Category Archives: Love Story

တစ်ထောင်တန်လေး တစ်ရွက်

Standard

ည (၁၁) နာရီလောက်ဆို သူ့ဆီက မက်ဆေ့လေးတွေ ရောက်ရောက်လာတတ်တယ် ။ “အိပ်နေပြီလား” ၊ “ကောင်းသော ညလေးပါခင်ဗျာ” အဲ့လို အဲ့လို အစချီထားတဲ့ မက်ဆေ့လေးတွေပေါ့။ တစ်ကယ်ဆို ကျွန်မအတွက် ည (၁၁) နာရီဆိုတာ အိပ်ဖို့ သိပ်စောနေသေးမှန်း သူမသိတာလည်း မဟုတ်။ အဲ့လို မက်ဆေ့လေးပို့တာကနေ အစချီပြီး အပြန်အလှန် စကားတွေ ပြောဖြစ်ခဲ့ကြတဲ့ ညပေါင်းလည်း မနည်းတော့ဘူးပဲ။ တစ်ခါ တစ်လေ ဖုန်းနဲ့ ၊ တစ်ခါ တစ်လေ ဂျီတော့ပေါ်မှာ ၊ တစ်ခါတစ်လေတော့လဲ ဖေ့စ်ဘုတ်ထဲမှာပေါ့။ ဒီလိုနဲ့ ရက်တွေကြာလာတော့ ည (၁၁) နာရီလောက်ဆို ကျွန်မ သူပို့လာမယ့် စာလေးတွေကို မျှော်တတ်လာတယ်လေ။

သူက ကျွန်မထက် အသက်နည်းနည်းပိုကြီးတယ် ။ ရီစရာကောင်းတာ တစ်ခုက သူနဲ့ကျွန်မက ဖုန်းထဲမှာ စကားပြောရင်ပဲ ဖြစ်ဖြစ် ၊ အင်တာနက်ပေါ်မှာ စကားပြောရင်ပဲ ဖြစ်ဖြစ် ပိုပြီးရင်းနှီးပွင့်လင်းကြပေမယ့် အပြင်မှာတွေ့ဖြစ်ကြရင်တော့ တစ်ယောက်နဲ့ တစ်ယောက် နည်းနည်းရှိန်ပြီး ရှက်သလိုဖြစ်နေတတ်ကြတယ်။ အပြင်မှာတွေ့ပြီး လမ်းခွဲ.. ညဘက်ရောက်လာတော့ ပုံမှန်အတိုင်းလည်း စကားပြောရော နေ့လည်က မပြောဖြစ်ခဲ့ဘူး သိလား ဆိုပြီး တစ်ယောက်နဲ့တစ်ယောက် အချိန်အကြာကြီးစကားတွေ ပြန်ပြန်ပြောဖြစ်ကြတာလည်း ခဏ ခဏ ပါပဲ။ တစ်ချို့ရက်တွေမှာကို ကျွန်မနဲ့တူတူညစာလိုက်စားတယ် ။ တစ်ခါတစ်လေမှာ ကျွန်မကို လက်ဆောင်လေးတွေလည်း ပေးတတ်သေးတယ်။ ဘယ်လိုသဘောလဲလို့ ကျွန်မကမေးတော့ “ကျွန်တော်က ညို့ကို လေးစားချစ်ခင်ပါတယ် ခင်ဗျာ” တဲ့။ ဟင်.. ဘယ်လိုကြီးလည်းကွယ်။

ယောင်္ကျားတွေ ပြောတတ်တဲ့ စကားရှိတယ်။ “မိန်းကလေးတွေက သူတို့ကို ချစ်နေတဲ့ ယောင်္ကျားတွေကို မျှော်လင့်ချက်တွေပေးပြီး ကြိုးရှည်ရှည်နဲ့ လံထားတတ်သတဲ့” လေ။ မိန်းမတစ်ယောက်ရဲ့ အဖြစ်ကို ရှင်တို့ အပြည့်အ၀ နားလည်လို့လားကွယ်။ မိန်းမတစ်ယောက်မှာ ယောာင်္ကျားတစ်ယောက်ထက်ကို ပိုပြီးတော့ ပေးဆပ်ရတာတွေရှိတယ်။ ပတ်ဝန်းကျင်ဆိုတဲ့ အငွေ့အသက်တွေကလည်း မိန်းမကို အလိုအလျောက်ပြုပြင်တတ်ကြသေးတယ်။

