My Second Mother (or) Grandma

Standard

ကျွန်မက နို့မကြိုက်ပါ။ အနံ့လည်း မခံနိုင်ပါ။ ကျွန်မကို မွေးပြီး သုံးလလေက်အကြာမှာ အမေက ကျွန်မကို အဖွားနဲ့ ထားခဲ့ပြီး တက္ကသိုလ်တက်ရသည်။ ထို့ကြောင့် ကျွန်မသည် မိခင်နို့ကို သုံးလခန့်သာ စို့ဖူးပြီး နို့ဖြတ်စရာမလိုပဲ နို့ပြတ်သွားသူ တစ်ယောက်ဖြစ်သည်။ ကျွန်မကို မွေးတော့ အမေ ဒုတိယနှစ် တက္ကသိုလ်ကျောင်းသူ တစ်ယောက်။ ကျောင်းဆရာတစ်ယောက်ဖြစ်သော အဖေက အမေကို ငွေပို့ဖို့အတွက်ရယ် ၊ တစ်ခြားနေရာတစ်ခုမှာ တာဝန်ကျနေသည့် အတွက်ကြောင့်ရယ် အလုပ်များနေတာကြောင့် ကျွန်မဆီသို့ တစ်ပတ်တစ်ခါသာ လာကြည့်နိုင်သည်။ ဒါကြောင့် မွေးကင်းစ ကျွန်မကို ကြီးပြင်းအောင် ကျွေးမွေးရသည်က ကျွန်မ အဖွား။ ကျွန်မ ငယ်ငယ်တုန်းက တော်တော်လေးကို အငိုသန်ပြီး အကျင့်လည်း ဆိုးသည်ဟု လူကြီးများက ပြန်ပြောကြသည်။ ဟုတ်ချင်လည်း ဟုတ်ပါလိမ့်မယ်။ မိခင်နို့မစို့ရသော ကျွန်မကို အဖွားက ကိတ်မုန့်ပျော့ပျော့လေးများကျွေးလိုက်၊ ရေနွေးကြမ်းကို ချိုအောင် သကြားနှင့်ဖျော်ကာ နို့မထွက်သော အဖွားနို့ကို ကျွန်မနုတ်ခမ်းဖျားမှာ တေ့ပေးပြီး သကြားနဲ့ဖျော်ထားသော ရေနွေးကြမ်း အေးအေးကို အဒေါ်က အပေါ်က တစ်စက်ချင်း လောင်းချကာ နို့တိုက်ဟန် ဆောင်ရသည်ဟု အဖွားက ပြောဖူးသည်။ နွားနို့ ၊ ဆိတ်နို့ အစရှိသည်များကို တိုက်လျှင်လည်း ကျွန်မက ချက်ချင်းကို ထွေးထုတ်တတ်သည်ဟု ဆိုသည်။ ထို့ကြောင့် ကျွန်မသည် နို့မထွက်သော အဖွားနို့ကို စို့ကာ ကြီးပြင်းခဲ့ရသူ တစ်ယောက်ဖြစ်သည်။ ကျွန်မ အသက် (၅) နှစ်ခန့်အထိ အဖွားအိမ်တွင်သာ ကျွန်မနေသည်။ အမေပါ ကျောင်းဆရာမ ဖြစ်သွားသောအခါ အမေတာဝန်ကျသည့် နေရာကလည်း နောက်တစ်နေရာ ဖြစ်သွားသောကြောင့် ကျွန်မ၏ ကလေးဘ၀အဖော်သည် အဖွားနှင့် အဒေါ်သာ ဖြစ်ခဲ့သည်။

