Monthly Archives: January 2012

ကျွန်မ Celebrity !

Standard

ကျွန်မလည်း နာမည်ကြီး တစ်ယောက်ပါ။ မယုံဘူးလား…. ကျွန်မ အယောင်ဆောင်ထားတဲ့ Facebook Account တက်လာပြီး မဟုတ်တရုတ်ပုံတွေတင် ၊ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ကျွန်မပါဆိုပြီး လိုက်ပြ ၊ မဟုတ်က ဟုတ်က Caption တွေတောင် ထိုးထားသေးတာရှင့်။ ကျွန်မ ကြားဖူးတာကတော့ မင်းသမီးတွေရဲ့ ဓါတ်ပုံတွေကို ဖြတ် ညှပ် ကပ် တွေလုပ်ပြီး ထင်ယောင် ထင်မှား ဖြစ်အောင် လုပ်ကြတယ်ဆိုတာပါပဲ။ ကျွန်မအဖို့မှာတော့ ကျွန်မနဲ့ ခပ်ဆင်ဆင်တူတဲ့ ကောင်မလေး တစ်ယောက်ပုံကို တင်ပြီး ထင်ယောင် ထင်မှားဖြစ်အောင် လုပ်ခံရတာပါ။ ကျွန်မ ပုံကို ဖြတ် ညှပ် ကပ် မလုပ်ထားတာပဲ ကျေးဇူးတင်ရအုံးမယ်။

ကျွန်မ စဉ်းစားလို့ မရတာ တစ်ခုရှိတယ်။ ဘာကြောင့်များ ၊ ဘယ်လိုရည်ရွယ်ချက်နဲ့များ ဒီလို လုပ်ရတာလဲ ဆိုတာကိုပေါ့။ ကျွန်မမှာ မိတ်ဆွေတွေပဲ ရှိတယ်လို့ ထင်ခဲ့တာ ၊ ခုမှပဲ ရန်သူလည်း ရှိမှန်း သိရတော့တယ်။ ကျွန်မ ဘယ်သူကို ဘယ်လိုများ မကောင်း လုပ်ခဲ့တာပါလိမ့်။ ဘာမှ မလုပ်ပဲနဲ့တော့ သူလည်း ဒီလို ရည်ရွယ်ချက် ရှိရှိကြီးနဲ့ လိုက်လုပ်မှာ မဟုတ်ပါဘူး။ ကျွန်မရဲ့ လုပ်ရပ် တစ်ခုခုက သူ့ကို ထိခိုက်သွားတာ (သို့မဟုတ်) ကျွန်မကို အမြင်မကြည်လင် ဖြစ်သွားစေတာမျိုး ဖြစ်ခဲ့မှာပါ။ မနာလို ၀န်တိုလို့ လုပ်တယ်ရယ်လို့တော့ ကျွန်မ မစွပ်စွဲလိုပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်မမှာ သူများ မနာလိုဖြစ်လောက်တဲ့ ပိုင်ဆိုင်မှု (သို့မဟုတ်) အရည်အချင်းမှ မရှိတာကြီးကိုရှင်။

နောက်တစ်ချက်ကတော့ အဲ့ဒီလူဟာ ကျွန်မကိုရော ၊ ဓါတ်ပုံရှင် မိန်းကလေးကိုရော နှစ်ယောက်လုံးကို ထိခိုက်အောင် လုပ်လိုက်တာပါပဲ။ သူ့ပုံတွေကို ကျွန်မဆိုပြီး ထင်ယောင် ထင်မှား လုပ်ခံရတယ်ဆိုတာ အဲ့ဒီ ဓါတ်ပုံရှင် မိန်းကလေးလဲ သိပုံမရပါဘူး။ ဒီ လုပ်ရပ်ဟာ ကျွန်မ တစ်ယောက်တည်းကိုသာမက ၊ အဲ့ဒီ မိန်းကလေးကိုပါ ထိခိုက်နစ်နာသွား စေခဲ့တာပါ။ ဒါကြောင့် ကျွန်မ တို့ မိန်းကလေးတွေဟာ အနေ အထိုင်ကို ပိုပြီး ဆင်ခြင်သင့်ပါတယ်။ ကျွန်မရဲ့ ဖြစ်ရပ်က သာဓက ပါပဲ။