ရည်းစားထည်လဲတွဲတဲ့ ယောင်္ကျားတစ်ယောက်ကို ပတ်ဝန်းကျင်က ပြောဆိုရုံလောက်သာ ဖြစ်တတ်ကြပေမယ့် မိန်းကလေးတစ်ယောက်အဖို့တော့ တစ်ခါတစ်လေမှာ ၀ိုင်းပယ်ထားခြင်းကို ခံရကောင်း ခံရနိုင်သေးတယ်လေ။ ကျွန်မတို့ ဒီဘက်ခေတ်မှာတော့ လူ့အဖွဲ့အစည်းက ပိုပြီးပွင့်လင်းလာလို့ ပြောဆိုတာတွေ လျော့သွားကြပေမယ့် မိန်းမတစ်ယောက်ရဲ့ မသိစိတ်မှာ ဒါကြီးက အရိုးစွဲနေတယ်ဆိုတာကိုတော့ ယောင်္ကျားသားတွေကို နားလည်စေချင်သေးတယ်။ ဒီတော့ ကျွန်မတို့ မိန်းကလေးတွေ မူတာ မဟုတ်ရပါဘူးကွယ်။ အရွေးမှားမှာ စိုးလို့ စောင့်ကြည့်နေကြရတာပါ။

Read the rest of this entry

Advertisements

အချစ် လှေကားထစ်လေးများ (ဇာတ်သိမ်း)

Standard

ရန်ကုန်သို့ အပြန်လမ်းသည် ပျော်စရာထက် လွမ်းစရာပိုများနေသည်။ ပင်လယ်ကြီးကို ထားခဲ့ရပါအုံးမည်။ ပင်လယ်လေကို လွမ်းနေရပါအုံးမည်။ ချောင်းသာကမ်းခြေသည် ဘ၀၏ တစ်စိတ်တစ်ဒေသအဖြစ် အမှတ်တရ ရှိနေအုံးမည်ဖြစ်ပါသည်။ အပြန်လမ်းတစ်လျှောက် တိတ်ဆိတ်နေကြသော အဖွဲ့သားအားလုံးကို လှုပ်လှုပ်ရွရွ ပြန်ဖြစ်စေတာကတော့ နွေဦးဖြစ်သည်

“ပျင်းတယ်ဗျာ.. သီချင်းဆိုတမ်း ကစားရအောင်”

“အိုးကေ.. မိုက်တယ်.. ဘယ်လိုဆိုမှာတုန်း”

“နှစ်ဖွဲ့ပြိုင်မယ်ဗျာ…. တစ်ဖွဲ့က သီချင်းစဆိုမယ်.. ပြီးတော့ ကိုယ်ရပ်ချင်တဲ့နေရာမှာ ရပ်မယ်.. အဆုံးစာလုံးနဲ့ နောက်တစ်ဖွဲ့က သီချင်းပြန်စဆိုရမယ်.. ဘယ်လိုလဲ”

“လုပ်လိုက်လေ.. ကြာသလားလို့.. ငါတို့အဖွဲ့မှာ ရက်ပါရော.. ရော့ကာရော.. အော်တာတွေရော အစုံရှိတယ်”

နွေဦးနှင့် ဘိုဘိုတို့၏ ဆော်သြမှုကြောင့် တစ်ကားလုံး ဆူဆူညံညံနဲ့ သောင်းသောင်းဖြဖြပြန်ဖြစ်ကြသည်။