အဖွားက ချောမောလှပသူ တစ်ယောက်ဖြစ်သည်။ အဖွားကို ကြည့်လိုက်လျှင် ဘယ်လောက် အလုပ်များများ လှပကျော့ရှင်းနေတတ်သည်။ ကျွန်မကော ၊ ကျွန်မ အမေကော အဖွားချောသည့် ဆယ်ပုံ တစ်ပုံပင် ချောကြသူများ မဟုတ်ကြပါ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ယောင်္ကျားဆုံးသွား သဖြင့် မုဆိုးမ တစ်ယောက်လည်း ဖြစ်သည်။ သို့သော် အဖွားက နောက်အိမ်ထောင် မထူထောင်ခဲ့ပါ။ မုဆိုးမ ဘ၀နှင့်ပင် ဈေးဆိုင်လေးဖွင့်ကာ အမေတို့ ညီအစ်မ သုံးယောက်ကို ပညာတတ်အောင် သင်ခဲ့သည်။ ရပ် ရွာတွင်လည်း စောရှင်ဦး ဆိုလျှင် မသိသူ မရှိ။ သာရေးဆိုလည်း အဖွားက ထိပ်ဆုံးက၊ နာရေးဆိုလည်း အဖွားက ထိပ်ဆုံးက ဦးဆောင်လုပ်ကိုင်ပေးတတ်သည်။ အပြောအဆို အနေအထိုင်ကလည်း နုညံ့သိမ်မွေ့လွန်းသဖြင့် လူကြီးသူမများက အဖွားကို စံနမူနာထားကာ သားသမီးများကို ဆို ဆုံးမတတ်ကြသည်။ အဖွားသည် အတန်းပညာကို မူလတန်းထိသာ သင်ဖူးသော်လည်း စာအလွန်ဖတ်သူ တစ်ယောက်ဖြစ်သည်။ တိုင်းရင်းဆေးကျမ်းများ၊ အရိုး အကြောအကြောင်းများ၊ တရားစာအုပ်များ၊ သီးပင် စားပင်အကြောင်းများ အစရှိသည့် စာအုပ်များကို အဖွား၏ စာအုပ်စင်တွင် ကျွန်မ တွေ့ဖူးသည်။ ရပ်ထဲ ရွာထဲတွင် သာမန်နေမကောင်းဖြစ်ခြင်းများကို အဖွား၏ ဆေးစပ်ပေးမှုနှင့်သာ ပျောက်ကင်းကြသည်။ ထို့ကြောင့် အဖွားသည် ရပ် ရွာ၏ အားကိုးစရာ ဆေးသမား တစ်ယောက်လည်း ဖြစ်သည်။ ကျွန်မ ငယ်ငယ်က ဖျားလျှင်လည်း အဖွားတိုက်သော ဆေးကိုသာ သောက်သည်။ ဇက်ကြောတက်လျှင်၊ ညောင်းညာလျှင် အဖွားနှိပ်ပေးမှသာ ကောင်းသည်ဟု ထင်သည်။ လူကြီးများကပင် အဖွားနဲ့ မြေးက ပြောင်းပြန်ပါလားဟု စနောက်တတ်ကြသည်။ ကျွန်မတို့ အသက်ကြီးသည်အထိ နေမကောင်းဖြစ်သည်ဟု သတင်းရရခြင်း အဖွားသည် သူ့ရွာမှ လိုက်လာကာ သူ့ရင်ခွင်တွင်ထားလျက် ကျွန်မတို့ကို ပြုစုပေးလေ့ရှိသည်။

