Category Archives: Family and me

My Second Mother (or) Grandma

Standard

ကျွန်မက နို့မကြိုက်ပါ။ အနံ့လည်း မခံနိုင်ပါ။ ကျွန်မကို မွေးပြီး သုံးလလေက်အကြာမှာ အမေက ကျွန်မကို အဖွားနဲ့ ထားခဲ့ပြီး တက္ကသိုလ်တက်ရသည်။ ထို့ကြောင့် ကျွန်မသည် မိခင်နို့ကို သုံးလခန့်သာ စို့ဖူးပြီး နို့ဖြတ်စရာမလိုပဲ နို့ပြတ်သွားသူ တစ်ယောက်ဖြစ်သည်။ ကျွန်မကို မွေးတော့ အမေ ဒုတိယနှစ် တက္ကသိုလ်ကျောင်းသူ တစ်ယောက်။ ကျောင်းဆရာတစ်ယောက်ဖြစ်သော အဖေက အမေကို ငွေပို့ဖို့အတွက်ရယ် ၊ တစ်ခြားနေရာတစ်ခုမှာ တာဝန်ကျနေသည့် အတွက်ကြောင့်ရယ် အလုပ်များနေတာကြောင့် ကျွန်မဆီသို့ တစ်ပတ်တစ်ခါသာ လာကြည့်နိုင်သည်။ ဒါကြောင့် မွေးကင်းစ ကျွန်မကို ကြီးပြင်းအောင် ကျွေးမွေးရသည်က ကျွန်မ အဖွား။ ကျွန်မ ငယ်ငယ်တုန်းက တော်တော်လေးကို အငိုသန်ပြီး အကျင့်လည်း ဆိုးသည်ဟု လူကြီးများက ပြန်ပြောကြသည်။ ဟုတ်ချင်လည်း ဟုတ်ပါလိမ့်မယ်။ မိခင်နို့မစို့ရသော ကျွန်မကို အဖွားက ကိတ်မုန့်ပျော့ပျော့လေးများကျွေးလိုက်၊ ရေနွေးကြမ်းကို ချိုအောင် သကြားနှင့်ဖျော်ကာ နို့မထွက်သော အဖွားနို့ကို ကျွန်မနုတ်ခမ်းဖျားမှာ တေ့ပေးပြီး သကြားနဲ့ဖျော်ထားသော ရေနွေးကြမ်း အေးအေးကို အဒေါ်က အပေါ်က တစ်စက်ချင်း လောင်းချကာ နို့တိုက်ဟန် ဆောင်ရသည်ဟု အဖွားက ပြောဖူးသည်။ နွားနို့ ၊ ဆိတ်နို့ အစရှိသည်များကို တိုက်လျှင်လည်း ကျွန်မက ချက်ချင်းကို ထွေးထုတ်တတ်သည်ဟု ဆိုသည်။ ထို့ကြောင့် ကျွန်မသည် နို့မထွက်သော အဖွားနို့ကို စို့ကာ ကြီးပြင်းခဲ့ရသူ တစ်ယောက်ဖြစ်သည်။ ကျွန်မ အသက် (၅) နှစ်ခန့်အထိ အဖွားအိမ်တွင်သာ ကျွန်မနေသည်။ အမေပါ ကျောင်းဆရာမ ဖြစ်သွားသောအခါ အမေတာဝန်ကျသည့် နေရာကလည်း နောက်တစ်နေရာ ဖြစ်သွားသောကြောင့် ကျွန်မ၏ ကလေးဘ၀အဖော်သည် အဖွားနှင့် အဒေါ်သာ ဖြစ်ခဲ့သည်။

