Category Archives: တွေးတွေးရေးရေး

မောင်လေးသို့ ပေးစာ (၆) – စိတ်မညစ်ပါနဲ့ မောင်လေးရေ

Standard

မောင်လေးရေ…

နေကောင်းရဲ့လား။ အခုတလော မမ နည်းနည်းစိတ်ညစ်နေတော့ မောင်လေးဆီကိုတောင် စာမရေးဖြစ်ဘူး။ မောင်လေးဆီကို စာရေးဖို့တော့ သတိရပါတယ်။ ဒါပေမယ့် စိတ်ညစ်တာတွေ၊ အလုပ်များတာတွေ ပေါင်းပြီး စာရေးဖို့ စိတ်မပါ ဖြစ်သွားတာပေါ့ကွယ်။ ဒါပေမယ့် လူတွေက ကိုယ့်ကိုကိုယ် တည်ဆောက်နေကြရတာဆိုတော့ ဘ၀မှာ စိတ်ပျော်ရွှင်ဖို့က အရေးအကြီးဆုံးပဲလေ။ မမက ပညာရှင်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် မမက လူပီပီအတ္တကြီးတတ်တော့ ကိုယ်စိတ်ညစ်တာတွေကို အမြန်ဆုံးပျောက်အောင် လုပ်တဲ့ နေရာမှာတော့ နည်းနည်းတော်တယ် မောင်လေးရဲ့။ မမရဲ့ အတ္တကို အခြေခံပြီး လုပ်လိုက်တာပေါ့။

မောင်လေးရော တစ်ခါ တစ်လေ စိတ်ညစ်လား။ စိတ်ညစ်ရင် ဘာတွေလုပ်လေ့ရှိသလဲ။

အရက်သောက်တာတွေ၊ ဆေးလိပ်သောက်တာတွေ ၊ မအိပ်ပဲ တစ်ညလုံးထိုင်နေတာမျိုးတွေတော့ မလုပ်ပါနဲ့ကွယ်။ ဒါတွေက ကိုယ့်ကိုကိုယ် ပြန်ထိခိုက်မယ့် အလုပ်မျိုးတွေပဲ။ နည်းမှန် လမ်းမှန်တော့ ဟုတ်ချင်မှ ဟုတ်လိမ့်မယ်။ ဒါပေမယ့် စိတ်ညစ်နေချိန်မှာ မမလုပ်တတ်တာလေးတွေကို မောင်လေးကို ပြောပြချင်တယ်။ သင့်တော်တာလေးတွေလည်း ရှိမှာပေါ့လေ။

မမလေ Management ပေါင်းများစွာ လုပ်ဖူးပေမယ့် စိတ်ကိုစီမံခန့်ခွဲတဲ့ နေရာမှာတော့ တော်တော်ကြီးကို မတတ်တာ။ တစ်ခြား အလုပ်တွေပြီးမြောက်ဖို့အတွက် တစ်ယောက်တည်း လုပ်ယူလို့ မရနိုင်ပဲ Team Work နဲ့ လုပ်ရသလို.. စိတ်ညစ်တာတွေကို ပျောက်ဖို့နေရာမှာလည်း သူများအကူအညီတွေ အများကြီး လိုတယ်မောင်လေးရဲ့။ ဒါကြောင့် စိတ်ညစ်ပြီဆိုရင် တတ်နိုင်သလောက် လူများများနဲ့ တွေ့ပါ။ ဘယ်တော့မှ တစ်ယောက်တည်း မနေပါနဲ့လို့ မောင်လေးကို မမ မှာပါရစေနော်။

ဟုတ်ပြီ ဒါဆို စိတ်ညစ်နေတဲ့အချိန်မှာ ဘယ်သူတွေနဲ့ တွေ့မလဲ ဆိုတော့ ကိုယ်ချစ်ရ ခင်ရသူတွေနဲ့ တွေ့ရမှာပေါ့ မောင်လေးရဲ့။ သူတို့တွေနဲ့တောင် တွေ့ချင်စိတ်မရှိအောင် မောင်လေး စိတ်ညစ်နေရရင်တော့ အွန်လိုင်းကို အသုံးပြုဖို့ မမ အကြံပေးပါရစေ။ အပြင်မှ မခင်ပေမယ့် အွန်လိုင်းမှာ အရမ်းခင်သူတွေ ရှိတယ်ဟုတ်။ မျက်နှာမမြင်ရချိန်မှာ ပြောတဲ့ စကားတွေဟာ အချင်းချင်းတွေ့ပြီး ပြောတဲ့စကားတွေထက် ပိုပြီး ပွင့်ပွင့်လင်းလင်းရှိတတ်တာတော့ အမှန်ပဲ။ ဒါကြောင့် အပြင်မှာ သူငယ်ချင်းတွေနဲ့ မတွေ့ချင်ရင် အွန်လိုင်းက သူငယ်ချင်းတွေနဲ့ Chat လုပ်ပါ။ ကိုယ်က စခေါ်ပါ။ စကားစမြည်ပြောပါ။ များများ ရီပါ။ ရီမောခြင်းက ၀မ်းနည်းတာထက်တော့ အများကြီးကောင်းတာပေါ့။ ကိုယ်စိတ်ညစ်နေရတဲ့ အကြောင်းတွေကို သူတို့တွေကို ပြောပြပါ။ ယုံကြည်ရတဲ့ သူငယ်ချင်းတွေကို ပြောပြပါ။ ဖွင့်ချသင့်တာတွေကို အကုန်ဖွင့်ချလိုက်ပါ။ စကားတွေပြောပြီးရင် နာရီတော်တော်ကြာအောင် စိတ်ညစ်တာတွေ ပျောက်သွားမှာပါ။

နောက်တစ်ခုက ငိုပါ မောင်လေး။.. ငိုပါ။ ယောက်ျားကြီးတန်မဲ့ လာငိုခိုင်းနေတယ်လို့ မပြောနဲ့။ ယောက်ျားတွေက မငိုရဘူးလို့ သတ်မှတ်ထားတာ ဘယ်မှာရှိလို့လဲ။ မျက်ရည်ဟာ အတိုင်းအတာတစ်ခုအထိ တင်းကျပ်မှုတွေကို ပြေပျောက်စေနိုင်ပါတယ်တဲ့။ ဒါကြောင့် ရင်ထဲက တင်းကျပ်မှုတွေကို ပျောက်သွားစေဖို့ ငိုပါ။ မျက်ရည်တွေ ခန်းတဲ့အထိ ငိုလိုက်ပါ။ သီချင်းတွေ အကျယ်ကြီးဖွင့်ပြီး အားရ ပါးရ အသံထွက်ပြီး ငိုလိုက်ပါ။ မောင်လေး စိတ်တွေ ပေါ့သွားမှာပါ။

နောက်ပြီး ဟာသရုပ်ရှင်တွေကြည့်ပါ။ ဟာသကား ကောင်းကောင်းလေးတွေ အများကြီးရှိပါတယ်။ ဒရာမာ ကားတွေတော့ မကြည့်နဲ့ပေါ့။ တော်ကြာနေ ကိုယ်စိတ်ညစ်ရတာကတစ်မျိုး.. ရုပ်ရှင်ကြည့်လို့ စိတ်ညစ်ရတာက တစ်မျိုးနဲ့ မောင်လေး ရူးသွားပါအုံးမယ်ကွယ်။ ဟာသကားတွေ ကြည့်ပြီး ရီလိုက်ပါ။

နောက်ပြီး ခရီးထွက်ကြည့်ပါ။ သာမန်ပစ်စလက်ခတ်သွားလို့ရတဲ့ Short Trip လေးပေါ့။ ကိုယ်စိတ်ညစ်နေတဲ့ ပတ်ဝန်းကျင်ကနေ ဝေးရာတစ်ခုကို ခဏဖြစ်ဖြစ်သွားလိုက်ပါ။ လူသစ်တွေ၊ အတွေ့အကြုံသစ်တွေမှာ မောင်လေး ခဏတော့ ပျော်သွားမှာပါ။ ခရီးသွားရင်းနဲ့ စိတ်ညစ်စရာကို ပြန်တွေးပြီး သတိရတတ်တာမျိုးလည်း ဖြစ်နိုင်တာပဲ။ ရပါစေကွယ်။ အတင်းကြီး မေ့ဟာ မေ့ဟာ ဆိုပြီး မလုပ်နဲ့။ စိတ်ကို လွှတ်ပေးထားလိုက်။ သူဘယ်လောက်ထွက်သွားနိုင်မလဲ ကြည့်ကြသေးတာပေါ့။ အချိန်တန်တော့ မျောနေတဲ့စိတ်က ကိုယ်မှာ လာကပ်ရတာပဲလေ။ ဗိုက်ဆာရင် ပိုတောင်ဆိုးသေးတာ မောင်လေးရဲ့။ ကြာကြာစိတ်မညစ်နိုင်ပါဘူး။ လူဆိုတာ ကိုယ့်ကိုကိုယ်သာ အချစ်ဆုံးမို့ ကိုယ်တိုင် ထိခိုက်ရမှာကိုတော့ လူတိုင်းမလိုလားကြဘူး မဟုတ်လား မောင်လေးရဲ့။

