Category Archives: ရင်တွင်းဖြစ်လေးတွေ

December Essay

Standard

မနက်ခင်းက ချမ်းစိမ့်စိမ့်နိုင်လှသည်။ စောင်ကိုခပ်တင်းတင်း ဆွဲခြုံပြီး ထပ်ကွေးဖို့ စဉ်းစားလိုက်ပေမယ့် အလုပ်သွားရမယ် ဆိုသည့်အတွေးက ခေါင်းထဲရောက်လာသောကြောင့် ချမ်းအေးအေး မနက်ခင်းတွင် ပျင်းရိစွာ နိုးထမိသည်။ အိပ်ရာမှထပြီး ပြူတင်းတံခါးကို ဖွင့်လိုက်တော့ နှင်းသက်ငွေ့လေးတွေ၏ ရနံ့ကို ရှုရှိုက်မိလိုက်သလိုတော့ ရှိသည်။ လေနုအေးတွေက ကျွန်မမျက်နှာပြင်ကို ကလူကျီစယ်ကြပြန်သည်။ ကြက်သီးလေးတွေက တစ်ချက် တစ်ချက် ဖြန်းကနဲထနေကြသေးသည်။ နှင်းသက်ရနံ့တွေရယ် ၊ မြောက်ပြန်လေတွေရယ် ၊ ချမ်းစိမ့်စိမ့် မနက်ခင်းရယ်.. အိုး… ဒီဇင်ဘာကိုတောင် ရောက်လာပြီပဲ။ မပီပြင်သော ရန်ကုန်ဆောင်းက ဒီဇင်ဘာတွင်တော့ ၀တ်ကျေ တန်းကျေအေးဖို့ ကြိုးစားနေရှာပြန်သည်။

အတွေးစတွေကို ရပ်ပြီး တစ်နေ့တာအတွက် လှုပ်ရှားဖို့ ကျွန်မ ပြင်ဆင်ရသည်။ ကျွန်မ ရန်ကုန်ရောက်တာ ကြာခဲ့ပြီ။ မချမ်းအေးသော ဒီဇင်ဘာနဲ့လည်း ရင်းနှီးခဲ့ပါပြီ။ ငယ်ငယ်က တွေ့နေကျ ဒီဇင်ဘာ နှင်းစက်တို့ကိုကား တမ်းတ၍ လွမ်းမိသေးသည်။ နှင်းစက်တွေ တွဲခိုနေတဲ့ သစ်ရွက်စိမ်းစိမ်းတွေ ၊ မြူတွေဆိုင်းနေတဲ့ မြေနီလမ်းကလေး (ခုတော့ ကတ္တရာလမ်း ဖြစ်နေရောပေါ့) ၊ မနက်ခင်းမှာ မီးလှုံနေကြတဲ့ အဖိုး အဖွားတွေ၊ အပြေးလေ့ကျင့်ကြတဲ့ တပ်မတော်သားတွေ ၊ နောက်ပြီး.. ဆောင်းမနက်စောစောမှာ အိပ်ရာကထပြီး သမီးတွေစားဖို့ ကန်ဇွန်းဥမီးဖုတ်ပေးတတ်တဲ့ ဖေဖေနဲ့ ကန်းဇွန်းဥ ချိုချိုလေးတွေ… ကျွန်မ လွမ်းလိုက်တာ။ ကျွန်မရဲ့ အတ္တနဲ့ လောဘတွေ ၊ လိုချင်တပ်မက်မှုတွေကြောင့် ဒီဇင်ဘာမနက်ခင်းမှာ အလွမ်းအက်ဆေးတစ်ပုဒ်ရေးဖို့တောင် အခွင့်မသာခဲ့ဘူး။

လမ်းပေါ်ကို ထွက်လိုက်တော့ လမ်းထိပ်က မုန့်ဟင်းခါးဆိုင်မှာ လူစည်စပြုပြီ။ လက်ဘက်ရည်ဆိုင်တွေက သီချင်းသံတွေ စကြားနေရပြီ။ မီးပွိုင့်မှာ တန်းစီနေတဲ့ ဘတ်စ်ကားတွေ၊ အပြေးအလွှား လုယက်တက်ကြတဲ့ ရုံးသွား ၊ ကျောင်းသွားသူတွေ ၊ လမ်းဘေး ပလက်ဖောင်းဆိုင်က ဈေးသည်တွေ.. ဒါတွေက မရိုးနိုင်တဲ့ မနက်ခင်း ပန်းချီတွေပါပဲ။ ခြေလှမ်း သုံးလေးလှမ်းလောက်လျှောက်ပြီး ဘတ်စ်ကားပေါ်ရောက်တော့ ကျွန်မချွေးစို့စပြုပြီ။ ချမ်းအေးအေး အရသာလေးက နေအထိမှာ အရည်တွေ ပျော်ကျလို့…..။ ရုတ်တရက် စက်ဘီးစီးလာတဲ့ သတင်းစာပို့သမားလေးကို ကျွန်မတွေ့လိုက်သည်။ ငယ်ငယ်တုန်းက ဒီဇင်ဘာကို သတိရပြန်သည်။

မနက် မနက်ဆို စက်ဘီးလေးတွေ ကိုယ်စီနဲ့ ကျွန်မတို့ သူငယ်ချင်းတွေ မြူတွေကြားမှာ တိုးဝှေ့ကြသည်။ မြောက်ပြန်လေတွေက ချမ်းအေးသော ဒီဇင်ဘာကို အရိုးကွဲအောင် အေးစေသည်။ မာဖလာတွေ ၊ ဦးထုပ်တွေ ၊ အနွေးထည် ထူထူကြီးတွေဝတ်ပြီး ဆောင်းမနက်ခင်းမှာ ပညာရေးအတွက် ကျွန်မတို့ ရုန်းကန်ကြသည်။ လက်အိတ်  မ၀တ်တတ်သော ကျွန်မ အေးစက်ထုံထိုင်းနေသော လက်တွေနဲ့ ဘောလ်ပင်ကို အားတင်းကိုင်ရင်း စာတွေကြိုးစားရေးတာ အမှတ်ရမိသေးသည်။ ချမ်းချမ်းစီးစီး အာရုဏ်ဦးတွေမှာ စာကျက်ရတာက ဦးနှောက်ကို လန်းဆန်းစေသည်။ စာကို ပို၍မှတ်မိစေသည်။ ခုတော့လည်း Laptop တစ်လုံးနဲ့ E Book တွေထိုင်ဖတ်ရင်း ပန်ကာကိုလည်း မရပ်မနားဖွင့်ရသေးရဲ့။ မီးမပျက်သေးတာကို တော်တော်ကျေးဇူးတင်ရမည်။ နွေရာသီကို စိတ်ကူးလိုက်မိသည်။ ကျွန်မ နှာခေါင်းတွေတောင် ရှုံ့သွားရတော့သည်။ စိတ်မသက်သာစရာပဲ။

