Monthly Archives: August 2013

Letter to My Little Brother – 2

Standard

မောင်လေးသို့ ပေးစာ (၂)

 

မောင်လေးရေ

ခုတလော ဘာတွေလုပ်နေလဲကွယ်။ ရာသီဥတုကလည်း မိုးအေးအေးနဲ့မို့ ကျန်းမာရေးကို ဂရုစိုက်နော်။ မိုးရေထဲမှာ ထီးမပါပဲ လျှောက်သွား မနေနဲ့အုံး.. သွားတုန်းခဏသာ ပျော်ဖို့ကောင်းတာ… အအေးမိပြီး ဖျားရင်တော့ မလွယ်ဘူး မောင်လေးရဲ့။ ပြောသာ ပြောရတာ ရန်ကုန်မိုးကလည်း လွန်လွန်းအားကြီးပါတယ်။ မမတောင် ရန်ကုန်ရောက်တာ (၁၀) နှစ်ကျော်အတွင်း ဒီလောက် ရွာတဲ့မိုးကို ဒီတစ်ခါပဲ တွေ့ဖူးသေးတယ်။

ဒါနဲ့မောင်လေးလုပ်နေတဲ့ အလုပ်ရော အဆင်ပြေရဲ့လား။ လက်ရှိဘ၀မှာ ပျော်အောင်နေနော်။ မောင်လေးအသက်လည်း ငယ်တော့တာ မဟုတ်ဘူး။ Professional Life တစ်ခုကို မိမိရရ ဆုပ်ကိုင်ဖို့ ကြိုးစားတော့။ မမတို့နိုင်ငံက ခုဆို အပြောင်းအလဲတွေ လုပ်နေတာ မောင်လေးအမြင်ပဲလေ။ စီးပွားရေးဖွံ့ဖြိုးဖို့အတွက်ရော၊ တစ်ခြား လူမှုရေး ၊ နိုင်ငံရေးတွေအတွက်ရော သမာသမတ်ကျတဲ့ Professional တွေဆိုတာ လိုကို လိုလာမှာ။ ဒါကြောင့် အရင်တုန်းက ယောင်ဝါးဝါးဖြစ်ခဲ့ရင်တောင် ခုချိန်ကစပြီး Professional တစ်ယောက် ဖြစ်အောင် လုပ်ပါလို့ မမပြောချင်ပါတယ်။

Professional ဆိုလို့မောင်လေး မေးမှာကို မြင်ယောင်သေးတယ်။ ဘယ်လိုလူမျိုးကို Professional လို့ခေါ်လဲပေါ့။ အဓိကကတော့ ကိုယ်လုပ်နေတဲ့ ဘယ်လိုအသက်မွေးဝမ်းကျောင်းမျိုးကို မဆို လုပ်ကိုင်နေတဲ့ သူတိုင်းက Professional ပဲပေါ့။ ပန်းရံဆရာတွေရော၊ သန်းရှင်းရေးသမားတွေရော၊ ကွန်ပျူတာ ပညာရှင်ရော၊ အင်ဂျင်နီယာရော၊ စာရေးဆရာတွေရော၊ စသဖြင့် အသက်မွေးဝမ်းကျောင်းပေါင်းစုံနဲ့ အလုပ်လုပ်နေသူတွေဟာ Pro တွေပဲပေါ့ မောင်လေးရယ်။ ဒါကြောင့် မောင်လေးအနေနဲ့ ငါသည် အနာဂတ်မှာ ဘယ်လိုမျိုး အသက်မွေးဝမ်းကျောင်းချင်လဲဆိုတာ ခုကတည်းက သေချာလုပ်ထားဖို့ မမ မှာထားပါရစေ။

