Man Aung, We dare to hope for our Future!

Standard
Man Aung, We dare to hope for our Future!
Beach at Man Aung Island

Beach at Man Aung Island

ငယ်ငယ်တုန်းက ကျွန်မ စိတ်ကူးယဉ်ဖူးတာလေး တစ်ခုရှိတယ် ။ “မာန်အောင်ကျွန်းသာ စင်ကာပူလို ဖြစ်ရင် သိပ်ကောင်းမှာပဲ” ဆိုပြီး စိတ်ကူး ယဉ်ခဲ့တာပေါ့ ။ ဟိုးရှေးရှးတုန်းက မာန်အောင်ကျွန်းမှာ လေယာဉ်ကွင်းလည်းရှိတယ်။ စမုံတဲ လေယာဉ်ကွင်းဆိုတာ ခုတောင် လေယာဉ်အဆောက်အဦးဟောင်းကြီး ရှိသေးတယ် ထင်တယ်။ လေယာဉ်ပြေးလမ်းကတော့ ရွာတွေ ဖြစ်ကုန်ပြီပေါ့။

လက်ရှိအခြေအနေမှာတော့ မာန်အောင်က လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ၊ ရခိုင်ပြည်နယ်က တစ်ခြားမြို့တွေနဲ့လည်း အဆက်အသွယ် သိပ်မရှိတဲ့မြို့ကလေးပါ။ အလွယ်ကူဆုံးလမ်းကြောင်းကတော့ မာန်အောင်ကနေ တောင်ကုတ်ကို သင်္ဘောနဲ့လာမယ်.. ပြီးရင် တောင်ကုတ်ကနေ ရန်ကုန်ကို လာမယ် ။ ဒါကြောင့် ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေဟာ မာန်အောင်အတွက်ကတော့ သိပ်အရေးမပါလှဘူး ။ တက္ကသိုလ်တွေ တက်ကြရင်လည်း အဝေးသင်သမားတွေလောက်သာ စစ်တွေတက္ကသိုလ်မှာ တက်ကြပြီး တစ်ခြား Day သမားတွေကတော့ ရန်ကုန်ကို မဖြစ် ဖြစ်တဲ့နည်းနဲ့ ပြောင်းကြတာများတယ်။ အဓိက အကြောင်းရင်းကတော့ သင်္ဘောခရီးကို အကြာကြီး မစီးချင်တာ ဖြစ်ပါလိမ့်မယ်။ ခုနောက်ပိုင်းမှသာ လျှပ်ပြေးယာဉ်တွေ များလာလို့ တစ်ညပဲ အိပ်ရတော့တာ။ ကျွန်မငယ်ငယ်တုန်းကဆို စစ်တွေကို သင်္ဘောနဲ့သွားရင် လမ်းမှာ (၃) ည အိပ်ရတယ်ရှင့် ။ မုန်းတိုင်းရာသီမှာများ သွားမိရင် ပင်လယ်ထဲမှာ လှိုင်းကြီး လှေကြီးနဲ့ ပက်လက်မျောရသေးတယ်။