တစ်လမ်းလုံး သီချင်းတွေဆိုကြရင်း ဆော့လာလိုက်ကြတာ .. ရန်ကုန်ပြန်ရောက်တော့မှ အသံတိတ်ကြတော့သည်။ လှည်းတန်းကိုရောက်တော့ ည (၁၁) နာရီထိုးပြီး ။ အဖွဲ့ဝင်အားလုံး လှည်းတန်းမှာပဲဆင်းပြီး ကိုယ့်အိမ်ကိုယ် အသီးသီးပြန်ကြသည်။

“အမ ဘယ်လိုပြန်မှာလဲဗျ”

ဖြိုးပိုင်က ပြန်ကာနီးလေး လာမေးတော့ မေးဖော်ရသော သူ့ကို ကျေးဇူးတင်စွာ ကြည့်ရင်း ဖြေမိသည်။

“ရန်ကင်းပြန်မှာ.. မောင်လေးကော”

“ကျွန်တော်က သာကေတပြန်မှာဗျ.. အိမ်က ကားလာကြိုမှာ.. အမတို့ကိုလည်း လိုက်ပို့ခဲ့မယ်လေ.. အားမနာပါနဲ့ဗျ”

သူကပြောတော့ လမ်းကြုံသောသူတွေ စုပြီး တူတူပြန်ဖြစ်ကြသည်။ ည တော်တော်နက်နေပြီဖြစ်သဖြင့် ကားငှားဖို့လည်း အဆင်မပြေဘူး မဟုတ်လား။ ကားပေါ်မှာ အချင်းချင်း အီးမေလ်းတွေပေး ၊ ဖုန်းနံပတ်တွေပေးဖြစ်ကြပြန်သည်။ ငြိမ်း အိမ်ပြန်ရောက်တော့ ည (၁၂) နာရီထိုးပြီး။ အိမ်တံခါးလာဖွင့်ပေးသော အဖေ့ကို ပြုံးရုံသာပြုံးပြရင်း အိပ်ရာထဲ တန်းဝင်ခဲ့သည်။ ခေါင်းအုံးနှင့်ခေါင်း ထိလိုက်သည်နှင့် ငြိမ်းတစ်ယောက် နှစ်ခြိုက်စွာ အိပ်မောကျသွားခဲ့တော့သည်။

နောက်နေ့ တစ်နေ့လုံး ငြိမ်းတစ်ယောက် အလုပ်များနေပါသည်။ တနင်္လာနေ့လည်း ဖြစ်ပြန် ၊ Camp အတွင်းခွင့်ကလည်း ယူထားရပြန်သဖြင့် အလုပ်တွေ လုပ်မကုန်နိုင်အောင် ရှိနေတော့သည်။ ခါတိုင်းဆို ရုံးရောက်ရောက်ချင်း Gtalk ဖွင့် ၊ အီးမေလ်းစစ် လုပ်နေကျ။ ဒီနေ့အဖို့မှာတော့ နေ့လည်ထမင်းစားချိန်ရောက်မှသာ ဂျီတော့ကို တကူးတကဖွင့်ဖြစ်တော့သည်။ ဂျီတော့ဖွင့်လိုက်တော့လည်း အံ့သြရပြန်ပါသည်။ ဖြိုးပိုင်၏ အင်ဗိုက်ကို တွေ့ရသည်။ Facebook ဖွင့်လိုက်ပြန်တော့လည်း သူ့၏ Friend Request ကို တွေ့ရသည်။ ကွန်ပျူတာ ဖန်သားပြင်ကိုကြည့်ပြီး ပြုံးနေ ရယ်နေကြသည့်သူများကို တစ်ခြားသူများမှ ကြည့်ရယ်ကြလိမ့်မည်ဆိုပါလျှင် ဤတစ်ကြိမ်တွင် အရီခံရမည့်သူမှာ ငြိမ်းကိုယ်တိုင်ပင်ဖြစ်သည်။ သူမက သူ့ရဲ့ အင်ဗိုက်တွေ ၊ ရီကွက်စ်တွေကိုကြည့်ပြီး သဘောကျစွာ ပြုံးနေခဲ့သည်ကို။