ခုခေတ်လူငယ်တွေက ညည်းကြတယ် မောင်လေးရေ။ အလုပ်မရှိဘူး.. အလုပ်မရှိဘူးနဲ့။ တစ်ကယ်က အလုပ်တွေဆိုတာ ကုမ္ပဏီတော်တော်များများမှာ နေ့တိုင်းနီးပါးကို Vacancy ပေါ်နေတာပါ။ အဲ့ဒီနေရာတွေကို ဖြည့်ဖို့ အရည်အချင်းပြည့်ဝသူတွေမရှိတာရယ်၊ အရည်အချင်းမပြည့်ဝဘူးထားအုံး၊ ခဏလေးလုပ်ကြည့်ပြီး အဆင်မပြေရင်ထွက်သွားချင်တဲ့သူရယ်တွေပဲ များနေတာကို။ ပညာရေးစနစ်ဆိုတာကတော့ လူတိုင်းအပြစ်တင်နေကြတဲ့ အရာပဲလေ။ ဒါကို မမတို့ပြောင်းလဲလို့မှ မရတာ။ မမတို့ ပြောင်းလဲနိုင်တာက ကိုယ်ကိုတိုင်ကိုပါပဲ။ ကိုယ်စိတ်ဝင်စားတဲ့၊ နေရာကျတဲ့ အလုပ်တစ်ခုမှာ စိတ်နှစ်ပြီးတော့ လုပ်မယ်၊ အဲ့ဒီအလုပ်ကိုလည်း ကျွမ်းကျင်အောင်လေ့လာမယ်၊ မခိုမကပ်ပဲ မှန်မှန်ကန်ကန်လုပ်မယ်ဆိုရင် မဝေးတော့တဲ့ ကာလမှာ ကိုယ်လည်း နေရာအဆင့်တစ်ခုကို ရလာမှာပေါ့။ ခုဟာကလေ လူငယ်တော်တော်များများဟာ အလုပ်ကဖြင့် မလုပ်ရသေးဘူး Facilities ကဘာလဲ၊ ဖယ်ရီရှိလား၊ OT ရှိလားနဲ့ စမေးနေကြတော့တာပဲ။ အလုပ်တစ်ခုမှာ ကိုယ်တတ်ထားတဲ့ ပညာ၊ ကိုယ်လုပ်နိုင်တဲ့ အတိုင်းအတာ၊ ကိုယ့်ရဲ့ ပေးဆပ်နိုင်မှု အနေအထားအရ ပေးထားတဲ့ ရပိုင်ခွင့်တွေ၊ လုပ်ပိုင်ခွင့်တွေဆိုတာ ရှိပါတယ်ကွယ်။ အဲ မြန်မာပြည်ကို တစ်ခြားနိုင်ငံတွေနဲ့တော့ ယှဉ်လို့မရသေးဘူးပေါ့။ နောက်ပိုင်းဆို ဖြစ်လာတော့မှာပါ။ ၂၀၁၅ ဆိုရင် အာဆီယံဒေသတွင်းမှာ လွပ်လပ်စွာ လုပ်ကိုင်ခွင့်တွေ ရှိလာတော့မယ်။ အဲ့လိုအချိန်မှာ နိုင်ငံခြားက Professional တွေ ၀င်လာတာထက်စာရင် ကိုယ့်နိုင်ငံမှာ အလုပ်အကိုင် အမျိုးမျိုးအလိုက် Pro တွေ ရှိထားတော့ မကောင်းဘူးလားကွယ်။ မဟုတ်ရင် Local Context ကို ဘာမှ နားမလည်သူတွေရဲ့ အသားလွတ် ဆရာလုပ်တာကို ခံနေရအုံးမယ်။