မောင်လေးမှာ ၀ါသနာတစ်ခုခုရှိသလား။ ရှိတယ်ဆိုရင်တော့ သိပ်ကောင်းတာပေါ့။ စိတ်ညစ်နေချိန်မှာ ကိုယ်ဝါသနာ ပါရာလေးတွေကို လုပ်တာကလည်း ညစ်နေတဲ့ စိတ်ကို ပြန်သန့်စေပါတယ်။ ဂစ်တာတီးတာ ၊ သီချင်းဆိုတာ၊ စာဖတ်တာ၊ ဘောလုံးကန်တာ၊ ပန်းချီဆွဲတာ.. စသဖြင့် ကိုယ်ဝါသနာ ပါရာထဲက တစ်ခုခုကို လုပ်ပေါ့။ လုပ်နေရတဲ့အချိန်မှာ စိတ်ညစ်စေတဲ့ ကိစ္စကို ခဏတော့ မေ့ထားနိုင်ပါလိမ့်မယ်။

လူတိုင်းကတော့ ဘ၀မှာ တစ်ခုမဟုတ် တစ်ခု စိတ်ညစ်နေကြရမှာပဲ မောင်လေး။ ဒီနေ့မှာ ဒီကိစ္စနဲ့ စိတ်ညစ်ရသလို၊ နောက်နေ့မှာ နောက်ကိစ္စနဲ့ စိတ်ညစ်ရအုံးမှာပဲ။ လူရယ်လို့ဖြစ်လာပြီးကတည်းက ဒုက္ခတွေ၊ သုခတွေ ကြုံရမှာပဲ။ မကြောက်ပါနဲ့ ရဲရဲကြီးသာ ရင်ဆိုင်လိုက်ပါကွယ်။ စိတ်ညစ်စရာတွေက ကြာကြာမခံတတ်ပါဘူး။ အလွန်ဆုံး တစ်လပေါ့။ နောက်ပြီး စိတ်ညစ်နေပါတယ်ဆိုတာကို ဖုံးမထားနဲ့။ စိတ်ညစ်နေတဲ့အတိုင်း သတ္တိရှိရှိသာ နေလိုက်။ သတ္တိရှိရှိရင်ဆိုင်လိုက်။ သိပ်မကြာခင် ညစ်နေတဲ့စိတ်က ကိုယ့်ဆီကနေ ထွက်ပြေးသွားလိမ့်မယ်။

ပြောစရာရှိတာ ပြောလိုက်၊ သွားစရာရှိတာ သွားလိုက်၊ ကိုယ့်စိတ်ကို ကိုယ်ပြန်ချော့လိုက်၊ သတ္တိနဲ့ နေထိုင်လိုက်။

ဘ၀ဟာ နေတတ်ရင် ကျေနပ်စရာပါကွယ်။ တစ်ခါစိတ်ညစ်ပြီးရင် တစ်ခါ ပိုရင့်ကျက်တာမို့… စိတ်ညစ်တာကို ပျော်ပျော်ကြီး လက်ခံဖို့ မမပြောချင်ပါတယ်။

ဒါပါပဲ မောင်လေးရေ.. ကိစ္စရှိရင် မမဆီကို ဖုန်းဆက်ပါ။ မကြာခဏ စကားပြောကြတာပေါ့။

ချစ်ခြင်းအားဖြင့်

မမ

Advertisements

Letter to My Little Brother – 2

Standard

မောင်လေးသို့ ပေးစာ (၂)

 

မောင်လေးရေ

ခုတလော ဘာတွေလုပ်နေလဲကွယ်။ ရာသီဥတုကလည်း မိုးအေးအေးနဲ့မို့ ကျန်းမာရေးကို ဂရုစိုက်နော်။ မိုးရေထဲမှာ ထီးမပါပဲ လျှောက်သွား မနေနဲ့အုံး.. သွားတုန်းခဏသာ ပျော်ဖို့ကောင်းတာ… အအေးမိပြီး ဖျားရင်တော့ မလွယ်ဘူး မောင်လေးရဲ့။ ပြောသာ ပြောရတာ ရန်ကုန်မိုးကလည်း လွန်လွန်းအားကြီးပါတယ်။ မမတောင် ရန်ကုန်ရောက်တာ (၁၀) နှစ်ကျော်အတွင်း ဒီလောက် ရွာတဲ့မိုးကို ဒီတစ်ခါပဲ တွေ့ဖူးသေးတယ်။

ဒါနဲ့မောင်လေးလုပ်နေတဲ့ အလုပ်ရော အဆင်ပြေရဲ့လား။ လက်ရှိဘ၀မှာ ပျော်အောင်နေနော်။ မောင်လေးအသက်လည်း ငယ်တော့တာ မဟုတ်ဘူး။ Professional Life တစ်ခုကို မိမိရရ ဆုပ်ကိုင်ဖို့ ကြိုးစားတော့။ မမတို့နိုင်ငံက ခုဆို အပြောင်းအလဲတွေ လုပ်နေတာ မောင်လေးအမြင်ပဲလေ။ စီးပွားရေးဖွံ့ဖြိုးဖို့အတွက်ရော၊ တစ်ခြား လူမှုရေး ၊ နိုင်ငံရေးတွေအတွက်ရော သမာသမတ်ကျတဲ့ Professional တွေဆိုတာ လိုကို လိုလာမှာ။ ဒါကြောင့် အရင်တုန်းက ယောင်ဝါးဝါးဖြစ်ခဲ့ရင်တောင် ခုချိန်ကစပြီး Professional တစ်ယောက် ဖြစ်အောင် လုပ်ပါလို့ မမပြောချင်ပါတယ်။

Professional ဆိုလို့မောင်လေး မေးမှာကို မြင်ယောင်သေးတယ်။ ဘယ်လိုလူမျိုးကို Professional လို့ခေါ်လဲပေါ့။ အဓိကကတော့ ကိုယ်လုပ်နေတဲ့ ဘယ်လိုအသက်မွေးဝမ်းကျောင်းမျိုးကို မဆို လုပ်ကိုင်နေတဲ့ သူတိုင်းက Professional ပဲပေါ့။ ပန်းရံဆရာတွေရော၊ သန်းရှင်းရေးသမားတွေရော၊ ကွန်ပျူတာ ပညာရှင်ရော၊ အင်ဂျင်နီယာရော၊ စာရေးဆရာတွေရော၊ စသဖြင့် အသက်မွေးဝမ်းကျောင်းပေါင်းစုံနဲ့ အလုပ်လုပ်နေသူတွေဟာ Pro တွေပဲပေါ့ မောင်လေးရယ်။ ဒါကြောင့် မောင်လေးအနေနဲ့ ငါသည် အနာဂတ်မှာ ဘယ်လိုမျိုး အသက်မွေးဝမ်းကျောင်းချင်လဲဆိုတာ ခုကတည်းက သေချာလုပ်ထားဖို့ မမ မှာထားပါရစေ။

ခုခေတ်လူငယ်တွေက ညည်းကြတယ် မောင်လေးရေ။ အလုပ်မရှိဘူး.. အလုပ်မရှိဘူးနဲ့။ တစ်ကယ်က အလုပ်တွေဆိုတာ ကုမ္ပဏီတော်တော်များများမှာ နေ့တိုင်းနီးပါးကို Vacancy ပေါ်နေတာပါ။ အဲ့ဒီနေရာတွေကို ဖြည့်ဖို့ အရည်အချင်းပြည့်ဝသူတွေမရှိတာရယ်၊ အရည်အချင်းမပြည့်ဝဘူးထားအုံး၊ ခဏလေးလုပ်ကြည့်ပြီး အဆင်မပြေရင်ထွက်သွားချင်တဲ့သူရယ်တွေပဲ များနေတာကို။ ပညာရေးစနစ်ဆိုတာကတော့ လူတိုင်းအပြစ်တင်နေကြတဲ့ အရာပဲလေ။ ဒါကို မမတို့ပြောင်းလဲလို့မှ မရတာ။ မမတို့ ပြောင်းလဲနိုင်တာက ကိုယ်ကိုတိုင်ကိုပါပဲ။ ကိုယ်စိတ်ဝင်စားတဲ့၊ နေရာကျတဲ့ အလုပ်တစ်ခုမှာ စိတ်နှစ်ပြီးတော့ လုပ်မယ်၊ အဲ့ဒီအလုပ်ကိုလည်း ကျွမ်းကျင်အောင်လေ့လာမယ်၊ မခိုမကပ်ပဲ မှန်မှန်ကန်ကန်လုပ်မယ်ဆိုရင် မဝေးတော့တဲ့ ကာလမှာ ကိုယ်လည်း နေရာအဆင့်တစ်ခုကို ရလာမှာပေါ့။ ခုဟာကလေ လူငယ်တော်တော်များများဟာ အလုပ်ကဖြင့် မလုပ်ရသေးဘူး Facilities ကဘာလဲ၊ ဖယ်ရီရှိလား၊ OT ရှိလားနဲ့ စမေးနေကြတော့တာပဲ။ အလုပ်တစ်ခုမှာ ကိုယ်တတ်ထားတဲ့ ပညာ၊ ကိုယ်လုပ်နိုင်တဲ့ အတိုင်းအတာ၊ ကိုယ့်ရဲ့ ပေးဆပ်နိုင်မှု အနေအထားအရ ပေးထားတဲ့ ရပိုင်ခွင့်တွေ၊ လုပ်ပိုင်ခွင့်တွေဆိုတာ ရှိပါတယ်ကွယ်။ အဲ မြန်မာပြည်ကို တစ်ခြားနိုင်ငံတွေနဲ့တော့ ယှဉ်လို့မရသေးဘူးပေါ့။ နောက်ပိုင်းဆို ဖြစ်လာတော့မှာပါ။ ၂၀၁၅ ဆိုရင် အာဆီယံဒေသတွင်းမှာ လွပ်လပ်စွာ လုပ်ကိုင်ခွင့်တွေ ရှိလာတော့မယ်။ အဲ့လိုအချိန်မှာ နိုင်ငံခြားက Professional တွေ ၀င်လာတာထက်စာရင် ကိုယ့်နိုင်ငံမှာ အလုပ်အကိုင် အမျိုးမျိုးအလိုက် Pro တွေ ရှိထားတော့ မကောင်းဘူးလားကွယ်။ မဟုတ်ရင် Local Context ကို ဘာမှ နားမလည်သူတွေရဲ့ အသားလွတ် ဆရာလုပ်တာကို ခံနေရအုံးမယ်။

