Monthly Archives: December 2012

အချစ် လှေကားထစ်လေးများ (ဇာတ်သိမ်း)

Standard

ရန်ကုန်သို့ အပြန်လမ်းသည် ပျော်စရာထက် လွမ်းစရာပိုများနေသည်။ ပင်လယ်ကြီးကို ထားခဲ့ရပါအုံးမည်။ ပင်လယ်လေကို လွမ်းနေရပါအုံးမည်။ ချောင်းသာကမ်းခြေသည် ဘ၀၏ တစ်စိတ်တစ်ဒေသအဖြစ် အမှတ်တရ ရှိနေအုံးမည်ဖြစ်ပါသည်။ အပြန်လမ်းတစ်လျှောက် တိတ်ဆိတ်နေကြသော အဖွဲ့သားအားလုံးကို လှုပ်လှုပ်ရွရွ ပြန်ဖြစ်စေတာကတော့ နွေဦးဖြစ်သည်

“ပျင်းတယ်ဗျာ.. သီချင်းဆိုတမ်း ကစားရအောင်”

“အိုးကေ.. မိုက်တယ်.. ဘယ်လိုဆိုမှာတုန်း”

“နှစ်ဖွဲ့ပြိုင်မယ်ဗျာ…. တစ်ဖွဲ့က သီချင်းစဆိုမယ်.. ပြီးတော့ ကိုယ်ရပ်ချင်တဲ့နေရာမှာ ရပ်မယ်.. အဆုံးစာလုံးနဲ့ နောက်တစ်ဖွဲ့က သီချင်းပြန်စဆိုရမယ်.. ဘယ်လိုလဲ”

“လုပ်လိုက်လေ.. ကြာသလားလို့.. ငါတို့အဖွဲ့မှာ ရက်ပါရော.. ရော့ကာရော.. အော်တာတွေရော အစုံရှိတယ်”

နွေဦးနှင့် ဘိုဘိုတို့၏ ဆော်သြမှုကြောင့် တစ်ကားလုံး ဆူဆူညံညံနဲ့ သောင်းသောင်းဖြဖြပြန်ဖြစ်ကြသည်။

တစ်လမ်းလုံး သီချင်းတွေဆိုကြရင်း ဆော့လာလိုက်ကြတာ .. ရန်ကုန်ပြန်ရောက်တော့မှ အသံတိတ်ကြတော့သည်။ လှည်းတန်းကိုရောက်တော့ ည (၁၁) နာရီထိုးပြီး ။ အဖွဲ့ဝင်အားလုံး လှည်းတန်းမှာပဲဆင်းပြီး ကိုယ့်အိမ်ကိုယ် အသီးသီးပြန်ကြသည်။

“အမ ဘယ်လိုပြန်မှာလဲဗျ”

ဖြိုးပိုင်က ပြန်ကာနီးလေး လာမေးတော့ မေးဖော်ရသော သူ့ကို ကျေးဇူးတင်စွာ ကြည့်ရင်း ဖြေမိသည်။

“ရန်ကင်းပြန်မှာ.. မောင်လေးကော”

“ကျွန်တော်က သာကေတပြန်မှာဗျ.. အိမ်က ကားလာကြိုမှာ.. အမတို့ကိုလည်း လိုက်ပို့ခဲ့မယ်လေ.. အားမနာပါနဲ့ဗျ”

သူကပြောတော့ လမ်းကြုံသောသူတွေ စုပြီး တူတူပြန်ဖြစ်ကြသည်။ ည တော်တော်နက်နေပြီဖြစ်သဖြင့် ကားငှားဖို့လည်း အဆင်မပြေဘူး မဟုတ်လား။ ကားပေါ်မှာ အချင်းချင်း အီးမေလ်းတွေပေး ၊ ဖုန်းနံပတ်တွေပေးဖြစ်ကြပြန်သည်။ ငြိမ်း အိမ်ပြန်ရောက်တော့ ည (၁၂) နာရီထိုးပြီး။ အိမ်တံခါးလာဖွင့်ပေးသော အဖေ့ကို ပြုံးရုံသာပြုံးပြရင်း အိပ်ရာထဲ တန်းဝင်ခဲ့သည်။ ခေါင်းအုံးနှင့်ခေါင်း ထိလိုက်သည်နှင့် ငြိမ်းတစ်ယောက် နှစ်ခြိုက်စွာ အိပ်မောကျသွားခဲ့တော့သည်။