သာရေး နာရေးတွင်သာ မဟုတ်၊ အဖွားက ဘုရား တရားလည်း ကိုင်းရှိုင်းသူဖြစ်သည်။ အဖွား၏ အိမ်တွင် တရားသံဖြင့် လွှမ်းနေတတ်သည်။ အလွန်တရာပူပြင်းသော မတ်လ ၊ ဧပြီလလိုမျိုးတွင်တောင် အဖွားက ဥပုသ်စောင့် ပျက်သူ မဟုတ်။ အချိန်အားလျှင်လည်း ဘုန်းကြီးကျောင်းခြံဝင်းထဲမှာ ၊ ရွာပြင်ရှိ စေတီလေးမှာ သန့်ရှင်းလေး လုပ်ပေးလေ့ရှိသည်။ အဖွားတို့ ရွာတွင် အဖွားဦးဆောင်သော ဘုရားသန့်ရှင်းရေး လုပ်အားပေး အဖွဲ့ပင်ရှိသည်း။ ဘုန်းကြီးကျောင်းတွင်လည်း တရားဓမ္မကို ဦးဆောင် ဆွေးနွေးတတ်သူဖြစ်သဖြင့် ဘုန်းကြီးနှင့် တကွ အခြား လူကြီးသူမ များကလည်း အဖွားကို ချစ်ခင် လေးစားကြသည်။ အချုပ်ဆိုရသော် အဖွားသည် လူကြီး လူငယ်မရွေး အကြောင်း အမျိုးမျိုးဖြင့် ချစ်ခင်လေးစားခြင်း ခံရသူ တစ်ယောက်ဖြစ်သည်။

ကျွန်မ နယ်ပြန်တိုင်းလည်း ကျွန်မက အဖွားကို ကန်တော့သည်ထက် ၊ ကျွန်မကို အဖွားပေးသည့် မုန့်ဖိုးကသာ များလေ့ရှိသည်။ ကျွန်မတို့ ငယ်ငယ်တုန်းက ဆင်းရဲသည်။ အခုလည်း လူတန်းစေ့ နေထိုင်နိုင်ရုံသာ။ အိမ်တွင် ဈေးဆိုင်လေးဖွင့်၍ အသက်မွေးသော အဖွားသည် ကျွန်မ တက္ကသိုလ်တက်တုန်းကလည်း ပေးသည့် ပမာဏသာ နည်းလျှင် နည်းမည် လစဉ် မုန့်ဖိုး မှန်မှန် ပေးမြဲ။ အိမ်ဆိုင်အတွက် မနက်တိုင်း မြို့တွက် ဈေးလာဝယ်ရသော အဖွားကို မြို့ပေါ်ရှိ လူတော်တော်များများကလည်း ချစ်ခင်ကြသည်။ ဒေါ်စောရှင်ဦးလို မိန်းမမျိုးကတော့ ရှားပါတယ်ဟု ပြောဆိုလေ့ ရှိကြသည်။ ဘာစီးပွားမှ မလုပ်ပဲ ကျွန်မတို့အိမ်တွင် တက်နေနိုင်သော်လည်း အဖွားက သူ့အလုပ်သာ သူလုပ်မည်ဟုဆိုသည်။ ဆရာ့ ယောက္ခမ ၊ ဆရာမ အမေဟု ဆိုကာ ကျောင်းသား မိဘတိုင်းကလည်း အဖွားကို လေးစားကြသည်။ အဖွားကလည်း လူတိုင်းအပေါ်မှာ ကူညီစရာရှိလျှင် မငဲ့ မကွက် ကူညီတတ်စမြဲ။

