ည (၁၁) နာရီလောက်ဆို သူ့ဆီက မက်ဆေ့လေးတွေ ရောက်ရောက်လာတတ်တယ် ။ “အိပ်နေပြီလား” ၊ “ကောင်းသော ညလေးပါခင်ဗျာ” အဲ့လို အဲ့လို အစချီထားတဲ့ မက်ဆေ့လေးတွေပေါ့။ တစ်ကယ်ဆို ကျွန်မအတွက် ည (၁၁) နာရီဆိုတာ အိပ်ဖို့ သိပ်စောနေသေးမှန်း သူမသိတာလည်း မဟုတ်။ အဲ့လို မက်ဆေ့လေးပို့တာကနေ အစချီပြီး အပြန်အလှန် စကားတွေ ပြောဖြစ်ခဲ့ကြတဲ့ ညပေါင်းလည်း မနည်းတော့ဘူးပဲ။ တစ်ခါ တစ်လေ ဖုန်းနဲ့ ၊ တစ်ခါ တစ်လေ ဂျီတော့ပေါ်မှာ ၊ တစ်ခါတစ်လေတော့လဲ ဖေ့စ်ဘုတ်ထဲမှာပေါ့။ ဒီလိုနဲ့ ရက်တွေကြာလာတော့ ည (၁၁) နာရီလောက်ဆို ကျွန်မ သူပို့လာမယ့် စာလေးတွေကို မျှော်တတ်လာတယ်လေ။
သူက ကျွန်မထက် အသက်နည်းနည်းပိုကြီးတယ် ။ ရီစရာကောင်းတာ တစ်ခုက သူနဲ့ကျွန်မက ဖုန်းထဲမှာ စကားပြောရင်ပဲ ဖြစ်ဖြစ် ၊ အင်တာနက်ပေါ်မှာ စကားပြောရင်ပဲ ဖြစ်ဖြစ် ပိုပြီးရင်းနှီးပွင့်လင်းကြပေမယ့် အပြင်မှာတွေ့ဖြစ်ကြရင်တော့ တစ်ယောက်နဲ့ တစ်ယောက် နည်းနည်းရှိန်ပြီး ရှက်သလိုဖြစ်နေတတ်ကြတယ်။ အပြင်မှာတွေ့ပြီး လမ်းခွဲ.. ညဘက်ရောက်လာတော့ ပုံမှန်အတိုင်းလည်း စကားပြောရော နေ့လည်က မပြောဖြစ်ခဲ့ဘူး သိလား ဆိုပြီး တစ်ယောက်နဲ့တစ်ယောက် အချိန်အကြာကြီးစကားတွေ ပြန်ပြန်ပြောဖြစ်ကြတာလည်း ခဏ ခဏ ပါပဲ။ တစ်ချို့ရက်တွေမှာကို ကျွန်မနဲ့တူတူညစာလိုက်စားတယ် ။ တစ်ခါတစ်လေမှာ ကျွန်မကို လက်ဆောင်လေးတွေလည်း ပေးတတ်သေးတယ်။ ဘယ်လိုသဘောလဲလို့ ကျွန်မကမေးတော့ “ကျွန်တော်က ညို့ကို လေးစားချစ်ခင်ပါတယ် ခင်ဗျာ” တဲ့။ ဟင်.. ဘယ်လိုကြီးလည်းကွယ်။
ယောင်္ကျားတွေ ပြောတတ်တဲ့ စကားရှိတယ်။ “မိန်းကလေးတွေက သူတို့ကို ချစ်နေတဲ့ ယောင်္ကျားတွေကို မျှော်လင့်ချက်တွေပေးပြီး ကြိုးရှည်ရှည်နဲ့ လံထားတတ်သတဲ့” လေ။ မိန်းမတစ်ယောက်ရဲ့ အဖြစ်ကို ရှင်တို့ အပြည့်အ၀ နားလည်လို့လားကွယ်။ မိန်းမတစ်ယောက်မှာ ယောာင်္ကျားတစ်ယောက်ထက်ကို ပိုပြီးတော့ ပေးဆပ်ရတာတွေရှိတယ်။ ပတ်ဝန်းကျင်ဆိုတဲ့ အငွေ့အသက်တွေကလည်း မိန်းမကို အလိုအလျောက်ပြုပြင်တတ်ကြသေးတယ်။