လူသားများသည် တစ်ဦးနှင့် တစ်ဦး အချင်းချင်းတွေ့ဆုံရာတွင် သာမန်စကားများလောက်ကိုသာ ပြောဖြစ်ကြမည် ဖြစ်သော်လည်း တစ်ဦးနှင့်တစ်ဦး မမြင်ရ မဆုံရသည့် အင်တာနက်ဆိုသည့် ကြားခံတစ်ခုပေါ်တွင် စကားပြောဆို ချက်တင်လုပ်ကြသည့်အခါတွင်ကား ပိုမိုပွင့်လင်းမြင်သာစွာ သူ့အကြောင်း ကိုယ့်အကြောင်း ပြောဆိုဖြစ်တတ်ကြသည်။ ထို့ကြောင့်ပင်လျှင် ဂျီတော့ပေါ်တွင် ချက်တင်လုပ်ခြင်းများကို ယနေ့ခေတ်လူငယ်များစွာ နှစ်ခြိုက်စွာ ပြုလုပ်နေကြခြင်း ဖြစ်ပေလိမ့်မည်။ တစ်ခါတစ်ရံတွင်ကား သံယောဇဉ်ပိုကာ မမြင်ရသည့် နှောင်ကြိုးများ ချည်ငင်မိတတ်ကြသည်။ သူမနှင့် ဖြိုးပိုင်သည်နေ့ နေ့စဉ်နေ့တိုင်း အွန်လိုင်းပေါ်တွင် စကားပြောမိကြရင်း တစ်ယောက်ကို တစ်ယောက် ယခင်ကထက် ပိုမိုနားလည်ခဲ့ကြရသည်။ ၀ါသနာလေးတွေအကြောင်း ၊ စိတ်ဝင်စားမှုတွေအကြောင်းက အစပြုလို့ နိုင်ငံရေး စီးပွားရေးတွေထိပါ ငြင်းကြ ခုံကြရင်း သံယောဇဉ်တွေလည်း ထပ်ထပ်တိုးခဲ့ကြရသည်။ အချစ်တစ်ခု၏အစသည် တစ်ဦးကို တစ်ဦး နားလည်ခြင်းမှ အစပြုသည်ဟု ဆိုပါလျှင်… သူတို့နှစ်ဦးသည် အတိုင်းအတာတစ်ခုထိ နားလည်မှု တည်ဆောက်ပြီးကြပေပြီ။

တစ်ခါတစ်ရံတွင်တော့ ရုံးဆင်း ချိန်များတွင် သူမတို့နှစ်ဦး တွေ့ဖြစ်ကြသည်။ တစ်ခါတစ်ရံတွင်ကား ဖြိုးပိုင်တစ်ယောက် ချစ်စရာ လက်ဆောင်လေးများဖြင့် ငြိမ်းတို့ ရုံးသို့ရောက်ချလာပြီး ငြိမ်းကို အံ့သြရအောင် လုပ်တတ်သေးသည်။ ဒီကြားထဲတွင်လည်း အဖွဲ့၏ မီတင်များကို ခဏ ခဏ သွားရသေးသဖြင့် တစ်လလောက်အတွင်း သူတို့နှစ်ဦး၏ တွေ့ဆုံမှုများက ခပ်စိပ်စိပ်ဖြစ်လာသည်။ မျက်လုံးတွေလည်း မကြာခဏဆုံကြသည်။ သူနဲ့တွေ့တိုင်း ရင်ခုန်ရသည်မှာလည်း အကြိမ်တိုင်းပင်။ သို့သော် သူတို့နှစ်ဦးသည် သူတို့၏ အဖြစ်အပျက်များကို သူငယ်ချင်းများ မရိပ်မိအောင် လျှို့ဝှက်နိုင်ခဲ့ကြသည်။

