Category Archives: Love Poem

Yearn

Standard

ပန်းကလေး

အလှမ်းဝေးလွန်းတယ်

အလွမ်းချစ်

ပန်းအဖြစ် ပွင့်ခဲ့ရင်တောင်

မနမ်း ဝံ့ ပါဘူး။

မြစ်တစင်းထဲ

ချစ်ခြင်းတွေ အပြည့်တင်

ဘယ်သောင်ပြင် ကပ်ရမယ် မသိ

ဖြတ်မရသည့် သံယောဇဉ်ကြိုး

တိုးလို့ နှောင်မိ။

ဒီ ဘဝမှာတော့

ညီမျှမှ တော်ရာကျမှာမို့

တေးသီခါ ဖေါ်ကာပြချင်ပေမယ့်

အဝေးဆီသာ မျှော်ကာတရတယ်

အချစ်ရယ် … တော်ရာကပဲ လွမ်းနေမယ်။

ကျွန်မ သူငယ်ချင်းရေးတဲ့ ကဗျာလေးပါ။ ကြိုက်လို့ ဒီမှာ ပြန်ဖော်ပြလိုက်ပါတယ်ရှင်။ မူရင်းကိုတော့ ဒီနေရာ မှာ ဖတ်နိုင်ပါတယ်။

Advertisements

အပေး အကမ်း

Standard

အိပ်မက်လိုပဲေ၀၀ါးနေတယ်
ဟုတ်တယ်….
ငါဟာ မင်းရဲ့ အစေအပါးပါ….

ရှည်းလျားလွန်းတဲ့ စက္ကန့်တိုင်းမှာ
မင်းဟာ သက်တန့်လှိုင်းလို တစ်ရစ်ရစ်နဲ့
ချစ်တတ်လာအောင် လုပ်နိုင်ခဲ့တယ်….

ဟော.. ကြည့်.. တိမ်တွေ ငိုနေပြီ
လိမ်မပြောစတမ်း ဆိုရင်တော့
ငါ.. တစ်ကယ်လွမ်းတာပါ…

တစ်ယု တစ်ယနဲ့ စိမ်းထားတဲ့ အချစ်
ဆူးနစ်တော့ အသဲနာတယ်….

မပြုစုပဲ ပစ်ထားတဲ့ ပန်း
မနွမ်းတာလည်း ၀မ်းသာတယ်…

မကြင်နာသူကို နောက်ဆုံး
မမုန်းနိုင်တော့ ငါ ရှုံးလာတယ်

ယူသလောက် ပေးနေပေမယ့်
ရေငွေ့ငတ်တဲ့ တိမ်အချို့
အတင်းအကျပ် ငိုတာလည်း
ငါလိုချင်တဲ့ မိုးစက်မှ
မဟုတ်ခဲ့တာ……..

ယုတ္တိ

Love Poem

Standard

ရင်ထဲမှာ ဟာတာတာနဲ့
မျှော်လင့်ချက်တွေက မရေရာခဲ့
ပွင့်ထွက်လုမတတ် ခံစားချက်တွေကို
ခက်ခဲစွာ မြိုသိပ်ရင်း
ငါ့ရဲ့ အလွမ်းတွေက
မျက်ရည်အဖြစ် ပြောင်းလဲခဲ့။

မင်းသိနိုင်မလား
ပြောမထွက်ခဲ့တဲ့ စကားလုံးတစ်ချို့ကို
လွမ်းဖို့တောင် ခွင့်မတောင်းရဲတဲ့အဖြစ်
နှုတ်ဆက်ထွက်ခွာသူအတွက်
အပြုံးတစ်ချက်လောက်ကိုတော့
လက်ဆောင်အဖြစ် ပေးစေချင်တာပေါ့။

တစ်ကယ်ပါ ချစ်သူ
သူငယ်ချင်းဆိုတဲ့ အဖြူရောင်စည်း
မိန်းကလေးဆိုတဲ့ ကန်လန့်ကာရဲ့ နောက်ကွယ်မှာ
ဘာကိုမှ ချမပြရဲခဲ့တဲ့ ငါ့အဖြစ်
နောက်ဆုံးတွေ့ဆုံချိန်မှာတောင်
အမှတ်ရစရာ တစ်စုံတစ်ခုကိုမှ
ငါတို့မပြောဖြစ်ခဲ့ဘူးလေ။

ငါတို့ မဝေးပါဘူး ချစ်သူ
ငါ့အတွေးတွေကို နင်စိုးမိုးထားသရွေ့
ငါ့ခံစားချက်တွေမှာ နင်ပါနေသေးသရွေ့
ဆက်သွယ်မှုကွန်ယက်တွေ ပြတ်တောက်မသွားသရွေ့
နင်နဲ့ငါ အမြဲတမ်းတစ်သားထဲ ဖြစ်နေအုံးမှာပါ။
ငါနင့်ကို ချစ်နေအုံးမှာပါ။