ရည်းစားထည်လဲတွဲတဲ့ ယောင်္ကျားတစ်ယောက်ကို ပတ်ဝန်းကျင်က ပြောဆိုရုံလောက်သာ ဖြစ်တတ်ကြပေမယ့် မိန်းကလေးတစ်ယောက်အဖို့တော့ တစ်ခါတစ်လေမှာ ၀ိုင်းပယ်ထားခြင်းကို ခံရကောင်း ခံရနိုင်သေးတယ်လေ။ ကျွန်မတို့ ဒီဘက်ခေတ်မှာတော့ လူ့အဖွဲ့အစည်းက ပိုပြီးပွင့်လင်းလာလို့ ပြောဆိုတာတွေ လျော့သွားကြပေမယ့် မိန်းမတစ်ယောက်ရဲ့ မသိစိတ်မှာ ဒါကြီးက အရိုးစွဲနေတယ်ဆိုတာကိုတော့ ယောင်္ကျားသားတွေကို နားလည်စေချင်သေးတယ်။ ဒီတော့ ကျွန်မတို့ မိန်းကလေးတွေ မူတာ မဟုတ်ရပါဘူးကွယ်။ အရွေးမှားမှာ စိုးလို့ စောင့်ကြည့်နေကြရတာပါ။
ကဲ.. ကျွန်မလို အဖြစ်နဲ့ ကြုံရပြီဆိုရင်တော ဘယ်လိုပြောမလဲ… ကိုယ့်ကို ချစ်နေတယ်လို့လည်း ပြောလို့မရ… ခင်တာလားဆိုတော့လည်း အဲ့တာထက်ပိုနေတဲ့ ယောင်္ကျားတစ်ယောက်ရဲ့ ဆက်ဆံရေးကို မိန်းမတစ်ယောက်က ဘယ်လိုများ နားလည်ရမှာလဲ ။ ကျွန်မကို မျှော်လင့်ချက်တွေ ပေးနေသူလို့ ကျွန်မက သူ့ကို မစွပ်စွဲရက်ပါဘူး။ ဘာလို့လဲဆိုတော့ တစ်ဖက်သားရဲ့ ခံစားချက်နဲ့ အပြုအမှုကို သေချာမသိပဲ ဝေဖန်ရဲတဲ့စိတ် ကျွန်မမှာ မရှိခဲ့ဘူးလေ။
“Facebook ကြီးပေါ်လာတာ ကောင်းတယ်ဗျ… ကိုယ့်ရဲ့ ခံစားချက်လေးတွေကို Like ကလေး နှိပ်ရုံနဲ့ ဖော်ပြခွင့်ရတယ်” ဆိုတာ သူပြောပြောနေတတ်တဲ့ စကား။ ကျွန်မ ဖေ့စ်ဘုတ်ပေါ်မှာ ဘာရေးရေး ဘာတင်တင် လာလာပြီး Like လုပ်တတ်တဲ့ သူ့ကို တစ်ခုခုတောင် ထင်ချင်သလိုလိုဖြစ်သွားတယ်။ ဟင့်အင့်း မထင်ရဲပါဘူးကွယ်။ ကျွန်မက မိန်းကလေးကို ။ နောက်ပြီး ကျွန်မအပေါ်မှာ ရိုးသားနေသေးတဲ့ လူတစ်ယောက်ကို .. အင်း ရိုးသားနေသေးတယ်လို့သာ ပြောရတာ.. တစ်လောကတောင် ကျွန်မကို ဖန်စီဆွဲကြိုးလေးတွေ လက်ဆောင်ပေးဖူးသေး…. အဲ့ .. ရိုးသားတယ်ပဲ ဆိုကြပါစို… အဲ့လို လူတစ်ယောက်ကို အထင်မှားလိုက်ဖို့ ကျွန်မ မ၀ံ့ရဲသေးဘူးလေ။ နေပါအုံး… သူက မရိုးသားတော့ဘူး ဆိုရင်ကော ကျွန်မအနေနဲ့ ဘယ်လိုတုံ့ပြန်မိမှာလဲ။ ဘုရားရေ… သူ့ကိုသာ ကိုယ့်ဘက်က အမျိုးမျိုးတွေ တွေးမိနေတာ.. ကိုယ့်စိတ်ကိုယ်ကျတော့ ကျွန်မ ပြန်မဖတ်မိသေးပါလား။ အို.. ကျွန်မက ဘာလို့ သူ့ကို မရိုးသားတော့ဘူးလို့ ထင်ရမှာလဲ။ တစ်ကယ်တော့ အချစ်ဆိုတာလည်း ရိုးသားခြင်းတစ်ခုပဲ မဟုတ်လား။
ကျွန်မသူငယ်ချင်းတွေနဲ့ တွေ့တိုင်း သူတို့ နောက်ပြောင်ပြီး မေးတတ်တာလေးရှိတယ်။
“နင့်ရဲ့ တစ်ထောင်တန် ရောတဲ့”
သူငယ်ချင်းတွေ မေးရင်လည်း မေးချင်စရာပါပဲ။ ကျွန်မတို့နှစ်ယောက်အဖြစ်က ၅၂၈ လားဆိုတော့လည်း အဲ့ထက် နည်းနည်းပိုတယ်.. ၁၅၀၀ ပြည့်လားဆိုတော့လည်း မပြည့်ပြန်ဘူး။ ဒီတော့ ၁၀၀၀ တန်လို့ပဲ တင်စားရတော့တာပေါ့။ တစ်ခါတစ်လေမှာ ကျွန်မကိုယ်တိုင်တောင် သူ့အတွက် လက်ဆောင်ပစ္စည်းလေးတွေ ၀ယ်ပေးတတ်သေးရဲ့ မဟုတ်လား။ အဲ့ဒီအခါမျိုးမှာ သူ ဘယ်လိုခံစားရမလဲ သိပ်သိချင်တာပေါ့။ ဒါပေမယ့် သူက ဟန်ဆောင်တတ်သလိုပါပဲ။ သူ့မျက်လုံးတွေထဲမှာ တစ်ခုခုဖြစ်သွားတဲ့ အရိပ်အယောင်လေးကိုတောင် ကျွန်မ ဖတ်လို့မရပြန်ဘူး။ ဒါဆို သူ့မှာ ကျွန်မလိုပဲ မတင်မကျဖြစ်နေတဲ့ တစ်ခြား ကောင်မလေးတွေ ရှိသေးလား။ ဟန်ဆောင်တာကို ကျွမ်းကျင်တဲ့ လူတစ်ယောက်မှာ နောက်ထပ်ပြီး ဟန်ဆောင်ခြင်းကို သာယာနေကြတဲ့ မိန်းမတွေ ရှိနေနိုင်သေးတာပဲ။ ဟင့်အင်း… ဟန်မဆောင်လိုက်ပါနဲ့ကွယ်…. ကျွန်မပေးတဲ့ ပစ္စည်းလေးတွေကို ဘာမှမခံစားရပဲ ဒီအတိုင်းပေးလို့ ယူလိုက်တယ်လို့ တွေးကြည့်တာက ကျွန်မကို သက်သာရ ရစေပါတယ်။ ကျွန်မမှာတော့ သူက တွေ့ဖို့ ချိန်းလာတိုင်း.. သူ့ဆီက တစ်ခုခုရတိုင်း ရင်ခုန်မိသလိုလို… စိတ်လှုပ်ရှားမိသလိုလိုကြီး။ မိန်းမဖြစ်ရတာ ခက်ပါလားကွယ်။
“Ice Mocha ကော်ဖီသောက်တိုင်း ညို့ကို သတိရတယ်”
“ဒါဆို အကို ကော်ဖီသောက်တိုင်း ညို့ကိုလှမ်းခေါ်ပေါ့”
“ညိုရယ်.. မင်းအားတဲ့အချိန်တောင် ကျွန်တော့်မှာ မှန်းပြီးချိန်းရတာ… ကျွန်တော် ကော်ဖီသောက်နေချိန် ညိုအားနေဖို့ ဆိုတာ ဖြစ်နိုင်လို့လား..”