ဟိုတစ်နေ့ကတောင် လူငယ်လေး တစ်ယောက်နဲ့ မမတွေ့ဖြစ်သေးတယ်။ မမတို့ ရခိုင်ဘက်ပါပဲ။ သူကပြောတယ် ကျွန်တော် ယောင်ဝါးဝါးဖြစ်နေတယ် အမရယ်တဲ့။ Business Management လည်းလုပ်ချင်တယ်၊ လက်ရှိမှာလည်း အိုင်တီပိုင်းအတွက် သင်တန်းတွေတက်နေတယ်.. အလုပ်ကလည်း ၀င်ချင်နေပြီ။ ဘာလုပ်ရမယ်မှန်း မသိဘူး.. အကြံပေးပါအုံးတဲ့။ ဟုတ်ပြီ မမသူ့ကိုမေးလိုက်တယ်.. Management ကဘယ်အတိုင်းအတာထိ ရောက်အောင် လေ့လာပြီးပြီလဲ.. အိုင်တီက ဘယ်အတိုင်းအတာထိ ရောက်အောင် လေ့လာပြီးပြီလဲ.. ကိုယ်တစ်ကယ်လုပ်ချင်တာက ဘာလဲလို့။ သူကပြောတယ်.. အိုင်တီကတော့ တော်တော်ခရီးရောက်နေပြီတဲ့.. ၀ါသနာပါတာကလည်း အဲ့တာပါပဲတဲ့။ ဒါဆိုရင် မမပြောလိုက်တယ်.. အိုင်တီနဲ့ ပတ်သက်ပြီး ကိုယ်သင်နေရတာမှန်သမျှကို စာရွက်မှာ ချရေးကြည့်.. Programming, Networking, Web Developing .. အစရှိသဖြင့်ပေါ့။ အဲ့ထဲကမှ တစ်ခုချင်းစီကို 1 – 5 ထိ အမှတ်တွေ ပေးသွား.. ကိုယ်စိတ်ဝင်စားတာကို အမှတ်များများပေး.. အမှတ်အများဆုံးကို ခုကတည်းက Specialize လုပ်ဖို့ ပြင်ပေတော့လို့.. မမ အကြံပေးတာ သူ့အတွက် အသုံးတည့်မယ်လို့တော့ ထင်တာပဲ။ သူ အဆင်ပြေဖို့ကိုလည်း မမမျှော်လင့်ပါတယ်။

နောက်ညီမလေး တစ်ယောက်ရှိသေးတယ်။ သူကတော့ ကိုယ်ပိုင်စီးပွားရေး တစ်ခုလုပ်နေတယ်။ ဆိုင်ဖွင့်ထားတယ်ပေါ့။ စနေ ၊ တနင်္ဂနွေပဲ အလုပ်လုပ်စရာလိုတယ်.. ကျန်တဲ့ရက်တွေမှာ အားနေလို့ Company တစ်ခုမှ ဖြစ်ဖြစ် အလုပ်လျှောက်မလို့တဲ့။ သူ့ကိုလည်း မမမေးမိတယ်.. ညီမလေး ဆိုင်က ၀င်ငွေမကောင်းလို့လား ဆိုတော့ မဟုတ်ဘူး.. ကောင်းတယ်.. အားနေလို့ အလုပ်လုပ်မှာတဲ့.. ဒါဆိုရင် မမအကြံပေးမယ်လို့.. Language တစ်ခုခုကို ပိုင်အောင်လုပ် ၊ Management နဲ့ ဆိုင်တဲ့ သင်တန်းကိုတက်.. တစ်ဘက်ကလည်း ၀င်ငွေရတဲ့ စီးပွားရေး တစ်ခုရှိတယ်။ နှစ်နှစ်လောက် နည်းနည်း ဖိဖိစီးစီးကြိုးစားလိုက်ရင် ညီမလေး Level တက်လာမှာလို့.. စီးပွားရေးကို ပညာနဲ့ရော အရင်းအနှီးနဲ့ရော ချဲ့လို့ရတယ်လို့… ဒီလိုဆိုတော့လည်း ဟုတ်သားနော်လို့ ဖြစ်သွားပြီး သင်တန်းတွေ တက်မယ် ဖြစ်သွားပြန်ရော။ မမပြောချင်တာက ကိုယ့်ရဲ့ Professional Life အပြင် အဲ့တာကို ပိုပြီး တောက်ပအောင်လုပ်မယ့် အထောက်အပံ့တွေလည်း ရှိနေစေချင်တာပါ။ မိန်းကလေးတစ်ယောက်က လှတာတော့ လှတယ်.. ဒါပေမယ့် သူနဲ့ လိုက်မယ့် အ၀တ်အစားတွေ၊ ဖက်ရှင်စတိုင်တွေပါ ထပ်ထည့်လိုက်ရင် သူ့ တစ်ကယ့်ကို အမိုက်စား ဖြစ်သွားတဲ့ သဘောမျိုးပဲပေါ့။