နောက်တစ်ခုကတော့ ကိုယ့်ကိုကိုယ် ပြန်ပြီး ကျေးဇူးတင်တာပါ။ ကျွန်မှာသာ Online ပေါ်မှာ နာမည်အရင်းနဲ့ မဟုတ်ပဲ နာမည်ကိုသာသိပြီး ဒီလူဟာ ဘယ်သူမှန်း မသိ ၊ ဘယ်နေရာက မသိတဲ့ ပုံမျိုးနဲ့သာ နေခဲ့မယ်ဆိုရင် အဖော် ၊ အချွတ်တွေ ရိုက်ထားတဲ့ ဓါတ်ပုံရှင်ကို ကျွန်မပါလားလိုပြီး လူအများက တွေးကြမှာ အမှန်ပါပဲ။ အခုတော့ ကိုယ်က ဘယ်သူဆိုတာလဲ လူတိုင်းက သိနေတယ် ၊ ကိုယ့်ရဲ့ Identity ကို အပြည့် ဖော်ပြပေးထားတာကြောင့် ကျွန်မက ဒါမျိုး မလုပ်ဘူးဆိုတာ သူငယ်ချင်းတိုင်း ယုံကြည်ပေးကြတာပေါ့။ အွန်လိုင်းပေါ်မှာ ကိုယ့်ရဲ့ Identity ကို ပြတာဟာ မသမာသူတွေက ကိုယ့်ရဲ့ Information ကို အလွယ်တကူ ရယူပြီး မကောင်းကြံနိုင်တယ်ဆိုတာလည်း မှန်ပါတယ်။ ဒါပေမယ့် ကျွန်မ ရဲ့ အဖြစ်ကလည်း တစ်ကယ်တော့ အကြောင်းသိ တစ်ယောက်က တမင်သက်သက် လုပ်ကြံသွားတာပါပဲ။ ဘာကြောင့်လဲဆိုတော့ သူဟာ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်တိုင်းကို ဓါတ်ပုံတွေကို Tag လုပ်ပြီး ပြထားတဲ့ အတွက်ကြောင့်ပါပဲ။ ကိုယ်ဘယ်သူဆိုတာ ထင်ထင်ပေါ်ပေါ် နေခြင်းဟာ ကောင်းကျိုးလည်းရှိသလို ၊ ဆိုးကျိုးလည်း ရှိတာပါပဲ။

မိန်းကလေးတိုင်း အလှ အပ မက်ပါတယ်။ လှလည်း လှချင်ကြတယ်ဆိုတာ မိန်းမ တစ်ယောက်ဖြစ်တဲ့ ကျွန်မလည်း ၀န်ခံပါတယ်။ ကိုယ့်ရဲ့ အလှအပကို တစ်ခြားသူတွေ မြင်သာအောင် ပြသတတ်ကြတာလည်း သဘာဝ ပါပဲ။ ဒါပေမယ့် ရည်ရွယ်ချက်တွေကတော့ မတူနိုင်ပါဘူး။ တစ်ချို့က လှတာကို သိရုံပြကြတယ် ၊ အဲ တစ်ချို့ကတော့ လှတာကို သိပြီး ၊ သိတာရဲ့ နောက်ကွယ်မှာ တစ်ခြား အကျိုးဆက်တွေပါ ပါလာအောင် ပြကြတယ် ၊ တစ်ချို့ကျပြန်တော့လည်း မင်းသမီးတွေကို အားကျပြီး သူတို့တွေလို စတိုင်လ်မျိုးစုံနဲ့ ဓါတ်ပုံတွေ ရိုက်ကြတယ် ၊ တစ်ချို့က ကျပြန်တော့ သူငယ်ချင်း အချင်းချင်း နောက်ပြောင်ပြီး ဓါတ်ပုံတွေ ရိုက်ကြတယ်။ ဒီပုံတွေက ကိုယ်တိုင် တင်လို့ သော်လည်းကောင်း ၊ သူငယ်ချင်း တစ်ယောက်က နောက်ပြောင်ပြီး တင်လိုက်လို့ သော်လည်းကောင်း အွန်လိုင်းပေါ်ကို ရောက်လာကြတယ်။ ဒါကို သိတဲ့ ကာယကံရှင်တွေလည်း ရှိသလို ၊ မသိတဲ့ သူတွေလည်း အများကြီး ရှိမှာပါပဲ။ ဒါပေမယ့် ဆင်ခြင်ရမှာကတော့ ကိုယ် ကိုယ်တိုင်ပါ။

