Category Archives: ရောက်တတ်ရာရာ

Advertisement :)

Standard

ကိုယ်ပိုင်ဒိုမိန်း ၊ ဟိုစတင်ဝယ်ယူလိုလျှင်ဒီကိုလာပါ (www.Pusker.com)

ကဲ ဒိုမိန်းဝယ်ဖို့အခက်အခဲဖြစ်နေသူတွေ ၊ ဟိုစတင်ကိုဈေးကြီးပေးပြီး ၀ယ်မသုံးချင်သူတွေအတွက် မြန်မာနိုင်ငံကနေလည်း ၀ယ်ရလွယ်ကူတဲ့ ၀ဘ်ဆိုက် လေးတစ်ခုနဲ့ မိတ်ဆက်ပေးလိုပါတယ် ။ ဒါကတော့ သူငယ်ချင်းတစ်ယောက်ပြုလုပ်ထားတဲ့ Service ပေးတဲ့ ဆိုက်တစ်ခုဖြစ်ပါတယ် ။

အသေးစိတ်အကြောင်းအရာတွေကိုတော့ ၀ဘ်ဆိုက်ထဲကို ၀င်ကြည့်နိုင်ပါတယ်ခင်ဗျာ ။ ကျွန်တော်တို့ အပြင်မှာ ၁၅ ကျပ်လောက်ပေးဝယ်ရတဲ့ ဒိုမိန်းကို ဒီဆိုက်လေးမှာ ၁၀ ကျပ်နဲ့ ၀ယ်ယူနိုင်ပါတယ် ။ နောက်တစ်ခုက ဒိုမိန်းဝယ်ယုံနဲ့ Free hosting တစ်ခုကိုပေးဦးမှာတဲ့ ။ အရမ်းကို ကောင်းမွန်တဲ့ ၀န်ဆောင်မှုများပဲ ဖြစ်ပါတယ် ။ Hosting Plan တွေကလည်း ဈေးအသက်သာဆုံးပါပဲ ။ Golden Plan ဆိုတာကိုလည်း အသစ်ပြုလုပ်ထားပါသေးတယ် ။

Unlimited plan တွေလည်းဈေးသက်သာလှပါတယ် ။

ကိုယ်ပိုင်ဒိုမိန်း ဟိုစတင် ၀ယ်ယူလိုသူတွေ အမြန်ဆုံး သွားရောက်လေ့လာကြဖို့ တိုက်တွန်းလိုက်ပါတယ် ။

Link : http://www.pusker.com

Advertisements

The Value of a “Thumb”

Standard

Thumbup

“လက်မ တစ်ချောင်းရဲ့ တန်ဘိုး”

 

 

 

 

 

“ငါသာ အင်္ဂါမစုံတဲ့ လူတစ်ယောက်ဖြစ်ခဲ့ရင် ဘယ်လိုနေမလဲ” ဆိုတဲ့အတွေးကို သင်တို့ တွေးဖူးကြပါသလား။ ခြေ ၊ လက် ၊ ခန္ဓာကိုယ်က တစ်ခြားကိုယ်အင်္ဂါတစ်ခုခု မပြည့်မစုံဖြစ်နေတဲ့လူတစ်ယောက်ဟာ ဘဝမှာရှင်သန်ဖို့ အတော်လေးကို ခက်ခဲပင်ပန်းစွာကြိုးစားအားထုတ်ရမှာ အမှန်ပါပဲ။ ကျွန်မ စာအုပ်တွေထဲမှာ ခြေနှစ်ဘက်လုံးပါမလာပဲ ဘ၀ကိုရပ်တည်နေတဲ့သူတွေအကြောင်း၊ လက်နှစ်ဘက်လုံး ပါမလာပဲ ဘယ်သူ့အထောက်အပံ့ကိုမှမယူ ကိုယ့်ဝမ်းစာကို ရှာဖွေစားသောက်နေတဲ့ သူတွေအကြောင်း၊ မျက်စိနှစ်လုံး ကွယ်နေရက်နဲ့ အသက်မွေးဝမ်းကျောင်းအတွက် အားတက်သရော အလုပ်လုပ်နေတဲ့ သူတွေအကြောင်းကို အများကြီးဖတ်ဖူးပါတယ်။ မြန်မာပြည်မှာလည်း ဗိုလ်ချုပ်ခင်ညွှန့်မြှောက်စားခဲ့ဖူးတဲ့ ကလေးလေးတစ်ယောက်ရှိပါသေးတယ်.. လက်ချောင်းလေးတွေ ပါမလာပေမယ့် ခြေထောက်တွေကို အသုံးပြုပြီး ကွန်ပျူတာ အရမ်းကျွမ်းကျင်တဲ့ ကလေးငယ်လေးရဲ့ နာမည်ကို ကျွန်မသတိတော့ မရမိတော့ဘူးရှင့်။ သူတို့တွေအကြောင်းကို ဖတ်ရတော့ ရင်ထဲမှာမကောင်းဖြစ်မိတာမှန်သလို၊ သူတို့လေးတွေရဲ့ ဘဝကို ကရုဏာလည်း သက်မိတာမှန်ပေမယ့် မရှိရင်တော့ ရှိတာလေးနဲ့ပဲ ကြိုးစားရပ်တည်ကြရမှာ သဘာဝပါပဲလေ ဆိုတဲ့အတွေးမျိုးသာ ရှိခဲ့ဖူးပါတယ်။ ကိုယ့်မှာသာ အင်္ဂါမစုံ ဖြစ်ခဲ့ရင်ဆိုတာကို ကျွန်မလက်မကိုက်ခဲနာကျင်တဲ့ နေ့ကျမှ ပြန်တွေးမိပြီး ထိတ်လန့်ခဲ့မိတာတော့ အမှန်ပါပဲ။