ဟိုတစ်နေ့ကတောင် လူငယ်လေး တစ်ယောက်နဲ့ မမတွေ့ဖြစ်သေးတယ်။ မမတို့ ရခိုင်ဘက်ပါပဲ။ သူကပြောတယ် ကျွန်တော် ယောင်ဝါးဝါးဖြစ်နေတယ် အမရယ်တဲ့။ Business Management လည်းလုပ်ချင်တယ်၊ လက်ရှိမှာလည်း အိုင်တီပိုင်းအတွက် သင်တန်းတွေတက်နေတယ်.. အလုပ်ကလည်း ၀င်ချင်နေပြီ။ ဘာလုပ်ရမယ်မှန်း မသိဘူး.. အကြံပေးပါအုံးတဲ့။ ဟုတ်ပြီ မမသူ့ကိုမေးလိုက်တယ်.. Management ကဘယ်အတိုင်းအတာထိ ရောက်အောင် လေ့လာပြီးပြီလဲ.. အိုင်တီက ဘယ်အတိုင်းအတာထိ ရောက်အောင် လေ့လာပြီးပြီလဲ.. ကိုယ်တစ်ကယ်လုပ်ချင်တာက ဘာလဲလို့။ သူကပြောတယ်.. အိုင်တီကတော့ တော်တော်ခရီးရောက်နေပြီတဲ့.. ၀ါသနာပါတာကလည်း အဲ့တာပါပဲတဲ့။ ဒါဆိုရင် မမပြောလိုက်တယ်.. အိုင်တီနဲ့ ပတ်သက်ပြီး ကိုယ်သင်နေရတာမှန်သမျှကို စာရွက်မှာ ချရေးကြည့်.. Programming, Networking, Web Developing .. အစရှိသဖြင့်ပေါ့။ အဲ့ထဲကမှ တစ်ခုချင်းစီကို 1 – 5 ထိ အမှတ်တွေ ပေးသွား.. ကိုယ်စိတ်ဝင်စားတာကို အမှတ်များများပေး.. အမှတ်အများဆုံးကို ခုကတည်းက Specialize လုပ်ဖို့ ပြင်ပေတော့လို့.. မမ အကြံပေးတာ သူ့အတွက် အသုံးတည့်မယ်လို့တော့ ထင်တာပဲ။ သူ အဆင်ပြေဖို့ကိုလည်း မမမျှော်လင့်ပါတယ်။

နောက်ညီမလေး တစ်ယောက်ရှိသေးတယ်။ သူကတော့ ကိုယ်ပိုင်စီးပွားရေး တစ်ခုလုပ်နေတယ်။ ဆိုင်ဖွင့်ထားတယ်ပေါ့။ စနေ ၊ တနင်္ဂနွေပဲ အလုပ်လုပ်စရာလိုတယ်.. ကျန်တဲ့ရက်တွေမှာ အားနေလို့ Company တစ်ခုမှ ဖြစ်ဖြစ် အလုပ်လျှောက်မလို့တဲ့။ သူ့ကိုလည်း မမမေးမိတယ်.. ညီမလေး ဆိုင်က ၀င်ငွေမကောင်းလို့လား ဆိုတော့ မဟုတ်ဘူး.. ကောင်းတယ်.. အားနေလို့ အလုပ်လုပ်မှာတဲ့.. ဒါဆိုရင် မမအကြံပေးမယ်လို့.. Language တစ်ခုခုကို ပိုင်အောင်လုပ် ၊ Management နဲ့ ဆိုင်တဲ့ သင်တန်းကိုတက်.. တစ်ဘက်ကလည်း ၀င်ငွေရတဲ့ စီးပွားရေး တစ်ခုရှိတယ်။ နှစ်နှစ်လောက် နည်းနည်း ဖိဖိစီးစီးကြိုးစားလိုက်ရင် ညီမလေး Level တက်လာမှာလို့.. စီးပွားရေးကို ပညာနဲ့ရော အရင်းအနှီးနဲ့ရော ချဲ့လို့ရတယ်လို့… ဒီလိုဆိုတော့လည်း ဟုတ်သားနော်လို့ ဖြစ်သွားပြီး သင်တန်းတွေ တက်မယ် ဖြစ်သွားပြန်ရော။ မမပြောချင်တာက ကိုယ့်ရဲ့ Professional Life အပြင် အဲ့တာကို ပိုပြီး တောက်ပအောင်လုပ်မယ့် အထောက်အပံ့တွေလည်း ရှိနေစေချင်တာပါ။ မိန်းကလေးတစ်ယောက်က လှတာတော့ လှတယ်.. ဒါပေမယ့် သူနဲ့ လိုက်မယ့် အ၀တ်အစားတွေ၊ ဖက်ရှင်စတိုင်တွေပါ ထပ်ထည့်လိုက်ရင် သူ့ တစ်ကယ့်ကို အမိုက်စား ဖြစ်သွားတဲ့ သဘောမျိုးပဲပေါ့။

ပြောရင်းဆိုရင်းနဲ့ မောင်လေး စိတ်ထဲမှာ တွေးနေမယ့် အရာလေး တစ်ခုကို မမသတိထားမိပြန်ပါပြီ။ တစ်ကယ့်ကို ကြေးစားလူသတ်သမားတွေကိုရော Professional ခေါ်မလားလို့ မောင်လေးတွေးနေတယ် မဟုတ်လား။ ဒါကတော့ ဒီလိုရှိတယ် မောင်လေးရယ်.. အများအကျိုးအတွက် လုပ်မယ်ဆိုရင် Professional ပါပဲတဲ့.. ။ လူသတ်သမားက နိုင်ငံ့တော်ရန်သူလိုမျိုးလူကို လိုက်လံချေမှုန်းတယ်ဆိုရင် ဒါက သူ့ရဲ့ Professional ပီသမှုပဲ။ သမိုင်းထဲမှာ ငတက်ပြားတို့ ၊ ရော်ဘင်ဟုတို့ဆိုတာ Pro သူခိုးတွေပေါ့။ အံမယ် စာဖတ်ပြီး ပြုံးမနေနဲ့အုံးလေ။ ဒီတော့ သူ့ရဲ့ အသက်မွေးဝမ်းကျောင်း လုပ်ရပ်ဟာ လူတွေကို ဘယ်လောက် အကျိုးပြုလဲ ဆိုတဲ့ အပေါ်မှာလည်း Pro ပီသ/ မပီသကို တိုင်းတာပါသေးတယ်တဲ့။