အွန်လိုင်းပေါ်မှာ နာမည်ကြီးတာဟာ ကောင်းကျိုးတွေလည်း ရှိသလို ၊ ဆိုးကျိုးတွေလည်း ရှိပါတယ်။ ဒါပေမယ့် နာမည်ကြီးအောင် ဆိုပြီးတော့တော့ မိန်းကလေးတွေ တမင် တကာ ဓါတ်ပုံတွေနဲ့ မလုပ်စေချင်ပါဘူး။ မင်းသမီးတွေ နာမည်ကြီးအောင် လုပ်တာ တရားနည်းလမ်း ကျပါတယ်။ သူတို့က နာမည်ကြီးမှ အလုပ်ဖြစ်မှာကိုးရှင့်။ သာမန် မိန်းကလေးတွေ အဖော် အချွတ်ပုံတွေနဲ့ နာမည်ကြီးရင်တော့ ဆိုးကျိုးတွေပဲ ရှိမှာပါပဲ။

ကိုယ်ရိုက်လိုက်တဲ့ ဓါတ်ပုံ တစ်ပုံဟာ ကိုယ် ကိုယ်တိုင်ကို ထိခိုက်စေသလို ၊ ကိုယ် မဟုတ်တဲ့ တစ်ခြားတစ်ယောက်ကိုလည်း လုပ်ကြံလို့ ရနိုင်သေးတယ်ဆိုတာ သတိလေး ချပ်စေချင်ပါတယ်။ ကိုယ်က စပြီး လူ့အသိုင်းအ၀ိုင်းကောင်းအောင် လုပ်ဆောင်ကြရင်း ကိုယ့်ကိုကိုယ်လည်း တန်ဘိုးမြှင့်တင်နိုင်တဲ့ မိန်းကလေးတွေ ဖြစ်ကြပါစေလို့ ကျွန်မက ဆန္ဒပြုလိုက်ပါတယ်ရှင်။

Pink Gold

Advertisements

ပရဟိတစိတ် တစ်ကယ်ရှိရဲ့လား……………

Standard

ကျွန်မတို့ဘ၀မှာ မလွဲမသွေကြုံတဲ့ အရာတွေ အများကြီးရှိပါတယ်။ ပရဟိတ လုပ်တယ်ဆိုတာဟာလည်း ဘ၀ထဲက မလွဲမသွေကြုံရတဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။ ရပ်ကွက်ထဲမှာ ၊ ရုံးမှာ ၊ ကျောင်းမှာရှိတဲ့ သန့်ရှင်းရေး အသင်းတွေ ၊ သာရေး နာရေး အသင်းတွေ ၊ ဂေါပကအဖွဲ့တွေ ၊ အစရှိတာတွေဟာ ကျွန်မတို့ အလွယ်တကူ မြင်တွေ့နေရတဲ့ ပရဟိတ အသင်းတွေ ပဲဖြစ်ပါတယ်။ ပရဟိတ အလုပ်ကို ကျွန်မတို့ကိုယ်တိုင် ၀င်လုပ်တာမျိုးတွေရှိတယ်.. သူများလုပ်တာကို အားပေးတာမျိုးတွေ ရှိမယ်… ငွေအား.. လူအားနဲ့ ကူညီတာမျိုးတွေ ရှိမယ် ၊ အသင်းအဖွဲ့ (သို့မဟုတ်) တစ်ယောက်ချင်းစီ လုပ်တာမျိုးတွေ ရှိမယ်။ ကျွန်မခေါင်းထဲမှာ ပေါ်လာတာက လူတွေဟာ ပရဟိတစိတ် တစ်ကယ်ရှိလို့ ပရဟိတ လုပ်ကြတာလား.. လူတွေ လုပ်လို့ ပေါ်ပင် လိုက်လုပ်တာလား ဆိုတာပဲ ဖြစ်ပါတယ်။