နောက်တစ်ချက်ပြောချင်တာက ရန်ကုန်ကို လာရတဲ့ ခရီးကိုပါ။ တောင်ကုတ် – ရန်ကုန်ကားလမ်းဟာ ညောင်ကျိုးထိ တော်တော် ပျက်စီးကြမ်းတမ်းပါတယ်။ ရခိုင်ပြည်နယ်ဘက် အခြမ်းကိုရှင်။ ညောင်ကျိုးဆိုတာက ရခိုင်ရိုးမတောင်ပေါ်မှာရှိတဲ့ ပန်းတောင်းမြို့နယ်အပိုင် ယာဉ်ခဏရပ်တဲ့ နေရာပါ။ ပန်းတောင်းကနေ ရန်ကုန်ကို လာတဲ့ဘက်အခြမ်းကတော့ လမ်း အတန် အသင့်ကောင်းပါတယ်။ ရခိုင်ရိုးမ ကားလမ်းဟာ အကွေ့အကောက် ၊ အတက် အဆင်း တစ်အားကို ကြမ်းပါတယ်။ ကျွန်မ ရန်ကုန်မှာ နေဖြစ်တဲ့အကြောင်းက အမှန်အတိုင်းပြောရရင် ကားစီးရမှာ ကြောက်လို့ပါ။ ဒါဆို မာန်အောင်မှာကျတော့ ဘာလို့ မနေသလဲလို့ မေးစရာရှိပါတယ်။ တိုးတက်ဖို့လမ်းစ မရှိလို့ပါ။ ဘ၀မှာ ကျွန်မ အတောင့်တဆုံးတစ်ခုကို ပြောပါဆိုရင် မာန်အောင်မှာ လေယာဉ်ကွင်းရှိဖို့ကလည်း တစ်ခု အပါအ၀င်ပါပဲ။ ကျွန်မတို့ တောင်ကုတ် – ရန်ကုန်ကို စီးရတဲ့ ကားလမ်းက ကြမ်းရုံတင် မကပါဘူး.. ကားတွေကလည်း ကုန် + လူ ရောတင်တာကြောင့် အနံ့အင်မတန် ဆိုးပါတယ်။ လေအိတ်ကားဆိုတာက တစ်ဂိတ်မှာ အလွန်ဆုံး (၂) စီးလောက်ပဲ ရှိတာကြောင့် ခရီးသွား ဦးရေနဲ့ စာရင် မလောက်ငဘူးပေါ့ရှင်။

နောက်တစ်ချက် ပြောချင်တာက မာန်အောင်မြို့ရဲ့ စီးပွားရေးပါ။ အဓိက အားဖြင့်တော့ စိုက်ပျိုးမွေးမြူရေး လုပ်ကြပါတယ်။ စပါးစိုက်တယ်.. ငါးဖမ်းတယ်ပေါ့။ ဟင်းသီး ၊ ဟင်းရွက်ကတော့ တစ်ခြားကို တင်ပို့ဖို့ထက်စာရင် ကျွန်းမှာ ၀ယ်ရောင်းလုပ်ဖို့လောက်ပဲ စိုက်ကြပါတယ်။ တစ်ခြားဒေသကို အများဆုံး တင်ပို့ရတာကတော့ စပါး ၊ အုန်းသီးနဲ့ ကွမ်းသီးတွေပါ ။ ပင်လယ်သတ္တ၀ါတွေကို ရောင်းဝယ် ဖောက်ကားဖို့အတွက်တော့ ဒိုင်တွေ ရှိပါတယ်။ ဒါကြောင့် ဒိုင်တွေမှာပဲ သွားရောက်ရောင်းချကြရပါတယ်။ ဒိုင်ပိုင်ရှင်တွေကတော့ သူဌေးတွေ ဖြစ်ကုန်ပြီး တံငါသည်တွေရဲ့ ဘ၀ကတော့ ဒုံရင်း ဒုံရင်းပါပဲ။