လွန်ခဲ့တဲ့ နှစ်ရက်လောက်က ကျွန်မလက်ချောင်းလေးတွေ အဆစ်တွေကိုက်ခဲပြီး ရောင်ကိုင်းနေခဲ့တယ်။ တစ်ခြားလက်ချောင်းလေးတွေက သိပ်မသိသာပေမယ့် ညာဘက်လက်မ တစ်ချောင်းကတော့ အတော်လေးကို အခြေအနေဆိုးတယ်ရှင့်။ ကိုက်ခဲလိုက်တာများ တစ်စစ်စစ်နဲ့ ညဘက်တွေတောင် အိပ်လို့မရတဲ့ အထိကို ဖြစ်ခဲ့တာပါ။ ဖြစ်တာကလည်း ညာဘက်ဆိုတော့ အတော်လေးကို ကသီလင်တနိုင်ပါတယ်။ ကျွန်မ ထမင်းစားရတာ အရမ်းအခက်အခဲတွေ့တယ် ၊ ပစ္စည်းတွေကိုင်ရတာလည်း အဆင်မပြေဘူး၊ ရေချိုးရတာလည်း အဆင်မပြေဘူး၊ အဝတ် ဝတ်ရတာ ၊ တစ်ခြားအလုပ်တွေ လုပ်ရတာ ဘာမှကို မလုပ်နိုင်အောင်ပါပဲ။ ဘယ်လက်ကလည်း လုပ်နေကျ အကျင့်မရှိတော့ အလုပ်ဖြစ်ဖို့ အတော်လေးကို အချိန်ယူရ ၊ အားတွေယူရပါတယ်။ အဲ့ဒီတော့မှ ခန္ဓာကိုယ်ရဲ့ အင်္ဂါတစ်ခုခု မကောင်းတာဟာ နေ့စဉ်နေထိုင်မှု ဘဝမှာ အတော်လေးကို အခက်အခဲ ကြုံစေပါလားဆိုတာကို ကျွန်မ လေးလေးနက်နက်ကြီးကို စဉ်းစားမိပါတော့တယ်။ ခြေ ၊ လက် တစ်ခုလုံး ကျိုးပဲ့သွားတာတောင် မဟုတ်ပဲ လက်မလေး တစ်ချောင်း ကိုက်ခဲ ရောင်ရမ်းနေရုံလေးကတောင် ဒီလိုအခက်အခဲတွေကို ကြုံစေရင် ဒီထက်ဆိုးတဲ့အခြေအနေတစ်ခုကို ကျွန်မမတွေးရဲအောင်ပါပဲ။

ခုတော့ ကျွန်မ ကိုယ်အင်္ဂါတွေကို အရင်ကထက်ပိုပြီး သိပ်ချစ်တတ်သွားခဲ့ပါပြီ။ သူတို့ကို အရှိအကို အရှိအတိုင်းပဲ ထားတာမျိုးမဟုတ်ပဲ အထိခိုက်အောင် ဂရုစိုက်နေထိုင်ရမယ်ဆိုတာလည်း သဘောပေါက်သွားပါပြီ။ ကိုယ်အင်္ဂါမပြည့်စုံတဲ့ သူတွေကိုလည်း ရင်ထဲ အသဲထဲကထက်ပိုတဲ့ စာနာမှုမျိုးထက် စာနာတတ်သွားပါပြီ။ ကိုယ်လက်အင်္ဂါပြည့်ပြည့်စုံစုံနဲ့ ရှင်သန်နေထိုင်ခွင့်ရနေတဲ့အတွက် ရှေးဘ၀က ကုသိုလ်အကျိုးပေးတွေကို နားလည်သဘောပေါက်ပြီး ဒီဘဝမှာလည်း ကောင်းကျိုးများကိုသာ များများဆောင်ရွက်သွားရမယ်ဆိုတာကိုလည်း ဆင်ခြင်မိသွားပါပြီ။ ကျွန်မရဲ့ သူငယ်ချင်းတွေ ၊ ကျွန်မဘလောဂ့်ကို လာဖတ်ကြတဲ့သူတွေကိုလည်း မိမိမှာ အကောင်းအတိုင်းရှိနေတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ပိုမိုတန်ဘိုးထား ဂရုစိုက်ကြပါလို့ ပြောချင်ပါတယ်ရှင်။