အမရဲ့ ဆရာ တစ်ယောက်က အမကို မေဖူးတယ် ။ Professional နဲ့ Genius ဘာကွာလဲ သိလားတဲ့။ နှစ်ယောက်လုံးကတော့ တတ်တဲ့ ပညာနဲ့ အသက်မွေးကြတာပဲ။ ဘာကွာလဲတဲ့။ အမလည်း မသိဘူးလို့ မပြောချင်ဘူး.. လျှောက်ဖြေတာပေါ့။ နောက်ဆုံးမှာတော့ Attitude (စိတ်နေသဘောထား) လားဆရာ လို့မေးတော့ သူက နည်းနည်းလက်ခံတယ်။ ဒါပေမယ့် အတိအကျလည်း မဟုတ်ပြန်ပါဘူးတဲ့။ အဓိက ကွာတာက Emotion (စိတ်ခံစားချက်) ပါတဲ့။ Professional က စိတ်ခံစားချက်ကို ဘယ်တော့မှ ဦးစားမပေးဘူးတဲ့။ လုပ်ရမယ်ဆိုရင် တာဝန်ကျေတဲ့အထိ လုပ်ကို လုပ်တယ် … ။ အိမ်မှာပဲ ပြသနာဖြစ်ဖြစ်.. ရည်းစားနဲ့ပဲ ပြသနာဖြစ်ဖြစ်.. ဘာပဲ ဖြစ်ဖြစ် Personal နဲ့ Business ကို ခွဲထားတယ်။ ဒါမှ အလုပ်မှာ အောင်မြင်ပြီး အသက်ထက်ဆုံး ရပ်တည်သွားနိုင်တာပေါ့တဲ့။ သူက ဥပမာတောင် ပေးသွားသေးတယ်.. ဗိုလ်ချုပ်အောင်ဆန်းသည် Genius ဖြစ်ပြီး ၊ ဦးသန်းရွှေသည် Professional တဲ့။ ဟုတ် မဟုတ်တော့ မောင်လေး စဉ်းစားကြည့်ပေါ့ကွယ်။

ဒါကြောင့် မောင်လေးရေ.. ကိုယ်လက်ရှိလုပ်နေတာတွေကို တန်ဘိုးထားပါ။ တစ်ခုခုကို ကျွမ်းကျင်အောင် စိတ်နှစ်ပြီး လုပ်ပါ။ မမတောင် အသက် (၂၆) ကျမှ ငါ ဘာကို ၀ါသနာပါတယ်ဆိုတာ တွေ့သွားတာ။ မောင်လေးက ငယ်ပါသေးတယ်။ ပြီးတော့ ငွေနောက်ချည်းပဲလည်း မလိုက်နဲ့အုံးနော်။ Professional ဖြစ်လာရင် ငွေက ကိုယ့်နောက်ကို လိုက်လာမှာ မောင်လေးရဲ့။ စိတ်သဘောထားကို မှန်အောင်နေပါ။ အလုပ်ကို ဘာပဲဖြစ်ဖြစ် ကောင်းအောင်လုပ်ပါ၊ ရိုးသားပါ၊ နှိမ့်ချပါ၊ ဒါတွေကတော့ Pro တစ်ယောက်မှာ ရှိသင့်တဲ့ အရည်အချင်းတွေပဲလေ နော်။ စီးပွားရေးတွေ ဒီထက်မက ပွင့်လာတဲ့ တစ်နေ့မှာ မမတို့ မြန်မာလူမျိုးတွေ အဖွဲ့အစည်းတွေရဲ့ ဦးဆောင်သူ နေရာမှာ ရှိနေတာကို မမ စိတ်ကူးယဉ်ကြည့်နေတယ်။

မမလည်း ကြိုးစားနေတယ်။ မောင်လေးလည်း ကြိုးစားပါ။

ကျန်းမာရေးလည်း ဂရုစိုက်နော်။

ချစ်ခြင်းအားဖြင့်

မမ

Letter to My Little Brother – (1)

Standard

မောင်လေးသို့ ပေးစာ – (၁)

မောင်လေးရေ…

နေလို့ကောင်းရဲ့လား။ တစ်နေ့နဲ့ တစ်နေ့ မတူညီမှုတွေကြားမှာ နေထိုင်ရတာဟာ ခက်ခဲပေမယ့် ရသတော့ မြောက်ပါတယ်ကွယ်။ ဒီမတူညီမှုတွေ ကြားကပဲ အတွေ့အကြုံတွေ၊ သင်ခန်းစာတွေ ရလာပြီး ၊ ပိုသိ ပိုတတ်အောင် မမတို့ သင်ယူကြရတာပဲလေ။ ဒီအခက်အခဲတွေကပဲ ခွန်အားတွေကို ဖြစ်စေပြီး နေ့သစ်တွေကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေစေတာ မဟုတ်လား။ မောင်လေးက လူတော်လေး တစ်ယောက်ပဲကွယ်။ တစ်ခါ တစ်လေ အားငယ်တတ်တဲ့ မောင်လေးကို မမက အားပေးချင်ရုံသက်သက်ပါ။ ဒီနေ့ မမရဲ့ အတွေ့အကြုံလေး တစ်ခုကို မောင်လေးကို ပြောပြချင်လို့ ဒီစာကို ရေးလိုက်ရတာပါ။

မောင်လေး သိတဲ့အတိုင်းပဲလေ။ ဟိုနေ့က မမ မန္တလေးကို သွားလိုက်တယ် မဟုတ်လား။ ပြည်တွင်းမှာ သွားရတဲ့ ပထမဆုံး လေကြောင်းခရီးဆိုတော့ မမစိတ်တွေ သိပ်ကိုလှုပ်ရှားနေခဲ့တာ ညအိပ်မပျော်တဲ့အထိပေါ့။ ပြည်တွင်းလေကြောင်းလိုင်းတွေရဲ့ သတင်းကလည်း ပါးစပ်ပြောတွေနဲ့ မွှေးနေခဲ့တာကိုး။ အဲ့ဒီနေ့က မနက် ၆း ၁၅ လေယာဉ်စီးရမှာဆိုတော့ Check In မီအောင် တစ်နာရီလောက် စောရောက်နေဖို့လိုတယ်လေ။ ဒီတော့ မနက် ၅း၁၅ လောက်ရောက်အောင် သွားဖို့ ပြင်ဆင်ရတာပေါ့။ အိပ်လို့ကလည်း ပျော်တစ်ချက်၊ မပျော်တစ်ချက်ဆိုတော့ မနက် (၄) နာရီလောက်ကတည်းက နိုးနေပြီး ပြင်ဆင်စရာလေးတွေ ပြင်ဆင်ရတာပေါ့။ နေ့ချင်းပြန်ခရီးဆိုတော့ ယူစရာကလည်း Laptop တစ်လုံးနဲ့ မမလွယ်နေကျ အိတ်တစ်လုံးပဲ ပါတာဆိုတော့ ဗာဟီရ မများလှပါဘူး။

ပြသနာကတော့ မမအိမ်က ထွက်တဲ့အချိန်ပေါ့။ မနက် (၄) နာရီခွဲမှာ အိမ်ကထွက်ပေမယ့် ခြံတံခါးက အဲ့အချိန်မှ မဖွင့်သေးတာကြီးကို။ အိမ်ရှင်တွေကိုလည်း ခရီးသွားမယ့်အကြောင်း ကြိုမပြောထားမိဘူးလေ။ သူတို့ကိုထခိုင်းရမှာလည်း အားနာသေးတယ်။ ဒီလိုနဲ့ပဲ ငယ်ငယ်တုန်းက လုပ်နေကျ အကျင့်တွေ ပြန်ပေါ်လာရတော့တာပါပဲ။ မိန်းကလေး ဖြစ်တဲ့ မမတစ်ယောက် ခြံကျော်တက်မိမယ်လို့ မောင်လေး တွေးလို့မှ ထားရဲ့လား။ မတတ်နိုင်ဘူး မောင်လေးရဲ့။ အခြေအနေနဲ့ အချိန်အခါကိုကြည့်ပြီး လိုသလို အသုံးချရတာပါပဲ။ မိန်းကလေး မဆန်လိုက်တာလို့တော့ မပြောပါနဲ့ကွယ်။ မိန်းကလေး ဆန်လွန်းတာက တစ်ခါ တစ်လေတော့လည်း အလုပ်မှာ နှောင့်နှေးမှုတွေကို ဖြစ်စေတယ်လေ။ တစ်ခါ တစ်လေ တစ်ချို့မိန်းကလေးတွေကို မမ အားမရဘူး။ အရာရာမှာ နှောင့်နှေးလို့ မဖြစ်သလို၊ တစ်ခြားသူတွေကိုလည်း အားကိုးလို့ မရဘူးလေ။ ခုလို မြန်ဆန်နေတဲ့ ခေတ်ကြီးမှာ တစ်ခြားသူတွေကို အားကိုးဖို့ဆိုတာက ပိုလို့တောင် မဖြစ်နိုင်သေးတယ်။ အဖော်ပါမှ လုပ်မယ်၊ သွားမယ်၊ လာမယ် ဆိုတဲ့မမတို့ မြန်မာမိန်းကလေးတွေရဲ့ အကျင့်ကို နည်းနည်းတော့ ဖျောက်ထားသင့် ဖျောက်ထားရမယ်။ တစ်ကယ့်ကို သတ္တိရှိပြီး ၊ သွက်လက်တဲ့ မိန်းကလေးတွေ ဖြစ်စေချင်တယ်။ ကြောက်စိတ်လေးတွေကိုလည်း ဖျောက်ထားရမယ်။ တစ်ချို့မိန်းကလေးတွေ ရှိသေးတယ်။ အိမ်က တစ်ယောက်ယောက်ပါမှ ခရီးသွားတာမျိုးတွေ၊ အိမ်က လိုက်ပို့မှ သွားရဲ လာရဲတွေ။ ဒါကတော့ မိဘတွေရဲ့ ပျိုးထောင်မှုတွေနဲ့လည်း ဆိုင်ပါတယ်လေ။ တစ်ချို့မိဘတွေကျတော့လည်း တမင်တကာကို သူတို့ပါမှ လုပ်ရဲ ကိုင်ရဲ သွားလာရဲတာမျိုးတွေ ဖြစ်လာအောင် သားသမီးတွေကို ပျိုးထောင်ထားတတ်ကြသေးတယ် မဟုတ်လား။ မမအထင်ကတော့ မိဘတွေဆိုတာ သားသမီးတွေကို သူတို့မရှိလည်း အရာရာကို ရင်ဆိုင်ရဲအောင် ၊ ဆုံးဖြတ်ရဲအောင် လေ့ကျင့်ထားသင့်တယ်လို့။