ဒီနေ့ခေတ်မှာ လူငယ်အဖွဲ့အစည်းတွေရော ၊ လူကြီးအဖွဲ့အစည်းတွေရော ပရဟိတအဖွဲ့အဖြစ် ဖွဲ့စည်းပြီး လုပ်ကိုင်လာကြတာ ခေတ်စားနေပါတယ်။ ခေတ်စားနေတယ်လို့ပဲ ပြောပါရစေ.. ဟိုဘက်က အသင်းဖွဲ့လိုက် ၊ ဒီဘက်က အသင်းဖွဲ့လိုက် ၊ ခဏနေရင် လူတစ်ယောက်ဟာ ဟိုအသင်းကနေ ဒီအသင်းကို ရောက်သွားလိုက်.. ဒီဘက်ကနေ ဟိုဘက်ကို ရောက်လာလိုက်နဲ့ အပြောင်းအလဲတွေလည်း အတော်ကြီးကိုများကြပါတယ်။ တစ်ချို့တွေကတော့ တစ်ယောက်ယောက်နဲ့ အဆင်မပြေလို့ အဖွဲ့ကနေ ထွက်သွားတာမျိုးတွေ ၊ လူငယ်ကိစ္စတွေ ရှုပ်ကြလို့ အဖွဲ့ရဲ့လုပ်ငန်းတွေမှာ အားနည်းသွားတာတွေ ၊ ကိုယ့်ကိစ္စတွေနဲ့ မအားကြလို့ စိတ်တော့ရှိပါရဲ့ လူကတော့ မလာနိုင်ဘူး ဆိုပြီး စကားလှလှလေးတွေနဲ့ ရှောင်ထွက်ကြတာတွေ ၊ တစ်ကယ်ကို မအားကြလို့ မလုပ်ဖြစ်ကြတော့တာတွေဟာ ပရဟိတအဖွဲ့တိုင်းမှာ ကြုံတွေ့နေရတာတွေ ဖြစ်ပါတယ်။

ဆိုကြပါစို့.. လူတစ်ယောက်က အလှူလုပ်ချင်လို့ ဖြစ်စေ ၊ ပတ်ဝန်းကျင်ထိမ်းသိမ်းချင်လို့ဖြစ်စေ ၊ မိဘမဲ့ကလေးတွေကို ကူညီပေးချင်လို့ ဖြစ်စေ ကိုယ်လုပ်ချင်တာနဲ့ ကိုက်ညီတဲ့ အသင်းတစ်ခုထဲကို ၀င်လိုက်တယ်။ အားတဲ့အချိန်မှာ လာလုပ်ပေးတယ် ၊ မအားတဲ့အချိန်မှာ မလုပ်ပေးနိုင်ဘူး။ အဖွဲ့ရဲ့ သတင်းအချက်အလက်တွေကို သိတဲ့အခါသိတယ်၊ မသိတဲ့အခါ မသိလိုက်ဘူး။ ဒါမျိုးတွေ ဖြစ်တတ်ကြပါတယ်။ ကျွန်မတစ်ခု မေးချင်တာက ပရဟိတဆိုတာ အားမှ လုပ်ရတဲ့ အရာမျိုးလား? ။ အလုပ်များနေတဲ့သူတစ်ယောက်က ပရဟိတ မလုပ်နိုင်ဘူးဆိုတာ ဖြစ်နိုင်ရဲ့လား? ။ ပရဟိတ လုပ်ဖို့ အားဖို့လိုတယ်လို့များ အဓိပ္ပာယ်ဖွင့်ဆိုထားတာမျိုး ရှိသလား..? ပရဟိတ အဖွဲ့တိုင်းကလည်း Volunteer Based ဖြစ်တဲ့အတွက် မအားတဲ့သူကို အတင်းလာခိုင်းလို့ မရသလို ၊ အတင်းအားခိုင်းဖို့လည်း ခက်ခဲပါတယ်။ ဒါကြောင့် ပရောဂျက်တစ်ခု လုပ်တော့မယ်ဆိုရင် အားတဲ့သူလေးတွေနဲ့ပဲ ဖြစ်အောင်လုပ်လိုက်ရတာတွေ အကြိမ်များစွာ ရှိကြပါတယ်။