Some Quiz from facebook!

Standard

ဒီနေ့ စိတ်နည်းနည်လေနေတာနဲ့ facebook မှာလျှောက်သွားပြီး အဲဒီက Quiz လေးတွေ ဖြေနေလိုက်တယ်။ အပျင်းပြေပေါ့။ သူ့မှာ ရှိတဲ့ Quiz တွေ အများကြီးပဲရှင့်။ ဒီက ကော်နက်ရှင်ကလည်း မကောင်းသေးတာကြောင့် ဦးစားပေးဖြေချင်တာတွေကိုပဲ ဖြေခဲ့လိုက်တော့တယ်။ ကော်နက်ရှင် ကောင်းမှာ အကုန်ထပ်သွားဖြေအုံးမယ်။

လောလောဆယ် ကျွန်မက ဘယ်လို ဘယ်လိုဖြစ်တယ်ဆိုတာ ရလာတဲ့ အဖြေလေးတွေပါ။

“what does your name mean?” quiz and the result is beautiful. you are sensitive sweet and caring you always help your friends out you never let them fall!! (ကဲ ပင့်ဂိုလ်းဆိုတာ ပေါင်းဖို့ သင်းဖို့ သင့်ပါတယ်နော် :P)

“What type of person are you?” quiz and the result is You are a Lover. You are the people-pleaser. The affectionate and compassionate person. The person who loves to be around others, who is kind, soothing, and caring. You bring emotion to the world, and you are needed in everyone’s life. You have a contagious flair that people pick up on. (Type ကတောင် Lover ဆိုတော့ ကျန်တာကို ပြောစရာ မလိုတော့ဘူးပေါ့)

“What do ur Hands tell about YOU???” quiz and the result is Water Hand. Many people with this hand make good poets and musicians. They also go well in the fashion and beauty industry. For people with this hand emotions are more important than reason. (စာရေးဆရာဖြစ်အောင် ကြိုးစားရတော့မယ် ထင်တယ်)။

How open minded are you?” quiz and the result is Free soul. You Love to live an absolutly fre life. That does not mean that you are not responsipel person, but you do not belife that any one should prevent you from somthing that you really enjoy and does not hurt anyone else! (:P)

“Are you beautiful, hot or pretty?” quiz and the result is Hot. Even if you don’t have a pretty face, you have a hot body. Don’t get any surgery because you are already hot as it is. Oh ya… you wanna try make up? (Hot ဖြစ်တယ်ဆိုပဲရှင့်)။

နောက်ဆုံးမှာ တော့ ဒီလို ဒီလို ပြောပါတယ်။

“What do people love about you?” quiz and the result is Personality.. You’re a great person and always make people laugh. They admire your courage and views on life as well as your smile. You’re a great joy to be around, and people can never get board of you. (ဟော တွေ့လား Pinkgold က The Great Person တဲ့.. ငါကွ.. ဟ ဟ) 😛