ဟော..ဘတ်စ်ကားရပ်ပြီ။ ရုံးကို ရောက်တော့မည်။ ရှစ်နာရီ ခွဲကာနီးပြီမို့ ဘတ်စ်ကားဂိတ်မှ မပြေးရုံတမယ် လမ်းလျှောက်လာမိသည်။ ဓါတ်လှေကားမှာ လူတွေတိုးနေ၍ နောက်တစ်စီးကို စောင့်ရသေးသည်။ ရုံးပေါ်ရောက်တော့ အဲကွန်းလေးက အေးစိမ့်လို့နေသည်။ အင်း Men Made December ပါပဲ။ ဒီလိုနဲ့ ကျွန်မရဲ့ တစ်နေ့တာကို ကျွန်မစတင်သည်။ ငယ်ငယ်တုန်းက ဒီဇင်ဘာ ပုံရိပ်တွေက ကျွန်မရဲ့ စိတ်ကို လွှမ်းမိုးဆဲ။ ဒီလိုအချိန်တွေကို ကျွန်မ ဘယ်တော့များမှ ပြန်သွားနိုင်မှာပါလိမ့်။ ဆောင်းမနက်ခင်းတွေရယ်.. ဒီဇင်ဘာရယ်… နှင်းစက်တွေရယ်က ကျွန်မဘ၀တွင် အမှတ်ရခဲ့ဖူးသော လက်ရေးနဲ့ချရေးစရာမလိုသည့် အက်ဆေးများသာ ဖြစ်ကြသည်။

Advertisements

Love I Understand!

Standard

အချစ်ဆိုသောအရာကို ကျွန်မလုံးဝကြီး နားလည်လိုက်သောအချိန်တွင် ကျွန်မ၏ နှလုံးသားများသည် နာကျင်မှုကြောင့် တစ်ဆတ်ဆတ်တုန်လျက်ရှိသည်။ ကျွန်မသည် ယောင်္ကျားတစ်ယောက်ကို ပုံ၍ ချစ်ခဲ့သော်လည်း ကျွန်မ၏ ခံစားချက်များကို အလေးမထားတတ်သော ယောင်္ကျားတစ်ယောက်ကိုသာ ချစ်ခဲ့ခြင်းဖြစ်သည်။ ထိုယောင်္ကျား၏ ပျော်ရွှင်ခြင်း ၀မ်းနည်းများကို မျှဝေခံစားရန် ကြိုးစားနေဆဲမှာပင် ကျဆုံးသွားခဲ့ရသော သူတစ်ယောက်ဖြစ်သည်။ ကျွန်မနားလည်ထားသော ချစ်သူကို ပိုမိုပေးဆပ်ဖို့ အရှိန်နောက်တစ်ဆင့် မြင့်လိုက်စဉ်မှာ လဲပြိုကျသွားခဲ့ရသော သူတစ်ယောက်ဖြစ်သည်။  ချစ်သူအား ကျွန်မ၏ ချစ်ခြင်းများဖြင့် တုပ်နှောင်ခြင်းကို မခံစေလိုသော စေတနာကြောင့် ကျွန်မအပေါ်တွင်ထားသော သူ၏ စိတ်ဓါတ်မှန်ကို သိရှိစေခြင်းငှာ လှည့်ကွက်တစ်ခုထွင်လိုက်ရာမှ ကိုယ့်ဇတ်ကိုယ် မနိုင်ဖြစ်သွားရသော အချစ်ဇတ်ဆရာ တစ်ယောက်ဖြစ်သည်။ ထိုကဲ့သို့ ကျရှုံးမှုများဖြင့် နပန်းလုံးခဲ့ရသော်လည်း ရည်းစားသက်တမ်းတစ်လျှောက် ကျွန်မကိုယ်တိုင် မှန်းဆ၍ မရခဲ့သော ချစ်သူ၏ စိတ်များကို လုံးဝ သိရှိနားလည်လိုက်ခြင်းသည် ကျွန်မအတွက် အရှုံးထဲမှ အမြတ်တစ်ခုဖြစ်ပါသည်။ တစ်ကယ်တော့ ကျွန်မသည် ကိုယ့်အတ္တ၊ မာနနှင့် အနိုင်ရလိုမှုများအတွက် အတွက် အရာရာကို တိုက်ခိုက်တတ်သော ယောင်္ကျားတစ်ယောက်ကိုသာ ချစ်ခဲ့မိခြင်းဖြစ်သည်။

ပကတိရိုးသာ၍ လှည့်ကွက်မများသော ပတ်ဝန်းကျင်တွင် ရိုးရှင်းသောသူများနှင့်သာ ဆက်ဆံခဲ့ရသော ကျွန်မသည် သဘာဝတရား၏ ပြောင်းလဲမှုများ လှည့်ကွက်များကို မသိရှိ နားမလည်ခဲ့ရိုး အမှန်ပါ။ ကျွန်မကြုံတွေ့ခဲ့ရသည့် အကွေ့အကောက်များဆိုသည်မှာလည်း အလုပ်နှင့်ပတ်သက်သော အတက် အကျများသာဖြစ်သည်။ အသက် နှစ်ဆယ့်ငါ့းနှစ်တိုင်အောင် အချစ်ဆိုသောအရာကို မကြုံဖူးခဲ့သော ကျွန်မသည် ဘ၀၏ သုံးပုံတစ်ပုံ အစိတ်အပိုင်းကို ရောက်ကာမှ ချစ်မိခဲ့ခြင်းကြောင့် အချစ်နှင့်ပတ်သက်သော လှည့်ကွက်များကိုလည်း ကြိုမတွေး၊ ကြိုမမြင်နိုင်ခဲ့ပါ။ အချစ်ဆိုတာ ချစ်နေရုံမျှဖြင့် ပြီးမနေကြောင်းကို အသိနောက်ကျခဲ့သူ တစ်ယောက်လည်းဖြစ်သည်။ ယောင်္ကျားများ၏ လွတ်လပ်စွာနေလိုသော သဘာဝကို အတိုင်းအတာ တစ်ခုထိသာ နားလည်ခဲ့ပြီး Limit ကျော်နေခြင်းကို ခွင့်လွတ်ဖို့ကိစ္စတစ်ခုအဖြစ် မတွေးတောမိခဲ့သော သူတစ်ယောက်လည်း ဖြစ်သည်။ ချစ်သူ၏ အတိတ်မှ အပြစ်များအားလုံး (တစ်ကယ်တော့ သူက အပြစ်ဟု မယူဆထသောအရာများလည်း ဖြစ်နိုင်သည်) ကို ခွင့်လွတ်နိုင်ခဲ့သော်လည်း လက်ရှိ ကျွန်မနှင့် ချစ်နေစဉ်တွင် အတိမ်းအစောင်းလေး တစ်ချက်ကိုတောင် အသဲပွင့်မတတ် ခံစားခဲ့ရသော သူတစ်ယောက်ဖြစ်သည်။ အဝေးရောက်ချစ်သူနှင့် မဆုံနိုင်ခင်စပ်ကြားလေးတွင် လွတ်လပ်စွာနေလိုသော ယောင်္ကျားတစ်ယောက်၏ သဘောသဘာဝကို လျစ်လျူမရှုနိုင်ခဲ့သော သူတစ်ယောက်လည်း ဖြစ်သည်။ ခေတ်မီလွန်းနေသော ယောင်္ကျားတစ်ယောက်ကို အမီလိုက်ကာ နားမလည်နိုင်ခဲ့သော မိန်းမတစ်ယောက်လည်း ဖြစ်သည်။ သို့သော် ကျွန်မသည် ချစ်သူ၏ ချစ်တမ်းကစားပွဲမှ သားကောင်တစ်ကောင်လည်း ဖြစ်နေနိုင်ခဲ့ပါသည်။

