ဆဲ….။

“နင့် ကောင်လေးကို အမျိုးသမီး တစ်ယောက်နဲ့ လမ်းမှာ တွေ့ခဲ့တယ်..” ဟု သူငယ်ချင်းတစ်ယောက် ပြောတုန်းက ကျွန်မ သူ့ကို ရီပင် ရီခဲ့ဖူးသေးသည်။ “မောင်က အလုပ်များတယ်လေဟယ်.. သူ့မှာ မိန်းကလေးမိတ်ဆွေတွေလည်း ပေါ မှ ပေါပဲ.. ဟော ဓါတ်ပုံလည်း ရိုက်သေးတော့ တစ်ချို့ကောင်မလေးတွေများဆို ချောတာမှ မှုန်နေတာပဲ” ဟု ကျွန်မ ရီရီမောင်မော ပြန်ပြောနိုင်ခဲ့သည်။ မောင်နဲ့ ကျွန်မအချစ်ကို ဖျက်ဆီးချင်သူတွေဟု ကျွန်မ သူငယ်ချင်းတွေကို မိုက်မိုက်မဲမဲ စွပ်စွဲခဲ့ဖူးသည်။ ချစ်လျှင် အပြစ်မမြင်ဆိုသည့် စကားသည် ကျွန်မအတွက်တော့ မှန်လွန်းလှခဲ့သည်။

တစ်နေ့ ကျွန်မသူငယ်ချင်းတစ်ယောက် အိမ်ကိုအလည်ရောက်လာသဖြင့် အိမ်နားက ကော်ဖီဆိုင်တွင် ကျွန်မသူ့ကို မုန့်လိုက်ကျွေးရသည်။ ကံကြမ္မာက ကျွန်မဘက်မှာ ရှိနေတာလား.. မောင့်ဘက်မှာ ရှိနေတာလား ကျွန်မ မသိပါ။ ကျွန်မ မျှော်လင့်မထားခဲ့သော စကားတွေကို ထိုနေ့က ကျွန်မ ကြားခဲ့ရသည်။

“ကိုစိုးမိုး လက်ထပ်တော့မယ်လို့ သတင်းကြားတယ်”

“အင်း.. သူ့အိမ်က သဘောတူထားတဲ့ တစ်ယောက်လား.”

“အိမ်ကလည်း သဘောတူတယ်ထင်တယ်.. ဒါပေမယ့် အရင်တုန်းက ချစ်သူလို့ပြောတယ်”

“ဒါဆို သူ အခုတွဲနေတဲ့ ကောင်မလေးကော..”

“အို စိုးမိုးက စွံတယ်လေကွယ်.. ဒီလိုပဲ အဆင်ပြေသွားမှာပါ..”

“အင်း စိုးမိုးတို့လည်း ဓါတ်ပုံရိုက်လိုက်.. ဒီဇိုင်းလေး လုပ်လိုက်နဲ့.. ခုတော့လည်း မင်္ဂလာဆောင်တော့မှာပါလား..”

ကျွန်မ နားတွေကို မယုံနိုင်ပါ။ ကော်ဖီဆိုင်တွင် ကျွန်မဘေးနားခုံမှ စကားပြောနေသူများကို ကျွန်မ လှည့်ကြည့်မိသည်။ ဓါတ်ပုံရိုက်လိုက် ဒီဇိုင်းဆွဲလိုက် ကိုစိုးမိုးဆိုတာ မောင့်ကို ပြောနေတာများလား။ မောင်က လက်ထပ်မယ်ဆို ကျွန်မပဲ ဖြစ်ရမှာပေါ့။ ကျွန်မ မဟုတ်တဲ့ နောက်တစ်ယောက် မောင့်မှာ ရှိနေခဲ့သလား။ ကျွန်မ ဘာကြောင့် မသိခဲ့ရတာလဲ။ ဘေးနားက စားပွဲကို ကျွန်မလှည့်ကြည့်မိတော့ မောင့်သူငယ်ချင်းများထဲမှ တစ်ယောက်ကို ကျွန်မတွေ့ရသည်။ သူကလည်း ကျွန်မကို မှတ်မိသွားပုံရသည်။ သူ့အကြည့်များတွင် ချက်ချင်းဆိုသလို အားနာမှု အရိပ်များ လွှမ်းသွားခဲ့တော့သည်။