Endless Error

Standard

ဘလောဂ့်လည်း မရေးဘူး.. အသစ်လည်း မတင်ဘူးတဲ့.. ကျွန်မကို ပြောနေကြလေရဲ့။ တစ်ကယ်က ပိုစ့်တွေတင်ချင်ပါတယ်။ ရေးဖို့စဉ်းစားထားတဲ့ အကြောင်းအရာတွေလည်း ရှိပါတယ်။ ဒါပေမယ့် ဘယ်လိုလုပ်မလဲ.. ကော်နက်ရှင်က ပိုးစိုး ပက်စက်ကိုနှေးနေတာ… ဘာဆို ဘာမှကို လုပ်လို့မရဘူးလေ။ Google ပဲတက်ပြီး ကျန်တာ ဘာမှကို မတက်တာ။ Gmail ၀င်ဖို့အရေး F5 ကို အခါ 100 လောက်နှိပ်ပေးရလွန်းလို့ သူ့ခမျာလည်း တော်တော်နဲ့နေပြီ။ WordPress ကလည်း homepage ပဲတက်ပြီး Log in လည်းဝင်လိုက်ရော အယ်ရာတက်သွားရော။ ကျန်တဲ့ ကိုယ်ကြည့်နေကျ website တွေလည်း အကုန် Access Denied ဖြစ်ကုန်တော့တာပါပဲ။ ပုဂံနက်ကလူတွေလည်း ပြင်ရင်းများ ပိုပျက်သွားသလား မပြောတတ်ပါဘူးရှင်.. အစက ငါးရက်နဲ့ ပြင်ပြီးမယ်ပြောတာ သိတော်မူကြတဲ့အတိုင်း ဆယ်ရက်ဖြစ်သွားတယ်။ ဧပရယ် (၁) ရက်နေ့ ပြန်ကောင်းမယ် ပြောတာတောင် ဧပရယ်ဖူးလ် လုပ်တာ ဖြစ်ချင် ဖြစ်နေနိုင်တယ်။ မြန်မာပြည်မှာ နေရာက ဒါလည်း စိတ်ညစ်စရာ တစ်ခုကောင်းတယ်။

WordPress ကို ၀င်လိုက်တာနဲ့ အပေါ်မှာ မြင်ရသလိုမျိုး ဖြစ်သွားပါလေရဲ့။ ဒါတောင် Proxy ကျော်ပြီး ၀င်လာတာ။ ဘာပရောက်ဆီလဲဆိုတော့ အင်း မပြောတော့ပါဘူး။

Recent Feeling

Standard

လူတစ်ယောက်ရဲ့ ခံစားချက်တွေ၊ ခံယူချက်တွေဆိုတာ အချိန်နဲ့အမျှ ပြောင်းလဲနေတတ်တာပါပဲ။ မပြောင်းလဲလို့လည်း မရဘူးလေ.. ဒီနေရာမှာ ဒီလိုတွေးပေမယ့် ဟိုနေရာ ရောက်ရင်တော့ ဟိုလိုတွေ ပြောင်းတွေးမှ ဖြစ်မယ့်အရာတွေကလည်း ရှိတာကို။ ဒါကြောင့်လည်း ကမ္ဘာကြီးမှာ လူတွေက အားနေရင် Change Change Change ဆိုပြီး အော်နေကြတာပေါ့။ ကျွန်မလည်း သိပ်တော့စိတ်မှန်တာ မဟုတ်ပါဘူး။ ခုတော့ လတ်တလောမှာ ခံစား ဖြစ်ပျက် တွေးမိနေတာလေးကို ဘာရယ်မဟုတ် ချရေးချင်စိတ်ပေါ်လာလို့ပါ။

လတ်တလောမှာ……

ဖတ်နေတဲ့စာအုပ်……………………………ဗြုတ်စဗျင်းတောင်း ရီဗြူးနှင့် စကားပြောသော အက်ဆေးများ (သစ္စာနီ)

အပြောများနေတဲ့ စကားလုံးက…………….. ကိုယ့်ထမင်းကိုယ်စား၊ ကိုယ့်အလုပ်ကိုယ်လုပ်ပြီး ကိုယ့်ဟာကိုယ် ရှုပ်နေရတဲ့ အထဲ.. ကြားထဲက ထပ်ရှုပ်နေတဲ့သူမျိုးက ရှိသေးတယ်

တွေးမိနေတဲ့အတွေးက…………………………အလုပ်ဟုတ်တဲ့ နေရာမှာ စွာရင်တော့ ထက်မြက်တာလို့ နာမည်ထွက်ပြီး၊ အလုပ် မဟုတ် တဲ့နေရာမှာ စွာရင်တော့ ကက်ကက်လန်လို့ နာမည်ထွက်လိမ့်မယ်

ရွတ်ဖြစ်နေတဲ့ သီချင်းစာသား……………. မမြင်တာ မဆုံတာကြပေမယ့် ရင်မှာအမြဲတမ်း မင်း ရှိတယ်

အလုပ်များနေတာက………………………. သင်္ကြန် Greeting Card တွေကြောင့်

စားဖြစ်နေတာက…………………………….ရုံးပတီသီးကြော် (ခုတလော တော်တော် အာတွေ့ လျှာတွေ့ ဖြစ်နေတယ်)

လုပ်ချင်နေတာက………………………… အိမ်တွင်းပုန်း (လူတွေနဲ့ ဆက်ဆံရတာ ခုတလော နည်းနည်း စိတ်ကုန်နေတယ်..)