သူသည် ကျွန်မကို ချစ်ချင်လည်း ချစ်ခဲ့ပါလိမ့်မည်။ သဘောကျရုံသက်သက်လည်း ဖြစ်နေနိုင်ခဲ့ပါသည်။ ယောင်္ကျားတော်တော်များများသည် ထက်မြက်သောမိန်းမများကို သဘောကျတတ်ကြသော်လည်း တစ်ကယ်တမ်း သူတို့လိုချင်သည်မှာ သူတို့ပြောသမျှ ခေါင်းညိတ်တတ်သော၊ ပြောသမျှယုံတတ်သော၊ သူတို့နောက်ကိုလိုက်ကာ သူတို့လုပ်သမျှ လိုက်မစုံစမ်းတတ်သော ခပ်အေးအေးမိန်းမများကိုသာ ဖြစ်သည်။ ထိုအဖြစ်သည် ယောင်္ကျားတိုင်းအတွက် ဟုတ်ချင်မှ ဟုတ်မည်ဖြစ်သော်လည်း တော်သောယောင်္ကျား တော်တော်များများသည် ထိုကဲ့သို့ စိတ်ထားများ ရှိနေတတ်ကြပါသည်။ ကျွန်မကိုယ်ကျွန်မ တစ်ခြားယောင်္ကျားများနှင့် အကင်းရှင်းဆုံး နေထိုင်ခဲ့သော်လည်း ချစ်သူကိုလည်း ကိုယ့်လိုကင်းရှင်းစေချင်ခဲ့သော စိတ်ကြောင့် ကျွန်မ အသဲများ ကြေမွခဲ့ရခြင်း ဖြစ်သည်။ ယောင်္ကျားဆိုတာ တစ်ခါ တစ်လေ လွှတ်ထားရတယ် ဆိုသော စကားများကို လစ်လျူရှုခဲ့ခြင်းကြောင့် ရင်ဘတ်ကြီးတစ်ခုလုံး စူးရှနာကျင်ရသည့် အဖြစ်မျိုးကို ကြုံခဲ့ရခြင်း ဖြစ်သည်။ သို့သော်လည်း ကျွန်မသည် ချစ်သူကို ကျွန်မ၏ စကားများနှင့် စိတ်မညစ်စေချင်ခဲ့သောကြောင့် တစ်ကယ်မဟုတ်သော အကြောင်းပြချက်တစ်ခုဖြင့် ကိုယ့်ကိုကိုယ် နာကျင်စေမည့်လမ်းကို ရွေးချယ်လိုက်ခဲ့ခြင်းဖြစ်သည်။ တစ်နည်းဆိုရသော် အချစ်ကြီးသော်လည်း မချစ်တတ်သည့် ကိုယ့်ကိုကိုယ် ဒဏ်ခတ်လိုက်ခဲ့ခြင်းသာဖြစ်သည်။

ချစ်သူသည် ကျွန်မကို ချစ်တတ်အောင် သင်ကြားပေးခဲ့သော ကျွန်မ၏ အချစ်လက်ဦးဆရာ ဖြစ်သည်။

ချစ်သူသည် အလွမ်းများကြောင့် ရီဝေနေသော ကျွန်မ၏ မျက်ဝန်းများကို ငေးမကြည့်ဖူးသူ ဖြစ်သည်။

ချစ်သူသည် ခံစားချက်များကြောင့် ဆတ်ဆတ်တုန်နေသော ကျွန်မ၏ နုတ်ခမ်းနှင့် မျက်ရည်လဲ့နေသော မျက်လုံးများကို မမြင်ဖူးသူဖြစ်သည်။

ချစ်သူသည် ကျွန်မထက် တစ်ခြားအရာများကို ဦးစားပေးချစ်ခဲ့သော ယောင်္ကျားတစ်ယောက် ဖြစ်သည်။

ချစ်သူသည် ကျွန်မ၏ စိုးရိမ်ပူပန်မှုများကို နားမလည်ခဲ့သော သူတစ်ယောက်ဖြစ်သည်။

သို့သော်လည်း ချစ်သူသည် ကျွန်မ အချစ်များကို တစ်ဘ၀စာလုံးအတွက် သိမ်းပိုက်သွားခဲ့သူ တစ်ယောက်သာ ဖြစ်ပါတော့သည်။

ကျွန်မသည် အတွေ့အထိမပါသော အငွေ့ချစ် သက်သက်ဖြင့် ကျွန်မချစ်သူကို ရှိသမျှ ပုံချစ်ခဲ့သော မိန်းမတစ်ယောက်သာ ဖြစ်ပေတော့သည်။

To My Dearests!

Standard

ဖေဖော်ဝါရီလဆိုတာ အချစ်ရည်၊ အချစ်သွေးတို့ လွှမ်းခြုံနေပြီး ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုတဲ့ ပြယုဂ်ကာလလို့ သိထားလေ့ ရှိကြပါတယ်။ ဒီနေ့ခေတ်မှာ လူတွေနားလည်ထားတဲ့ St. Valentine’s Day နေ့ထူးနေ့မြတ်ကြီးဟာ ရှေးခေတ် ရောမရိုးရာနဲ့ ခရစ်ယာန် ဘာသာအတွက် အလေးအမြတ် ပြုရတဲ့ အထိမ်းအမှတ် နေ့တစ်နေ့လည်း ဖြစ်ခဲ့ပါတယ်။ တစ်ကယ်တော့ ဗယ်လင်တိုင်းဒေးဆိုတာ ချစ်သူရည်းစားတွေနဲ့ချည်းပဲ သက်ဆိုင်တာ မဟုတ်ပါဘူးရှင်။ ကမ္ဘာပေါ်မှာနေထိုင်ကြတဲ့ ချစ်တတ်ကြတဲ့၊ အချစ်ကို တန်ဘိုးထားတတ်ကြတဲ့ သူတွေအားလုံးနဲ့ သက်ဆိုင်တဲ့ နေ့ထူးနေ့မြတ်ကလေး ဖြစ်ပါတယ်ရှင်။ ချစ်သူရည်းစားချင်း၊ မိသားစုတွေချင်း၊ သူငယ်ချင်း မောင်နှမတွေချင်း အားလုံး အားလုံးဟာ ဗယ်လင်တိုင်းဒေးကို အတူတူဆင်နွှဲနိုင်ကြပါတယ်။ လက်ဆောင်လေးတွေ အပြန်အလှန် ပေးအပ်နိုင်ကြပါတယ်။ အချစ်ကို ဖော်ညွှန်း ဖွင့်ဆိုနိုင်ကြပါတယ်။ ကျွန်မလည်း ကျွန်မသိပ်ချစ်ရတဲ့ သူတွေကို သူတို့ကို ကျွန်မသိပ်ချစ်တဲ့အကြောင်းကို ဒီလို ဗယ်လင်တိုင်းနေ့မှာ ဖွင့်ဟပြချင်တာပေါ့ရှင်။