အဖွားက ချောမောလှပသူ တစ်ယောက်ဖြစ်သည်။ အဖွားကို ကြည့်လိုက်လျှင် ဘယ်လောက် အလုပ်များများ လှပကျော့ရှင်းနေတတ်သည်။ ကျွန်မကော ၊ ကျွန်မ အမေကော အဖွားချောသည့် ဆယ်ပုံ တစ်ပုံပင် ချောကြသူများ မဟုတ်ကြပါ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ယောင်္ကျားဆုံးသွား သဖြင့် မုဆိုးမ တစ်ယောက်လည်း ဖြစ်သည်။ သို့သော် အဖွားက နောက်အိမ်ထောင် မထူထောင်ခဲ့ပါ။ မုဆိုးမ ဘ၀နှင့်ပင် ဈေးဆိုင်လေးဖွင့်ကာ အမေတို့ ညီအစ်မ သုံးယောက်ကို ပညာတတ်အောင် သင်ခဲ့သည်။ ရပ် ရွာတွင်လည်း စောရှင်ဦး ဆိုလျှင် မသိသူ မရှိ။ သာရေးဆိုလည်း အဖွားက ထိပ်ဆုံးက၊ နာရေးဆိုလည်း အဖွားက ထိပ်ဆုံးက ဦးဆောင်လုပ်ကိုင်ပေးတတ်သည်။ အပြောအဆို အနေအထိုင်ကလည်း နုညံ့သိမ်မွေ့လွန်းသဖြင့် လူကြီးသူမများက အဖွားကို စံနမူနာထားကာ သားသမီးများကို ဆို ဆုံးမတတ်ကြသည်။ အဖွားသည် အတန်းပညာကို မူလတန်းထိသာ သင်ဖူးသော်လည်း စာအလွန်ဖတ်သူ တစ်ယောက်ဖြစ်သည်။ တိုင်းရင်းဆေးကျမ်းများ၊ အရိုး အကြောအကြောင်းများ၊ တရားစာအုပ်များ၊ သီးပင် စားပင်အကြောင်းများ အစရှိသည့် စာအုပ်များကို အဖွား၏ စာအုပ်စင်တွင် ကျွန်မ တွေ့ဖူးသည်။ ရပ်ထဲ ရွာထဲတွင် သာမန်နေမကောင်းဖြစ်ခြင်းများကို အဖွား၏ ဆေးစပ်ပေးမှုနှင့်သာ ပျောက်ကင်းကြသည်။ ထို့ကြောင့် အဖွားသည် ရပ် ရွာ၏ အားကိုးစရာ ဆေးသမား တစ်ယောက်လည်း ဖြစ်သည်။ ကျွန်မ ငယ်ငယ်က ဖျားလျှင်လည်း အဖွားတိုက်သော ဆေးကိုသာ သောက်သည်။ ဇက်ကြောတက်လျှင်၊ ညောင်းညာလျှင် အဖွားနှိပ်ပေးမှသာ ကောင်းသည်ဟု ထင်သည်။ လူကြီးများကပင် အဖွားနဲ့ မြေးက ပြောင်းပြန်ပါလားဟု စနောက်တတ်ကြသည်။ ကျွန်မတို့ အသက်ကြီးသည်အထိ နေမကောင်းဖြစ်သည်ဟု သတင်းရရခြင်း အဖွားသည် သူ့ရွာမှ လိုက်လာကာ သူ့ရင်ခွင်တွင်ထားလျက် ကျွန်မတို့ကို ပြုစုပေးလေ့ရှိသည်။

သာရေး နာရေးတွင်သာ မဟုတ်၊ အဖွားက ဘုရား တရားလည်း ကိုင်းရှိုင်းသူဖြစ်သည်။ အဖွား၏ အိမ်တွင် တရားသံဖြင့် လွှမ်းနေတတ်သည်။ အလွန်တရာပူပြင်းသော မတ်လ ၊ ဧပြီလလိုမျိုးတွင်တောင် အဖွားက ဥပုသ်စောင့် ပျက်သူ မဟုတ်။ အချိန်အားလျှင်လည်း ဘုန်းကြီးကျောင်းခြံဝင်းထဲမှာ ၊ ရွာပြင်ရှိ စေတီလေးမှာ သန့်ရှင်းလေး လုပ်ပေးလေ့ရှိသည်။ အဖွားတို့ ရွာတွင် အဖွားဦးဆောင်သော ဘုရားသန့်ရှင်းရေး လုပ်အားပေး အဖွဲ့ပင်ရှိသည်း။ ဘုန်းကြီးကျောင်းတွင်လည်း တရားဓမ္မကို ဦးဆောင် ဆွေးနွေးတတ်သူဖြစ်သဖြင့် ဘုန်းကြီးနှင့် တကွ အခြား လူကြီးသူမ များကလည်း အဖွားကို ချစ်ခင် လေးစားကြသည်။ အချုပ်ဆိုရသော် အဖွားသည် လူကြီး လူငယ်မရွေး အကြောင်း အမျိုးမျိုးဖြင့် ချစ်ခင်လေးစားခြင်း ခံရသူ တစ်ယောက်ဖြစ်သည်။