သွားချင်နေတာခရီးက………………………ကမ်းခြေတစ်နေရာ (စိတ်ကိုထွက်ပေါက်ပေးဖို့ ပင်လယ်ကြီးကို ကြည့်ပြီး အော် ချင်စိတ်တွေ ဖြစ်နေလို့)

ရေးချင်နေတဲ့အကြောင်းက …………………လူတွေကြားက နားလည်မှုတွေအကြောင်း (မရေးတတ်တော့လည်း ခက်တယ်)

မပေးမဖြစ် ပေးနေရတာက ………………… မင်္ဂလာဆောင် လက်ဖွဲ့တွေ (ကိုယ်သာ မင်္ဂလာဆောင်ရင် အဲ့လူတွေကို ဘယ်မှာရှာရမယ်မှန်းတောင် သိမှာမဟုတ်ဘူး)

အတွေ့ချင်ဆုံးသူက ………………………… သူငယ်ချင်းတစ်ယောက်ကို (ပြောချင်တာ ပြောပြီး အားရ ပါးရကို ဖက်ငိုချင်တာ)

လိုချင်နေတာက …………………………… အမွေးပွပွ ၀က်ဝံရုပ် (နောက်နေ့သွားဝယ်မယ်.. မရတော့ဘူး)

ဖြစ်ချင်နေတာက ……………………………အချစ်ဦးရဲ့ နောက်ဆုံးချစ်သူ

သတိအရဆုံးလူ………………………………အဝေးရောက် လူတစ်ယောက်ပေါ့

ချစ်မိနေတာက ………………………………သဘာဝ ပတ်ဝန်းကျင်ကို

မုန်းနေတာက …………………………………နိုး နိုး ဒီ စိတ်တော့ မ၀င်အောင်နေတယ်

နားမလည်တာက …………………………… တစ်ချို့မိန်းမတွေကို

ဝယ်ဖြစ်တာက ……………………………… ဂျင်းပန် အနက်တစ်ထည်

မလုပ်မဖြစ် လုပ်နေရတာက ……………… စာကျက်နေရတယ် (အသဲ အသန်ကိုပဲ)

တော့င့်တမိတာက …………………………… အားပေးနှစ်သိမ့် ဖေးမပေးမယ့် ပခုံးတစ်စုံ

ခေါင်းထဲမှာ ခဏ ခဏ ၀င်လာတတ်တာက …………… တော်အောင် ထက်အောင် ငါ ဘာလုပ်ရမလဲ

ပြောချင်နေတဲ့ စကား………………………………ဒီပိုစ့်ကို ဒီမှာပဲ အဆုံးသတ်လိုက်တော့မယ် 😛

Longing for “Mee”

Standard

မီးရယ် မီးရယ်
မီးမလာတဲ့ နေ့တွေ ညတွေအလယ်
ရှင်သန်ရတာ ငါတစ်ကယ် မောတယ်…။

ရန်ကုန်မြို့မှာ ခုတလော မီးက အတော်လေးကို ဆိုးဆိုးဝါးဝါးပျက်နေတယ်။ နေ့လည်ဘက်လည်း မလာ၊ ညနေဘက်လည်းမလာ။ လာပြန်တော့လည်း ၁၅ မိနစ်၊ နာရီဝက်ထက် မပိုဘူး။ တစ်ခါ တစ်လေတော့လည်း သုံး လေး နာရီလောက် ကြာကြာ လာပေးတတ်ပါတယ်။ အချိန်က ည ၂ နာရီတို့၊ မနက် ၄ နာရီလောက်တို့။ ဘာလုပ်ရမှာလဲ.. တစ်နေကုန် ပင်ပန်းလာလို့ အိပ်မောကျနေတဲ့ကြတဲ့ ကျွန်မတို့လို လူမျိုးတွေအတွက် အဲဒီအချိန်မှာမှ မီးလာပေးလို့ ဘာလုပ်နိုင်မှာလဲ။

နွေရောက်ပြီ။ ရာသီဥတု ပူသည်။ မီးမလာလို့ ပိုပူသည်။ မီးမလာလို့ ရေမလာသည့် နေ့တွေလည်း ရှိသည်။ မီးမလာလို့ ညဘက်တွေ ၀ရံတာမှာ ယပ်တောင် တစ်ချောင်းနဲ့ ယပ်ခပ်ပြီး အချိန်သွားသည့် နေ့မျိုးတွေလည်း များလှပြီ။ သြော်.. ရက်စက်ပါ့ မီးရယ်။ EPC က ကိုကိုတွေများ အချောင်သဘောနဲ့ ဆီခိုးနေတာလားကွယ်။