ကဲထားပါတော့လေ မမအကြောင်းပဲ ဆက်ပြောပြပါ့မယ်။

အဲ့နေ့က ပြည်လမ်းမကြီးပေါ်ကို ထွက်တော့လည်း ကိုယ်တစ်ယောက်တည်းရယ်။ မနက် လင်းအားကြီးဆိုတော့ တက္ကစီလည်း ရှားတာပေါ့ မောင်လေးရယ်။ ပတ်ဝန်းကျင်ကိုတော့ မမ နည်းနည်း သတိထားရတာပေါ့။ မြန်မာပြည်ရဲ့ အခြေအနေအရ ကိုယ့်ကို တစ်မျိုးထင်မှာလည်း ကြောက်ရသေးတယ်လေ။ ကိုယ့်ရဲ့ အမူအရာ ၊ အနေအထိုင်တွေကိုက အစ တစ်ပါးသူ အမြင်မမှားစေအောင်တော့ ပြင်ဆင်ထားရတာပေါ့။ တက္ကစီသမားတွေကလည်း ဂွကျပါတယ် မောင်လေးရယ်။ စိုက်ပျိုးရေးနဲ့ လေယာဉ်ကွင်းကို (၅၀၀၀)တောင် တောင်းတယ်။ နေ့ခင်းဘက် ကားကျပ်ချိန်တွေမှာ အဲ့ဒီဈေးတောင်းတာကို မမ မပြောလိုပေမယ့် ခုလို ကားရှင်းတဲ့ အချိန်မျိုးမှာ တောင်းတာကတော့ လွန်လွန်းအားကြီးတယ်လေ။ နောက်ဆုံးတော့လည်း သဘောကောင်းတဲ့ တက္ကစီသမားနဲ့ တွေ့ပြီး (၃၅၀၀) နဲ့လေဆိပ်ကို ရောက်လာတာပေါ့။ အဲ့ဒီနေရာမှာ မမပြောချင်တာ ရှိသေးတယ်။ အဓိက ကတော့ မောင်လေးတို့ယောင်္ကျားတွေကိုပေါ့။ ဒီခေတ်က အရင်ခေတ်ကလို မဟုတ်တော့ဘူး မောင်လေးရဲ့။ ပြောင်းလဲလာတဲ့ စီးပွားရေး ၊ လူမှုရေး ၊ နိုင်ငံရေး အခင်းအကျင်းမှာ တို့တွေလည်း လိုက်ပြောင်းလဲနေကြရတာပဲလေ။ အဲ့တော့ ညနက်သန်းခေါင်မှာ လမ်းပေါ်မှာ တွေ့တဲ့ မိန်းကလေးတိုင်းကို အတွေးတစ်မျိုးနဲ့ မတွေးစေချင်ဘူး။ ခုဆို ကောင်းရာ ကောင်းကြောင်း အလုပ်ကိစ္စတွေနဲ့ မမတို့လို အိမ်ပြန်နောက်ကျသူတွေ၊ မနက်လင်းအားကြီး (၄) နာရီလောက်မျိုးမှာ သွားလာရေးအတွက် လမ်းပေါ်မှာ တက္ကစီထွက်ငှား ရသူတွေ ရှိလာနေကြပြီ။ မိန်းကလေးတွေလည်း ယောင်္ကျားလေးတွေလို တန်းတူ အလုပ်လုပ်လာ ကြရပါပြီ။ မှန်မှန်ကန်ကန် ပြောဆိုဆက်ဆံတာမျိုးပဲ ဖြစ်စေချင်တယ်။ တစ်ခြား ယောင်္ကျားလေးတွေ အဲ့လို အမြင်တွေ ရှိနေတုန်းပဲ ဆိုရင်တောင် မောင်လေးကတော့ မပါပါ စေနဲ့ကွယ်။ မောင်လေးသာ ညဘက်တွေမှာ တွေ့ရတဲ့ မိန်းကလေးမျိုးကို အမြင်တစ်မျိုးနဲ့ မြင်နေမှာဆိုရင်တော့ မမလည်း စိတ်မကောင်း ဖြစ်ရလိမ့်မယ်။

အမှန်တော့ အဲ့လိုမိန်းကလေးမျိုးကို မှားတယ်လို့လည်း မမက မဆိုချင်ပါဘူး။ နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး အခြေအနေတွေကြောင့်လည်း သူတို့ခမျာ ဒီလိုမျိုး ဖြစ်နေကြရရှာတာပါ။ မကောင်းတဲ့ မိန်းမတွေလို့လည်း သူတို့ကို မမက နာမည် မတပ်ချင်ပါဘူး။ ဘာလို့လဲဆိုတော့ ဒါကလည်း သူတို့ရဲ့ အလုပ်ပဲကို။ အမျိုးသမီးတွေကို ကာကွယ်ဖို့ အခွင့်အရေးတွေ၊ ဥပဒေတွေ တစ်နေ့မှာတော့ ခိုင်မာလာမယ်လို့တော့ မမက မျှော်လင့်ပါတယ်။ အဲ့လို မိန်းကလေးတွေအတွက် ပိုပြီးတော့ စနစ်ကျတဲ့ ဥပဒေတွေ ရှိလာအောင် တာဝန်ရှိသူတစ်ချို့လည်း လုပ်နေကြတာပဲ မဟုတ်လား။

ကဲပါ မောင်လေးရေ လေယာဉ်ကွင်းရောက်တဲ့ အတွေ့အကြုံလေးကို မမ ဆက်ပြောချင်ပါသေးတယ်။ မြန်မာတွေ စည်းကမ်းပိုင်းမှာတော့ တော်တော်လိုသေးတာကို တွေ့ရတုန်းပါပဲ မောင်လေးရေ။ Check In အတွက် တန်းစီတာမျိုးလည်း မရှိကြဘူး။ သူများရှေ့ကနေ အတင်းကို ကျော်တက်ပြီး Check In ၀င်တော့တာပါပဲ။ တစ်ခါ တစ်လေ သူများတွေ Check In နေချိန်မှာတောင် အတင်းကိုသွားပြီး လက်မှတ်တပြပြနဲ့ လုပ်နေတတ်ကြသေးတာ။ အထူးသဖြင့်တော့ လူကြီးတွေပေါ့။ လူငယ်တွေကလည်း အတ္တနည်းသေးလို့လား မသိပါဘူး။ အတင်းကျော်တက်တာမျိုးတွေ သိပ်မတွေ့ရဘူး။ ကိုယ့်ရှေ့မှာ တစ်ယောက်ပြီး တစ်ယောက် ကျော်တတ်သွားကြပေမယ့် မမကတော့ ကိုယ့်အလှည့်ရောက်ဖို့ကို စိတ်ရှည်ရှည်နဲ့ပဲ စောင့်လိုက်ပါတယ်။ ဒါနဲ့ စကားစပ်လို့ မောင်လေး မမေးခင် ပြောရအုံးမယ်။ မမက Golden Myanmar Airline နဲ့ သွားတာကို။ အဲ့လေကြောင်းကို မောင်လေးတို့လည်း စီးကြဖို့ မမတိုက်တွန်းချင်ပါတယ်။ ၀န်ဆောင်မှုလည်း မဆိုးဘူး။ လေယာဉ်မယ်လေးတွေကလည်း သိပ်ချောတယ်။ အပြောချိုချို၊ အပြုံးချိုချိုနဲ့ ခရီးသည်တွေကို စိတ်ချမ်းသာစေပါတယ်။ လေယာဉ်စီးရတာကတော့ နိုင်ငံခြားသွားသလိုမျိုးတော့ မဟုတ်ဘူးပေါ့။ ဒုတ်ဒုတ် ဒုတ်ဒုတ်နဲ့ လမ်းကြမ်းမှာ ကားစီးနေရသလိုပါပဲ။ ဒါပေမယ့် အဆင်တော့ ပြေပါတယ်ကွယ်။ ဒီလိုနဲ့ပဲ မပင့် တစ်ယောက် မန္တလေးကို လေယာဉ်ပျံနဲ့ ရောက်သွားလေသတည်းပေါ့။