နောက်နေ့ တစ်နေ့လုံး ငြိမ်းတစ်ယောက် အလုပ်များနေပါသည်။ တနင်္လာနေ့လည်း ဖြစ်ပြန် ၊ Camp အတွင်းခွင့်ကလည်း ယူထားရပြန်သဖြင့် အလုပ်တွေ လုပ်မကုန်နိုင်အောင် ရှိနေတော့သည်။ ခါတိုင်းဆို ရုံးရောက်ရောက်ချင်း Gtalk ဖွင့် ၊ အီးမေလ်းစစ် လုပ်နေကျ။ ဒီနေ့အဖို့မှာတော့ နေ့လည်ထမင်းစားချိန်ရောက်မှသာ ဂျီတော့ကို တကူးတကဖွင့်ဖြစ်တော့သည်။ ဂျီတော့ဖွင့်လိုက်တော့လည်း အံ့သြရပြန်ပါသည်။ ဖြိုးပိုင်၏ အင်ဗိုက်ကို တွေ့ရသည်။ Facebook ဖွင့်လိုက်ပြန်တော့လည်း သူ့၏ Friend Request ကို တွေ့ရသည်။ ကွန်ပျူတာ ဖန်သားပြင်ကိုကြည့်ပြီး ပြုံးနေ ရယ်နေကြသည့်သူများကို တစ်ခြားသူများမှ ကြည့်ရယ်ကြလိမ့်မည်ဆိုပါလျှင် ဤတစ်ကြိမ်တွင် အရီခံရမည့်သူမှာ ငြိမ်းကိုယ်တိုင်ပင်ဖြစ်သည်။ သူမက သူ့ရဲ့ အင်ဗိုက်တွေ ၊ ရီကွက်စ်တွေကိုကြည့်ပြီး သဘောကျစွာ ပြုံးနေခဲ့သည်ကို။

လူသားများသည် တစ်ဦးနှင့် တစ်ဦး အချင်းချင်းတွေ့ဆုံရာတွင် သာမန်စကားများလောက်ကိုသာ ပြောဖြစ်ကြမည် ဖြစ်သော်လည်း တစ်ဦးနှင့်တစ်ဦး မမြင်ရ မဆုံရသည့် အင်တာနက်ဆိုသည့် ကြားခံတစ်ခုပေါ်တွင် စကားပြောဆို ချက်တင်လုပ်ကြသည့်အခါတွင်ကား ပိုမိုပွင့်လင်းမြင်သာစွာ သူ့အကြောင်း ကိုယ့်အကြောင်း ပြောဆိုဖြစ်တတ်ကြသည်။ ထို့ကြောင့်ပင်လျှင် ဂျီတော့ပေါ်တွင် ချက်တင်လုပ်ခြင်းများကို ယနေ့ခေတ်လူငယ်များစွာ နှစ်ခြိုက်စွာ ပြုလုပ်နေကြခြင်း ဖြစ်ပေလိမ့်မည်။ တစ်ခါတစ်ရံတွင်ကား သံယောဇဉ်ပိုကာ မမြင်ရသည့် နှောင်ကြိုးများ ချည်ငင်မိတတ်ကြသည်။ သူမနှင့် ဖြိုးပိုင်သည်နေ့ နေ့စဉ်နေ့တိုင်း အွန်လိုင်းပေါ်တွင် စကားပြောမိကြရင်း တစ်ယောက်ကို တစ်ယောက် ယခင်ကထက် ပိုမိုနားလည်ခဲ့ကြရသည်။ ၀ါသနာလေးတွေအကြောင်း ၊ စိတ်ဝင်စားမှုတွေအကြောင်းက အစပြုလို့ နိုင်ငံရေး စီးပွားရေးတွေထိပါ ငြင်းကြ ခုံကြရင်း သံယောဇဉ်တွေလည်း ထပ်ထပ်တိုးခဲ့ကြရသည်။ အချစ်တစ်ခု၏အစသည် တစ်ဦးကို တစ်ဦး နားလည်ခြင်းမှ အစပြုသည်ဟု ဆိုပါလျှင်… သူတို့နှစ်ဦးသည် အတိုင်းအတာတစ်ခုထိ နားလည်မှု တည်ဆောက်ပြီးကြပေပြီ။