မီးမလာတော့… စာမကျက်ချင်ဘူး။ မီးမွှေးရတာ ဒုက္ခရောက်တယ်။ မြန်မာပြည်မှာ မီးကို အားကိုးပြီး အလုပ်လုပ်လို့ မရမှန်းတော့ သိတာပေါ့ မီးရယ်။ ဒါပေမယ့် ခုဟာက လွန် လွန်း နေလို့ပါကွယ်။ အရင်တုန်းက ၁၁ နာရီလာ ၅ နာရီပြတ်ဆိုတဲ့ အချိန်မျိုးတွေ ရှိသေးတော့ မီးလာမယ့် အချိန်ကို မျှော်ရတာ အားရှိတာပေါ့။ မီးလာလို့ ကလေးတွေရဲ့ ဟေးးးးးးးးးး ခနဲ အော်သံကလည်း မင်္ဂလာရှိတဲ့ အသံပါပဲ မီးရယ်။ ခုတော့ မီးက လာချင်သလိုလာ.. ပြန်ချင်သလိုပြန်နဲ့ မီးကိုများ စောင့်နေရင် ဘ၀ပျက်သွားနိုင်တယ်။

မြန်မာပြည်မှာ နေမိမှတော့ မီးနဲ့ အချိန်တိုင်းဆုံခွင့် မရှိမှန်း နားလည်ပါတယ် မီးရယ်။ ဒါပေမယ့် ဖြစ်နိုင်မယ်ဆိုရင်၊ လာချင်သလို လာနေတာမျိုးထက် စာရင် အရင်လိုမျိုး အချိန် အကန့် အသတ်လေးနဲ့ဖြစ်ဖြစ် လာပေးပါလားကွယ်။ အချိန်နဲ့မျှော်၊ အချိန်နဲ့ လုပ်ရတာဟာ.. မရေရာတဲ့ ဗလာသက်သက်ထက်စာရင် ကောင်းကျိုးတော့ ရှိသေးတယ် မဟုတ်လား။

မီးကို အရင်လိုအမြဲ ပြန်တွေ့ရဖို့ဆိုတာ ငါ့အတွက်တော့ အိပ်မက်မက်တာလောက်တောင် မသေချာတဲ့ ကိစ္စမျိုးပါလား မီးရယ်။

Busy and Pretty Weekends!

Standard

ရုံးပိတ်ရက်တွေဆို ကျွန်မသိပ်အလုပ်များတယ်။ အရင်တုန်းကဆို ပိတ်ရက်တွေ ကျွန်မကို အိမ်မှာ ဖမ်းမိဖို့ဆိုတာ တော်တော်ခက်ခဲတာ။ သူငယ်ချင်းတွေနဲ့ ချိန်းပြီး သွားချင်ရာ လျှောက်သွားနေရော။ ခုတော့ အခြေအနေတွေက မတူတော့ဘူးလေ။ အိမ်မှာ မနေလို့ကို မဖြစ်တော့ဘူး။ အမကြီး အမိအရာဆိုသလို ညီမလေးကို စောင့်ရှောက်ရမယ့် တာဝန်တွေအပြင် ချက်ကျွေးရမယ့် တာဝန်ကလည်း ရှိလာပြီကိုးရှင့်။

ကျွန်မှာ သောကြာနေ့ညနေကတည်းက အားတယ်ဆိုတာ မရှိတော့ဘူး။ ကျွန်မ ညီမလေးက ပညာရေးတက်ကသိုလ် တက်နေတာလေ။ ကောင်းတာတစ်ခုက သူတို့ကျောင်းက အဆောင်ပေးတယ်ရှင့်။ အရင်တုန်းက ကျောင်းသူ၊ ကျောင်းသားတွေလိုပေါ့။ ပုဂံဆောင်တို့၊ တကောင်းဆောင်တို့၊ န၀ဒေးဆောင်တို့ ဆိုတာတွေမှာ B.Ed က ကျောင်းသူတွေ နေကြရတာ။ ညီမတော်က သောကြာနေ့ဆိုရင် အဆောင်က ထွက်လာပြီး ကျွန်မအိမ်မှာ လာအိပ်တာ။ တနင်္ဂနွေနေ့ ညနေဘက် ခြောက်နာရီမထိုးခင် အဆောင်ပြန်ဝင်ရတာ ဆိုတော့ အိမ်မှာ ညနေ ငါးနာရီလောက်ထိတော့ သူကရှိနေတာပေါ့။ အဲဒီတော့ ကျွန်မမှာလည်း သူမပြန်မချင်းကို သူ့အတွက် လုပ်ပေးရ ကိုင်ပေးရ၊ ချက်ပြုတ်ပေးရ၊ အဆောင်မှာ တစ်ပတ်စာစားဖို့ ဟင်းတွေ လုပ်ပေးရနဲ့ အားကို မအားနိုင်ပါဘူး။ သူငယ်ချင်းတွေ အရင်တုန်းကဆို မေးလေ့ရှိတယ်။ ပိတ်ရက် ဘယ်သွားလဲ၊ ဘယ်ရောက်နေလဲ ဆိုပြီးတော့။ ဟုတ်ကဲ့ ပိတ်ရက်ဆို ကျွန်မမှာ မီးဖိုချောင်ကကို မထွက်ရပါဘူးရှင်။