“ဖြိုးပိုင်ကိုလေ ကောင်မလေးတစ်ယောက်နဲ့ Tokyo Donut” မှာ တွေ့တယ်သိတား.. သူ့ ကောင်မလေားး မသိဘူး”

ထွန်းထွန်းက ပြောတော့ သူငယ်ချင်းတွေ ဟေ ဟုတ်လား .. ဒီကောင်လေးက မပြောမဆိုနဲ့တော် စသည်ဖြင့် တစ်ယောက် တစ်ပေါက်ထွက်လာကြသည်။ ငြိမ်းရဲ့ နှလုံးသားတွေ ပူကနဲ ဖြစ်သွားတာကိုတော့ တစ်ယောက်မျှ ရိပ်မိလိမ့်မည် မထင်ပါ။ အစကတည်းက စကားနည်းသော ၊ အနေအေးသော ငြိမ်းတစ်ယောက် ထိုနေ့က မီတင်တွင် စကားတစ်လုံးမျှ မပြောဖြစ်ခဲ့သည်ကိုလည်း သူငယ်ချင်းများက အထူတလည် မေးမြန်းခဲ့ခြင်း မရှိပါ။ မိမိကိုယ် မိမိ အလိုမကျခြင်း များစွာနဲ့သာ ငြိမ်းတစ်ယောက် အိမ်ပြန်ရောက်ခဲ့ရသည်။

ဂျီတော့ကို ဖွင့်တော့လည်း အော့်ဖ်လိုင်းဖြစ်နေသော သူ့ကိုသာ တွေ့ရသည်။ ခါတိုင်းဆို တစ်နေကုန်နီးပါး အွန်လိုင်းဖြစ်နေတတ်သူက ဒီနေ့ကျမှ ဘာလို့မရှိရတာလဲ ။ ဟိုကောင်မလေးနဲ့ သွားတွေ့နေတာလား.. စသည့်အတွေးများက ငြိမ်းကို ထပ်ကာ ထပ်ကာ နှိပ်စက်နေကြသည်။ သူငယ်ချင်းတွေ ဖြစ်မှာပါလေလို့ ဖြေသိမ့်ကြည့်မိသည်။ အို… ငါက သူ့ရည်းစားမှ မဟုတ်တာ ဘာဆိုင်လို့ လိုက်ခံစားနေရတာလဲဟု ကိုယ့်ကိုကိုယ်လည်း အပြစ်တင်မိသည်။ ဒီလိုဆို ဘာလို့များ ငြိမ်သက်နေတဲ့ နှလုံးသားတွေကို လှုပ်ခပ်သွားအောင် လုပ်ခဲ့တာလဲကွယ်။ ဒါယောင်္ကျားလေးတွေ လုပ်နေကျ လုပ်ကွက်တွေပဲလား။ ငြိမ်သက်နေတဲ့ မိန်းမတွေကို လှုပ်ခပ်အောင်လုပ်နိုင်ရင် ယောင်္ကျားတွေက သူတို့ကိုယ် သူတို့ ဂုဏ်ယူလေ့ရှိကြသတဲ့။ ရှင်က ဒီလိုလူမျိုးလား မောင်လေးရယ်။ ဟိုဟို ဒီဒီလျှောက်တွေးရင်း အိပ်မပျော်သည့် ညတစ်ညကို လွန်မြောက်ခဲ့ရပါသည်။