နောက်တော့ ကျွန်မသိခဲ့ရသည်က မောင့်တွင် ကျွန်မ မတိုင်ခင် ချစ်သူတစ်ယောက် ရှိခဲ့ဖူးသည်။ သူနဲ့မောင်နဲ့ ကျွန်မ လိုက်မမှီသော အကြောင်းကိစ္စ တစ်ခုဖြင့် လမ်းခွဲကာ မောင့်ချစ်သူက နိုင်ငံခြားထွက်သွားခဲ့သည်။ အသဲကွဲသည့် ဒဏ်ကို မောင် အလူးအလဲခံစားခဲ့ရမည် ထင်ပါသည်။ ချစ်သူကိုလည်း မောင် မေ့နိုင်ခဲ့လိမ့်မည် မဟုတ်။ ဒီကြားထဲ ကျွန်မနှင့်တွေ့ကာ ယောက်ျားတစ်ယောက် သဘောကျစရာအချက်    တော်တော်များများရှိနေသော ကျွန်မနှင့် ချစ်သူဖြစ်ကြသည်။ ဒီကြားထဲတွင်တော့ မောင်တို့နှစ်ယောက် အဆက်အသွယ်ရှိခဲ့ကြသည် ထင်ပါသည်။ အချစ်ဦးကို ချစ်ဆဲ ဖြစ်သော မောင်နှင့် မောင့်ကို မပြတ်နိုင်သေးသော မောင့်ချစ်သူ၏ကြားတွင် ကျွန်မက မောင့်အသဲကွဲဝေဒနာကို ခဏတာ ကုစားစရာတစ်ခု ဖြစ်ခဲ့သည်။ ကျွန်မ မောင့်ကို မပြစ်မတင်ရက်ပါ။ သို့သော် အဖြစ်မှန်များကိုလည်း သူ့ကို မမေးချင်ခဲ့ပါ။ မောင်ပြောလာမည့် စကားများကိုလည်း ကျွန်မ ကြားနိုင်စွမ်းရှိမည် မထင်ပါ။ သစ်စိမ်းချိုး ချိုးသည် ဆိုသည့် စကားများသည် ကျွန်မအတွက်များ ရည်ရွယ်ခဲ့လေပါသလား။

 

(၄)

မောင့်မင်္ဂလာပွဲမတိုင်ခင် နှစ်ပတ်အလိုတွင် မောင်က ကျွန်မကို တွေ့ချင်သည်ဟု ဆိုသည်။ ဘာမှ မသိသလို ပုံစံဖြင့် ကျွန်မ မောင့်ကို    တွေ့ခဲ့သည်။   မောင်ပြောလာမည့် စကားများကိုတော့ ကျွန်မ နားထောင်ရပါအုံးမည်။

“သဲကို မောင် ဘယ်လိုပြောရမလဲ.. သဲ မောင့်ကို ကြိုက်တာလုပ်ပါ.. မောင့် အပြစ်အတွက် ပေးဆပ်ဖို့အသင့်ပဲ”

“ကျွန်မ မောင့်ကို သတ်လိုက်ရင်ကော မောင် အသေခံမှာလား မောင်”

“မောင် ဘယ်လိုတောင်းပန်ရမလဲ သဲ ရယ်.. တောင်းပန်တယ်ဆိုတာကလွဲလို့ မောင့်မှာ ပြောစရာ မရှိဘူး.. ခွင့်လွတ်ပါလို့လည်း မောင် မပြောလိုပါဘူး”

“မောင် ကျွန်မကို လုပ်ရက်တယ်.. မောင် ကျွန်မကို အသဲခွဲရက်တယ်.. မောင် မို့လို့ ကျွန်မကို ခံစားစေခဲ့တယ်.. ကျွန်မ မောင့်ကို နာကျင်အောင်များ လုပ်ခဲ့ဖူးသလားဟင်”

“မောင့် အပြစ်ပါသဲရယ်.. မပြတ်သားနိုင်တဲ့ မောင့်ရဲ့ စိတ်တွေပါ..”

“ကျွန်မ မောင်တို့ နှစ်ယောက်ကို မနှောင့်ယှက်ပါဘူးမောင်.. ဒါပေမယ့် ကျွန်မ တစ်ခုတော့ မေးချင်တယ်.. မောင် ဘာကြောင့် ဒီလိုလုပ်သလဲ.. မောင် ကျွန်မကို ချစ်ကော ချစ်ခဲ့ရဲ့လား.. ကျွန်မက မောင့်အတွက် ဖြေဆေးလားမောင်ရယ်”

ကျွန်မ ပါးပြင်ပေါ်သို့ မျက်ရည်နွေးနွေးတွေ တစ်လိမ့်လိမ့်စီးကျသည်။ မိုးကောင်ကင်ကြီးတစ်ခုလုံး ကိုယ့်အပေါ် ပြိုကျတော့မတတ် အားကိုးရာမဲ့ ခံစားရသည်။ ရင်ခွင်အစုံသည် နာကျင်လွန်းသဖြင့် ပေါက်ကွဲထွက်တော့ မယောင်ထင်ရသည်။ ဒီ ခဏ.. မောင့်ရှေ့က ကျွန်မ   ပျောက်ကွယ်သွားလျှင်    ကောင်းမည်။

 

“သဲကို မောင်.. ချစ်ခဲ့ပါတယ်.. ချစ်ခဲ့တယ် ထင်တယ်”