Read the rest of this entry

Advertisements

Congratulations!! My Younger Sister

Standard
ဒီနေ့ ၁၀ တန်းအောင်စာရင်းတွေ ထွက်ပါတယ်။ ကျွန်မရဲ့ ညီမလေးလည်း ဆယ်တန်းဖြေထားတော့ ကျွန်မအတွက် ရင်ခုန်ရတဲ့ နေ့တစ်နေ့ပါပဲ။ ကိုယ့်ရဲ့ အောင်စာရင်းတုန်းကတောင် ဒီလောက် ရင်မခုန်ပါဘူး။ ညကလည်း အိပ်မပျော် တစ်ချက်၊ ပျော်တစ်ချက်နဲ့ မျှော်လင့်ရတာ ရင်တထိတ်ထိတ်ပါပဲ။

မနက် အစောကြီး အဖေဖုန်းဆက်လာတယ်။ ညီမလေး 3Dထွက်တယ်တဲ့။ ဒါပေမယ့် အိမ်မှာ ငိုနေလေရဲ့တဲ့။ ဟုတ်တာပေါ့ All D မှန်းထားတဲ့ သူတစ်ယောက် 3 Dပဲပါလာတော့ ၀မ်းနည်းစရာပေါ့လေ။ ပြီးတော့ ရန်ကုန်မှာ ကျောင်းလာတက်တဲ့ သူ့သူငယ်ချင်း တစ်ယောက်ကလည်း လေးဘာသာထွက်သွားတော့ စိတ်ထဲမှာ တစ်မျိုးလေး ခံစားနေရမှာပေါ့။ ဒါပေမယ့် ဘာဖြစ်လဲ ဂုဏ်ထူးသုံးဘာသာတောင် ပါတဲ့ ညီမလေးအတွက် ကျွန်မ ၀မ်းသာပါတယ်။ ဂုဏ်လည်း ယူပါတယ်။ အစ်မနဲ့ တူလို့ တော်တာလေ.. သိတယ်မဟုတ်လား..ပင့်ဂိုလ်း ညီမက ပင့်ဂိုလ်းလိုပဲပေါ့.. ဟဲဟဲ။ တစ်ကယ်တော့ ညီမလေးက ကျွန်မတုန်းကထက် အများကြီးကြိုးစားပြီးအများကြီးလည်းတော်ပါတယ်။ ဆရာ ဆရာမတွေကလည်း သူ့ကို အမျှော်လင့်ကြီး မျှော်လင့်ထားကြတယ်လေ။

ဒီနေ့တော့ ကျွန်မအတွက် မင်္ဂလာရှိသော နေ့ပါပဲ။ မနက်စောစော မင်္ဂလာသတင်းကို ကြားလိုက်ရတဲ့ အတွက်ကြောင့်ပါ။ ညီမလေးကိုလည်း အဖေကနေ တစ်ဆင့် အားပေးရပါသေးတယ်။ ကိုယ်မှန်းထားသလောက် မပါပေမယ့် ရိုးရိုးအောင်တဲ့ သူတွေထက်စာရင် အများကြီး တော်သေးတာပေါ့လို့။ သုံးဘာသာ ဆိုတာလည်း နည်းတာမဟုတ်ဘူးလို့။ သူငယ်ချင်းက လေးဘာသာထွက်ရင် ကိုယ်ကသူ့အတွက် ပို မ်းသာပေးရမယ်လို့။