နောက်တစ်နေ့မှာတော့ ကျိုက်ထီးရိုးသွားတယ် ဆိုသည့် Update တစ်ခုကို သူ့ ရဲ့ ဖေ့စ်ဘုတ်ဝေါမှာ တွေ့ရသည်။ ခါတိုင်းဆို အွန်လိုင်းပေါ်မှာ တွေ့ရင် ဘာဖြစ်ဖြစ်ပြောနေကျ ဖြိုးပိုင်တစ်ယောက် မပြောမဆိုနဲ့ ကျိုက်ထီးရိုး ရောက်သွားပြန်ပြီကောဟု တွေးရင်း စိတ်ထဲမှာ မတင်မကျဖြစ်မိသည်။ ရှင့်ကို ကျွန်မ ပိုင်တာမဟုတ်ပါဘူး ဖြိုးပိုင်ရယ်။ အခုလိုတွေ လျှောက်လျှောက်တွေးနေမိတာကိုက ကျွန်မဘက်က သိပ်တရားလွန်နေပါပြီရှင်။ ဖေ့စ်ဘုတ်ပေါ်မှာ သူငယ်ချင်းတွေ တစ်ယောက်ပြီးတစ်ယောက် ချောင်းသာက ဓါတ်ပုံတွေကို တင်ကြသည်။ အချင်းချင်း Tag လုပ်ကြသည်။ သူမ နှစ်သက်သော အပြုံးကို ပိုင်ဆိုင်သည့် ဖြိုးပိုင်၏ ပုံတွေကလည်း အပြုံးတွေဖြင့် လှိုင်လှိုင်ဝေနေသည်။ အမှတ်တရတို့သည် နေ့စဉ်ဘ၀ထဲသို့ ကူးခတ်ကာ ရောက်ရှိလာကြပြန်ပေပြီ။ ရုံးပိတ်ရက်ဖြစ်သော စနေ ၊ တနင်္ဂနွေကို မတင်မကျ စိတ်တစ်ခုဖြင့် ဖြတ်သန်းရသည်မှာ လေးလံလှပါသည်။

တနင်္လာနေ့ မနက်စောစော ဖုန်းမြည်သံကြောင့် နိုးလာပြီး နာရီကြည့်တော့ မနက် (၆) နာရီသာ ရှိသေးသည်။ သည်အချိန်က သူမ အိပ်ရာထချိန်မဟုတ်။ မလာစဖူး အလာထူးသည့် ဖုန်းကို ကောက်ကိုင်တော့…

“မငြိမ်းလား”

“ဟုတ်.. ဘယ်သူလဲရှင့်”

“အမကလည်းဗျာ.. ဖြိုးပိုင်ပါ.. ကျွန်တော့အသံတောင် မမှတ်မိတော့ဘူးလား”

“အား ဆောရီး ခုမှ နိုးလာတာဆိုတော့ အိပ်ချင်မူးတူးဖြစ်နေလို့.. စောစောစီးစီး ဘာလို့လဲ မောင်လေး”

“အမကို တွေ့ချင်လို့ဗျ.. ညနေ (၆) နာရီလောက်ကို Tokyo Donut မှာ စောင့်နေမယ်နော်.. လာဖြစ်အောင် လာနော်.. ကျွန်တော် ခုမှ ကျိုက်ထီးရိုးက ပြန်ရောက်တာ.. ပင်ပန်းနေလို့ အိပ်လိုက်အုံးမယ်ဗျ”

သူ့ဘာသာသူပြော… သူ့ဘာသာသူချိန်းပြီး သူ့ဘာသာသူ ဖုန်းချသွားခဲ့သည်။ ဘယ်လိုလဲကွယ်။ ထိုနေ့ကလည်း တစ်နေကုန် အလုပ်ကောင်းကောင်း မလုပ်ဖြစ်ခဲ့ပါ။ ဘာလို့ချိန်းတာလဲဆိုသည့် စိတ်တစ်ခုနဲ့အတူ ညနေ (၆) နာရီကိုသာ မျှော်နေမိတော့သည်။