တစ်ခါတစ်လေမှာ ကျွန်မကို ကျွန်မ အပြစ်တင်မိတယ်။ ကျွန်မက သူများအမြင်မှာ ဘာဖြစ်လို့ သာမန်မိန်းမတစ်ယောက် ဖြစ်မနေရတာလဲ။ အလုပ်တွေ သိပ်များတဲ့ မိန်းမ… အချစ်ကိုဦးစားမပေးတဲ့ မိန်းမ… တွေဆုံဆွေးနွေးပွဲတွေနဲ့ ဗျာများနေတဲ့ မိန်းမ။ တစ်ကယ်ဆို မိန်းမတစ်ယောက်က ကိုယ်နှစ်သက်မိတဲ့ ယောင်္ကျားတစ်ယောက်ဆီက ဖုန်းကိုမျှော်နေတတ်ကြမယ်မှန်း သူတို့ မသိကြတာလား။ မသိချင်ယောင် ဆောင်တတ်ကျတာလား။ တစ်ခါတစ်လေမျိုးမှာ ကိုယ့်ဆီမှာ ရှိတဲ့အလုပ်တွေမှန်သမျှကို ပစ်ချပြီး သူ့တို့နဲ့ တွေ့ချင်တတ်ကြမယ်လို့များ မတွေးမိလေသလား။ ကျွန်မတို့ရဲ့ အတ္တက အပြင်ပန်းမှာသာ ရှိတာပါကွယ်။ သားကို သခင်.. လင်ကို ဘုရားလိုကိုးကွယ်ရမယ်ဆိုတဲ့ ဆိုက်ကိုကို ရိုက်သွင်းခံထားရတဲ့ မိန်းမတွေမှာ ကိုယ်နှစ်သက်တဲ့ ယောင်္ကျားတစ်ယောက်နဲ့ ကော်ဖီအတူသောက်ခွင့်ရဖို့ကို တစ်ခြားအရာတွေထက် မျှော်လင့်တတ်ကြတယ်ဆိုတာ ရှင့်ကို ကျွန်မ နားလည်စေချင်လိုက်တာ။ တစ်ကယ်ဆို ကျွန်မကို ဖုန်းလေးဖြစ်ဖြစ်တော့ ဆက်ပြီး “ညို ကျွန်တော်နဲ့ ကော်ဖီလာသောက်မလား” လို့ မေးကြည့်သင့်တာပေါ့။ ကျွန်မ ကိုယ်တိုင်ကလည်း သူ့ကို ဖုန်းလေးစဆက်အုံးမှ ပါလေ။ “အကို ညို ကော်ဖီသောက်ချင်တယ်.. လိုက်ခဲ့” ဆိုတာမျိုးလေး ပြောပြီးတော့ပဲ ဖြစ်ဖြစ်ပေါ့။ ဒါဆို ကျွန်မကို သူ ပို နားလည်နိုင်တန်ကောင်းပါရဲ့။
သူ့ရဲ့ သူငယ်ချင်းတွေ ကျွန်မကို တွေ့ရင် သိတယ်နော် ဆိုတဲ့အကြည့်နဲ့ ကြည့်ကြသလို… ကျွန်မ သူငယ်ချင်းတွေက သူ့ကိုတွေ့ရင်လည်း.. ဒီအတိုင်းမမြင်ချင်တော့ဘူးနော်လို့ ပြောချင်လည်း ပြောတတ်ကြသေးတာ။ ဒီလိုအခါမျိုးမှာ သူ့ဘက်က ဘယ်လိုနေမလဲတော့ မသိပေမယ့် ကျွန်မဘက်က တစ်ခုခုကို စိုးရိမ်မိတာတော့ အမှန်ပါပဲ။ သူ ကျွန်မကို နည်းနည်းလေးမှ ခံစားချက် မရှိဘူးလားလို့ တွေးမိသွားတာမျိုးပေါ့။ ခံစားချက် မရှိဘူးဆိုလည်း ဘာလို့များ ညတိုင်း စကားတွေပြော ၊ အပတ်တိုင်းချိန်းတွေ့ ၊ တစ်ခါတစ်လေ ရုံးဆင်းချိန်တွေမှာ လာကြို.. အလုပ်မပြီးသေးရင် ထိုင်စောင့်၊ လတိုင်း လက်ဆောင်လေးတွေ ပေးနေရသေးလဲကွယ်။ ကျွန်မ ကိုယ်တိုင်က ဒါကို သဘောကျနေတတ်တယ်ဆိုတာ သူရိပ်မိမှာပါ။ ရိပ်ကို ရိပ်မိမှာပါ။ ကျွန်မကို အတွေးမျိုးစုံ တွေးခိုင်းပြီး နှိပ်စက်ရတာကို ရှင်က သာယာနေလို့လား။
ဒါမှမဟုတ်.. ငါပြောလိုက်ရင် သူငြင်းလိမ့်မယ်လို့များ တွေးနေမိလို့လား။ ရှင့်လို့ပဲ အီစီကလီ လာလုပ်တဲ့ သူတွေ ကျွန်မမှာ ရှိပါတယ်နော်။ ဒါပေမယ့် ဘာကြောင့်မှန်း မသိပါဘူးကွယ်.. ကျွန်မလေ ရှင့်ကို ရင်ခုန်မိသလိုပါပဲ။ ရင်ခုန်တာက ချစ်တာလားဆိုတာကိုတော့ ကျွန်မ ကိုယ်တိုင်လည်း မသိပြန်ဘူး။ သူကိုယ်တိုင်ကလည်း သူ့ရင်ခုန်သံတွေကို သူ ကိုယ်တိုင် ပြန်နားထောင်နေတာ ဖြစ်နေအုံးမှာပေါ့လေ။
“တစ်ထောင်တန်” လို့ နာမည်ပြောင်ပေးရတာကို ကျွန်မတော့ အားနာပါရဲ့။ ဒါပေမယ့် ကျွန်မတို့နှစ်ယောက်ကလည်း ဒီလိုပဲ ဖြစ်နေကြတာ မဟုတ်လား။ အကယ်၍များ ကျွန်မသာ ယောင်္ကျားလေးဖြစ်ပြီး ရှင်သာ မိန်းကလေး ဖြစ်နေတယ်ဆိုရင်လေ.. ကျွန်မက Risk ယူပြီး ၅၀၀ ထပ်ပေါင်းဖို့ ကြိုးစားကြည့်ချင် ကြိုးစားကြည့်အုံးမှာ။ ကျွန်မ သိပါတယ်။ ရှင်တို့ယောင်္ကျားလေးတွေက မိန်းကလေးတစ်ယောက်ကို ဖွင့်ပြောရင် လက်ခံရင်အမြတ်.. လက်မခံရင်လည်း အရင်းပဲလို့ သဘောထားတတ်ကြတယ်ဆိုတာ ကျွန်မ သိပါတယ်။
ခုတော့ ကျွန်မမှာ မိန်းကလေး ဖြစ်နေလို့ပေါ့။
Pink Gold
(တိုက်ဆိုင်သွားရင် ခွင့်မလွတ်ပါနဲ့ရှင့် :D)
14, Feb, 2013