၂၀၁၁ အစပိုင်းလောက်တုန်းကတော့ အဖွားရယ် အဒေါ်ရယ် သူတို့နေသော ရွာမှ မြို့ကို ပြောင်းလာကြသည်။ အဖေနဲ့ အမေက မိသားစု သိုက်သိုက်ဝန်းဝန်း တစ်စုတည်းနေချင်သဖြင့် ကျွန်မတို့အိမ်ခြံထဲရှိ ပိုနေသော မြေကွက်လပ်တွင် အိမ်ဆောက်ပေးကာ ခေါ်ခြင်းဖြစ်သည်။ မြို့ကိုရောက်ပြီး သိပ်မကြာပါ အဖွားနေမကောင်း ဖြစ်သည်ဟု ကြားရသည်။ မနှစ်က သင်္ကြန်မှာ ကျွန်မ အိမ်ပြန်တုန်းကတောင် သွားတစ်ချောင်း နှစ်ချောင်း ကျိုးသည်ကလွဲ၍ အဖွားတစ်ယောက် ဖျတ်ဖျတ်လတ်လတ် သွားနိုင် လာနိုင်တုန်း။ အက် (၇၅) နှစ်နဲ့ မလိုက်အောင် နုပျိုတုန်း။ “ဟာ အဖွားမှာ သွားတွေ မရှိတော့ဘူး လုပ်ပါအုံး” လို့ ကျွန်မ အလန့်တကြား ဖက်ပြီးပြောတာတောင် အသက်ကြီးလာပြီလေ သမီးကြီးရဲ့ ဟု ပြောခဲ့သေးသည်။ နယ်မှာဆိုတော့လည်း အဖွားနေမကောင်းဖြစ်တာ ဘာရောဂါကြောင့် ဆိုတာ တိတိပပ အဖြေရှာလို့ မရ။ ကျွန်မတို့ မာန်အောင်မှာက ဆေးကုသမှုဆိုင်ရာ လိုအပ်ချက် များစွာရှိသည်။ ဆေးရုံဆိုတာကလည်း ဆေးပစ္စည်း စုံစုံလင်လင်ရှိတာ မဟုတ်။ သာမန်နေမကောင်းတာလောက်ကို နာစ့်တွေဆီမှာသာ ဆေးထိုးလေ့ရှိကြသည်။ အဖွားနေမကောင်းတာကို ဆရာဝန်ုပြသောလည်း မသက်သာ။ နှလုံးအားနည်းနေသည်ဟုသာ အဖြေထွက်လာသည်။ ကျွန်မကလည်း အဖွားနေမကောင်းဟုသာ သိသည်။ နှလုံးအားနည်းသည်ဟုသာ သိသည်။ တစ်ခြား အသေးစိတ်ကို ဘာမှ မသိ။ ကျွန်မ ဆွဇ်ဇာလန်သွားကာနီး အဖွားနဲ့ ဖုန်းပြောတော့ “သမီးကြီးက ကမ္ဘာပတ်နေတာပဲ အဖွားဘာမှ ဆုံးမစရာ မလိုတော့ပါဘူး… သမီးကြီးက အဖွားက အသိရော သတိပါ သာပါတယ်… နေကောင်းအောင်သာနေ” ဟု ပြောသေးသည်။

ကျွန်မ ဆွဇ်ဇာလန်က ပြန်လာတော့ အဖွားလည်း ရန်ကုန်ကို ဆေးလာကုမည်ဟု ပြောသည်။ အဖွားရောဂါ တော်တော်ဆိုးနေလို့များလားဟု ကျွန်မ ထင်မိသေးသည်။ ရန်ကုန်ကို တစ်ကယ်ရောက်လာတော့ ကျွန်မ အဖွားကို ဖက်ပြီး ငိုမိသည်။ အဖွားက ပိန်ချုံးနေသည့်အပြင် စိတ်တွေလည်း မူမှန် မဟုတ်တော့။ စားလို့လည်း စားမှန်း မသိ၊ အိပ်လို့လည်း မပျော်၊ ကလေးတစ်ယေက်လို တစ်မျိုးပြီး တစ်မျိုး ပူဆာသည်။ အခု ဗိုက်နာပြန်ပြီ ၊ အခုကျောအောင့်ပြန်ပြီ ၊ အခုအိပ်ရာထဲမှာ အိပ်တော့မည်၊ အခု မအိပ်ချင်တော့.. စသည် စသည်ဖြင့် ကလေးတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။ အထွေထွေအထူးကုနဲ့ ပြတော့ အဖွားရောဂါက လည်ပင်းကြီးရောဂါဟု သိရသည်။ ပုံမှန် အဖု အကျိတ်ထွက်သော လည်ပင်းကြီး ရောဂါမဟုတ်ပဲ… လည်ပင်းသွေးကြောများမှ သွေးအဆိပ်ထွက်သည့် ရောဂါဟုဆိုသည်။ ကျွန်မလည်း သေချာ နားမလည်ပါ။ ထိုရောဂါ၏ လက္ခဏာမှ စိတ်မမှန်သူ တစ်ယောက်ကဲ့သို့ ဖြစ်ကာ ဆေးလည်း နှစ်နှစ်လောက် စွဲသောက်မှ ပျောက်သည်ဟုဆိုသည်။ အဖွားကတော့ ရန်ကုန်က ဆရာဝန်တွေ သူ့ကို ဆေးကုပေးမယ်ပြောပြီး ဆေးလည်းမထိုးဘူးဟု စိတ်ကောက်သေးသည်။ အဖွားရယ် ရန်ကုန်မှာက ဆေးတွေ အရမ်းကောင်းတော့ ဆေးထိုးစရာ မလိုပဲ ဆေးသောက်ရုံနဲ့ ပျောက်တာဟု အဖွားကို ချော့ရသေးသည်။