ထိုနေ့ ညနေက သူမ လက်စွပ်ကလေး တစ်ကွင်း လက်ဆောင်ရသည်။ ထိုလက်စွပ်ကလေးသည် မြင်းမြီးဖြင့်လုပ်ထားသော နီညိုရောင် လက်စွပ်ကလေးဖြစ်ပြီး သူမ၏ လက်သူကြွယ်နှင့်လည်း အနေတော်ပင် ဖြစ်ခဲ့သည်။ ငွေကြေးအားဖြင့် တန်ဘိုးမရှိသော်လည်း ဘ၀အတွက် လွန်စွာမှ တန်ဘိုးရှိလှသော ထိုလက်စွပ်ကလေးကို သူမလက်သူကြွယ်တွင် မြတ်နိုးစွာ ၀တ်ဆင်ထားခဲ့ပြီး ဖြစ်သည်။ ထိုလက်ဆောင်ကို ဖြိုးပိုင်မှ ငြိမ်း အတွက် ကျိုက်ထီးရိုးမှအပြန်တွင် ၀ယ်လာခဲ့ခြင်းဖြစ်ပြီး သူမတို့နှစ်ယောက်ကြား အချစ်တစ်ခုကို မွေးဖွားပေးခဲ့သော သင်္ကေတလည်း ဖြစ်ခဲ့သည်။ ငြိမ်း၏ စိတ်ထဲမှ အလိုမကျမှုများ ၊ အထင်လွဲမှုများနှင့် နှလုံးသား၏ ပူလောင်မှုများကို ထိုလက်စွပ်မှ ကုစားပေးနိုင်စွမ်း ရှိခဲ့သည်။ ဘယ်တော့မှ မချွတ်တမ်းဟူသော ဆုံးဖြတ်ချက်ဖြင့် သူမတို့နှစ်ဦးလုံး၏ လက်သူကြွယ်တွင်ရှိနေသော ထိုလက်စွပ်သည် ခိုင်မြဲသော အချစ်၏ မှတ်ကျောက်တစ်ခု ဖြစ်သည်။ အချစ်ဟူသော လှေကားထစ်များကို အားမာန်အပြည့်ဖြင့် လျှောက်လှမ်းသွားနိုင်မည့် ခွန်အား တစ်ခုလည်းဖြစ်သည်။

အချစ်သည် လောကကို လှပစေပါသည်။ ချစ်သူတို့သည်လည်း လောကကို အလှဆင်နေကြသူများထဲမှ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ ဘ၀ကို တည်ဆောက်ရာတွင် ချစ်ခြင်းသည်လည်း အရေးပါပါသည်။ ချစ်ခြင်းဟူသော ခွန်အားသည် ဘ၀လှေကားထစ်ပေါင်းများစွာကို တစ်လှမ်းချင်း တက်လှမ်းဖို့ ခွန်အားကိုလည်း ပေးအပ်သည်။ ငြိမ်းသည်လည်းကောင်း ၊ ပိုင်သည်လည်းကောင်း ဘ၀လှေကားထစ်ကို အောင်မြင်သည်ထိ တက်လှမ်းနိုင်ရန် အချစ်တစ်ခုကို တည်ဆောက်ခဲ့ကြပြီဖြစ်သည်။

ပြီးပါပြီ

၂၀၁၀ နိုဝင်ဘာတွင် အစပြုပြီး ၂၀၁၂ ဒီဇင်ဘာတွင် ၀တ္ထုအဆုံးသတ်ပါသည်။

ပင့်ဂိုလ်း

၁၉ – ၁၂- ၂၀၁၂

Broken Hearted Tree – အသဲကွဲသစ်ပင်

Standard

(၁)