တစ်ခါတစ်ရံတွင်တော့ ရုံးဆင်း ချိန်များတွင် သူမတို့နှစ်ဦး တွေ့ဖြစ်ကြသည်။ တစ်ခါတစ်ရံတွင်ကား ဖြိုးပိုင်တစ်ယောက် ချစ်စရာ လက်ဆောင်လေးများဖြင့် ငြိမ်းတို့ ရုံးသို့ရောက်ချလာပြီး ငြိမ်းကို အံ့သြရအောင် လုပ်တတ်သေးသည်။ ဒီကြားထဲတွင်လည်း အဖွဲ့၏ မီတင်များကို ခဏ ခဏ သွားရသေးသဖြင့် တစ်လလောက်အတွင်း သူတို့နှစ်ဦး၏ တွေ့ဆုံမှုများက ခပ်စိပ်စိပ်ဖြစ်လာသည်။ မျက်လုံးတွေလည်း မကြာခဏဆုံကြသည်။ သူနဲ့တွေ့တိုင်း ရင်ခုန်ရသည်မှာလည်း အကြိမ်တိုင်းပင်။ သို့သော် သူတို့နှစ်ဦးသည် သူတို့၏ အဖြစ်အပျက်များကို သူငယ်ချင်းများ မရိပ်မိအောင် လျှို့ဝှက်နိုင်ခဲ့ကြသည်။

“ဖြိုးပိုင်ကိုလေ ကောင်မလေးတစ်ယောက်နဲ့ Tokyo Donut” မှာ တွေ့တယ်သိတား.. သူ့ ကောင်မလေားး မသိဘူး”

ထွန်းထွန်းက ပြောတော့ သူငယ်ချင်းတွေ ဟေ ဟုတ်လား .. ဒီကောင်လေးက မပြောမဆိုနဲ့တော် စသည်ဖြင့် တစ်ယောက် တစ်ပေါက်ထွက်လာကြသည်။ ငြိမ်းရဲ့ နှလုံးသားတွေ ပူကနဲ ဖြစ်သွားတာကိုတော့ တစ်ယောက်မျှ ရိပ်မိလိမ့်မည် မထင်ပါ။ အစကတည်းက စကားနည်းသော ၊ အနေအေးသော ငြိမ်းတစ်ယောက် ထိုနေ့က မီတင်တွင် စကားတစ်လုံးမျှ မပြောဖြစ်ခဲ့သည်ကိုလည်း သူငယ်ချင်းများက အထူတလည် မေးမြန်းခဲ့ခြင်း မရှိပါ။ မိမိကိုယ် မိမိ အလိုမကျခြင်း များစွာနဲ့သာ ငြိမ်းတစ်ယောက် အိမ်ပြန်ရောက်ခဲ့ရသည်။

ဂျီတော့ကို ဖွင့်တော့လည်း အော့်ဖ်လိုင်းဖြစ်နေသော သူ့ကိုသာ တွေ့ရသည်။ ခါတိုင်းဆို တစ်နေကုန်နီးပါး အွန်လိုင်းဖြစ်နေတတ်သူက ဒီနေ့ကျမှ ဘာလို့မရှိရတာလဲ ။ ဟိုကောင်မလေးနဲ့ သွားတွေ့နေတာလား.. စသည့်အတွေးများက ငြိမ်းကို ထပ်ကာ ထပ်ကာ နှိပ်စက်နေကြသည်။ သူငယ်ချင်းတွေ ဖြစ်မှာပါလေလို့ ဖြေသိမ့်ကြည့်မိသည်။ အို… ငါက သူ့ရည်းစားမှ မဟုတ်တာ ဘာဆိုင်လို့ လိုက်ခံစားနေရတာလဲဟု ကိုယ့်ကိုကိုယ်လည်း အပြစ်တင်မိသည်။ ဒီလိုဆို ဘာလို့များ ငြိမ်သက်နေတဲ့ နှလုံးသားတွေကို လှုပ်ခပ်သွားအောင် လုပ်ခဲ့တာလဲကွယ်။ ဒါယောင်္ကျားလေးတွေ လုပ်နေကျ လုပ်ကွက်တွေပဲလား။ ငြိမ်သက်နေတဲ့ မိန်းမတွေကို လှုပ်ခပ်အောင်လုပ်နိုင်ရင် ယောင်္ကျားတွေက သူတို့ကိုယ် သူတို့ ဂုဏ်ယူလေ့ရှိကြသတဲ့။ ရှင်က ဒီလိုလူမျိုးလား မောင်လေးရယ်။ ဟိုဟို ဒီဒီလျှောက်တွေးရင်း အိပ်မပျော်သည့် ညတစ်ညကို လွန်မြောက်ခဲ့ရပါသည်။