မအားလို့ဆိုတဲ့ အကြောင်းပြချက်မျိုးတွေဟာ ပရဟိတထက် အတ္တဟိတကို ဦးစားပေးတတ်ကြတဲ့ သဘောကို တွေ့နေရပါတယ်။ ဆိုကြပါစို့ လူငယ်တစ်ယောက်က လမ်းထိပ်မှာ အပေါင်းအသင်းတွေနဲ့ ဂစ်တာတီးဖို့ အားရင် အားမယ်၊ ညနေတိုင်းမှာ ဘီယာသောက်ဖို့ အားရင်အားမယ်… (၂) နာရီလောက်ပဲ အချိန်ပေး တက်ရမယ့် ပရဟိတ မီတင်လေး တစ်ခုကိုတော့ တက်ဖို့ပျက်ကွက်တတ်ကြပါတယ်။ လူတိုင်းဟာ မအားကြပါဘူး ။ စားဝတ်နေရေးခက်ခဲတဲ့ ၊ ရုပ်ဝတ္ထုတို့နောက်ကိုသာ လုံးပါးပါးအောင် လိုက်လေ့ရှိကြတဲ့ ဒီနေ့ခေတ်မှာ အလုပ်နဲ့လက် ပြတ်တယ်လို့ကို မရှိကြတာတော့ အမှန်ပါပဲ။ ဒါပေမယ့် တစ်ကယ်တမ်းသာ ပရဟိတစိတ်ရှိကြမယ်ဆိုရင် ဒီအလုပ်ကို လုပ်ဖို့အတွက် အချိန်တစ်ခုကိုလည်း မဖြစ်ဖြစ်အောင် ပေးနိုင်ကြရမယ်လို့ ကျွန်မက မြင်ပါတယ်။ ကျွန်မဆိုရင်လည်း တနင်္ဂနွေနေ့တိုင်းကို Myanmar Youths in Action အတွက် အချိန်ပေးပါတယ်။ သေရေး ရှင်ရေးနဲ့ မဖြစ်မနေ လုပ်ရမှာမျိုးမဟုတ်ရင် ရုံးက GM ခိုင်းတဲ့ ကိစ္စကိုလည်း ကျွန်မငြင်းပါတယ်။ ဒါကြောင့် လူတစ်ယောက်ဟာ ပရဟိတ စိတ်တစ်ကယ်ရှိရင် သူ့အတွက် အချိန်တစ်ခုတော့ ချန်ထားနိုင်ရမှာ ဖြစ်ပါတယ်။

အဖွဲ့တစ်ဖွဲ့မှာ တစ်ယောက်သောသူကို ကြည့်မရလို့ ဒီအဖွဲ့က ထွက်လိုက်တယ်ဆိုတာမျိုးကလည်း သိပ်ကို ရီစရာ ကောင်းတဲ့ အချက်တစ်ခုဖြစ်ပါတယ်။ ကျွန်မတို့က အလုပ်ကို လုပ်မှာလား ၊ အဲ့ဒီလူရဲ့ မျက်နှာကိုပဲ တစ်စိမ့်စိမ့်ထိုင်ကြည့်နေမှာလား။ သူပြောတဲ့ စကားတွေ ၊ သူပေးတဲ့ အိုင်ဒီယာတွေကို သဘောမကျဘူးဆိုရင် အကျိုးသင့် အကြောင့်သင့်တဲ့ ငြင်းပိုင်ခွင့်က လူတိုင်းမှာ ရှိပါတယ်။ သူကတော့ဖြင့် သိပ်ဆရာလုပ်တာပဲဆိုတာမျိုး ပေါ်လာရင်တောင်မှ ငါဒါကို လုပ်ပြီသား ၊ ငါဒါကို နင့်ထက်ကြိုမြင်လို့ ကြိုလုပ်ထားတယ် အစရှိတာမျိုးတွေနဲ့ တုန့်ပြန်ပြနိုင်ရင် သူဆရာလုပ်တာလည်း အလိုလိုအပိုးကျိုးပြီးသား ဖြစ်သွားမှာပါ။ အလုပ်လုပ်ချင်စိတ်သာ တစ်ကယ်ရှိမယ်ဆိုရင် အဖွဲ့ထဲက တစ်ခြားသူတွေကလည်း ကိုယ့်ကို အလိုလိုလေးစားပြီးသား ဖြစ်သွားမှာ အသေအချာပါပဲ။ ကိုယ်က ပေါ်ပင်တစ်ခုအနေနဲ့ အဖွဲ့ထဲကို လာသလိုလို မလာသလိုလိုလုပ်မယ် ၊ အလုပ်ကို လုပ်ချင်သလိုလို မလုပ်ချင်သလိုလိုလုပ်မယ်ဆိုရင်တော့ ကြည့်မရလို့ ထွက်ကြရတယ်ဆိုတဲ့ ပြသနာမျိုးက ဖြစ်လာမှာ အသေအချာပါပဲ။