“တော်ပါတော့မောင်.. ကျွန်မ ဘာစကားမှ ဆက်ကြားနိုင်စွမ်း မရှိတော့ပါဘူး.. မောင်တို့ နှစ်ယောက် အိမ်ထောင်ရေး သာယာပါစေလို့ ကျွန်မဆုတောင်းပါတယ်.. မောင်ကစားတာကို ကျွန်မ ခံခဲ့ရသလို.. ကျွန်မ ကြေကွဲခဲ့ရသလို.. မောင်တို့နောက်ကွယ်မှာ ဘာမှ မဖြစ်ပါစေနဲ့လို့ ကျွန်မဆုတောင်းပေးပါတယ်”

ကျွန်မ နောက်ကွယ်မှာ မောင် ဘယ်လိုပုံမျိုးဖြင့် ကျန်ခဲ့သလဲ ကျွန်မ မသိချင်တော့ပါ။ ကျွန်မ ရင်ခွင်တစ်ခုလုံး ပူလောင်လွန်းလှသဖြင့် ဆောက်တည်ရာ မရဖြစ်မိသည်။ နောက်ဆုံးတော့လည်း ကျွန်မက တစ်ယောက်တည်းပါလားမောင်။ မောင်လှည့်စားတာကို ခံဖို့သက်သက် ကျွန်မ လူဖြစ်လာခဲ့သလား။ မောင် မို့လို့ လုပ်ရက်တယ် ဆိုတဲ့ စကားကလွဲလို့ ကျွန်မ ဘာမှ မပြောချင်ခဲ့တော့ပါဘူး မောင်ရယ်။ အသဲမကွဲချင်သည့် ကျွန်မကိုမှ ရည်ရွယ်ချက်ရှိရှိ အသဲခွဲခဲ့လေသလား မောင်ရယ်။

ထိုအချိန်တွင် ကျွန်မခေါင်းထဲတွင် ရုတ်တရက် သတိရလာသည်က မောင်ပြောခဲ့ဖူးသည့် အသဲကွဲသစ်ပင်ကြီး။ ကျွန်မ နုတ်ခမ်းလေးတွေ ပြုံးယောင်သမ်းသွားမိသည်။ စိတ်ဒဏ်ရာတွေကိုပျောက်ဖို့ အချိန်သည် အကောင်းဆုံး သမားတော်ဖြစ်သည်ဟု ကျွန်မ ကြားဖူးပါသည်။ သို့သော် ယခုလောလောလတ်လတ်အချိန်တွင်တော့ အသဲကွဲသစ်ပင်ကြီးသည် ကျွန်မကို ကူညီခံစားနိုင်မည့် တစ်ခုတည်းသော အရာဖြစ်ပေလိမ့်မယ်။ ကျွန်မ၏ ဘ၀တူရှိရာ ဦးပိန်တံတားသို့ ကျွန်မ နောက်တစ်ခေါက် ခရီးထွက်ဖို့ ပြင်ဆင်လိုက်မိသည်။

ဒီ တစ်ခါတော့ ကျွန်မ တစ်ယောက်တည်းပေါ့မောင်ရယ်။ မောင်မရှိတဲ့ဘ၀မှာ တစ်ယောက်တည်းနေကြည့်ဖို့ ကျွန်မ ကြိုးစားကြည့်ရအုံးမှာပေါ့။ ဒါပေမယ့် ခံနိုင်ရည်အင်အားတွေဆီကိုတော့ အသဲကွဲသစ်ပင်ကြီးက ပေးနိုင်လိမ့်မယ်ထင်ပါတယ်။ စိတ်ချပါမောင်.. မောင်မရှိပဲ ကျွန်မတောင့်ခံနိုင်မှာပါ။ ကျွန်မရယ်.. ဦးပိန်တံတားရယ်.. အသဲကွဲသစ်ပင်ကြီးရယ်ကိုတော့ မောင့်လက်ပ်တော့ရဲ့ တစ်နေရာမှာ သိမ်းဆည်းထားဖို့ မျှော်လင့်မိပါရဲ့။

 

ပင့်ဂိုလ်း

25-July-2011

(ဘာရယ် ညာရယ် မဟုတ်ပါဘူး.. ဦးပိန်တံတားနားက အပင်ကြီးကိုကြည့်ပြီး ဇာတ်လမ်းရေးချင်တာနဲ့ ရေးနေကျ ပုံစံမျိုးလေး ရေးဖြစ်သွားတာပါ)

3 responses »

  1. So good for broken heart tree. I m so long to hard to read the emotion things(novel). This is first time (round about 20 years) reading emotion one. So good, may be take so long time.
    Anyway CONGRATULATION.
    CHEERS,
    Ko Nyan.

  2. ပုံလေးနဲ့ စာလေးနဲ့ လိုက်ပါတယ်..
    အဲဒီ မောင် ကိုတော့ လမ်းမခွဲခင် ပါးကို နှစ်ချက်လောက် ရိုက်ပစ်ခဲ့စေချင်တယ်…

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s