ကဲမောင်လေးရေ စာလည်း တော်တော်ရှည်သွားပြီ။ နောက်များမှပဲ တစ်ခြားအကြောင်းတွေကို မမဆက်ပြောပြအုံးမယ်နော်။ မမရဲ့ စာကို ဖတ်ရတာ မောင်လေး ပျင်းများသွားပြီလား။ ကျန်းမာရေးကိုလည်း ဂရုစိုက်ပါ။ ကိုယ့်ကိုကိုယ်လည်း ဂရုစိုက်ပါနော်။

 

ချစ်ခြင်းအားဖြင့်

မမ

Respect! Let’s Practice to Respect

Standard

ကျွန်မတို့ အချင်းချင်း တစ်ယောက်ကို တစ်ယောက်လေးစားမှုတွေ တစ်ဖြည်းဖြည်းလျော့ပါးလာကြပြီလို့ ခံစားမိတာ မြန်မာ – အိုမန် ဘောလုံးပွဲပြီးကတည်းကပါပဲ။ ရှုံးသည်ဖြစ်စေ ၊ နိုင်သည်ဖြစ်စေ ၊ ပရိတ်သတ်တွေဘက်ကသော်လည်းကောင်း ၊ အားကစားသမားတွေ ဘက်ကသော်လည်းကောင်း ၊ တစ်ဦးကို တစ်ဦးအချင်းချင်းလေးစားကြရမှာ ဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် လေးစားမှုအားတွေ လျော့ပါးခဲ့ရလို့ ကမ္ဘာ့ဖလားခြေစစ်ပွဲဝင်ဖို့ ပိတ်လုနီးဆဲဆဲအခြေအနေတွေ ဖြစ်ခဲ့ကြရတယ် မဟုတ်လား။

နောက်တစ်ခု ထပ်ပြီး ခံစားမိတာက ကျွန်မ ဆွဇ်ဇာလန်သွားကာနီး အဖြစ်အပျက်လေးကြောင့်ပါ။ အဲ့ဒီတုန်းက ကျွန်မမှာ ပတ်စပို့ပျောက်နေတာကြောင့် အသဲအသန်ကို စိတ်တွေပူပြီး လိုက်လုပ်နေရတဲ့အချိန်ပေါ့။ One Young World ကို နောက်တစ်ကြိမ် တက်ခွင့်ရတဲ့အတွက် ၀မ်းသာလုံးဆို့ပြီး အားမနာတမ်း လိုက်ကြွားနေရတဲ့ အချိန်လည်း ဖြစ်ပါတယ်။ ဒါကို သူငယ်ချင်းတစ်စုက နည်းနည်းကြည့်မရဖြစ်လာတယ်နဲ့ တူပါတယ်။ သာမန်စတာကနေ အလွန်ဆိုးဝါတဲ့ စကားလုံးတွေနဲ့ စော်ကားတဲ့အထိကို ဖြစ်လာတော့တာပါပဲ။ တစ်ကယ်တမ်းပြောရမယ်ဆိုရင် ကျွန်မစိတ်ထဲမှာလည်း ဒဏ်ရာတော်တော်ဖြစ်ခဲ့ပါတယ်။ တစ်ယောက်ကို တစ်ယောက်သာ လေးစားကြမယ်ဆိုရင် တစ်ဖက်နဲ့ တစ်ဖက် အမြင်မကြည်စရာတွေ ဖြစ်လာမှာ မဟုတ်ပါဘူး။ စတယ် နောက်တယ်ဆိုတာလည်း အတိုင်းအတာတစ်ခုထက်တော့ မကျော်လွန်သင့်ဘူးလေ။ ဒါဟာ သာမန်ကိစ္စတစ်ရပ်လို့ ထင်ပေမယ့် တစ်ကယ်တမ်းကျတော့ လူအချင်းချင်း လေးစားမှုနဲ့ အများကြီး ဆက်စပ်နေတာပါ။

နောက်တစ်ခုက လုပ်ငန်းခွင်ထဲမှာ ကြုံတွေ့ရတဲ့ အဖြစ်အပျက်ကလေးပါ။ ဒီနေရာမှာ ကျွန်မပြောချင်တာက လက်အောက်ငယ်သားဆိုတာ အထက်လူကြီးရဲ့ ဒေါသအိုး ပေါက်ကွဲစရာတွေ မဟုတ်ကြဘူး ဆိုတာပဲ ဖြစ်ပါတယ်။ ရာထူး အကြီးအငယ်ဆိုတာ လုပ်ငန်းအတွေ့အကြုံ ၊ ပညာအရည်အချင်း ၊ လုပ်သက်ကြာမှု ၊ လုပ်ရည်ကိုင်ရည်ရှိမှု အစရှိတာကြောင့် ဖြစ်လာတာရှိသလို လူကြီး သူမတွေနဲ့ ပေါင်းတတ်ရင် ပေါင်းတတ်သလို ရလာတတ်တာမျိုးလည်း ဖြစ်ပါတယ်။ လူတိုင်းမှာလည်း မိသားစုကိစ္စ၊ အခြားလူမှုရေး ၊ စီးပွားရေး ကျန်းမာရေး ကိစ္စတွေကြောင့် စိတ်မကြည်မလင် ဖြစ်တတ်ကြတဲ့ အချိန်ရှိပါတယ်။ အထက်လူကြီးများဟာ သူတို့စိတ်မကြည်မလင် ဖြစ်ကြတဲ့အချိန်မှာ ၀န်ထမ်းငယ်တွေကို သာမန်ထက် ပိုဆူတာ ၊ ပိုပြီးအလိုမကျတာတွေ ဖြစ်တတ်ကြပါတယ်။ တစ်ကယ်တမ်းဆိုရင် လက်အောက်ငယ်သားဆိုတာလည်း သူရာထူးအဆင့်နဲ့ ကိုက်ညီတဲ့ အလုပ်ဝန်ထုပ်ရှိပါတယ်။ လက်အောက်ငယ်သားတွေ အလုပ် မလုပ်ကြရင် အထက်လူကြီးလည်း နားကားမှာပါပဲ။ ငါက ရာထူးကြီးတယ်… အငယ်တွေကို ငါဆူချင်သလိုဆူလို့ ရတယ်ဆိုတာကလည်း လေးစားမှုမရှိရာရောက်ပါတယ်။ အပြန်အလှန်လေးစားမှု မရှိတဲ့အခါ အလုပ်ကို မလာချင်တာတွေ၊ အလုပ်ထဲမှာ စိတ်မပါတာတွေ ဖြစ်လာတတ်ပါတယ်။ နောက်ဆုံးထိခိုက်တာကတော့ ကုမ္ပဏီကိုပါပဲ။ အထက်လူကြီးတွေကလည်း လက်အောက်ငယ်သားတွေကို လေးစားတဲ့စိတ် ရှိရပါမယ်။

ဒီခေတ်မှာ ပညာတတ်ပိုပြီး ပေါများပါတယ်။ ပညာတတ်တွေ ပိုများတဲ့ လူ့အသိုင်းအ၀ိုင်းဆိုတာလည်း တစ်ဦးကို တစ်ဦး လေးစားမှုကို အခြေခံတဲ့ အသိုင်းအ၀ိုင်းပဲ ဖြစ်သင့်ပါတယ်။ Respect ဆိုတဲ့ စကားလုံးကို လူတိုင်း နားလည်ရုံသာမက ကျင့်သုံးတတ်ဖို့လည်း လိုပါသေးတယ်။ ကျွန်မတို့က ဦးနှောက်က သိနေရုံနဲ့ မပြီးပါဘူး။ နှလုံးသားထဲက သိနေဖို့လည်း လိုအပ်ပါတယ်။

ကျွန်မကိုယ်တိုင်မှာလည်း တစ်ခြားတစ်ဦးကို မလေး မစားလုပ်ခဲ့မိတာ ရှိခဲ့ပါတယ်။ တစ်ခါတစ်လေ သိသိကြီးနဲ့ အရွဲ့တိုက်တယ် ၊ တစ်ခါတစ်လေကျတော့ ပေါ့ပေါ့တန်တန်ပဲ သဘောထားပြီး ပြောဆိုမိတယ်။ တစ်ဘက်လူရဲ့ စိတ်ထဲမှာ တစ်ခုခုဖြစ်သွားခဲ့ရင် တစ်ချိန်ချိန်မှာ ဒါကလည်း ကိုယ့်အပေါ်မှာ တန်ပြန်သက်ရောက်မှု ရှိတာပါပဲ။ လူတိုင်း လူတိုင်းမှာလည်း ကိုယ့်ကို သူတစ်ပါးက မလေးမစားလုပ်ခဲ့သည်ကြောင့်ဖြစ်စေ၊ ကိုယ်က သူတစ်ပါးကို မလေးမစား ဆက်ဆံခဲ့မိသည်ကြောင့်ဖြစ်စေ နစ်နာဆုံးရှုံးခဲ့ရတဲ့ ပုံပြင်လေးတွေ ရှိကြမှာပါ။ ကျွန်မတို့က အမှားကိုသိရင် အမှန်ကို ပြန်ပြင်ကြရမှာ မဟုတ်လား။ ကျွန်မတို့ မြန်မာပြည်မှာ စကားပုံ တစ်ခုရှိပါတယ်။ “ကြီးသူကို ရိုသေ ၊ ရွယ်တူကိုလေးစား၊ ငယ်သူကိုသနား” ဆိုတာလေးပါ။ ကျွန်မကတော့ လူကြီး ၊ လူငယ် ၊ ရွယ်တူမရွေးကို လေးစားသင့်တယ်လို့ ပြောချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတိုင်း လူတိုင်းမှာ လေးစားသင့်တဲ့ Dignity ရှိနေတတ်ကြလို့ပါပဲ။