ကျွန်မညီမလေး ဆယ်တန်းအောင်သွားတော့ ကျွန်မလည်း အငြိမ်နေရတော့မှာ မဟုတ်ပါဘူး။ အစ်မကြီး အမိအရာ ဆိုသလို (အဟမ်း အဟမ်း…) သူ့အတွက် လိုအပ်တာတွေ၊ စီစဉ်စရာတွေ၊ သူလျှောက်ရမယ့် လမ်းကြောင်းတွေကို ရွေးချယ်ပေးရပါတော့မယ်။ မိဘရဲ့အမြင်၊ ကျွန်မရဲ့ ဆန္ဒ၊ ညီမလေးရဲ့ဝါသနာတွေကို အတတ်နိုင်ဆုံး ညီအောင်ညှိပြီး သူ့ဘ၀တိုးတက်ရာတိုးတက်ကြောင်းအတွက် စီမံပေးရတော့မှာပါ။ ကျွန်မ၀မ်းနည်းမိတာ တစ်ခုကတော့ သူဆယ်တန်းအောင်ချိန်မှာ သူ့အတွက်ထောက်ပံ့ပေးဖို့ ကျွန်မ အဆင်သင့်ဖြစ်မနေလို့ပါ။ ကျွန်မလည်း တော်တော်ကြိုးစားရပါအုံးမယ်။

ကဲ.. ဒီနေ့ ဘလောဂ့်လာဖတ်တဲ့ သူတွေလည်း သုံးဘာသာ ဂုဏ်ထူးရှင် ကျွန်မရဲ့ညီမလေးကို ကျွန်မနဲ့အတူ ဂုဏ်ပြုလိုက်ကြရအောင်လားရှင်။
Congratulations My Younger Sister!!!

For My Beloved Father

Standard

ဇွန်လဆိုတာ ကမ္ဘာတစ်ဝှမ်းလုံးမှာ အဖေများနေ့ကို ကျင်းပကြတဲ့ မင်္ဂလာရှိသော လတစ်လပေါ့။ ကျင်းပတဲ့ နေ့ရက်တွေက နိုင်ငံအလိုက် ကွဲပြားမှုရှိပေမယ့်.. နှစ်တိုင်း နှစ်တိုင်းတော့ အဖေများနေ့ကို မပျက်မကွက် ကျင်းပလေ့ရှိကြပါတယ်။ မြန်မာနိုင်ငံမှာတော့ ကျင်းပတဲ့ အစဉ်အလာ သိပ်မကြီးသေးပေမယ့် အဖေချစ်တဲ့ သူတိုင်းကတော့ ကိုယ့်အသိစိတ်ဓါတ်လေးနဲ့ကိုယ် အဖေများနေ့ကို ကျင်းပကြတာ မင်္ဂလာတစ်ပါး ပါပဲရှင်။

ကျွန်မကတော့ ပြောရရင် သမီးမိုက် တစ်ယောက်ပါ။ ဘာလို့လဲဆိုတော့ အဖေများနေ့ကိုတောင် သတိမရနိုင်တဲ့ သူတစ်ယောက် ဖြစ်နေလို့လေ။ MySuboo Website အတွက် အဖေများနေ့ ကဗျာပြိုင်ပွဲတစ်ခုကို ကျင်းပဖို့ တာဝန်ယူလာရတော့မှ သြော် အဖေများနေ့တောင် ရောက်နေပါပကောလား ဆိုတာ သတိရမိတယ်။ MySuboo မှာ ကဗျာပြိုင်မယ့် သူတွေကို အသိပေးဖို့ announcement လေးတစ်ခု ရေးဖြစ်တော့မှ ဗြုန်းခနဲဆို အဖေ့ကို ပြေးသတိရပြီး ငိုချင်စိတ်တွေကို မနည်း ထိန်းထားမိရတယ်။ ကျွန်မလည်း မြန်မာပြည်ထဲမှာ နေပေမယ့် အဖေနဲ့ အမေနဲ့ ဝေးရာကို ရောက်နေတဲ့ သူတစ်ယောက်ပါ…။

“အဖေ့ကို ချစ်တဲ့ သင့်ရဲ့ ချစ်ခြင်းမေတ္တာတွေကို ကဗျာအဖြစ် ပြောင်းလဲသီကုံးပြီး MySuboo မှ တစ်ဆင့် ပြောပြလိုက်ပါ…”