ပညာရေးကို ပြောရမယ်ဆိုရင်လည်း ဆရာ/ဆရာမဦးရေနဲ့ ကျောင်းသားဦးရေ အချိုးမကျပါဘူး။ ခုနောက်ပိုင်းမှာတော့ ဆရာ/ဆရာမ ဦးရေ များလာပါပြီ။ စော်ကားတာတော့ မဟုတ်ပေမယ့် မာန်အောင်ကျွန်းမှာ Capacity ပြည့်တဲ့ ဆရာ/ဆရာမတွေ မရှိပါဘူး။ တတ်သလောက်လေး မှတ်လောက်လေးနဲ့ သင်ကြား ကြရပါတယ်။ ရွာတွေမှာဆို စီးပွားရေး အခက်အခဲကြောင့် ကလေးတွေကို မူလတန်းထိပဲ ကျောင်းထားပေးတာမျိုးတွေ ရှိပါတယ်။ ကလေးတွေ ကိုယ်တိုင်ကလည်း ပညာလိုချင်ရင်တောင် မိဘ စီးပွားရေးကို ကြည့်ပြီး ကျောင်းဆက်တက်ဖို့ စိတ်ညစ်ရပါတယ်။ ကျွန်မ တစ်ခါမေးဖူးတယ်.. ရွာတွေဆီက ကလေးတစ်ချို့ကိုလေ။ ကြီးလာရင် ဘာဖြစ်ချင်လဲဆိုတော့ “ပိုက်ချမယ်.. မလေးရှားသွားမယ်” တဲ့။ သူတို့အဖြေက ကျွန်မကို ရင်နင့်စေပါတယ်။ ဒါက ကလေးတွေကို အပြစ်တင်လို့ မရပါဘူး။ ဖြစ်ပျက်နေတဲ့ စီးပွားရေး အခြေအနေတွေကြောင့်ပါ။ ကျွန်မ (၈) တန်းလောက် (၉) တန်းလောက်က မာန်အောင်မှာ ချဲတွေ တစ်အားခေတ်ထပါတယ်။ အဲ့တုန်းကဆို ယောင်္ကျား ၊ မိန်းမ အရွယ်ရောက်သူ တော်တော်များများဟာ ချဲကို ကော်မရှင်နဲ့ ယူရောင်းကြပါတယ်။ ကျွန်မအမေ ကျောင်းဆရာမတောင် ကျွန်မ တက္ကသိုလ်တက်တုန်းက ကျွန်မကို ပိုက်ဆံများများပို့နိုင်ဖို့ ချဲရောင်းဖူးပါသေးတယ်။ ကျွန်မ ဘွဲ့ရတော့မှ ရပ်လိုက်တာပါ။

နောက်တစ်ချက်က မာန်အောင်က ရွာတွေမှာ မုဆိုးမနဲ့ ကလေးပဲ ရှိတော့တဲ့ အခြေအနေကိုလည်း တစ်ခေတ်ကြုံဖူးပါတယ်။ ယောင်္ကျားသားတွေ အားလုံးက ယိုးဒယားနဲ့ မလေးရှားကို အလုပ်သွားလုပ်ကြလို့ပါ။ ရှိတဲ့ မိန်းမတွေကလည်း မနက်ဆို ချဲ ဘာဂဏန်းကောင်းလဲဆိုတာကို စဉ်းစားရင်း အိပ်ရာက နိုးကြတယ်ပေါ့။ လူတိုင်းကို ပြောတာမဟုတ်ပါဘူး ။ လူများစုကို ပြောတာပါ။ ပြောချင်တာက မာန်အောင်ကျွန်းဟာ ဆင်းရဲသားတွေ နေထိုင်တဲ့ ကျွန်းပါ။ အခွင့်အလမ်း နည်းပါးလွန်းလှတာကြောင့် လူတွေဟာ ရန်ကုန်ကို ရောက်လာကြတယ် ၊ နောက်ပြီး အိမ်ထောင်စုလိုက် ပြောင်းရွှေ့လာကြတယ် ၊ တစ်ခြားနိုင်ငံကို သွားပြီး အလုပ်လုပ်ကြတယ်။ ပြန်လာတော့လည်း ခဏ တဖြုတ် အလည်သဘောပဲ လာကြတယ်။ ဘာမှာ လုပ်စားစရာ မရှိတာကြောင့် တစ်ခြားနေရာကိုပဲ ပြန်သွားကြတယ်။