တစ်ယောက်ကို တစ်ယောက် လေးစားကြတဲ့ အကျင့်ကောင်းလေးတွေသာ ရှိကြမယ်ဆိုရင် ကျွန်မတို့ရဲ့ အလုပ်ခွင်မှာ၊ မိသားစုတွင်းမှာ၊ သူငယ်ချင်း အချင်းချင်းကြားမှာ လုပ်ကိုင်ပြောဆို နေထိုင်ရတာဟာ ပိုပြီး နွေးထွေးအဆင်ပြေမှု ရှိလာပါလိမ့်မယ်။ ဒါကြောင့် ကိုယ့်ကိုကိုယ် လေးစားသလို ၊ ကျွန်မတို့ အချင်းချင်း တစ်ယောက်ကို တစ်ယောက် လေးစားတဲ့ အသိုင်းအ၀ိုင်းလေးကို ပူးပေါင်းတည်ဆောက်ရင် ပိုမိုကောင်းမွန်တဲ့ လူ့ဘ၀ကြီးကို ဖန်တီးကြရအောင်လားရှင်။

Do you SEARCH? Do you READ? Do you KNOW?

Standard

ဒီလိုဆောင်းပါး ပုံစံမျိုးကိုရေးဖို့ ခုချိန်မှာ မလိုတော့ဘူးလို့ ကျွန်မ ထင်ခဲ့မိတယ်.. အဲ့လိုထင်နေတုန်းမှာပဲ ဒီဆောင်းပါးမျိုးဟာ ရေးနေဖို့ ပြောနေဖို့ လိုအပ်ဆဲမှန်း ကျွန်မသိလာရတယ်။ ရှာကြ၊ ဖတ်ကြ၊ သိကြတဲ့ သူတွေကို ကျွန်မမရည်ရွယ်ပါဘူးဆိုတာကိုတော့ အလေးအနက်ပြောပါရစေရှင်။ ကျွန်မတို့အားလုံးဟာ အင်တာနက်ကမ္ဘာကြီးထဲမှာ ဗဟုသုတ ရှာမှီးနေသူတွေပါ။ တစ်ချို့အတွက်ကတော့ အင်တာနက်ဆိုတာ ဗဟုသုတ ရှာဖို့ သက်သက် ဟုတ်ချင်မှ ဟုတ်မှာပေါ့လေ။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် တစ်ခုခု သိချင်တယ် ရှာချင်တယ်ဆိုရင် Google ကိုတော့ အားကိုးရတာ အမှန်ပါပဲ။ သိချင်တာတွေအပေါ်မှာ ကျွန်မတို့ ရှာကြတယ်.. အဖြေတွေ ထွက်ချင်သလို ထွက်လာတယ်.. ဒီလို ထွက်လာတဲ့ အဖြေတွေထဲကပဲ ကိုယ့်လိုအပ်ချက်နဲ့ အသင့်တော်ဆုံးတွေကို ကျွန်မတို့ ရွေးထုတ်ကြတယ်.. နောက်ပြီး Social Media တွေကနေတစ်ဆင့် ကျွန်မတို့ ရှာဖွေရင်း တွေ့လာ သိလာတာတွေကို မျှဝေကြတယ်.. ဒါကြောင့်ပဲ ဒီလိုမျိုးတွေကို တစ်ကယ်လိုအပ်နေတဲ့ တစ်ခြားသူတွေအတွက် အဆင်အသင့်ဆုံးသော အဖြေတွေရှိလာတယ်.. တစ်ယောက်ရဲ့ ကြိုးပမ်းမှုကြောင့် အများကောင်းကျိုးဖြစ်ရတယ်လို့ပဲ ဆိုလိုက်ပါရစေ။ သူလည်းရှာတယ်.. ကိုယ်လည်းရှာတယ်.ု.. ရှာလို့ရလာတာတွေကို သူလည်း မျှဝေတယ်.. ကိုယ်လည်း မျှဝေတယ်.. ဒါပေမယ့် တစ်ခါတစ်လေမှာ ဒီလိုလုပ်နေခြင်းတွေဟာ တစ်ခြားလူတွေကို အကျင့်ပျက်ရာ ရောက်စေသလား.. ကိုယ့်အားကို ကိုးဖို့ တွန်းအားမပေးရာ ရောက်နေသလားလို့ ကျွန်မ စဉ်းစားမိတယ်။ တစ်ချို့ တစ်ချို့တွေဟာ.. တစ်ခုခုကို သိချင်တယ်ဆိုရင် ကိုယ်တိုင်အရင် ရှာကြည့်ဖို့ထက်.. သူများကို မေးဖို့ကို ဦးတည်နေတတ်ကြတယ်။ အဆိုးဆုံးကတော့ Ready Made တွေကို လိုချင်တတ်ကြတာပေါ့။ ငါ့မှာ အဲ့ဒါမျိုး ရှာထားတာ မရှိဘူးလို့ ပြောလိုက်မိရင်ပဲ “ဒါဆိုရှာပေးလေ” ဆိုတဲ့ စကားမျိုးကို ပြောဖို့ ၀န်မလေးကြတော့ဘူး။ “ဘယ်လိုရှာရမလဲ” လို့ မေးတာကို ကျွန်မ လေးစားပေမယ့်.. “ရှာပေးလေ” လို့ ပြောတာမျိုးကိုတော့ ကျွန်မ သည်းမခံနိုင် ဖြစ်ရပါတယ်။ မြန်မာပြည်မှာ အင်တာနက် သုံးစွဲမှု အကန့်အသတ်တွေ ရှိပါတယ်။ ကျွန်မတို့ ကိုယ်တိုင်လည်း Youtube, Flickr နဲ့ အခြား Ban ထားတဲ့ ဆိုဒ်မျိုးမှာရှိတဲ့ Information တွေအတွက် နိုင်ငံခြားက အရမ်းကိုရင်းနှီးသူငယ်ချင်းတစ်ချို့ကို “ရှာပေးလေ” လို့ အနိုင်ကျင့်ရပါတယ်။ ဒါပေမယ့် ကျွန်မတိုက်တွန်းချင်တာကတော့ “ရှာပါ” ဆိုတာပဲ ဖြစ်ပါတယ်။ Read the rest of this entry

Characteristics of Sharp Women

Standard

Wow!! ဒီနေ့တော့ စောစောစီးစီးပဲ WordPress ကို ၀င်လို့ရသွားပြီရှင့်။ Endless Error ဆိုတဲ့ ပိုစ့်ကိုတောင် ခေါင်းစဉ်ပြောင်းရမလို ဖြစ်နေပြီ။ ၀င်လို့ရတုန်းလေး ပင့်ဂိုလ်းက၀ိ ပညာရှိ ရေးသားထားတဲ့ ထက်မြက်သော မိန်းမ၏ ကြန်အင်လက္ခဏာများကို ခပ်မြန်မြန်လေးပဲ တင်လိုက်ရပါတယ်ရှင့်။ ကိုယ်တိုင်တွေး၍ ကိုယ်တိုင်ရေးတာ ဖြစ်လို့ လွပ်လွပ်လပ်လပ် သဘောထားများ ကွဲနိုင်ပါသည်။ ဖြည့်သင့် ပြင်သင့် ဖယ်သင့်သည်များကို comment တွင် ရေးချန်ထားခဲ့ကြပါ။ နောက်ပိုင်းမှာ တရားဝင် ထုတ်ပြန်လို့ရအောင်.. အဟီး

1. ထက်မြက်သော မိန်းမဟူသည် ကိုယ်လျှောက်ရမည့် လမ်းကို ကိုယ်သိပြီး တစ်ဖက်စွန်းမရောက်ပဲ ဘ၀တွင် အရေးပါသည့်အရာ မှန်သမျှကို မျှအောင် ချိန်တတ်သောသူဖြစ်သည်။

2. ပညာရေး၊ အချစ်ရေးနှင့် လူမှုစီးပွားရေးများကို သမအောင် ရောမွှေတတ်ပြီး ချမ်းသာသုခကိုလည်း ဖန်တီးနိုင်သူ ဖြစ်သည်။

3. ကျောင်းများ အလုပ်ခွင်များတွင် တော်ပြီး ထက်မြက်သလို ကြင်ယာအတွက်လည်း နားလည်ပေးဆပ်နိုင်သူ ဖြစ်သည်။

4. ဆုံးရှုံးမှု တစ်ခုအတွက် ၀မ်းနည်း မနေတတ်သလို၊ တစ်ခုတည်းသော အောင်မြင်မှုနောက်ကိုလည်း တစ်ကောက်ကောက် မလိုက်တတ်ပေ။