ဒီစာသားလေးကို ရေးနေရင်းနဲ့မှ “ငါရော အဖေ့အတွက် ဘာများ လုပ်ပေးနိုင်လဲ.. အဖေ့ကျေးဇူးကို ငါဘယ်လောက်များ ပြန်ဆပ်ပြီးပြီလဲ.. အဖေ ငါ့ကြောင့် ဘယ်နှစ်ခါ စိတ်ချမ်းသာ ဖူးလဲ….” စသော အတွေများ တစ်စစ ၀င်လာခဲ့တယ်။

ဘုရားရေ….

ကျွန်မဟာ အဖေ အတွက် ဘာမှမလုပ်ပေးနိုင်သေးတဲ့ သမီးဆိုး တစ်ယောက် ဖြစ်မှန်း မသိဖြစ်နေပါ့ကော..

ကျွန်မ အဖေဟာ စည်းကမ်းတင်းကျပ်တဲ့ ကျောင်းဆရာ တစ်ယောက်ပါ။ ကျွန်မတို့ မြို့မှာဆို အဖေကို မသိသူမရှိသလောက်ပါပဲ။ ကျွန်မတို့လည်း အဖေ့အရှိန်ကြောင့် မျက်နှာသာပေးခြင်းတွေ ခံရတာပေါ့လေ။ သြော် ဆရာ့ သမီးလေးလား.. မုန့်စားသွားပါအုံး.. ဘာညာနဲ့ပေါ့။ အဖေ့တပည့်တွေက အဖေ့ကို ချစ် ကြောက် ရို သေ ကြပါတယ်။ သားသမီးကို အုပ်ချုပ်တဲ့ နေရာမှာလည်း တင်းသင့်တဲ့ အချိန်တင်း၊ လျော့သင့်တဲ့ အချိန် လျော့၊ အလို လိုက်စရာရှိ လိုက်၊ ရိုက်စရာ ရှိရိုက်နဲ့ ဆုံးမတတ်ပါတယ်။ ကျောင်းဆရာ ဆိုတော့ လက်သံလည်း ပြောင်ပါတယ်။ ကျွန်မဆို ငယ်ငယ်တုန်းက ပြောမရ ဆိုမရလို့ ခဏ ခဏ အရိုက် ခံရဖူးပါတယ်။ အဖေကလည်း ပြောဖူးပါရဲ့

“ငါ့ သမီးက အရွဲ့တိုက်တတ်၊ အလုပ်တစ်ခုကို မသပ်မရပ် ပြီးပြီးရော လုပ်တတ်တာလေးကလွဲ ရင် တော်ရှာပါတယ်တဲ့..”

ကျွန်မ အမေကလည်း ကျောင်းဆရာမ တစ်ယောက်ပါ။ နယ်မှာသွားပြီး တာဝန်ထမ်းဆောင် ရတာကြောင့် ကျွန်မရဲ့ ငယ်ဘ၀ဟာ အဖေနဲ့ပဲ တူတူနေခဲ့ရတာ များပါတယ်။ ငယ်ငယ်လေး ကတည်းက စာဖတ်ခြင်းကို စိတ်ဝင်စားအောင်၊ အင်္ဂလိပ်စာ ကောင်းအောင်၊ လူတွေနဲ့ ပြောတတ် ဆိုတတ်အောင်၊ မမှားသင့်တာကို မမှားအောင် ကိုယ်ပိုင်အတွေးနဲ့ ဆုံးဖြတ်တတ်အောင် လေ့ကျင့် သင်ကြားပေးခဲ့ပါတယ်။ စီးပွားရေး ချို့တည့် တဲ့ ကျွန်မတို့ မိသားစုရဲ့ စားဝတ်နေရေး၊ ကျွန်မတို့ရဲ့ ကျောင်းစရိတ်၊ တစ်ခြား အသုံးစရိတ်၊ အိမ်စရိတ်တွေ ကာမိဖို့အတွက် ကျူရှင်သင်ပြီး ကျွေးမွေးပြုစုခဲ့ပါတယ်။ ငယ်ငယ်တုန်းကပေါ့.. ထမင်းစားနေတုန်း ကျွန်မကြိုက်တဲ့ ဟင်းကို ချက်မကျွေးလို့ ကျွန်မ စိတ်ကောက်ပြီး ထမင်းမစားတော့ဘူး လုပ်နေတာ့ အဖေက ခုလိုပြောပါတယ်…