နောက်တစ်ခုက ပရဟိတ အဖွဲ့ထဲမှာလဲ မျိုးရိုးဗီဇ မတူတဲ့လူတွေအများကြီး ရှိတတ်ပါတယ်။ လူတစ်ယောက်ချင်းစီရဲ့ စရိုက်တွေဟာ မတူညီနိုင်ပါဘူး။ လူတွေကို စီမံခန့်ခွဲရတာဟာ အတော်ပျော်စရာ ကောင်းပါတယ်။ စရိုက်တွေကို အတင်းကြီးကို ညီအောင် လိုက်ညှိုနေစရာ မလိုပါဘူး။ သူ့အကျင့် ကိုယ့်အကျင့်ကို နားလည်ပြီး အချင်းချင်းဖေးမကူညီခြင်းဟာလည်း ပရဟိတ လုပ်ခြင်းရဲ့ အရည်အသွေးတစ်ခုဖြစ်ပါတယ်။ သူ့မှာ ဘယ်လိုစရိုက်ပဲ ရှိရှိ သူဟာ ဒီအလုပ်ကို လုပ်ချင်လို့ ဒီအဖွဲ့ထဲကို ၀င်လာတယ်ဆိုတာကိုပဲ ကျွန်မတို့ တန်ဘိုးထားရမှာ ဖြစ်ပါတယ်။ အတူတူနေဖန်များလာရင် ကိုယ့်ရဲ့ကောင်းတဲ့အကျင့်တွေ သူ့ကို ကူးစက်သွားနိုင်သလို ၊ ကိုယ်နဲ့ဆန့်ကျင်ဘက် သူ့ရဲ့ စရိုက်တွေကလည်း ကိုယ့်ကို ကူးစက်လာနိုင်တယ်ဆိုတာတော့ တစ်ချက်လေး သတိထားရပါမယ်။

 

တစ်ချို့တွေ ပရဟိတလုပ်ကြတာကတော့ ဓါတ်ပုံရိုက်ချင်လို့ ဖြစ်ပါတယ်။ အဖွဲ့တစ်ခုခုနဲ့ ပရောဂျက် တစ်ခုခုကို လိုက်လုပ်တယ်ဆိုပါစို့။ သူအလုပ်လုပ်တာကနည်းနည်း… ဓါတ်ပုံရိုက်တာက များများ.. ပြီးရင် အွန်လိုင်းပေါ်မှာ ဓါတ်ပုံတွေကို တစ်ပုံပြီး တစ်ပုံတင်.. တစ်ကယ်ဆို သူကူညီလုပ်ကိုင်ခဲ့တာဆိုလို့ နည်းနည်းလေးပဲ ရှိတာမျိုးလည်း ဖြစ်တတ်ပါသေးတယ်။ တစ်ကယ် အလုပ်လုပ်တဲ့သူဟာ ဓါတ်ပုံတစ်ပုံတစ်လေလောက်တော့ ရိုက်ရင်ရိုက်မယ်.. ဒါပေမယ့် စတိုင်မျိုးစုံ ရှုထောင့်မျိုးစုံကနေ ရိုက်ဖို့ကိုတော့ မေ့နေတတ်ပါတယ်။ အဖွဲ့တိုင်းမှာလည်း ကင်မရာ ကိုင်တဲ့သူက သီသန့် ရှိပြီးသားပါ။ အဖွဲ့သားတွေ ကျရာတာဝန်ကို ထမ်းဆောင်နေချိန်မှာ သူကလည်း သူ့တာဝန်ဖြစ်တဲ့ ဓါတ်ပုံရိုက်ခြင်းအလုပ်ကို လုပ်နေတာပါပဲ။ ဒါက အဖွဲ့ကပေးထားတဲ့ တာဝန်ပါ။ တစ်ချို့တွေကတော့ မဟုတ်ပါဘူး။ ကလေးတွေနဲ့ ဓါတ်ပုံရိုက်ချင်လို့ဆိုပြီး လိုက်လာတဲ့သူမျိုးကိုလည်း ကြုံဖူးပါတယ်။