နောက်တစ်ခု ဘုရား တရား အလွန်ကိုင်းရှိုင်းသော အဖွားတစ်ယောက် သေသည်ဆိုသည့်အသံကို မကြားချင်ဖြစ်နေသည်မှာ သုံးလလောက် ရှိပြီဟု ပြောသည်။ တရားဟောသည့်အသံကိုလည်း မကြားချင်ဖြစ်လာသည်။ အိမ်မှာတောင် တရားခွေဖွင့်လို့ မရ။ အဖွားကလည်း အသက်ကြီးမှ ဘာလို့ဒီလိုဖြစ်တာလဲဟု ကျွန်မ အဖွားကို စိတ်ဆိုးလိုက်သေးသည်။ လူတွေ နေမကောင်းသည့်အကြောင်း သူ့ရှေ့မှာ ပြောလျှင်လည်း မကြိုက်။ အို နာ သေသည့် ကိစ္စတွေ သူ့ရှေ့မှာ ဘာမှ ပြောဆိုလို့မရ။ ဘုရား တရား ကိုင်းရှိုင်းလွန်းသည့်အဖွား ၊ အသာဟဲ့ဆိုလျှင် ဘာပဲကူညီရ ကူညီရ အသင့်ဖြစ်နေတတ်သည့်အဖွား ဘာကြောင့် ဒီလိုဖြစ်သွားလဲ ကျွန်မလည်း မတွေးတတ်ပါ။ ရောဂါလက္ခဏာကြောင့် စိတ်မငြိမ်ဖြစ်သည်ဟု ဆရာဝန်က ဆိုသည်။ ဒီကြားထဲ အမေ သားအိမ်ခွဲထုတ်ဖို့ ကိစ္စဖြစ်လာတာကိုတောင် အဖွားကို မသိမပေးပဲ ကျွန်မနှင့် သွားနေသည်ဟုပြောကာ အမေဆေးရုံတက်ရသည်။ အဖွားကိုတော့ အဒေါ်က စောင့်ရှောက်သည်။ ရန်ကုန်တွင် ရှိသမျှ ဆွေမျိုးများကလည်း အဖွားတည်းသောအိမ်ကို သတင်းလာမေးကြသောကြောင့် အမေသူ့အနားမရှိသည်ကို အဖွားတစ်ယောက် ဘာမှထူးပြီး မခံစားရ။ ရောဂါကြောင့်တော့ အရင်အတိုင်း ဂဂျီ ဂဂျောင် ကျမြဲ ကျဆဲသာ။