5. အချစ်၏အရေးပါမှုကို သိရှိနားလည်ပြီး ဘ၀အောင်မြင်မှုများအတွက်လည်း ချစ်ခြင်းနှင့်အတူ တိုက်ပွဲဝင်တတ်သူ ဖြစ်သည်။

6. Flexible ဟူသော သဘောတရားကို နားလည်ပြီး သူ့ဘက် ကိုယ့်ဘက်မျှတအောင် နေထိုင်ကာ ကိုယ်ရှင်သန်ရာ ပတ်ဝန်းကျင်တွင်လည်း စံနမူနာ ယူထိုက်သူအဖြစ် နေထိုင်နိုင်သူ ဖြစ်ရမည်။

7. ပညာတတ်သော မိန်းမတိုင်းသည် ထက်မြက်သော မိန်းမ မဟုတ်သလို၊ ထက်မြက်သော မိန်းမတိုင်းသည်လည်း ဘွဲ့ပေါင်းများစွာကို ပိုင်ဆိုင်ချင်မှ ပိုင်ဆိုင်နိုင်ပေလိမ့်မယ်။

8. ခေတ်မီ၍ အတွေးအခေါ်များ ရှင်သန်ထက်မြက်ခြင်းသည် ဘွဲ့ပေါင်းများစွာကြောင့် မဟုတ်ပဲ စာများများဖတ်၍။ ဗဟုသုတ ရှာမှီးခြင်းမှ ရလာသော အရာများလည်း ဖြစ်နိုင်သည်။

9. ကိုယ့်ခြေထောက်ပေါ်တွင်လည်း အတ္တမများပဲ ကိုယ်တိုင်ရပ်တည်နိုင်ရမည်ဖြစ်သည်။

10. အဆုံးတွင်ကား ထက်မြက်သော မိန်းမဟူသည် လုပ်ငန်းခွင်တွင် အောင်မြင်ပြီး အိမ်ထောင်ရေးတွင် ပျော်ရွှင်သော သူများဖြစ်သည်ဟု တွံ သင်တို့သည် ဂဏှာဟိ မှတ်လော့။

Yeah, Yah, ဟုတ်

Standard

ကျွန်မတို့ လူမှုဝန်းကျင်မှာ လူတိုင်းပါးစပ်ဖျားမှာ “ဟုတ်” ဆိုတဲ့ စကားလေး တော်တော်ခေတ်စားလာတာ ကာလတစ်ခု ကြာမြင့်လာခဲ့ပါပြီ။ လူကြီး လူငယ် မရွေး ဒီစကားလေးကို ဖက်ရှင် တစ်ခုလို စပြောခဲ့ရာကနေ နေရာတော်တော် များများမှာ မပြောမဖြစ် ပြောရတာ ဒီ “ဟုတ်” ဆိုတဲ့ စကားလေးပါ။ ဘယ်နေ့ ဘယ်အချိန်မှာ ဘယ်လိုလူတွေက စထွင်ခဲ့တာလဲတော့ ကျွန်မလည်း မသိဘူးရှင့်။ အချိန်ကုန် လေကုန် သက်သာအောင် ဟုတ်ကဲ့ မှာ ကဲ့ ကိုဖြုတ်ပြီး ဟုတ် လို့များ ပြောကြလေရော့သလား။ ဒါပေမယ့် ကျွန်မဒီစကားလေးကို မျက်မုန်းကျိုးနေတာ တော်တော်တော့ ကြာခဲ့ပြီရှင့်။ ပြောပြန်ရင်လည်း အလုပ်မရှိ ကြောင်ရေချိုး ဖြစ်နေမှာ စိုးလို့ မပြောပဲ နေခဲ့ရာကနေ သူငယ်ချင်း Prizewai ကလည်း သူ့အမြင်လေးကို ရေးလိုက်တော့မှ မိုက်ဖော် မိုက်ဖက် ရသွားသလို ၀မ်းသာအားရနဲ့ ရေးလိုက်ရတာပါ။

အထူးသဖြင့် ဒီ ‘ဟုတ်’ ဆိုတဲ့ စကားလေးကို အသေမုန်းတာကတော့ ကျွန်မ အဖေနဲ့ ကျွန်မရဲ့ အင်္ဂလိပ်စာ ဆရာတစ်ယောက်ပါ။ အဖေ့ရှေ့မှာ ဟုတ် လို့ပြောရင် အမြဲ အဆူခံရပါတယ်။ လူကြီးကို မခန့်လေးစားနဲ့ ပေါ့ပျက်ပျက်နိုင်သလို မပြောစမ်း ပါနဲ့ သမီးရယ် လို့ အမြဲပြောပါတယ်။ ယဉ်ကျေးတဲ့ မြန်မာလူမျိုးတွေကို ယဉ်ယဉ် ကျေးကျေး ‘ဟုတ်ကဲ့’ လို့ပဲ ပြောစေချင်တယ်တဲ့။ အဲဒီ တုန်းကတော့ ကျွန်မက ငါ့အဖေ အပြစ်မရှိ အပြစ်ရှာ ဆူတတ်ရန်ကော လို့ မျက်နှာတော် ညှိုး၊ နုတ်ခမ်းတော် စူ ခဲ့ပါသေးတယ်။ ဒါပေမယ့် အခုတော့ ကျွန်မ တော်တော်လေးကို ဒီ ‘ဟုတ်’ ကို သဘောမတွေ့ ဖြစ်လာပါပြီ။ လူတိုင်းကတော့ ပြောနေကြတာပဲ။ ဟုတ် ဟုတ် ဟုတ် ဟုတ်။ ဒါပေမယ့် သေချာ စဉ်းစားကြည့်ပါ.။ ‘ဟုတ်ကဲ့’ နဲ့ ‘ဟုတ်’ အနှစ်သာရချင်း တော်တော်လေးကို ကွာပါတယ်။ ယှဉ်ပြောကြည့်ပါ။ ပိုသိသာပါ လိမ့်မယ်။ ကျွန်မလည်း ဒီ ‘ဟုတ်’ ကို ဖျောက်ဖို့ ကြိုးစားနေတယ်ရှင်။

ကျွန်မရဲ့ အင်္ဂလိပ်စာ ဆရာတစ်ယောက်ကတော့ yeah နဲ့ ပတ်သက်ပြီး ပြောဖူးတာပါ။ Yes နဲ့ Yeah က ကွာတယ် တပည့်တို့ရ။ Yes ဆိုတာ ယဉ်ကျေးစွာနဲ့ ‘ဟုတ်ကဲ့’ လို့ပြောတာ။ အထူး သဖြင့် လူကြီး၊ မိဘ၊ ဆရာသမား တွေနဲ့ ပြောရင် ထည့်ပြောရတယ်။ Yeah, yah ဆိုတာကတော့ ဗမာလို ‘အေး၊ ဟုတ်’ စတဲ့ အဓိပ္ပယ်နဲ့ ဆင်တူတာပေါ့တဲ့။ ဒါနဲ့ ပတ်သက်ပြီး ဆရာက ပြောဖူးပါသေးတယ်။ ဖြစ်ရပ်မှန် ပါပဲ။ ကျွန်မ memory မကောင်း မှုကြောင့် မပြည့်မစုံပဲ ဖတ်ရှုကြပါတော့ရှင်။ တစ်ခါက နိုင်ငံခြားက သာသနာပြု ဆရာတော်ကြီး တစ်ပါး မြန်မာပြည် ကြွလာတော့ ဒီက ဒကာ၊ ဒကာမ တွေလည်း ၀မ်းသာ အားရ ဖူးမြော်ကြာတော့ တာပေါ့။ ဒကာ တော်တွေထဲမှာ နိုင်ငံခြားကို ပေါက်ပေါက် ရောက်ရောက် ရှိကြတဲ့ ပညာတတ်ကြီးတွေ၊ သူဌေးကြီးတွေလည်း တော်တော် ပါကြပါတယ်။ အဲဒီမှာ ဆရာတော် မိန့်သမျှကို သူတို့တွေက လက်အုပ်လေး ချီပြီး yeah. Yeah နဲ့ ပြောနေတာ “အေးကွ၊ ဟုတ်တာပေါ့ကွ” လို့ ပြန်ပြောနေတာနဲ့ တူတူပါပဲ တပည့်တို့ရယ်တဲ့။ မင်းတို့တွေလည်း Yes နဲ့ Yeah ခွဲပြော တတ်ပါစေကွယ်တဲ့။

ဟုတ်ကဲ့ ကျွန်မကတော့ ဘိုလိုပြောတိုင်း၊ ချက်တိုင်း လူကြီး လူငယ်တိုင်းကို Yeah လုပ်နေကျပါ။ ဟုတ် လုပ်နေကျပါ။ ခုတော့ ကျွန်မ ကြိုးစားပြီး Yeah, Yah ကို မဖျောက်နိုင်ရင်တောင် ‘ဟုတ်’ ကိုတော့ သေချာကြိုးစားပြီး ဖျောက်ပါတော့မယ်ရှင်။