နောက်တစ်ချက်ကတော့ စိတ်ရှိပေမယ့် မအားကြပါဘူးဆိုတဲ့ လူမျိုးအတွက်ဖြစ်ပါတယ်။ ကျွန်မ တွေ့ရသလောက်ကတော့ လူတိုင်းဟာ ဖေ့စ်ဘုတ်ပေါ်မှာ စတေးတပ်တင်ဖို့တော့ အားကြပါတယ်။ ကွန်းမန့်တွေပေးဖို့တော့ အချိန်ပေးတတ်ကြပါတယ်။ အွန်လိုင်းမီတင်တစ်ခုတက်ဖို့တော့ အချိန်မရှိတတ်ကြပါဘူး။ ပရဟိတ အဖွဲ့ငယ်တိုင်းမှာ ဘဏ္ဍာရေးအခက်အခဲတွေလည်း ရှိပါတယ်။ အွန်လိုင်းပေါ်ကနေ တတ်စွမ်းသလောက် Fund ရဖို့ ကူညီသွားမယ် ၊ ကိုယ်ကိုယ်တိုင်ကလည်း အဖွဲ့ရဲ့ လစဉ်ကြေးတွေကို ပုံမှန်ပေးနေမယ်ဆိုရင်လည်း ဒီအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို အားပေးရာ ရောက်ပါတယ်။ ကိုယ့်ရဲ့ ပရဟိတစိတ်ကိုလည်း ပြသရာ ရောက်ပါတယ်။

နောက်တစ်ခုကတော့ အဖွဲ့နဲ့ လုပ်မှ မဟုတ်ပါဘူး။ ကိုယ့်တစ်ယောက်တည်း စနေနေ့ညနေတိုင်းမှာတော့ဖြင့် ဘုရားမှာ တံမျက်စည်းလှဲပေးမယ် ၊ တနင်္ဂနွေတိုင်းမှာတော့ဖြင့် မိဘမဲ့ကလေးကျောင်းမှာ စာသွားသင်မယ် ၊ ညနေတိုင်းမှာတော့ဖြင့် ခွေးတွေကို အစာကျွေးမယ်.. အစရှိတာမျိုးတွေကလည်း ပရဟိတလုပ်တာပါပဲ။ တစ်ပိုင် တစ်နိုင် သစ်ပင်စိုက်ပျိုးခြင်းအားဖြင့်လည်း ပတ်ဝန်းကျင်ကို ထိမ်းသိမ်းရာ ရောက်ပါတယ်။ အဖွဲ့လိုက်ကြီးသွားပြီး အပင်စိုက် ၊ အမှိုက်ကောက်လုပ်မှ အလုပ်မည်တာ မဟုတ်ပါဘူးရှင်။ အဖွဲ့လိုက်သွားတော့ ပျော်စရာကောင်းတာလေးတော့ ရှိတာပေါ့။

လူတိုင်းက ပိုက်ဆံကို ရထက် ရအောင် ရှာဖွေစုဆောင်း ချင်တတ်ကြပါတယ်။ လူတိုင်းက ကိုယ့်တိုးတက်ရေးအတွက် ပညာဖြင့် နေထိုင်လိုတတ်ကြပါတယ်။ လူတိုင်းမှာ မိသားစုကိစ္စ ၊ အချစ်ကိစ္စ ၊ သာရေး.. နာရေး ကိစ္စလေးတွေ ရှိတတ်ကြပါတယ်။ ဒါပေမယ့် ကျွန်မတို့တွေမှာသာ ပရဟိတ စိတ်ရှိမယ်ဆိုရင် ဒါကိုအခြေခံပြီး လုပ်ကိုင်နိုင်တာတွေ အများကြီးရှိပါတယ်။ ပရဟိတဆိုတာ အားမှ လုပ်ရတဲ့ အရာမျိုး မဟုတ်ပါဘူးလို့ ကျွန်မက ထင်မြင်မိပါတယ်။

လွတ်လပ်စွာ သဘောထား ကွဲလွဲနိုင်ကြပါတယ်ရှင်။