ညီမလေးကလည်း အဆောင်ကို မပြန်ခင်ကျွန်မကို ကြိုမှာထားခဲ့တာ။ မထက် သောကြာနေ့လာရင် ဘာဟင်းချက်ထားနော် ဆိုပြီးတော့။ သူစားချင်တဲ့ ဟင်းကို မနက် မီးလာလာ၊ မလာလာ ချက်ထားရတာပေါ့ရှင်။ ဒါမှ သူညနေအိမ်ပြန်ရောက်ရင် အဆင်သင့်စားရမှာကို။ ကျွန်မက သောကြာနေ့ဆို ရုံးတက်ရသေးတာနဲ့ ဘာနဲ့ ညနေကို ခုနစ်နာရီလောက်မှ အိမ်ပြန်ရောက်တာကိုး။ စနေနေ့ဆိုလည်း ဒီလိုပါပဲ ရုံးက နေ့တစ်ဝက် တက်ရသေးတော့ မနက်ရုံးမသွားခင်ကတည်းက မမလေးစားဖို့ နေ့လည်စာက အသင့်ဖြစ်အောင် ချက်ရသေးတာ။ ဒီအချိန်မှာ မီးတွေ ဘာတွေလည်း ဂရုမစိုက်အားတော့ပါဘူး။ မီးမလာလည်း မီးသွေးနဲ့မီးမွှေးချက်ရတာပေါ့။ တနင်္ဂနွေဆိုလည်း ဒီလိုပါပဲ။ မနက်ဆို ညီအစ်မ နှစ်ယောက် ဈေးကိုသွား၊ သူက စားချင်တာကို လက်ညှိုးထိုး၊ ကျွန်မက၀ယ်၊ ပြန်ရောက်တော့ ချက်စားကြနဲ့ ပျော်စရာတော့ တော်တော်ကောင်းပါတယ်။

ချက်ပြီးတော့လည်း မပြီးသေးပြန်ပါဘူး။ ကြီးတော်လေးက အ၀တ်တွေကိုလည်း သယ်လာသေးတာ။ သူကတော့စာကျက်ပေါ့လေ။ ကျွန်မကတော့ လျှော်လိုက်၊ မီးပူတိုက်လိုက်၊ အိမ်သန့်ရှင်းရေး လုပ်လိုက်နဲ့ တစ်နေကို ကုန်ရော။ အိမ်မှာ အတူနေကြတဲ့ တစ်ခြားသူငယ်ချင်းတွေလည်း တနင်္ဂနွေနေ့ဆို အကုန်ဆုံကြတာကိုး။ သူတို့တွေလည်း ထမင်းတွေ ဟင်းတွေချက်၊ ပြီးတော့ အကုန်စုစားကြနဲ့ အတော်လေးကို ပျော်စရာကောင်းပါတယ်။ ကျွန်မတို့တွေ အားလုံးက ညီအစ်မတွေလို ဖြစ်နေပါပြီ။