ကျွန်မမှာ သိပ်ချစ်ရတဲ့ သူငယ်ချင်းတွေရှိတယ်။ ကျွန်မတို့အားလုံးဟာ အွန်လိုင်းပေါ်မှာ တွေ့ဆုံခဲ့ကြပြီး တစ်ကယ့်ညီအစ်ကို မောင်နှမတွေကို ချစ်ခဲ့ကြတာဖြစ်တယ်။ အချင်းချင်း အပြန်အလှန် နားလည်ကြင်နာမှု ရှိကြတယ်။ နေ့တိုင်းလိုလို အဆက်အသွယ်ရှိကြတယ်။ ရေမြေတွေ ဝေးနေပေမယ့် စိတ်ချင်းကတော့ အမြဲတမ်း နီးနေခဲ့ကြတယ်။ ဂျီတော့ပေါ်မှာ မတွေ့ဖြစ်ကြရင်တောင် ဖုန်းတော့ခေါ်ဖြစ်ကြတယ်။ တစ်ရက် စကားမပြောရရင် တစ်ရက်လွမ်းရလောက်အောင်ကို ကျွန်မတို့ ချစ်ကြတယ်။ ဒါကြောင့် အွန်လိုင်းအချစ်ကို ကျွန်မယုံတယ်။ ပကတိ ဖြူစင်တယ်၊ ရိုးသားတယ်။ ဘာ ပကာသနမှ မရောပဲ အသံလေးကြားရုံ၊ နေ့တိုင်းစကားပြောဖြစ်ရုံ၊ ခံစားချက်တွေ ဖလှယ်ကြရုံနဲ့ လူတစ်ယောက်ရဲ့ စိတ်ကို အဆုံးစွန်ထိ ညှို့ယူသွားနိုင်စွမ်းရှိတယ်။ ဟုတ်ကဲ့.. ကျွန်မှာ သိပ်ချစ်ရတဲ့ သူငယ်ချင်းတွေ ရှိပါတယ်။

“ဂျူဂျူး” နဲ့ ကျွန်မဟာ ပလန်းနက်ဖိုရမ်မှာ စတင်တွေ့ဆုံခဲ့ကြတာဖြစ်တယ်။ Dungeonsis ဆိုတဲ့ သူ့ရဲ့ Nick Name ကြောင့် လူတော်တော်များများက ဒုန်းကြမ်းစိ လို့ခေါ်လေ့ရှိကြတယ်။ ကျွန်မသာမက ဖိုရမ်ထဲက လူတော်တော်များများလည်း သူ့ကို တော်တော်လေး ခင်ကြပါတယ်။ ထိုင်းနိုင်ငံ ABAC မှာ ကျောင်းတက်နေတဲ့ ကျောင်းသူတစ်ယောက် ဖြစ်သလို ထိုင်းမှာ ရောက်နေတဲ့ ကျွန်မသူငယ်ချင်း တော်တော်များများက သူ့ကို လူမမြင်ဖူးပဲ နာမည်ကိုတော့ သိနေကြတယ်။ ကျွန်မက သူ့အကြောင်းတွေ အမြဲပြောပြောနေတတ်တာကိုး။ ပလန်းနက်ဖိုရမ်မှာတော့ သူနဲ့ကျွန်မ သိပ်မရင်းနှီးခဲ့ကြဘူး။ “မြန်မာတီးရှော့ပ့်” ဆိုတဲ့ ဖိုရမ်မှာမှ အတော်လေးကို ခင်မင်ရင်းနှီးပြီး ဂျီတော့ပေါ်မှာရော၊ ဖုန်းဆက်ပြီးတော့ရော၊ အီးမေလ်းနဲ့ကော အဆက်အသွယ် မပြတ်နေခဲ့ကြတယ်လေ။ သူကျောင်းပိတ်လို့ မြန်မာပြည် ပြန်လာရင်လည်း ကျွန်မတို့ နှစ်ယောက် အမြဲတမ်းတွေ့ဖြစ်ကြတယ်။ ကျွန်မရုံးနဲ့ သူ့ဆိုင်နဲ့ကလည်း နီးတာကိုးရှင်။ မေလမှာ နာဂစ်ဖြစ်တော့ ကျွန်မသူ့အိမ်မှာ လိုက်အိပ်တဲ့နေ့နဲ့ ကြုံတယ်။ ကြောက်လို့ဆိုပြီး တစ်ယောက်ကို တစ်ယောက် အသေဖက်ထားကြတာ မေ့မရနိုင်ဘူး။ ကျွန်မသူ့ကို သိပ်ချစ်ပါတယ်။