နှစ်ပတ်လောက် ဆေးခန်းပြပြီးတော့ သမားတော်ကြီးက နောက်နှစ်လနေမှ ထပ်လာလို့ရကြောင်း ပြောသည့်အတွက် အဖွားနဲ့ အဒေါ်တို့ မာန်အောင် ပြန်ကြသည်။ အမေကတော့ ဗိုက်ခွဲထားသည့် အနာမကျက်သေးသဖြင့် ကားမစီးနိုင်သောကြောင့် အတူလိုက်ပြီး မပြန်နိုင်သေးပါ။ အဖွားတို့မာန်အောင်ကို ရောက်မည့် အချိန်လောက်ကို မှန်းပြီး ကျွန်မ ဖုန်းဆက်တော့လည်း ကျန်းကျန်းမာမာပဲ ရှိသေးသည်။ ဗိုက်ဆာလို့ ထမင်းစားနေသည်ဟုဆိုသည်။ တစ်ခုကတော့ အိမ်မှာ မနေချင်ပဲ ရွာကိုသာ ပို့ပေးပါဟု တွင်တွင်ကြီးကို ပူဆာနေသည်ဟု အဖေကပြောသည်။

နောက်တစ်နေ့ မနက်ကျတော့ အဖေက ဖုန်းဆက်သည်။ သမီးနဲ့ အမေနဲ့ သဘောင်္ရက်နဲ့တိုက်ပြီး ချက်ချင်းလိုက်လာခဲ့ပါ အဖွားကို ဆေးရုံတင်လိုက်ရပြီတဲ့။ ခရီးပန်းလို့ နေမကောင်းဖြစ်တာဟု ဆိုသည်။ အခြေအနေကလည်း ဆိုးသတဲ့။ ခဏနေတော့ အမျိုးတစ်ယောက်က ထပ်ဖုန်းဆက်သည် သမီးကြီး အမေ့ကို ခေါ်ပြီး ရရာကားနဲ့ ချက်ချင်းလိုက်လာပါတဲ့။ မဟုတ်ဘူးလေ.. အဖေက ပုံမှန်အတိုင်းပဲ လိုက်လာဖို့ မှာထားတယ်ပြောတော့… နင့်အဖွားက မနက်ကတည်းက ဆုံးနေတာ..တဲ့။ နင့်အမေကို လုံးဝ မသိစေနဲ့တဲ့။ နေမကောင်းဖြစ်တယ်လို့သာ ပြောပြီ ခေါ်လာခဲ့တဲ့။ ဘုရားရေ… မနေ့က မာန်အောင်ပြန်ရောက်သည့်အဖွား.. ဒီနေ့ဆုံးပြီတဲ့။ အမေကလည်း ဗိုက်ခွဲထားသည့် အနာကြောင့် ကားစီးလို့ မဖြစ်သေး။ သို့သော် ကျွန်မတို့ ပြန်ကို ပြန်မှ ဖြစ်တော့မည်။ အမေကို ဂရုစိုက်ခေါ်လာပြီး ကျွန်မတို့ မာန်အောင်ကို ပြန်ရသည်။ အမေကတော့ ကျွန်မဘာကြောင့် ဒီလောက် အလောတကြီး ဖြစ်နေသည်ဆိုတာကို အနည်းငယ်တော့ ရိပ်မိသော်လည်း သူ့အမေအသဲအသန်ဖြစ်သည်ဟုသာ ထင်သည်။ ဆုံးသွားပြီဟု မထင်။ ကျွန်မကလည်း အဖွားဘာကြောင့် ဒီလောက် မြန်မြန်ဆုံးသည်ကို ယုံတစ်ဝက် မယုံတစ်ဝက်။ ကျွန်မတို့ တောင်ကုတ်ရောက်တော့ သီတင်းကျွတ်လပြည့်နေ့ ဖြစ်သည့်အတွက် မာန်အောင်ကို ဘယ်သင်္ဘော၊ ဘုတ်မှ မထွက်။ အမေ့ သူငယ်ချင်း အိမ်မှာ တစ်ရက်နားရသေးသည်။ အမေ့သူငယ်ချင်းကလည်း အကြောင်းစုံကို သိသဖြင့် ကျွန်မတို့ကို အစွမ်းကုန် ဂရုစိုက်ပါသည်။ အဖေကတော့ ကျွန်မတို့ ရောက်မည့်နေ့မှာ သဂြိုဟ်မည့်အကြောင်း ပြောသည်။ အမေ့ကိုတော့ မာန်အောင် ထွက်လာမည့် မနက်ကျမှ ပြောပါတဲ့။ ကျွန်မ မပြောချင်ပါ။ အမေငိုသည်ကိုလည်း မကြည့်ရက်ပါ။ နေမကောင်းသောအမေ တစ်ခုခုဖြစ်သွားမှာလည်း ကြောက်ပါသည်။ နောက်တော့ အဖေက သမီးမပြောချင်လျှင် အဖေပဲ ပြောလိုက်ပါမည်ဟုဆိုသည်။