အခု ဆက်ပြောချင်တာက မာန်အောင်ကျွန်းရဲ့ အလှအပကိုပါ။ ကျွန်မတို့ဆီမှာ မပျက်စီးသေးတဲ့ ကမ်းခြေတွေရှိတယ်။ အရာသာရှိပြီး လတ်ဆတ်တဲ့ ပင်လယ်စာတွေ ပေါတယ် ။ ပျော်ပွဲစား ထွက်စရာ တောကလေးတွေ ရှိတယ်။ လူမျိုးခြား လုံးဝ မရှိဘူး။ ဒါကြောင့် ရောနှောနေတဲ့ ဓလေ့စရိုက်တွေ မရှိဘူး ။ ဒေသခံတွေက ရိုးစင်းကြတယ်။ သဘောဖြူကြတယ် ။ ဒါပေမယ့် အပြောမချိုကြဘူး ။ စစချင်းမှာ တစ်ခြားဒေသက လူတွေကို ယုံလေ့မရှိကြဘူး။

ဟိုးတလောတုန်းက ဧရာဝတီမှာ သတင်းဖတ်လိုက်ရတယ်.. မာန်အောင်ကျွန်းမှာ ကမ္ဘာလှည့်ခရီးသွားတွေအတွက် အပန်းဖြေစခန်းနဲ့ ဟိုတယ်ဇုံ လုပ်တော့မယ်တဲ့။ ကောင်းတာပေါ့ ။ ကျွန်မတို့ဒေသ စီးပွားရေး ဖွံ့ဖြိုးဖို့အတွက် အများကြီး အထောက်အကူ ဖြစ်တယ်။ ဒီနေရာမှာ ပြောချင်တာ တစ်ခုရှိသေးတယ်။ ကျွန်မတို့ မြန်မာပြည်မှာ .. အခုနောက်ပိုင်းမှာပေါ့လေ နိုင်ငံခြားက တစ်ခုခုလာလုပ်ရင် ကန့်ကွက်မယ် ဆိုတဲ့စိတ်က ကြီးစိုးနေတယ်။ ဒီလိုဖြစ်အောင်လည်း အုပ်ချုပ်သူများက လုပ်ခဲ့တာကိုရှင်။ ဒေသခံတွေ ဘာမှ အခွင့်အရေးတွေမရကြဘူး ။ စီမံကိန်းကြောင့် တိုးတက်မှုတွေ မဖြစ်ခဲ့ဘူး။ လူမျိုးခြားတွေပဲ ကြီးပွားသွားကြတယ်။ ဥပမာ – ကန်ထရိုက်တိုက် ဆောက်တော့မယ်ဆိုရင် ပါမစ်တင်ဖို့အတွက် ပတ်ဝန်းကျင်မှာ နေထိုင်နေတဲ့ သူတွေရဲ့ လက်မှတ်တွေလိုတယ်။ သဘောတူကြောင်းကို သူတို့နဲ့အရင် ညှိနှိုင်းရတယ်။ ပတ်ဝန်းကျင်က သဘောတူမှ တိုက်ဆောက်လို့ရတဲ့ အခြေခံ ဥပဒေရှိတယ်။ အခုလည်း စီမံကိန်း တစ်ခု လုပ်တော့မယ် ဆိုရင် ဒေသခံတွေဆီက အရင်ဆုံး သဘောတူညီမှုကို ရယူသင့်တယ်။ ပေးသင့်တဲ့ အခွင့်အရေးတွေ ပေးရမယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ စဉ်းစားရမယ်။ ဒါကတော့ လူတိုင်းလည်း သိပါတယ်။