ဂျူဂျူးနဲ့ပတ်သက်ပြီး နောက်ထပ်ချစ်စရာ ကောင်းတဲ့သူငယ်ချင်း သုံးယောက်နဲ့ ကျွန်မ ထပ်ရင်းနှီးခွင့်ရခဲ့တယ်။ “မြန်မာတီးရှောပ့်” ဖိုရမ်ပျက်သွားတော့ အဲဒီကလူတွေ တော်တော်များများ ဘလောဂ့်ဂါ ဖြစ်ကုန်ကြတယ်။ ကျွန်မလည်း အဲဒီကနေတစ်ဆင့် ဘလောဂ့်ဂါ ဖြစ်ခဲ့တာပါပဲ။ အဲဒီအချိန်တုန်းက MonsterOfRock လို့ခေါ်တဲ့ ကိုမွန်းစတားရဲ့ ပဒုမ္မာဖိုရမ်က နာမည်စရလာတဲ့ အချိန်ဖြစ်တယ်။ ပလန်းနက်မှာ ကတည်းက ခင်မင်ရင်းစွဲရှိခဲ့ကြတဲ့ သူငယ်ချင်းတွေ ဖြစ်တာကြောင့် ပလန်းနက်က ယူဇာတော်တော်များများလည်း ပဒုမ္မာမှာ သွားရေးဖြစ်ကြတယ်။ ကျွန်မလည်း ယောင်လည်လည်နဲ့ ပါသွားတာပေါ့။ ဂျူဂျုးတို့ကတော့ နောက်ပိုင်းအဲဒီမှာ ဖိုရမ်တွေ တောက်လျှောက်ရေးဖြစ်တယ်။ ကျွန်မကတော့ ဖိုရမ်သိပ်မရေးတော့ပဲ ဘလောဂ့်လောကမှာ တောက်လျှောက်ကျင်လည်ဖြစ်တယ်။ ပဒုမ္မာကိုလည်းရောက်ကော ပါရမီ လို့ခေါ်တဲ့ ချစ်စရာ မမတစ်ယောက်နဲ့ ထပ်ခင်ခွင့်ရခဲ့တယ်။ တစ်ကယ်တော့ အဲဒီ မမနဲ့ မခင် ခင်ကတည်းက ပဒုမ္မာရဲ့ အမာခံ မန်ဘာကြီး ဂျူဂျူးကြောင့် သူ့အကြောင်းတွေ ကြားဖူးနေတာ ကြာလှပြီ။ ကျွန်မတို့က ဂျီတော့ပြောရင် သူ့အကြောင်း ကိုယ့်အကြောင်းကအစ သူငယ်ချင်းတွေအကြောင်းပါ အမြဲထည့်ပြောတတ်ကြတာကိုးရှင့်။

လန်ဒန်မှာနေတဲ့ မမပါရမီကလည်း ကျွန်မတို့နဲ့ စိတ်ချင်းနီးခဲ့တာပါပဲ။ ဂျီတော့ကနေတစ်ဆင့် ဖိုရမ်ထဲနေတစ်ဆင့် ကျွန်မတို့ရဲ့ ခင်မင်မှုတွေတိုးခဲ့ရတယ်။ စိတ်ထားကောင်းလွန်းတဲ့ ပါရမီကို ကျွန်မ လေးစားအားကျခဲ့ရတယ်။ တိုက်ဆိုင်တာ တစ်ခုက သူ့နာမည်ကလည်း “ထက်ထက်” ပဲဖြစ်နေတာကြောင့် ကျွန်မတို့နှစ်ယောက် တရုပ်လို ထက်ကျဲကျဲနဲ့ ထက်မေ့မေ့ဆိုပြီး တစ်ယောက်ကို တစ်ယောက် ခေါ်ကြတာ။ မမပါရမီနဲ့ ဂျူဂျူးမှာ သိပ်ချစ်စရာကောင်းတဲ့ နောက်အမ တစ်ယောက်ရှိသေးတယ် ဆိုတာကြောင့် နင်တို့အမလည်း ငါ့အမပဲပေါ့ဟာ ဆိုပြီးကျွန်မ အဲဒီအမတစ်ယောက်နဲ့ ထပ်ခင်ခွင့် ရခဲ့ပြန်တယ်။ Silver လို့ခေါ်တဲ့ ခပ်၀၀ မမတစ်ယောက်ပေါ့။

မမဆေလ်းဗားက ပျော်ပျော်နေတတ်တယ်။ လူတိုင်းကို ကူညီတတ်တယ်။ တစ်ခါ တစ်ခါ အားလုံးကို နွှဲ့ဆိုး ဆိုးတတ်သေးတယ်။ ကျွန်မတို့ဆို အကြီးဆုံးက အငယ်ဆုံးဖြစ်နေတယ်ဗျို့ဆိုပြီး သူ့ကိုနောက်လေ့ ရှိကြတယ်။ စင်ကာပူမှာ အလုပ်လုပ်နေတဲ့ မမဆေလ်ဗားကလည်း ကျွန်မနဲ့ ဂျီတော့အပြောအများဆုံးသူ တစ်ယောက်ဖြစ်ခဲ့တာပါပဲ။ ကျွန်မတို့ အားလုံးအတွက်လည်း စင်ကာပူကနေ လက်ဆောင်တွေ ပို့ပေးတတ်သေးတယ်။ ကျွန်မ မှာတောင် သူပေးတဲ့အမှတ်တရလက်ဆောင်လေးတွေ အများကြီး ရှိသေးတယ်။ သူ မြန်မာပြည် ပြန်လာတိုင်း ကျွန်မနဲ့ အမြဲတွေ့ဖြစ်ကြပါတယ်။

နောက်တစ်ယောက်ကတော့ အမေရီးကားမှာနေတဲ့ ဆန်းဒေးဆိုတဲ့ အငယ်ဆုံး ကောင်မလေးပေါ့။ အငယ်ဆုံးဖြစ်လို့ အပေါဆုံးလည်းဖြစ်တယ်။ (ဂျစ် စိတ်ဆိုးရဘူးနော်)။ သူ့ကိုလည်း ဂျူဂျူးနဲ့ ပတ်သက်ပြီး သိခဲ့တာပါပဲ။ ကျွန်မနဲ့ မခင်ခင် ကတည်းက သူက နောက်သုံးယောက်နဲ့ တော်တော်ရင်းနှီးနေပြီ။ ကျွန်မလိုပဲ ပျော်ပျော်နေတတ်တဲ့ (တစ်ကယ်က ပေါပေါနေတတ်တာ.. ဟီး) ဆန်းဒေးကိုလည်း ကျွန်မ သိပ်ချစ်ခဲ့တာပါပဲ။ အခွင့်အရေးရတိုင်း သူတို့အားလုံးနဲ့ ကျွန်မ Yahoo Conference ပြောဖြစ်ကြတယ်။ အားလုံးနဲ့ ဖုန်းပြောရတာ ဘယ်လောက် ပျော်ဖို့ကောင်းလိမ့်မလဲဆိုတာ တွေးသာကြည့်ကြတော့ပေါ့နော်။ ခုဆို ဆန်းဒေးပို့ပေးတဲ့ ကျွန်မလည်း သိပ်ကြိုက်တဲ့ Beyond Paradise ရေမွှေးပုလင်းကို မြင်တိုင်း ကျွန်မ သူ့ကို သိပ်သတိရတယ်။ ဂျူဂျူးတို့ ဆန်ဒေးတို့အားလုံးထဲမှာ ကျွန်မနဲ့တွေ့ဖူးတာဆိုလို့ ဂျူဂျုးရယ် မမဆေလ်ဗားရယ်ပဲ ရှိသေးတယ်။ မမပါရမီနဲ့ ဆန်းဒေးကိုလည်း ကျွန်မ တစ်နေ့နေ့မှာ တွေ့ခွင့်ရလိမ့်မယ် ထင်တယ်။ ဒါပေမယ့် ကျွန်မတို့အားလုံးက လူချင်းဝေးနေကြပေမယ့် ရင်ခုန်းသံချင်း အနီးဆုံးမှာ ရှိနေကြပါတယ်။ ကျွန်မ သူတို့အားလုံးကို သိပ်ချစ်သလို သူတို့ကလည်း ကျွန်မကို ချစ်ကြလိမ့်မယ်လို့ ယုံကြည်တယ်။