ပြောရင်းဆိုရင်းနဲ့ မောင်လေး စိတ်ထဲမှာ တွေးနေမယ့် အရာလေး တစ်ခုကို မမသတိထားမိပြန်ပါပြီ။ တစ်ကယ့်ကို ကြေးစားလူသတ်သမားတွေကိုရော Professional ခေါ်မလားလို့ မောင်လေးတွေးနေတယ် မဟုတ်လား။ ဒါကတော့ ဒီလိုရှိတယ် မောင်လေးရယ်.. အများအကျိုးအတွက် လုပ်မယ်ဆိုရင် Professional ပါပဲတဲ့.. ။ လူသတ်သမားက နိုင်ငံ့တော်ရန်သူလိုမျိုးလူကို လိုက်လံချေမှုန်းတယ်ဆိုရင် ဒါက သူ့ရဲ့ Professional ပီသမှုပဲ။ သမိုင်းထဲမှာ ငတက်ပြားတို့ ၊ ရော်ဘင်ဟုတို့ဆိုတာ Pro သူခိုးတွေပေါ့။ အံမယ် စာဖတ်ပြီး ပြုံးမနေနဲ့အုံးလေ။ ဒီတော့ သူ့ရဲ့ အသက်မွေးဝမ်းကျောင်း လုပ်ရပ်ဟာ လူတွေကို ဘယ်လောက် အကျိုးပြုလဲ ဆိုတဲ့ အပေါ်မှာလည်း Pro ပီသ/ မပီသကို တိုင်းတာပါသေးတယ်တဲ့။

အမရဲ့ ဆရာ တစ်ယောက်က အမကို မေဖူးတယ် ။ Professional နဲ့ Genius ဘာကွာလဲ သိလားတဲ့။ နှစ်ယောက်လုံးကတော့ တတ်တဲ့ ပညာနဲ့ အသက်မွေးကြတာပဲ။ ဘာကွာလဲတဲ့။ အမလည်း မသိဘူးလို့ မပြောချင်ဘူး.. လျှောက်ဖြေတာပေါ့။ နောက်ဆုံးမှာတော့ Attitude (စိတ်နေသဘောထား) လားဆရာ လို့မေးတော့ သူက နည်းနည်းလက်ခံတယ်။ ဒါပေမယ့် အတိအကျလည်း မဟုတ်ပြန်ပါဘူးတဲ့။ အဓိက ကွာတာက Emotion (စိတ်ခံစားချက်) ပါတဲ့။ Professional က စိတ်ခံစားချက်ကို ဘယ်တော့မှ ဦးစားမပေးဘူးတဲ့။ လုပ်ရမယ်ဆိုရင် တာဝန်ကျေတဲ့အထိ လုပ်ကို လုပ်တယ် … ။ အိမ်မှာပဲ ပြသနာဖြစ်ဖြစ်.. ရည်းစားနဲ့ပဲ ပြသနာဖြစ်ဖြစ်.. ဘာပဲ ဖြစ်ဖြစ် Personal နဲ့ Business ကို ခွဲထားတယ်။ ဒါမှ အလုပ်မှာ အောင်မြင်ပြီး အသက်ထက်ဆုံး ရပ်တည်သွားနိုင်တာပေါ့တဲ့။ သူက ဥပမာတောင် ပေးသွားသေးတယ်.. ဗိုလ်ချုပ်အောင်ဆန်းသည် Genius ဖြစ်ပြီး ၊ ဦးသန်းရွှေသည် Professional တဲ့။ ဟုတ် မဟုတ်တော့ မောင်လေး စဉ်းစားကြည့်ပေါ့ကွယ်။

ဒါကြောင့် မောင်လေးရေ.. ကိုယ်လက်ရှိလုပ်နေတာတွေကို တန်ဘိုးထားပါ။ တစ်ခုခုကို ကျွမ်းကျင်အောင် စိတ်နှစ်ပြီး လုပ်ပါ။ မမတောင် အသက် (၂၆) ကျမှ ငါ ဘာကို ၀ါသနာပါတယ်ဆိုတာ တွေ့သွားတာ။ မောင်လေးက ငယ်ပါသေးတယ်။ ပြီးတော့ ငွေနောက်ချည်းပဲလည်း မလိုက်နဲ့အုံးနော်။ Professional ဖြစ်လာရင် ငွေက ကိုယ့်နောက်ကို လိုက်လာမှာ မောင်လေးရဲ့။ စိတ်သဘောထားကို မှန်အောင်နေပါ။ အလုပ်ကို ဘာပဲဖြစ်ဖြစ် ကောင်းအောင်လုပ်ပါ၊ ရိုးသားပါ၊ နှိမ့်ချပါ၊ ဒါတွေကတော့ Pro တစ်ယောက်မှာ ရှိသင့်တဲ့ အရည်အချင်းတွေပဲလေ နော်။ စီးပွားရေးတွေ ဒီထက်မက ပွင့်လာတဲ့ တစ်နေ့မှာ မမတို့ မြန်မာလူမျိုးတွေ အဖွဲ့အစည်းတွေရဲ့ ဦးဆောင်သူ နေရာမှာ ရှိနေတာကို မမ စိတ်ကူးယဉ်ကြည့်နေတယ်။