နောက်တစ်ချက် ဒေသခံတွေ စိုးရိမ်နေကြတာက ဟာ တရုပ်တွေ လာတော့မယ်.. ကုလားတွေ လာတော့မယ် ဆိုတာမျိုးပေါ့။ အမျိုးသမီးကလေးတွေ တရုပ်မယား ဖြစ်ကြတော့မလား ဆိုတာမျိုးပေါ့။ နိုင်ငံတစ်နိုင်ငံမှာ၊ ဒေသတစ်ခုမှာ တိုးတက်လာတာနဲ့ အညီ အဲ့နိုင်ငံ၊ အဲ့ဒေသက လူတွေမှာ နောက်ကနေ လိုက်လာရမယ့် စည်းဆိုတာ ရှိသင့်တယ်ရှင့်။ ကျွန်မတို့က တရုပ်နဲ့ပေါင်းတိုင်း တရုတ်မယား ဖြစ်သွားမယ် ၊ တရုတ်တွေ လွှမ်းမိုးလာမယ် ၊ တရုတ်ဓလေ့တွေ ကူးလာမယ်လို့ မှတ်ယူလို့ မရဘူး။ ကိုယ်ထိန်းထားနိုင်မယ့် ကိုယ့်ရဲ့ စည်းတွေဆိုတာသာ ရှိရင် ဒါကို ကာကွယ်နိုင်မှာပါ။ ဒါပေမယ့် စည်းဆိုတာကို ထိမ်းနိုင်ဖို့အတွက် စီးပွားရေး ပြေလည်မှုနဲ့ ၊ အသိအမြင်ပွင့်လင်းမှုဆိုတာကလည်း ရှိကို ရှိဖို့ လိုအပ်ပါတယ်။ မဟုတ်ရင် ဆင်းရဲခြင်းရဲ့ ဒဏ်တွေက စည်းဆိုတာကို အလွယ်တကူ ဖောက်ဖျက်နိုင်ပါတယ်။

ဟော အခု ကျွန်မတို့ မာန်အောင်မှာ အရင်တုန်းက တစ်ခါမှ မရှိဖူးတဲ့ စီမံကိန်းဆိုတာ လာတော့မယ်။ ဂျက်လေယာဉ်တွေအတွက် လေယာဉ်ကွင်းလည်း ဆောက်အုံးမတဲ့။ အဲ့တော့ ဟုတ်ပြီ စီမံကိန်းက တားလို့ရမှာတော့ မဟုတ်ဘူး။ ဒီတော့ ကျွန်မ အနေနဲ့ အစိုးရကို လုပ်စေချင်တာလေးတွေရှိတယ်။

 

(၁) ခရီးလမ်းကို ပိုပြီး အဆင်ပြေအောင် လုပ်ပေးပါ ။ (တောင်ကုတ် – ရန်ကုန်လမ်းကို ပြန်လည် မွန်းမံပေးပါ ။ အန္တရာယ် အကင်းဆုံးဖြစ်အောင် လုပ်ပေးပါ။ နောက်ပြီး ရေလမ်းအတွက် အမြန်ယာဉ် များများရှိအောင် စီမံပေးပါ။ အဲ့ဒီ အမြန်ယာဉ်ရဲ့ စရိတ်ဟာလည်း လူတိုင်းတတ်နိုင်တဲ့ နှုန်းဖြစ်ဖို့လိုအပ်တယ်)။

(၂) လေယာဉ်ကွင်း ရှိလာတာ ကောင်းပါတယ်။ ဒါပေမယ့် လေယာဉ်စရိတ်များရင်တော့ စီးမယ့်သူ များများစားစား မရှိနိုင်ပါဘူး။ ဒါကြောင့် လူတိုင်းတတ်နိုင်တဲ့ လေယာဉ်စရိတ်လည်း ဖြစ်ဖို့ လိုပါသေးတယ်။

(၃) ဒေသခံတွေအတွက် အလုပ်အကိုင်များများရအောင် ရင်းနှီးမြှပ်နှံသူများနဲ့ ညှိနှိုင်းပေးပါ။ အင်းလေးကန်မှာ လိုမျိုး ဧည့်သည်တွေရဲ့ စက်လှေကို မောင်းတဲ့ အလုပ်ကိုတောင် အင်းသားတွေ လုပ်ခွင့်မရတာမျိုး အဖြစ်မခံနိုင်ပါဘူး။ လုပ်ခ လစာကိုလည်း သင့်တင့်တဲ့ နှုန်းတစ်ခု ဖြစ်ဖို့လိုပါတယ်။