(အင်း ဟိုတစ်ခါ အချစ်ဝတ္ထုကို ဖြစ်ညှစ်ရေးပြီးပြီ။ ဒီတစ်ခါ အချစ်ကဗျာကိုလည်း ဖြစ်ညှစ်ရေးထားတယ်။ ဖတ်ပြီးရင် ကောင်းတယ် ပြောသွားကြနော်.. ဟိ နောက်တစ်ခါ ဘယ်တော့မှ ထပ်မရေးတော့ဘူး)

Love Poem (1)

Standard


ချစ်သူ

ငါနဲ့ဝေးသွားခဲ့ရင်လွမ်းဖွယ်တေးတွေမသီလေနဲ့

မင်းအသိ မင်းအာရုံထဲ

ငါ့ပုံရိပ်တွေရောက်မလာစေနဲ့

ငါတို့လျှောက်ခဲ့တဲ့လမ်းတွေကိုလည်း

လွမ်းဆွတ်တ သ စွာမအောက်မေ့လေနဲ့

ဒါပေမယ့်

ထပ်တူညီနေမယ့်နေ့စွဲလေးတွေကိုတော့

မိုးပေါက်တွေ နှင်းစက်တွေစိုစွတ်ပါစေ

မင်းအမှတ်ရချင်လည်းရပါလေ

မင်းမေ့ချင်လည်းမေ့ပေါ့။

ငါလည်းခပ်ဝေးဝေးတစ်နေရာမှာ ငြိမ်သက်နေမယ်

ငါ့ရင်ဘတ်ထဲကချုပ်ရိုးအနာကျက်တဲ့အထိပေါ့

ဒါပေမယ့်လည်းလေ

မင်းရင်ထဲကရေလှိုင်းဒဏ်တွေ

ငါ့ထံကို ရိုက်ခတ်လာတာမှမဟုတ်ဘဲ

ဥသြငှက်ရဲ့ အသဲကွဲတေးသံ

အထီးကျန်စွာငါဆိုနေတာမှမဟုတ်ဘဲ

မင်းနဲ့ ဝေးရ ပြီးတဲ့နောက်

ငါ့ရဲ့ပတ်ဝန်းကျင်ဟာ

မတ်လရဲ့နေ့တစ်နေ့လို

ခြောက်သွေ့အက်ကွဲနေခဲ့တယ်

နေမ၀င် နေမထွက်တဲ့ဆည်းဆာမှာ အိမ်မက် မက်ပြီး

ငါတို့ရဲ့အဖြစ်အပျက်တစ်ချို့ကို

ငါအမှတ်ရချင်လည်းရမယ်

မေ့ချင်လည်းမေ့မယ်

ဒီကမ္ဘာမြေပေါ် ငါရှင်သန်နေရတဲ့အချိန်တွေမှာ

မင်းကိုဟိုးအဝေးဆုံးရောက်စေတဲ့ကံကြမ္မာနဲ့

ဟိုးအဝေးတစ်နေရာမှာခိုအောင်းနေတဲ့

ငါတို့ရဲ့သိမ်မွေ့တဲ့အချစ်ဝိဥာဉ်တို့အတွက်

မင်းရှိတဲ့မိုးတိမ်ဖြူဖြူ ကောင်းကင်ပြာပြာ

ဒါမှမဟုတ်

ကြယ်ကလေးတွေနဲ့ လမင်းကြီးဆီမှာ

ငါလွမ်းဆွတ်ခဲ့ရတာလေးတွေကို

မင်းခွင့်ပြုခဲ့ရင်

ငါ့မျက်လုံးအစုံမှာမင်းတွေ့နေကြ

သန့်စင်စွာ ကြင်လင်စွာတောက်ပနေတဲ့

ချစ်ခြင်းတွေယောယှက်နေတဲ့သံယောဇဉ်လေးတွေကို

မင်းသတိတရ အသိအမှတ်ပြုပေးပါ

မင်းနဲ့ ဝေးကွာခဲ့ရလို့

ကုမရတဲ့ငါ့ရဲ့ ကြာရှည်နေတဲ့ဒဏ်ရာမှာ

ငါမင်းကိုတမ်းတ နွမ်းလျတဲ့ အခါ

ငါ့ရဲ့ချစ်ခြင်းတစ်စွန်းတစ်ကို

မင်းမြင်ခွင့်ရတာပါပဲ

နောက်ပြီးငါ့အတွက်

ကံကြမ္မာဆီကိုဆုတောင်းပေးပါ

အဲဒါကတော့

ငါ့ဆီကမင်းကို အဝေးဆွဲခေါ်သွားတာ

မင်းရှိတဲ့အဲဒီအဝေးဆီကိုပဲ

ငါ့ကို

နောက်တစ်ကြိမ်ဆွဲခေါ်သွားပါလို့..