မာန်အောင်ကိုပြန်မည့် မနက်ကျတော့ အဖေက ဖုန်းဆက်သည်။ ပညာတတ်တစ်ယောက်ဖြစ်သော အမေ သူ့ကိုယ်သူ ထိန်းနိုင်ပါသည်။ ကျွန်မကိုတောင် မငိုဖို့ ပြောပါသေးသည်။ မာန်အောင်ရောက်တော့ အဖေ့တပည့်တစ်ယောက်က ကားနဲ့လာကြိုသည်။ မိသားစု နာ့စ်တစ်ယောက်က အမေ့ကို ဂရုစိုက်ပေးပါသည်။ အမေ့၏ ၀မ်းကွဲမောင်ကလည်း ကျွန်မတို့ကို လာကြိုပါသည်။ သင်္ဘောဆိပ်ရှိ ကျွန်မတို့ကို ၀ိုင်းကြည့်သောသူတွေ၏ မျက်လုံးတွေ ဘာကြောင့်များ လိုအပ်သည်ထက် ပိုပြီး ကရုဏာထားနေကြပါလိမ့် လို့တော့ ထင်မိသေးသည်။ အသက်ကြီးလို့ လူသေတာ ဆန်းတာမှ မဟုတ်တာ။ သြော် သူတို့ ဆရာမ အမေဆုံးတာဆိုတော့ သူတို့ဆရာမကို သနားကြတာဖြစ်မှာပေါ့ဟု ထင်မိသေးသည်။

အဖွား၏ အသုဘက လူစည်ကားပါသည်။ လူချစ်လူခင်များသော အဖွာ၏ အသုဘကို လိုက်ပို့သူ တစ်ထောင်ခန့်ရှိသည်။ နေပူတာကို မကြိုက်သော အဖွားအတွက် စီမံထားသည်လား ထင်ရအောင် ရာသီဥတုက မိုးလေးအုံ့ကာ အေးအေးလေးတောင် ဖြစ်နေပါသေးသည်။ အဖွား၏ မှာကြားချက်အတိုင်း အဖွားကို မီးသဂြိုဟ်ပါသည်။ မီးသင်္ဂြိုဟ်ပြီးတော့ အဖွားအတွက်များ ငိုသလား ထင်ရလောက်အောင် မိုးက သည်းကြီး မဲကြီး ရွာချပါတော့သည်။ အဖွားသေသည့် နေ့ကတည်းက သင်္ဂြိုဟ်မည့် လေးရက်မြောက်နေ့ထိ မိုးအုံ့နေခဲ့တာပါတဲ့။ ညဘက်ရောက်တော့မှ ကျွန်မ အဖွား ၀မ်းကွဲမောင် အဖိုးလေး၏ ပြောပြချက်ဖြင့် ကျွန်မ အကြောင်းစုံကို သိရတော့သည်။ သင်္ဘောဆိပ်ရှိ လူတွေ၏ မျက်လုံးတွေကိုလည်း နားလည် သွားတော့သည်။