ဗယ်လင်းတိုင်းနေ့မှာ အချစ်အကြောင်းကို ဖွင့်ဆိုပြသဖို့ဆိုရင် ကျွန်မချစ်သူကို ဘယ်လောက်ချစ်ကြောင်းလည်း ချစ်သူသိအောင် ပြောပြရအုံးမှာပေါ့။ ကျွန်မရဲ့ စိတ်ကူးယဉ် ၀တ္ထုတွေကို ဖတ်ပြီး “ကိုယ့်ကိုများ စောင်းရေးထားသလား” လို့မေးလေ့ရှိတဲ့ ချစ်သူအတွက် သူ့ကို တိုက်ရိုက် ရည်ညွှန်းတဲ့စာလေးကိုတော့ ကျွန်မဒီနေ့မှာရေးပြချင်သေးတယ်။ ကျွန်မ အချစ်တွေကိုလည်း သူ နားလည်နိုင်ဖို့ မျှော်လင့်တယ်။

Read the rest of this entry

If you see your boyfriend walking with another girl….!!

Standard

မိန်းကလေး စုမိပြီဆိုလျှင် ဟိုရောက် ဒီရောက် စကားများတတ်တာ သဘာဝ။ ဖက်ရှင်အကြောင်း၊ အစားအသောက်တွေအကြောင်းကနေ သမီးရည်းစားတွေ အကြောင်းထိ ပြောတတ်ကြသလို၊ မိန်းမချင်းချင်း ပွင့်ပွင့်လင်းလင်းတွေလည်း ဆွေးနွေးတတ်ကြတာပေါ့။ ဒီလိုပါပဲ.. ဟိုနေ့က သူငယ်ချင်းတွေ စုမိပြီး ထွေရာလေးပါ စကားများဖြစ်ကြတယ်။ စလိုက်တာကတော့ ငါအခု ဘာကျောင်းတက်နေတယ်၊ ဒါပြီးရင် ဘာဆက်လုပ်မယ် ဆိုတာကိုတော့ စပြောကြတာပဲ။ နောက်တော့ ဘယ်သူက ဘယ်လိုစပြီး ပြောလိုက်တယ် မသိဘူး.. အချစ်အကြောင်း ရောက်သွားလေရဲ့။

ယောင်္ကျားတွေက မကောင်းဘူးလို့ ပြောပြီး အဲဒီ ယောင်္ကျားတွေနဲ့ ကင်းကင်းမနေနိုင်ကြတာဟာလည်း မိန်းမတွေပါပဲရှင်။ သြော် အလုပ်ထဲမှာ၊ ကျောင်းမှာ၊ စီးပွားရေး လုပ်တဲ့နေရာမှာလည်း ယောင်္ကျားတွေနဲ့ ရင်ဘောင်တန်းရတယ် မဟုတ်လားရှင့်။ အိမ်မှာတောင် အဖေတွေ မောင်လေးတွေ ရှိတတ်ကြသေးတယ်လေ.. ဟုတ်တယ် မဟုတ်လား။ အဲလို အဲလိုနဲ့ ပြောနေကြ ဆိုနေကြတုန်း မေးခွန်းလေး တစ်ခုထွက်လာလို့ ကျွန်မ အားလုံးသော သူငယ်ချင်း မိန်းကလေးများကို မေးလိုက်မိတယ်။

“ကိုယ့် ချစ်သူကို နောက်ကောင်မလေး တစ်ယောက်နဲ့ လမ်းမှာ တွဲလာနေတာကို တွေ့ရင် ဘာလုပ်မှာလဲ” လို့! ကျွန်မပြောတဲ့ နောက်ကောင်မလေးက သူတို့ရဲ့ နောက်ရည်းစား တစ်ယောက်ကို ပြောတာပါ။

အဖြေတွေကတော့ အမျိုးမျိုးပါပဲ…..

“ငါ သာဆိုရင်တော့ အဲနေရာမှာတင် ပွဲက ပြတ်သွားမှာ”

“တွေ့ကြည့်လိုက်လေ.. ပြုံးပြုံးကြီး ကြည့်ပေးလိုက်မယ်.. နေနှင့်အုံးပေါ့ကွာ ဆိုတဲ့ ပုံစံနဲ့”

“အမလေးလေး ငါးလောင်းပြိုင် လူသတ်မှုထက်ကို ဆိုးသွားမှာ ဘာမှတ်တုန်း”

“ငါသာဆိုရင် သွားနုတ်ဆက်ပြီး မိတ်ဆက်ပေးအုံးလေလို့ ပြောမိမှာပဲ”

“ကိုယ့်ရည်းစားကိုတော့ ဘာမှ မလုပ်ပါဘူးအေ.. အဲဒီမိန်းမကို ပါးသွားချလိုက်မယ်” (ဘုရား၊ ဘုရား)

ကိုယ်စတဲ့ မေးခွန်းက နောက်တော့လည်း ကိုယ့်ဘက်ပြန်လှည့်လာရော….”နေပါအုံး နင်ဆိုရင်ကော ဘာလုပ်မှာတုန်း”

ကျွန်မဆိုရင်ကော ဘာလုပ်မှာလဲ… ????????? တစ်ကယ်လို့များ ကိုယ်ချစ်ရတဲ့ ယောင်္ကျားတစ်ယောက်က ကွယ်ရာမှာ နောက်ကောင်မလေးတွေနဲ့ ရှုပ်နေတာကို သိခဲ့ရင်၊ မတော်တဆ လမ်းမှာ သူတို့နဲ့ တွဲသွားတာနဲ့ ဆုံခဲ့ရရင် ကျွန်မ ဘာလုပ်မိမှာလဲ။ ကျွန်မသူတို့ကို တစ်ကယ့်စိတ်ခံစားချက်အတိုင်း အဖြေပေးလိုက်ပါတယ်။

“ငါ သာဆိုရင် ပြေးပုန်းမှာ..၊ ငါ ချစ်တဲ့လူ ပျော်ဖို့အတွက် ငါ ဘာတွေပဲ သိထား သိထား၊ မသိသလိုပဲ နေပေးမှာပေါ့။ ထားခဲ့ရင်တောင် ကျေကျေနပ်နပ်ကြီး နေခဲ့လိုက်အုံးမယ်”

ကျွန်မလို မိန်းမမျိုးလည်း လောကကြီးမှာ တော်တော်များများ ရှိကြမှာပါ။ ရှိမယ်လို့ ယုံကြည်တယ်။ မိန်းမတွေကို နားလည်ရခက်တယ်လို့ ယောင်္ကျားတွေက ပြောကြတယ်။ ဒါဆိုရင် သူတို့တွေရဲ့ နားလည်မှု စွမ်းရည်တွေ နည်းနေလို့ပေါ့ရှင်။

Do you miss your childhood?