(၄) ပတ်ဝန်းကျင် ညစ်ညမ်းမှု မရှိရလေအောင် စည်းမျဉ်းတွေ ထုတ်ပေးပါ။ ဟိုတယ်တွေရဲ့ အညစ်အကြေးတွေကို ပင်လယ်ထဲကိုသာ ပစ်ချရင်တော့ သေရချည်ရဲ့။ ပြီးတော့ ရေသတ္တ၀ါတွေ ၊ သန္တာကျောက်တန်းတွေကို စီမံကိန်းကြောင့် မပျက်စီးပါစေနဲ့။ မာန်အောင်ရဲ့ အဓိက လုပ်ငန်းက ရေလုပ်ငန်းပါ။ သူတို့တွေသာ မရှိရင် ကျွန်းက လူတွေ တော်တော်များများ ထမင်းငတ်ပါလိမ့်မယ်။

(၅) တစ်ချို့ လုပ်ငန်းတွေကို ဒေသခံကို လုပ်ခွင့်ပေးပါ။ ဥပမာ – ကျွန်းက လူတွေကတော့ သေချာတယ်.. ဟိုတယ်ဆောက်နိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် အသေးစား သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေ ၊ Local Guide လုပ်ငန်းလေးတွေ ၊ Organic စိုက်ခင်းတွေ ၊ Trekking သွားတဲ့ ၀န်ဆောင်မှု မျိုးတွေပေါ့။ ဒါတွေကို Hotel ကြီးတွေရဲ့ Outsource အနေနဲ့လည်း ဒေသခံတွေနဲ့ ချိတ်ဆက်လုပ်ဆောင် နိုင်ပါသေးတယ်။

(၆) ပြီးတော့ ကျွန်မတို့ဆီမှာ လာလုပ်မယ့် စီမံကိန်းကနေ ဧည့်သည်တွေကို ပေးမယ့် ၀န်ဆောင်မှုကို ထူးခြားဆန်းပြားတာတွေ ဖြစ်စေချင်ပါတယ်။ ကမ္ဘာမှာ မာန်အောင်ထက် လှတဲ့ ကျွန်းတွေ အများကြီးပါ။ မြန်မာမှာလည်း မာန်အောင်ထက် လှတဲ့ နေရာတွေ အများကြီးပါ။ ထူးခြားတဲ့ ၀န်ဆောင်မှုကသာလျှင် ဧည့်သည်တွေကို ဆွဲဆောင်နိုင်ပါလိမ့်မယ်။ Hotel Rate တွေကို ထိန်းချုပ်ဖို့လိုမယ် ၊ Service ကို ပိုကောင်းအောင် လုပ်ဖို့လိုမယ်။

(၇) ကျွန်မတို့ဆီမှာ လျှပ်စစ်မီးမရသေးပါဘူး။ မြို့မှာတောင် ည (၆) နာရီကနေ (၁၀) နာရီထိပဲ ရပါတယ်။ ဒီတော့ လျှပ်စစ်မီးကို တစ်ကျွန်းလုံးရအောင် လုပ်ပေးဖို့ လိုအပ်ပါတယ်။ လောင်စာအတွက် အဓိက သုံးရတာက ဒီရေတောတွေက သစ်ပင်တွေနဲ့ ကုန်းပေါ်မှာရှိတဲ့ တောထဲက အညံ့စား သစ်ပင်တွေပါ။ လူတွေများလာရင် လောင်စာများများလည်း လိုအပ်မှာမို့ သစ်တောတွေ ပြုန်းတာမျိုး အဖြစ်မခံချင်ပါဘူး။ Solar Power Plant တွေ Wind Energy တွေအတွက် မြှပ်နှံနိုင်ရင်တော့ ကောင်းပါလိမ့်မယ်။