နောက်တစ်နေ့မှာတော့ ကျိုက်ထီးရိုးသွားတယ် ဆိုသည့် Update တစ်ခုကို သူ့ ရဲ့ ဖေ့စ်ဘုတ်ဝေါမှာ တွေ့ရသည်။ ခါတိုင်းဆို အွန်လိုင်းပေါ်မှာ တွေ့ရင် ဘာဖြစ်ဖြစ်ပြောနေကျ ဖြိုးပိုင်တစ်ယောက် မပြောမဆိုနဲ့ ကျိုက်ထီးရိုး ရောက်သွားပြန်ပြီကောဟု တွေးရင်း စိတ်ထဲမှာ မတင်မကျဖြစ်မိသည်။ ရှင့်ကို ကျွန်မ ပိုင်တာမဟုတ်ပါဘူး ဖြိုးပိုင်ရယ်။ အခုလိုတွေ လျှောက်လျှောက်တွေးနေမိတာကိုက ကျွန်မဘက်က သိပ်တရားလွန်နေပါပြီရှင်။ ဖေ့စ်ဘုတ်ပေါ်မှာ သူငယ်ချင်းတွေ တစ်ယောက်ပြီးတစ်ယောက် ချောင်းသာက ဓါတ်ပုံတွေကို တင်ကြသည်။ အချင်းချင်း Tag လုပ်ကြသည်။ သူမ နှစ်သက်သော အပြုံးကို ပိုင်ဆိုင်သည့် ဖြိုးပိုင်၏ ပုံတွေကလည်း အပြုံးတွေဖြင့် လှိုင်လှိုင်ဝေနေသည်။ အမှတ်တရတို့သည် နေ့စဉ်ဘ၀ထဲသို့ ကူးခတ်ကာ ရောက်ရှိလာကြပြန်ပေပြီ။ ရုံးပိတ်ရက်ဖြစ်သော စနေ ၊ တနင်္ဂနွေကို မတင်မကျ စိတ်တစ်ခုဖြင့် ဖြတ်သန်းရသည်မှာ လေးလံလှပါသည်။

တနင်္လာနေ့ မနက်စောစော ဖုန်းမြည်သံကြောင့် နိုးလာပြီး နာရီကြည့်တော့ မနက် (၆) နာရီသာ ရှိသေးသည်။ သည်အချိန်က သူမ အိပ်ရာထချိန်မဟုတ်။ မလာစဖူး အလာထူးသည့် ဖုန်းကို ကောက်ကိုင်တော့…

“မငြိမ်းလား”

“ဟုတ်.. ဘယ်သူလဲရှင့်”

“အမကလည်းဗျာ.. ဖြိုးပိုင်ပါ.. ကျွန်တော့အသံတောင် မမှတ်မိတော့ဘူးလား”

“အား ဆောရီး ခုမှ နိုးလာတာဆိုတော့ အိပ်ချင်မူးတူးဖြစ်နေလို့.. စောစောစီးစီး ဘာလို့လဲ မောင်လေး”

“အမကို တွေ့ချင်လို့ဗျ.. ညနေ (၆) နာရီလောက်ကို Tokyo Donut မှာ စောင့်နေမယ်နော်.. လာဖြစ်အောင် လာနော်.. ကျွန်တော် ခုမှ ကျိုက်ထီးရိုးက ပြန်ရောက်တာ.. ပင်ပန်းနေလို့ အိပ်လိုက်အုံးမယ်ဗျ”