မမလည်း ကြိုးစားနေတယ်။ မောင်လေးလည်း ကြိုးစားပါ။

ကျန်းမာရေးလည်း ဂရုစိုက်နော်။

ချစ်ခြင်းအားဖြင့်

မမ

Advertisements

Letter to My Little Brother – (1)

Standard

မောင်လေးသို့ ပေးစာ – (၁)

မောင်လေးရေ…

နေလို့ကောင်းရဲ့လား။ တစ်နေ့နဲ့ တစ်နေ့ မတူညီမှုတွေကြားမှာ နေထိုင်ရတာဟာ ခက်ခဲပေမယ့် ရသတော့ မြောက်ပါတယ်ကွယ်။ ဒီမတူညီမှုတွေ ကြားကပဲ အတွေ့အကြုံတွေ၊ သင်ခန်းစာတွေ ရလာပြီး ၊ ပိုသိ ပိုတတ်အောင် မမတို့ သင်ယူကြရတာပဲလေ။ ဒီအခက်အခဲတွေကပဲ ခွန်အားတွေကို ဖြစ်စေပြီး နေ့သစ်တွေကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေစေတာ မဟုတ်လား။ မောင်လေးက လူတော်လေး တစ်ယောက်ပဲကွယ်။ တစ်ခါ တစ်လေ အားငယ်တတ်တဲ့ မောင်လေးကို မမက အားပေးချင်ရုံသက်သက်ပါ။ ဒီနေ့ မမရဲ့ အတွေ့အကြုံလေး တစ်ခုကို မောင်လေးကို ပြောပြချင်လို့ ဒီစာကို ရေးလိုက်ရတာပါ။

မောင်လေး သိတဲ့အတိုင်းပဲလေ။ ဟိုနေ့က မမ မန္တလေးကို သွားလိုက်တယ် မဟုတ်လား။ ပြည်တွင်းမှာ သွားရတဲ့ ပထမဆုံး လေကြောင်းခရီးဆိုတော့ မမစိတ်တွေ သိပ်ကိုလှုပ်ရှားနေခဲ့တာ ညအိပ်မပျော်တဲ့အထိပေါ့။ ပြည်တွင်းလေကြောင်းလိုင်းတွေရဲ့ သတင်းကလည်း ပါးစပ်ပြောတွေနဲ့ မွှေးနေခဲ့တာကိုး။ အဲ့ဒီနေ့က မနက် ၆း ၁၅ လေယာဉ်စီးရမှာဆိုတော့ Check In မီအောင် တစ်နာရီလောက် စောရောက်နေဖို့လိုတယ်လေ။ ဒီတော့ မနက် ၅း၁၅ လောက်ရောက်အောင် သွားဖို့ ပြင်ဆင်ရတာပေါ့။ အိပ်လို့ကလည်း ပျော်တစ်ချက်၊ မပျော်တစ်ချက်ဆိုတော့ မနက် (၄) နာရီလောက်ကတည်းက နိုးနေပြီး ပြင်ဆင်စရာလေးတွေ ပြင်ဆင်ရတာပေါ့။ နေ့ချင်းပြန်ခရီးဆိုတော့ ယူစရာကလည်း Laptop တစ်လုံးနဲ့ မမလွယ်နေကျ အိတ်တစ်လုံးပဲ ပါတာဆိုတော့ ဗာဟီရ မများလှပါဘူး။