Standard


တစ်ခါတစ်လေတွင် ကျွန်ုပ်တို့သည် ငယ်ရွယ်စဉ် လွတ်လပ်သောဘ၀ကို တစ်ဖန်ပြန်လည် ရရှိချင်ကြပေလိမ့်မည်။ ငယ်ဘ၀တမ်းချင်းကို တေးသီဖွဲ့ကာ၊ ကဗျာတွေရေးကာ အမျိုးမျိုးပုံဖော်လေ့ ရှိကြသည်။ မရနိုင်တော့သော၊ မဖြစ်နိုင်တော့သော အခြေအနေတစ်ခုကို အဘယ်ကြောင့် တမ်းတနေရ ပါသနည်း။ အဖြေကား ခပ်ရှင်းရှင်းမျှသာ။ ကျွန်ုပ်တို့၏ ငယ်ဘ၀တိုင်းသည် လွတ်လပ်၏ ၊ အပူအပင်ကင်း၏။ ပျော်ရွှင်စရာတို့သည် အတိပြည့်မနေနိုင်တောင်၊ ပျော်ရွှင်မှုအတော်များများတို့ အောင်ပွဲခံကာ ရယ်သွေးသွန်း နေသော ကာလမျိုးသာ ဖြစ်ချေတော့သည်။

ငယ်ဘ၀တိုင်းသည် ပြန်ပြောင်းတွေးရုံနှင့် ကြက်သီးမွေးညှင်း ထလောက်အောင် လွမ်းမောဖွယ် ကောင်းလွန်းလှသည်။ သို့သော်.. သင့်ကိုယ်သင် သေချာပြန်စဉ်းစားကာ သုံးသပ်ကြည့်ပါလော့။ သင်သည် လောကီလူသား တစ်ယောက်ဖြစ်သည်။ လူပီသစွာ လူတိုင်းတွင်ရှိသော အတ္တနှင့် လောဘတို့သည် သင်၏စိတ်ဝယ် ကိန်းအောင်းနေမည်မှာ မြေကြီးလက်ခတ်မလွဲပေ။ အတ္တနှင့် လောဘတို့ ရှင်သန်လာသောအခါ လူတိုင်းသည် ရလိုမှုဖြင့် အချိန်ကုန်လာတတ်ကြသည်။ ပိုင်ဆိုင်မှုများနောက် တစ်ကောက်ကောက် လိုက်ကာ ဘ၀၏ အနှစ်သာရများပင် ဆုံးရှုံးလုမတတ် ဖြစ်သွားတတ်ကြသည်။

ငယ်ဘ၀တိုင်းသည် အပူအပင်ကင်းသည်ကား မှန်၏။ ပျော်ရွှင်စရာ ရှိသည်ကား ဟုတ်၏။ လွတ်လပ်မှုရှိသည်ကား မှန်၏။ သို့သော် ၄င်းအရာတိုင်းသည် ကိုယ်တိုင်ဖန်တီး ယူရသော အရာများကား မဟုတ်ပေ။ မိဘများ၏ ဖန်တီးပေးမှုကြောင့်၊ ဆွေမျိုးများ၏ ညှာတာမှုကြောင့်၊ တစ်ခြား ကိုယ့်ထက် အသက်ကြီးသော သူများ၏ စာနာမှုများမှတစ်ဆင့် ရရှိလာသော အရာသက်သက်မျှသာ ဖြစ်သည်။ ငယ်ဘ၀ မှသည်တစ်ဆင့် အနည်းငယ်ပိုပြီး ကြီးပြင်းလာသောအချိန်၊ ကျွန်ုပ်တို့ကို “ဒီကလေး သိတတ်လာပြီ” ဟု လူအများမှ အသိအမှတ်ပြုလာကြသော အချိန်တွင်၊ စိတ်၏ အလိုမကျမှု၊ ညည်းညှုမှုများနှင့် လက်တွေ့ ရင်ဆိုင်လာရတော့သည်။

ယခုလက်ရှိ အခြအနေကို ပြန်လည်သုံးသပ်သော် အရာရာတိုင်းသည် ကိုယ်တိုင်ဖန်တီး ယူရပြီး၊ နေ့ရက်တိုင်းသည် အတွေးသစ်၊ စိန်ခေါ်မှု အသစ်တို့ဖြင့် ပြည့်နှက်ကာနေ၏။ ကိုယ်လုပ်လိုက်သော အောင်မြင်မှု သည် ကိုယ့်အပေါ်တွင် ရာနှုန်းပြည့် သက်ရောက်မှုရှိကာ ပျော်ရွှင်စရာ ပိုလို့ပင် ကောင်းသေးသည်။ ထိုနည်းတူ အမှားလုပ်မိပါကလည်း ခေါင်းမဖော်နိုင်အောင် ခံစားရသည်. စိတ်လှုပ်ရှားဖွယ် ကောင်းလေစွ။ ကိုယ်ပိုင် Creative Life ထဲတွင် ရှင်သန်နေရသည်ကား ပျော်ရွှင်မှု၊ လွတ်လပ်မှု၊ အောင်မြင်မှု တို့သည် ကြည်လင်ရှင်းသန့်သော စိတ်အစဉ်ဖြင့် မရအရ ယူနိုင်သော အရာများသာ ဖြစ်လာခဲ့တော့သည်။

မိဘ၏ ပဲ့ကိုင်ပေးမှုကြောင့် ယခုအခြေအနေကို ရောက်လာခဲ့ရသည်ကား မှန်ပါသည်။ မိဘကျေးဇူးသည်လည်း ကြီးမားလွန်းလှသည်ကား ဟုတ်ပါသည်။ သို့သော် လူတိုင်းသည် မိမိဘ၀ကို ကိုယ်တိုင် တည်ဆောက်ရမည့် သူများသာ ဖြစ်သည်။ လက်ရှိအခြေအနေသည် တစ်ခြားအရာများထက် အဆပေါင်းများစွာ သာယာဖွယ် ကောင်းလှသည်။ သူတစ်ပါး၏ ညှာတာထောက်ထားမှု များကြောင့် ပျော်ရွှင်ရသော အသိနည်းသေးသည့် ငယ်ဘ၀သည် ကိုယ်တိုင်ဖန်တီးယူရသော လွတ်လပ်ပျော်ရွှင်မှုများနှင့် နှိုင်းယှဉ်သောအခါ (ကျွန်ုပ်၏ စိတ်ဝယ်) ပြန်သွားချင်စရာ မရှိတော့ချေ။ သို့ဆိုပါက မည်သည့်အတွက်ကြောင့် ထိုဘ၀ကို တမ်းတနေရပါမည်နည်း။ ထိုကဲ့သို့ ခံစားချက်များသည်ကား (ကျွန်ုပ်အတွက်) ဘာမျှမဟုတ်သော ဗလာသက်သက် ခံစားများသာ ဖြစ်ချေတော့သည်။