သူ့ဘာသာသူပြော… သူ့ဘာသာသူချိန်းပြီး သူ့ဘာသာသူ ဖုန်းချသွားခဲ့သည်။ ဘယ်လိုလဲကွယ်။ ထိုနေ့ကလည်း တစ်နေကုန် အလုပ်ကောင်းကောင်း မလုပ်ဖြစ်ခဲ့ပါ။ ဘာလို့ချိန်းတာလဲဆိုသည့် စိတ်တစ်ခုနဲ့အတူ ညနေ (၆) နာရီကိုသာ မျှော်နေမိတော့သည်။

ထိုနေ့ ညနေက သူမ လက်စွပ်ကလေး တစ်ကွင်း လက်ဆောင်ရသည်။ ထိုလက်စွပ်ကလေးသည် မြင်းမြီးဖြင့်လုပ်ထားသော နီညိုရောင် လက်စွပ်ကလေးဖြစ်ပြီး သူမ၏ လက်သူကြွယ်နှင့်လည်း အနေတော်ပင် ဖြစ်ခဲ့သည်။ ငွေကြေးအားဖြင့် တန်ဘိုးမရှိသော်လည်း ဘ၀အတွက် လွန်စွာမှ တန်ဘိုးရှိလှသော ထိုလက်စွပ်ကလေးကို သူမလက်သူကြွယ်တွင် မြတ်နိုးစွာ ၀တ်ဆင်ထားခဲ့ပြီး ဖြစ်သည်။ ထိုလက်ဆောင်ကို ဖြိုးပိုင်မှ ငြိမ်း အတွက် ကျိုက်ထီးရိုးမှအပြန်တွင် ၀ယ်လာခဲ့ခြင်းဖြစ်ပြီး သူမတို့နှစ်ယောက်ကြား အချစ်တစ်ခုကို မွေးဖွားပေးခဲ့သော သင်္ကေတလည်း ဖြစ်ခဲ့သည်။ ငြိမ်း၏ စိတ်ထဲမှ အလိုမကျမှုများ ၊ အထင်လွဲမှုများနှင့် နှလုံးသား၏ ပူလောင်မှုများကို ထိုလက်စွပ်မှ ကုစားပေးနိုင်စွမ်း ရှိခဲ့သည်။ ဘယ်တော့မှ မချွတ်တမ်းဟူသော ဆုံးဖြတ်ချက်ဖြင့် သူမတို့နှစ်ဦးလုံး၏ လက်သူကြွယ်တွင်ရှိနေသော ထိုလက်စွပ်သည် ခိုင်မြဲသော အချစ်၏ မှတ်ကျောက်တစ်ခု ဖြစ်သည်။ အချစ်ဟူသော လှေကားထစ်များကို အားမာန်အပြည့်ဖြင့် လျှောက်လှမ်းသွားနိုင်မည့် ခွန်အား တစ်ခုလည်းဖြစ်သည်။

အချစ်သည် လောကကို လှပစေပါသည်။ ချစ်သူတို့သည်လည်း လောကကို အလှဆင်နေကြသူများထဲမှ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ ဘ၀ကို တည်ဆောက်ရာတွင် ချစ်ခြင်းသည်လည်း အရေးပါပါသည်။ ချစ်ခြင်းဟူသော ခွန်အားသည် ဘ၀လှေကားထစ်ပေါင်းများစွာကို တစ်လှမ်းချင်း တက်လှမ်းဖို့ ခွန်အားကိုလည်း ပေးအပ်သည်။ ငြိမ်းသည်လည်းကောင်း ၊ ပိုင်သည်လည်းကောင်း ဘ၀လှေကားထစ်ကို အောင်မြင်သည်ထိ တက်လှမ်းနိုင်ရန် အချစ်တစ်ခုကို တည်ဆောက်ခဲ့ကြပြီဖြစ်သည်။

ပြီးပါပြီ

၂၀၁၀ နိုဝင်ဘာတွင် အစပြုပြီး ၂၀၁၂ ဒီဇင်ဘာတွင် ၀တ္ထုအဆုံးသတ်ပါသည်။

ပင့်ဂိုလ်း

၁၉ – ၁၂- ၂၀၁၂

Advertisements