ပြသနာကတော့ မမအိမ်က ထွက်တဲ့အချိန်ပေါ့။ မနက် (၄) နာရီခွဲမှာ အိမ်ကထွက်ပေမယ့် ခြံတံခါးက အဲ့အချိန်မှ မဖွင့်သေးတာကြီးကို။ အိမ်ရှင်တွေကိုလည်း ခရီးသွားမယ့်အကြောင်း ကြိုမပြောထားမိဘူးလေ။ သူတို့ကိုထခိုင်းရမှာလည်း အားနာသေးတယ်။ ဒီလိုနဲ့ပဲ ငယ်ငယ်တုန်းက လုပ်နေကျ အကျင့်တွေ ပြန်ပေါ်လာရတော့တာပါပဲ။ မိန်းကလေး ဖြစ်တဲ့ မမတစ်ယောက် ခြံကျော်တက်မိမယ်လို့ မောင်လေး တွေးလို့မှ ထားရဲ့လား။ မတတ်နိုင်ဘူး မောင်လေးရဲ့။ အခြေအနေနဲ့ အချိန်အခါကိုကြည့်ပြီး လိုသလို အသုံးချရတာပါပဲ။ မိန်းကလေး မဆန်လိုက်တာလို့တော့ မပြောပါနဲ့ကွယ်။ မိန်းကလေး ဆန်လွန်းတာက တစ်ခါ တစ်လေတော့လည်း အလုပ်မှာ နှောင့်နှေးမှုတွေကို ဖြစ်စေတယ်လေ။ တစ်ခါ တစ်လေ တစ်ချို့မိန်းကလေးတွေကို မမ အားမရဘူး။ အရာရာမှာ နှောင့်နှေးလို့ မဖြစ်သလို၊ တစ်ခြားသူတွေကိုလည်း အားကိုးလို့ မရဘူးလေ။ ခုလို မြန်ဆန်နေတဲ့ ခေတ်ကြီးမှာ တစ်ခြားသူတွေကို အားကိုးဖို့ဆိုတာက ပိုလို့တောင် မဖြစ်နိုင်သေးတယ်။ အဖော်ပါမှ လုပ်မယ်၊ သွားမယ်၊ လာမယ် ဆိုတဲ့မမတို့ မြန်မာမိန်းကလေးတွေရဲ့ အကျင့်ကို နည်းနည်းတော့ ဖျောက်ထားသင့် ဖျောက်ထားရမယ်။ တစ်ကယ့်ကို သတ္တိရှိပြီး ၊ သွက်လက်တဲ့ မိန်းကလေးတွေ ဖြစ်စေချင်တယ်။ ကြောက်စိတ်လေးတွေကိုလည်း ဖျောက်ထားရမယ်။ တစ်ချို့မိန်းကလေးတွေ ရှိသေးတယ်။ အိမ်က တစ်ယောက်ယောက်ပါမှ ခရီးသွားတာမျိုးတွေ၊ အိမ်က လိုက်ပို့မှ သွားရဲ လာရဲတွေ။ ဒါကတော့ မိဘတွေရဲ့ ပျိုးထောင်မှုတွေနဲ့လည်း ဆိုင်ပါတယ်လေ။ တစ်ချို့မိဘတွေကျတော့လည်း တမင်တကာကို သူတို့ပါမှ လုပ်ရဲ ကိုင်ရဲ သွားလာရဲတာမျိုးတွေ ဖြစ်လာအောင် သားသမီးတွေကို ပျိုးထောင်ထားတတ်ကြသေးတယ် မဟုတ်လား။ မမအထင်ကတော့ မိဘတွေဆိုတာ သားသမီးတွေကို သူတို့မရှိလည်း အရာရာကို ရင်ဆိုင်ရဲအောင် ၊ ဆုံးဖြတ်ရဲအောင် လေ့ကျင့်ထားသင့်တယ်လို့။