အဖွားတို့ မာန်အောင် ပြန်ရောက်သည့် ည (၁၂) နာရီလောက်က အားလုံးအိပ်ပျော်နေချိန်မှာ အဖွားပျောက်သွားသည်တဲ့။ ပျောက်တာကို သိသိချင်း အဖေက အဖွား၏ ရွာကိုလိုက်သည်။ ရွာကိုပြန်ချင်ဇောနဲ့များ တစ်ယောက်တည်း လျှောက်သွားလေရော့သလားဟူသော ထင်မြင်ချက်ဖြင့် ဆိုင်ကယ်ဖြင့် လိုက်ရှာတော့သည်။ ရွာကိုရောက်တော့ ရွာမှာရှိသည့် အဖွားအိမ်မှာလည်း မတွေ့။ ဒီတော့ အဖေနဲ့ အတူ တစ်ရွာလုံးကလည်း အဖွားကို လိုက်ရှာဖို့ မြို့ကို လိုက်လာကြတော့သည်။ ကျွန်မတို့ ရပ်ကွက်ထဲမှာလည်း ဗြောင်းဆန်နေအောင် အဖွားကို ရှာကြသည်။ အဒေါ်ဆိုတာလည်း သူနဲ့ အတူတူအိပ်ရင်းက အဖွားပျောက်သွားသည့်အတွက် တစ်ငိုငို တစ်ရီရီနဲ့တဲ့။

ကျွန်မတို့ လမ်းထိပ်တွင် ဘုရားရှိသည်။ ဘုရားရှေ့တွင် ရေကန်သုံးကန်ရှိသည်။ နောက်ဆုံးတော့ အလယ်က ရေကန်ဘောင်မှာ အဖွား၏ ဖိနပ်ကလေးကို တစ်ယောက်က တွေ့သည်တဲ့။ ဖိနပ်ဘေးမှာလည်း ဓါတ်မီးလေးလည်း ရှိနေသည်တဲ့။ အဖွားက ရေကန်ထဲ ဆင်းသေသွားခဲ့တာတဲ့။

ဘာကြောင့်လည်း ဘာဖြစ်လို့လဲ။ ကျွန်မ မတွေးချင်ပါ။ သိလည်း မသိချင်ပါ။ ခွဲခွာရမည့် အချိန်မို့ ခွဲခွာသွားခဲ့သည်ဟုသာ မှတ်ယူချင်သော်လည်း မလှပသည့် အဖြစ်ဆိုးကြောင့်တော့ ရင်နာရပါသည်. ယူကျုံးမရလည်း ဖြစ်ရပါသည်။ တစ်သက်လုံး ကောင်မှု ကုသိုလ်များနဲ့သာ မွေ့လျော်ခဲ့သည့် အဖွား နောက်ဆုံးအချိန်မှာ ဒီလိုဖြစ်သွားခြင်းကတော့ အတိတ်ကံ ကြောင့်သာ ဖြစ်ပါလိမ့်မည်။ နောက်ဘ၀တွင်တော့ ယခုဘ၀၏ ကောင်းမှုအကျိုးဆက်များကို အဖွားခံစားရမည်မှာ အသေအချာပင်ဖြစ်သည်။

ကျွန်မ ယုံကြည်ပါသည်။ အလှူရေစက် လက်နဲ့မကွာခဲ့သည် အဖွား၊ စိတ်ကောင်းရှိသည့် အဖွား၊ အားလုံးက ချစ်ခင်ခဲ့ကြသည့် ကျွန်မ အဖွားသည် ယခုအချိန်တွင် ကောင်းရာ သုဂတိ ဘုံ တစ်ခုတွင် ရောက်နေလိမ့်မည် ဟူ၍။

(အဖွားကို အရမ်း သတိရလာတာနဲ့ ဒါလေးကို ရေးဖြစ်သွားတာပါ… လက်ရှိဘ၀မှာ ကောင်းမှုတွေနဲ့ မွေ့လျော်နေပေမယ့် အတိတ်ကံဆိုတာကိုလည်း ကျွန်မတို့ ရှောင်လွဲနိုင်မှာ မဟုတ်ဘူးလေ)

One response »

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s