(၈) ဆက်သွယ်ရေး ကောင်းအောင် လုပ်ပေးပါ။ ကျွန်မတို့ဆီမှာ CDMA 450 တစ်မျိုးပဲ ကောင်းကောင်းသုံးလို့ ရပါတယ်။ GSM တွေက မြို့နားတ၀ိုက်ပဲ အဆင်ပြေပါတယ်။ ပြီးတော့ အင်တာနက် လိုင်းတွေလည်းရှိဖို့ လိုပါတယ်။ အခုလောလောဆယ်တော့ EDGE နဲ့ အင်တာနက် အသုံးများ (များတယ်ဆိုတာလည်း ဆယ်ဂဏန်းပါပဲ) ပြီး IP Star အင်တာနက်ဆိုင် နှစ်ဆိုင်ရှိပါတယ်။ ညဘက်မှ မီးလာတာကြောင့် ညဘက်ပဲ သုံးလို့ရပြီး တစ်နာရီကို တစ်ထောင် ပေးရပါတယ်။

(၉) ကျွန်းပတ်လမ်းကိုလည်း အဆင့်မြှင့်ပေးပါအုံး။ အခုက တစ်ချို့အပိုင်းတွေမှာ ကျောက်ခင်းလမ်းပဲ ဖြစ်နေပါသေးတယ်။ ဒါမှ ကျွန်းပတ် စက်ဘီးစီးချင်တဲ့ ဧည့်သည်တွေ ပိုပြီး သက်တောင့် သက်သာ ဖြစ်မယ့်အပြင် ဒေသခံတွေအတွက်လည်း သယ်ယူပို့ဆောင်ရေးအတွက် အများကြီး အထောက်အကူ ဖြစ်မှာပါ။

လောလောဆယ် ဒီလောက်ပဲ စဉ်းစားလို့ ရပါသေးတယ်။ နောက်ပြီး ကျွန်မတို့ ကျွန်းက လူတွေ.. အထူးသဖြင့် လူငယ်တွေ ပြင်ဆင်ရမှာတွေလည်း ရှိပါတယ်

(၁) ဘာသာစကားတွေ သင်ထားရမယ်

(၂) Management လိုမျိုး Computer လိုမျိုးSkill တွေ သင်ထားရမယ်

(၃) ကိုယ့်ရဲ့ Personality ၊ Capacity တွေကိုလည်း မြှင့်တင်ရမယ်

(၄) ကိုယ်ရမယ့် အခွင့်အရေးတွေကိုလည်း တောင်းတတ်အောင် လုပ်ရအုံးမယ်

(၅) စားစရာတွေကို ရခိုင်စာချည်း ချက်နေတာထက် တစ်ခြားဒေသက အစား အစာတွေကိုလည်း လေ့လာထားသင့်တယ်

(၆) ရိုးရာ လက်မှုပညာတွေနဲ့ စီးပွားရေးအခွင့်အလမ်းကိုလည်း ဖန်တီးချဲ့ထွင်ဖို့ စဉ်းစားရမယ်။

(၇) ရိုးရာ ပစ္စည်းလေးလုပ်တဲ့ စက်ရုံမျိုးလည်း ရှိသင့်တယ်။ အခုက ရခိုင်လုံချည်ကိုတောင် စစ်တွေတို့ ၊ သံတွဲတို့ဆီကနေ ယူရောင်းရတာကိုး။ လက်ရှိမှာ ဧည့်သည်လည်း မလာလို့.. ကိုယ့်လူတွေပဲ ရှိလို့ ယူရောင်းလို့ ရပေမယ့် ဧည့်သည်တွေ များလာတော့မယ်ဆိုရင်တော့ ကိုယ်ပိုင်လုပ်ငန်းလေးတွေလည်း ရှိသင့်တာပေါ့။

ကျန်တာ ဘာတွေ ပြင်ဆင်သင့်လဲဆိုတာတော့ စာဖတ်သူတွေ ဆက်တွေးပေးကြပါအုံး။ နောက်ပြီး ကျွန်မက Limited Knowledge နဲ့ ရေးတာကို ကျွန်မစာထဲမှာ ကျန်သွားတာတွေ.. လိုအပ်နေတာတွေ ရှိရင်လည်း ဆက်ဖြည့်ပေးကြပါအုံးနော်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s