“သမီးက ခုချိန်မှာ အဖေ့ရှိနေတော့ ဘာမဆို ပူဆာလို့ ရတာပေါ့။ တစ်ချိန် သမီးအရွယ်ရောက်လာလို့ မိဘနဲ့ ဝေးရာမှာ အလုပ်လုပ်ရမယ်၊ ဒါမှ မဟုတ် ဒီမာန်အောင်ကျွန်လောက်တောင် မပြည့်စုံတဲ့ ဝေးလံတဲ့ နေရာကို ရောက်နေမယ်၊ စားစရာရှားတဲ့ နေရာကို သွားရမယ် ဆိုရင် သမီး ဘ၀ကို သမီးပဲ ထိန်းကျောင်းရမှာ။ မစားချင်လည်း စားတတ်အောင် လေ့ကျင့်ရမှာပဲ သမီး။ ဒီလိုပဲ အလုပ်တစ်ခုကိုလည်း ကိုယ့်အတွက် အကျိုးရှိမယ် ထင်ရင် မလုပ်ချင်လည်း လုပ်ရမှာပဲ။ ကိုယ့်အတွက် အကျိုးမရှိတောင် တစ်ခြား သူတွေအတွက် အကျိုးရှိတယ် ဆိုရင် သမီးမကြိုက်လည်း လုပ်ပေးရမှာပဲ..”

ကျွန်မအခု အဖေနဲ့ ဝေးရာမှာ ဘ၀တိုးတက်ရာ တိုးတက်ကြောင်းအတွက်၊ အလုပ်တွေလုပ်၊ ပညာတွေ သင်ကြားနေပါတယ်။ ကျွန်မတို့ သူငယ်ချင်း အချင်းချင်းတွေထဲမှာ ယှဉ်လိုက်ရင် ကျွန်မက တော်တော်လေးကို ကံကောင်းပြီး၊ သူငယ်ချင်းတွေထက် နည်းနည်းသာတဲ့ သူတစ်ယောက်လို့ ပြောလို့ရပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဘယ်သူ့ အကူအညီမှ မယူပဲနဲ့ အလုပ်ရအောင်ရှာ၊ လူတွေရဲ့ အထင်ကြီးမှုကို တစ်ခါ တစ်လေခံရ၊ နေရာတစ်ခုကို ရောက်တိုင်း တော်လိုက်တာလို့ အပြောမခံရရင်တောင် ဒီကလေးမလေး တက်လမ်းရှိတယ်၊ ဒီကလေးမလေးက ကြိုးစားတယ် တော်တယ် လို့ အပြောခံရတာ အဖေ့ရဲ့ လေ့ကျင့် သင်ကြားပေးမှုကြောင့်ပါပဲ။ ဘယ်အရာကိုမဆို အခြေခံကောင်းအောင်၊ ဘယ်ပညာကို မဆိုစိတ်ဝင်စားတတ်အောင်၊ ဘယ်သူနဲ့မဆို တည့်အောင်ပေါင်းတတ်ဖို့ သင်ကြားပေးခဲ့တာ အဖေပါပဲ။ ခုချိန်ထိလည်း ကျွန်မကို ဖုန်းတွေဆက်ပြီး ဆုံးမနေတုန်း ပါပဲ။ အရွဲ့တိုက်တတ်လွန်းတဲ့ ကျွန်မကို မလုပ်ချင်တာကို လုပ်ချင်လာအောင်၊ မလုပ်သင့်တာကို မလုပ်မိအောင် ၀ုန်းဒိုင်းကျဲ ဒေါသထွက်တဲ့ ပုံစံမျိုးနဲ့ မဟုတ်ပဲ ခပ်အေးအေးလေးနဲ့ နားဝင်အောင် ဆုံးမတတ်တာလည်း ကျွန်မ အဖေပါပဲရှင်။