ကဲထားပါတော့လေ မမအကြောင်းပဲ ဆက်ပြောပြပါ့မယ်။

အဲ့နေ့က ပြည်လမ်းမကြီးပေါ်ကို ထွက်တော့လည်း ကိုယ်တစ်ယောက်တည်းရယ်။ မနက် လင်းအားကြီးဆိုတော့ တက္ကစီလည်း ရှားတာပေါ့ မောင်လေးရယ်။ ပတ်ဝန်းကျင်ကိုတော့ မမ နည်းနည်း သတိထားရတာပေါ့။ မြန်မာပြည်ရဲ့ အခြေအနေအရ ကိုယ့်ကို တစ်မျိုးထင်မှာလည်း ကြောက်ရသေးတယ်လေ။ ကိုယ့်ရဲ့ အမူအရာ ၊ အနေအထိုင်တွေကိုက အစ တစ်ပါးသူ အမြင်မမှားစေအောင်တော့ ပြင်ဆင်ထားရတာပေါ့။ တက္ကစီသမားတွေကလည်း ဂွကျပါတယ် မောင်လေးရယ်။ စိုက်ပျိုးရေးနဲ့ လေယာဉ်ကွင်းကို (၅၀၀၀)တောင် တောင်းတယ်။ နေ့ခင်းဘက် ကားကျပ်ချိန်တွေမှာ အဲ့ဒီဈေးတောင်းတာကို မမ မပြောလိုပေမယ့် ခုလို ကားရှင်းတဲ့ အချိန်မျိုးမှာ တောင်းတာကတော့ လွန်လွန်းအားကြီးတယ်လေ။ နောက်ဆုံးတော့လည်း သဘောကောင်းတဲ့ တက္ကစီသမားနဲ့ တွေ့ပြီး (၃၅၀၀) နဲ့လေဆိပ်ကို ရောက်လာတာပေါ့။ အဲ့ဒီနေရာမှာ မမပြောချင်တာ ရှိသေးတယ်။ အဓိက ကတော့ မောင်လေးတို့ယောင်္ကျားတွေကိုပေါ့။ ဒီခေတ်က အရင်ခေတ်ကလို မဟုတ်တော့ဘူး မောင်လေးရဲ့။ ပြောင်းလဲလာတဲ့ စီးပွားရေး ၊ လူမှုရေး ၊ နိုင်ငံရေး အခင်းအကျင်းမှာ တို့တွေလည်း လိုက်ပြောင်းလဲနေကြရတာပဲလေ။ အဲ့တော့ ညနက်သန်းခေါင်မှာ လမ်းပေါ်မှာ တွေ့တဲ့ မိန်းကလေးတိုင်းကို အတွေးတစ်မျိုးနဲ့ မတွေးစေချင်ဘူး။ ခုဆို ကောင်းရာ ကောင်းကြောင်း အလုပ်ကိစ္စတွေနဲ့ မမတို့လို အိမ်ပြန်နောက်ကျသူတွေ၊ မနက်လင်းအားကြီး (၄) နာရီလောက်မျိုးမှာ သွားလာရေးအတွက် လမ်းပေါ်မှာ တက္ကစီထွက်ငှား ရသူတွေ ရှိလာနေကြပြီ။ မိန်းကလေးတွေလည်း ယောင်္ကျားလေးတွေလို တန်းတူ အလုပ်လုပ်လာ ကြရပါပြီ။ မှန်မှန်ကန်ကန် ပြောဆိုဆက်ဆံတာမျိုးပဲ ဖြစ်စေချင်တယ်။ တစ်ခြား ယောင်္ကျားလေးတွေ အဲ့လို အမြင်တွေ ရှိနေတုန်းပဲ ဆိုရင်တောင် မောင်လေးကတော့ မပါပါ စေနဲ့ကွယ်။ မောင်လေးသာ ညဘက်တွေမှာ တွေ့ရတဲ့ မိန်းကလေးမျိုးကို အမြင်တစ်မျိုးနဲ့ မြင်နေမှာဆိုရင်တော့ မမလည်း စိတ်မကောင်း ဖြစ်ရလိမ့်မယ်။