Unknown Feeling

Standard


တစ်ခါတစ်လေမှာ တစ်ချို့ တစ်ချို့သော အကြောင်းရာများကြောင့် တစ်ခုခုသော အမျိုးအမည်မသိသော ခံစားချက်များသည် ရင်ထဲ အသဲထဲတွင် မခံစားနိုင်အောင် ခိုးလု ခိုးလုနဲ့ ဖြစ်ပေါ်လေ့ ရှိတတ်ကြပေသည်။ အမျိုးအမည်မသိသော၊ အမည်နာမ မရှိသော ခံစားချက်မျိုးကို သင်လည်း ခံစားဖူးပေလိမ့်မည်။ ကျွန်ုပ်လည်း ခံစားနေရသည်။ ၄င်းပြသနာများကို အဖြေရှာရန် ကြိုးစားကြည့်သောအခါတွင်ကား ဇစ်ဖြစ်ပျောက်ကာ ကြက်ဥ အစရှာမရ သကဲ့သို့လည်း ဖြစ်တတ်ပေသည်။ အတွေးနယ်ချဲ့လျက် ရောက်တာရာရာ တွေးတောစဉ်းစား ကြည့်ပြန်သောအခါတွင်လည်း အကြောင်းပြချက် ပျောက်ကာ ပိုလို့ပင် ဆိုးဝါးလာတတ်ကြသေးသည်။ အဘယ်ကြောင့်နည်း။ အမျိုးအမည်မရှိသော၊ အကောင်အထည် မပေါ်သော ခံစားချက်မျိုးသည် မည်သို့သော အကြောင်းအရာ များကြောင့် ဖြစ်ပေါ်တတ်ကြသနည်း။ သင်သိပါသလား မိတ်ဆွေ။ သိလျှင်ကား အဖြေကို ဖွေရှာကာ ပေးပါလော့။ ကျွန်ုပ် ခံစားနေရသည်မှာ မောပန်းလွန်းသဖြင့် နုံးလျက်ပင် ရှိနေချေပြီ။

သို့သော်လည်း တစ်ချိန်ချိန်တွင်ကား ခံစားရသော ပြသနာများသည် စေ့စေ့တွေးသော် ရေးရေးထင်လာကြသည်။ ကျွန်ုပ်တို့ အထီးကျန်နေချိန်၊ တစ်ခုခုကို အလိုမကျဖြစ်နေချိန်၊ ရည်မှန်းချက်ကို မရောက်နိုင် ဖြစ်နေတတ်သော အချိန်၊ ကိုယ့်ထက်မြင့်သော ပတ်ဝန်းကျင်ကို မော့ကြည့်မိချိန်၊ ကိုယ့်အောက်နိမ့်ကျသော ပတ်ဝန်းကျင်ကို စွေကြည့်မိချိန်တွင် အများဆုံး ဖြစ်တတ်ကြသည်ဟု ပြောမည်ဆိုပါက သင်ထောက်ခံ ပါမည်လော။ မထောက်ခံလျင်လည်း ကျွန်ုပ်ဝမ်းနည်းမည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော ကျွန်ုပ်သည် ထိုအခြေအနေမျိုးတွင် ထိုခံစားချက်မျိုးကို မကြာခဏ မွေးဖွားတတ်သော ဗီဇရှိသည့် သူဖြစ်သောကြောင့် မိမိ၏ အမြင်ကိုသာ တင်ပြနေခြင်း ဖြစ်ပေသည်။

၎င်းခံစားချက်မျိုးသည် ဖြစ်ပုံ ဆန်းကျယ်သလောက်၊ ပျောက်ခြင်းမလှလည်း ပျောက်တတ်ကြသော အရာများဖြစ်သည်။ သို့သော် တစ်ခါတစ်ရံတွင်လည်း အချိန်အတော်ကြာအောင် ကိန်းအောင်းကာ လူကိုအမျိုးမျိုး နှိပ်စက်ညှင်းဆဲ တတ်ကြသေးသည်။ ၄င်းထူးဆန်းသော ခံစားချက်ကို ပျောက်ကင်းအောင် သင်မည်သို့ ကုသပါသနည်း မိတ်ဆွေ။ ကျွန်ုပ်၏ နည်းနိသယများကို သင်သိရှိလိုသည် ဆိုပါက ဝေမျှလိုက်ပေးအုံးမည်။ ကျွန်ုပ်သည် အရင်တစ်ချိန်က ထိုခံစားချက်များ၏ ကျီစားခြင်းကို လှိမ့်နေအောင် ခံရခဲ့ဖူးသော သားကောင်တစ်ကောင် အဖြစ် အတော်ကြာကြာ နေခဲ့ဖူးသည်။ သို့သော် နောက်ပိုင်းတွင်ကား အမည်မဖော်လိုသော ခံစားချက်သည် ကျွန်ုပ်တို့အား ဖုတ်လေသည့် ငပိရှိသည်တောင် မထင်ပဲ ၀င်ချင်ဝင် ထွက်ချင်ထွက် လုပ်တတ်မှန်း ရိပ်မိလာခဲ့ပြီ။

ထို့ကြောင့် သူ့အား ၀င်လာလျင် ၀င်လာချင်း မောင်းထုတ်နိုင်ရန် ကျွန်ုပ်ကြိုးပမ်းရတော့သည်။ အလွန်ဝါသနာ ထက်သန်သော အလုပ်မျိုးကို စိတ်နှစ်လျက်လုပ်သည်။ အရည်မရ အဖတ်မရ ပေါက်ကရ လေးဆယ်ကို သူငယ်ချင်း မိတ်ဆွေများနှင့် လျှောက်ပြောသည်။ အမှန်တရားကို မြင်တတ်နိုင်အောင် ကြည့်သည်။ တရားသဘောကို နှလုံးသွင်းသည်။ ထိုအချိန်ခ်မျိုးတွင် ပီတိတစ်မျိုး ဖြစ်ပေါ်လာပြီး ကျွန်ုပ်၏ စိတ်သည် ကြည်လင်လန်းဆန်းလာ၏။ စိတ်ကြည်လင်ချိန်ဝယ် လက်ရှိအရာများကို သေချာပြတ်သားစွာ လုပ်ကိုင်နိုင်လာပြီး အမည်မသိခံစားချက်သည်လည်း ထူးဆန်းစွာ ပျောက်ကွယ်သွားလေတော့ သတည်း။