“အဖေတို့တုန်းက တက္ကသိုလ်တက်တော့ အိမ်ကဆင်းရဲတော့ ကျောင်းစရိတ် မထောက်နိုင်ဘူး။ ကိုယ့်ကျောင်းစရိတ် ကိုယ်ရှာပြီး တက်ခဲ့ရတယ်။ အဲဒီ ကတည်းက အဖေဆုံးဖြတ်ခဲ့တာ တစ်ခုက ငါ့ သားသမီး အလှည့်ကျရင် ဘယ်တော့မှ ဒီလိုမဖြစ်စေရဘူး ဆိုတာပဲ။ သမီး ဘာကျောင်းတက်ချင်လဲ၊ ဘာပညာ သင်ချင်လဲ အဖေရအောင် လုပ်ပေးမယ်။ ကျောင်းစရိတ် ပိုက်ဆံကိစ္စ ဘာမှ ပူစရာ မလိုဘူး။ ဒါပေမယ့် အသုံးလည်း မကြမ်းရဘူး။ လိုအပ်သလောက်ပဲ ပေးမယ်.. အပိုတွေ မလုပ်နဲ့…” ဆိုတာ ကျွန်မအဖေရဲ့ လေးစားစရာ စကားတွေထဲက တစ်ခုပေါ့ရှင်။

ခု ကျွန်မ အလုပ်လုပ်.. လစာတွေရ.. ရသလောက်သုံးနေတော့.. “သမီးရယ် သမီးရတဲ့ လခကို သမီးကြိုက်သလို သုံးတာ အဖေဘာမှ မပြောလိုပါဘူး.. အဖေတို့ကိုလည်း ဘာမှ ပေးစရာမလိုဘူး။ ငါ့သမီး ဒီလို ကိုယ့်ဟာကိုယ် ရှာသုံးနိုင်တာ အဖေအရမ်း ဂုဏ်ယူတယ်.. အေး ဒါပေမယ့် လိုအပ်ရင် သုံးဖို့တော့ နည်းနည်း စုဆောင်းထားပေါ့ကွယ်.. ကိုယ့်ဘ၀အတွက် တိုးတက်ရာကိုလည်း အမြဲရှာနေ.. အဖေက တောမှာနေတာ.. ခေတ်ကို လိုက်မမီတော့ဘူး…. ခုတော့ သမီးက အဖေ့ထက်သိ၊ အဖေ့ထက်တတ်၊ ခေတ်ကို အဖေ့ထက် အများကြီး လိုက်နိုင် သွားပြီ။ ဒီတော့ ကိုယ့်အောက်က ညီမလေးတွေ၊ အငယ်တွေကို အဖေတို့ ကိုယ်စား လမ်းညွှန်ပေးရမှာက သမီးဖြစ်သွားပြီ.. သမီးကို အဖေတို့ အားကိုးတယ်” ဆိုပြီး နှိမ့်ချ ပြောဆိုတတ်ပါသေးတယ်။

အဖေဟာ ကျွန်မအတွက်တော့ သူရဲကောင်းပါပဲ။ ကျွန်မရဲ့ ထာဝရ မှီခိုအားထားရာ ရွှေတောင်ကြီးပါ။ ဒါပေမယ့် ၀မ်းနည်းစရာ ကောင်းတာက ကျွန်မ အဖေ့အတွက် ဘာမှ လုပ်မပေးနိုင်သေးဘူး။ အဖေကျွန်မကို ခုချိန်ထိ စိတ်ပူရတုန်း၊ ဆုံးမရတုန်း၊ အရိပ်တကြည့်ကြည့်နေရတုန်း၊ ပြသနာတွေ ၀င်ဖြေရှင်းရတုန်း။ အဖေများနေ့က စပြီး ကျွန်မ ကတိတစ်ခု ပြုပါတယ်။ နောက်နောင်မှာ အဖေစိတ်ချရတဲ့၊ အဖေအားကိုးရတဲ့ သမီးကောင်းတစ်ယောက် ဖြစ်အောင် သမီးကြိုးစား သွားပါမယ်လို့။