အမှန်တော့ အဲ့လိုမိန်းကလေးမျိုးကို မှားတယ်လို့လည်း မမက မဆိုချင်ပါဘူး။ နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး အခြေအနေတွေကြောင့်လည်း သူတို့ခမျာ ဒီလိုမျိုး ဖြစ်နေကြရရှာတာပါ။ မကောင်းတဲ့ မိန်းမတွေလို့လည်း သူတို့ကို မမက နာမည် မတပ်ချင်ပါဘူး။ ဘာလို့လဲဆိုတော့ ဒါကလည်း သူတို့ရဲ့ အလုပ်ပဲကို။ အမျိုးသမီးတွေကို ကာကွယ်ဖို့ အခွင့်အရေးတွေ၊ ဥပဒေတွေ တစ်နေ့မှာတော့ ခိုင်မာလာမယ်လို့တော့ မမက မျှော်လင့်ပါတယ်။ အဲ့လို မိန်းကလေးတွေအတွက် ပိုပြီးတော့ စနစ်ကျတဲ့ ဥပဒေတွေ ရှိလာအောင် တာဝန်ရှိသူတစ်ချို့လည်း လုပ်နေကြတာပဲ မဟုတ်လား။

ကဲပါ မောင်လေးရေ လေယာဉ်ကွင်းရောက်တဲ့ အတွေ့အကြုံလေးကို မမ ဆက်ပြောချင်ပါသေးတယ်။ မြန်မာတွေ စည်းကမ်းပိုင်းမှာတော့ တော်တော်လိုသေးတာကို တွေ့ရတုန်းပါပဲ မောင်လေးရေ။ Check In အတွက် တန်းစီတာမျိုးလည်း မရှိကြဘူး။ သူများရှေ့ကနေ အတင်းကို ကျော်တက်ပြီး Check In ၀င်တော့တာပါပဲ။ တစ်ခါ တစ်လေ သူများတွေ Check In နေချိန်မှာတောင် အတင်းကိုသွားပြီး လက်မှတ်တပြပြနဲ့ လုပ်နေတတ်ကြသေးတာ။ အထူးသဖြင့်တော့ လူကြီးတွေပေါ့။ လူငယ်တွေကလည်း အတ္တနည်းသေးလို့လား မသိပါဘူး။ အတင်းကျော်တက်တာမျိုးတွေ သိပ်မတွေ့ရဘူး။ ကိုယ့်ရှေ့မှာ တစ်ယောက်ပြီး တစ်ယောက် ကျော်တတ်သွားကြပေမယ့် မမကတော့ ကိုယ့်အလှည့်ရောက်ဖို့ကို စိတ်ရှည်ရှည်နဲ့ပဲ စောင့်လိုက်ပါတယ်။ ဒါနဲ့ စကားစပ်လို့ မောင်လေး မမေးခင် ပြောရအုံးမယ်။ မမက Golden Myanmar Airline နဲ့ သွားတာကို။ အဲ့လေကြောင်းကို မောင်လေးတို့လည်း စီးကြဖို့ မမတိုက်တွန်းချင်ပါတယ်။ ၀န်ဆောင်မှုလည်း မဆိုးဘူး။ လေယာဉ်မယ်လေးတွေကလည်း သိပ်ချောတယ်။ အပြောချိုချို၊ အပြုံးချိုချိုနဲ့ ခရီးသည်တွေကို စိတ်ချမ်းသာစေပါတယ်။ လေယာဉ်စီးရတာကတော့ နိုင်ငံခြားသွားသလိုမျိုးတော့ မဟုတ်ဘူးပေါ့။ ဒုတ်ဒုတ် ဒုတ်ဒုတ်နဲ့ လမ်းကြမ်းမှာ ကားစီးနေရသလိုပါပဲ။ ဒါပေမယ့် အဆင်တော့ ပြေပါတယ်ကွယ်။ ဒီလိုနဲ့ပဲ မပင့် တစ်ယောက် မန္တလေးကို လေယာဉ်ပျံနဲ့ ရောက်သွားလေသတည်းပေါ့။

ကဲမောင်လေးရေ စာလည်း တော်တော်ရှည်သွားပြီ။ နောက်များမှပဲ တစ်ခြားအကြောင်းတွေကို မမဆက်ပြောပြအုံးမယ်နော်။ မမရဲ့ စာကို ဖတ်ရတာ မောင်လေး ပျင်းများသွားပြီလား။ ကျန်းမာရေးကိုလည်း ဂရုစိုက်ပါ။ ကိုယ့်ကိုကိုယ်လည်း ဂရုစိုက်ပါနော်။

 

ချစ်ခြင်းအားဖြင့်

မမ