ကျွန်မ ရန်ကုန်မှာ တက္ကသိုလ်စတက်တုန်းက သိပ်ကိုရီရတာ။ အိမ်မှာဆို ကျွန်မတို့က ဘာမှမလုပ်ရဘူးလေ။ ထမင်းကို ခူးပြီးသား အဆင်သင့်စား၊ အ၀တ်ကို မီးပူတိုက်ပြီးသား အဆင်ဝင့်ဝတ်နဲ့ ဘာဆိုဘာမှကို မလုပ်တတ်တာ။ အိမ်မှာက ကျွန်မအမေရဲ့ညီမ အဒေါ်အပျိုကြီးကလည်းရှိတော့ သူက တူမတွေအတွက် အကုန်ကို လိုက်လုပ်ပေးတာ။ မနက်မိုးလင်းရင် မုန့်က အဆင်သင့်၊ ကျောင်းသွားခါနီး ထမင်းခူးပြီးသား၊ ပန်းကန်တွေလည်း ဆေးစရာမလို၊ အ၀တ်တွေလည်းလျှော်စရာမလိုနဲ့ ကျွန်မ 10 အောင်ပြီးတဲ့အထိ ဘာဆို ဘာမှကို မလုပ်တတ်တာပါရှင်။ ကျောင်းလည်း လာတက်ရော ဒုက္ခနဲ့ လှလှနဲ့တွေ့ရော။ ထမင်းဟင်း မချက်တတ်လို့လေ။ အတူနေတဲ့ အစ်မတွေကိုမေး။ အမေကလည်း အလွယ်ဆုံး ဟင်းချက်နည်းတွေကို သင်ပေး၊ အဲတုန်းကဆို မှတ်မိပါသေးတယ် ကြက်ဥကြော်ရယ် လက်ဘက်သုတ်ရယ်နဲ့ပဲ နေ့တိုင်း ထမင်းစားရတာများတယ်။ ဟင်းမချက်တတ်လို့။ အိမ်က ပို့လိုက်တဲ့ အခြောက် အခြမ်းတွေကို မစားချင်လည်း ဖြစ်ညှစ်စားနဲ့ တော်တော်ကို စားလို့ မ၀င်တာ။ နောက်တော့လည်း ဒီလိုပါပဲ စမ်းချက်ကြည့်ရင်း တတ်သွားတာပေါ့။ ဟိုနေ့ကလည်း အိမ်ကို ညီမတစ်ယောက်က လာလည်လို့ ထမင်းတွေ ချက်ကျွေးတာ ဘာပြောသွားတယ်မှတ်တုန်း မထက် ထမင်းချက်တတ်တာ သူ့အတွက်တော့ ကမ္ဘာ့ အံ့ဖွယ် တစ်ခုလိုပါပဲတဲ့၊ ကောင်းရော။

နောက် ကျွန်မပျော်တာ တစ်ခုရှိသေးတယ်။ ကျွန်မညီမလေး နေရတဲ့ တစ်ကောင်းဆောင်က သထုံလမ်းမှာလေ။ အဲတော့ သူ့ကိုလိုက်ပို့ရင်း သထုံလမ်းကို လျှောက်ရတာလည်း ပျော်တယ်။ အရင်တုန်းကတော့ ကျောင်းသူ ကျောင်းသားတွေနဲ့ ပျော်စရာ ကောင်းချင် ကောင်းမှာပေါ့။ ကျွန်မတို့က ရွာသာကြီးမှာ ကျောင်းတက်ရတဲ့ ခေတ်ဆိုတော့ မမီလိုက်ဘူးပေါ့ရှင်။ ခုတော့ သထုံလမ်းမှာ အားကစား သမားတွေချည်းပါပဲ။ ပညာရေးတက္ကသိုလ်က ကျောင်းသူတွေကိုတော့ တွေ့ရပါတယ်။ တင်းနစ်စ်ကွင်းမှာ တင်းနစ်စ် ရိုက်နေကြတဲ့သူတွေ၊ ဘောလုံးကွင်းမှာ ဘောလုံးကန်နေကြတဲ့သူတွေ၊ အမျိုးသား အားကစားရုံမှာ လာဆော့ကြတဲ့သူတွေနဲ့ပဲ သထုံလမ်းကလည်း စည်ကားနေပါတယ်။ ညနေဘက်ကို အေးအေးလေး လမ်းလျှောက်ရတာ တော်တော်ကြည်နူးစရာ ကောင်းပါတယ်ရှင့်။

ဒီလိုပါပဲ ကျွန်မရဲ့ အားလပ်ရက်တွေဟာ ညီမတစ်ယောက်နဲ့တင် တော်တော်ကို အလုပ်များနေတော့တာ။ ဒီညီအစ်မကလည်း သိပ်ကိုချစ်ကြတာဆိုတော့ အလုပ်များပေမယ့် ပျော်စရာ ကောင်းတာပေါ့ရှင်။ ကျွန်မစဉ်းစားမိတာ တစ်ခုရှိတယ်။ ညီမတစ်ယောက်နဲ့တောင် ဒီလိုဖြစ်နေတာ မတော်တစ်ဆများ ယောင်္ကျားလေးဘာလေးရလို့ ကလေးတွေ ဘာတွေ မွေးခဲ့ရင် အိမ်ရှင်မ လုပ်ရတာ တော်တော်ပင်ပန်းမှာပဲလို့။……..တော်ပါပြီ စိတ်ကုန်တယ်.. တောထဲကသစ်ပင်ပေါ်မှာ သွားနေမယ်….. သြော် ပိုစ့်ရေးပြီးသွားလို့ သီချင်းဆိုတာပါ.. ဘာရယ် မဟုတ်ပါဘူး။