ဆောင်းရာသီဖြစ်သော်လည်း မန္တလေးမှာ သိပ်မချမ်းလှ။ ညအချိန်များတွင်သာ အနည်းငယ်အေးသယောင်ရှိသော်လည်း နေ့လည်ဘက်တွင်တော့ ပူမြဲတိုင်း ပူဆဲသာ။ အချုပ်တန်းဆရာဖေ၏ မန်းတုန်အောင် လမ်းဆုံက ဟစ်ချင်တော့ ဆိုသည့် ကဗျာကလည်း ခုချိန်တွင်တော့ ယုံတမ်းစကားတစ်ခုလိုသာ ဖြစ်နေတော့သည်။ အချုပ်တန်းဆရာဖေတို့ လက်ထက်က ရာသီဥတုတွေမှ မဖောက်ပြန်သေးတာ။ ဒီဘက်ခေတ်မှာတော့ ရာသီဥတုတွေလည်း မမှန်တော့သည်မို့ မန္တလေးဆောင်းသည်လည်း အချမ်းမပီပြင်နိုင်တော့။ သို့သော် မန္တလေးကတော့ လှမြဲ လှဆဲသာ ရှိခဲ့သည်။ ဆိုင်ကယ်တွေ ပေါသည့်မြို့၊ ရဟန်း သံဃာတော်တွေ အများအပြားရှိသည့်မြို့၊ သမိုင်းတွင်သည့်မြို့.. နောက်ပြီး ကျွန်မရဲ့ အမှတ်တရတွေ များစွာရှိခဲ့သည့်မြို့။ မန္တလေးကတော့ ကျွန်မ၏ သမိုင်းတွင် အရေးပါသော နေရာတစ်ခုမှ ပါဝင်ခဲ့လေပြီ။

 

(၂)

“မောတယ် မောင်ရဲ့.. ခဏလေးဖြစ်ဖြစ် နားရအောင်နော်”

နွမ်းလျလျကျွန်မအသံကိုကြားတော့ ကျွန်မရှေ့မှ လမ်းလျှောက်နေသည့် မောင် ကျွန်မကိုလှည့်ကြည့်သည်။ မောင့်မှာတော့ ကင်မရာတစ်လုံးနဲ့ အလုပ်ရှုပ်ကာ မောဖို့ကို သတိရပုံမပေါ်။ Canon နဲ့ ချစ်သူ ဘယ်သူ့ကိုရွေးမလဲဟု မေးလျှင်တောင် မောင်က ချစ်သူသည် ဒုတိယဦးစားပေးဟု ဖြေလိမ့်မည် ထင်ပါသည်။ ခုလည်း ကျွန်မကိုနောက်မှာ ချန်ခဲ့ကာ သူလိုချင်သည့် ပုံတွေကိုသာ မရ အရရိုက်နေတော့သည်။ ယခုအချိန်တွင်တော့ မောင့်အဖို့မှာ ဦးပိန်တံတားသည် သူ့ချစ်သူဖြစ်သော ကျွန်မထက် ပိုစိတ်ဝင်စားဖို့ ကောင်းနေမည်ဖြစ်ပါသည်။

“အိုးကေ နားမယ်လေ သဲ ရဲ့… ဟိုနားက ခုံလေးနားရောက်ရင် ခဏထိုင်မယ်နော်..”

ဦးပိန်တံတား၏ ဟိုနား သည်နားတွင် လာရောက်လည်ပတ်သူများ နားနေနိုင်ရန် နားနေဆောင်ပုံစံမျိုး အမိုးလေးတွေနဲ့ ခုံတန်းရှည်လေးတွေ သုံး လေးခုလောက်တော့ ရှိပါလိမ့်မည်။ တစ်ချို့နေရာများတွင် လည်ပတ်သူများ နားနေသည်ထက်   ဈေးသည်များကသာ   ပေါများနေသည်ကို   တွေ့ရသည်။ ၀မ်းရေးအတွက် သူတို့သည်လည်း ရုန်းရပါလိမ့်မည်။ ရေသန့်တစ်ဗူးဝယ်ပြီး ကျွန်မအနားကို မောင်ရောက်လာသည်။ ထို့နောက် ပုလင်းအဖုံးကို ဖွင့်ကာ ကျွန်မကို ရေသန့်ဗူး ကမ်းပေးသည်။ ရေခဲစိမ်ထားသော ရေအေးအေးလေးသောက်ပြီးနောက်တွင်တော့ ကျွန်မ အနည်းငယ် အမောပြေသလို ရှိသွားတော့သည်။

“ရာသီဥတုကလည်း ပူလိုက်တာ မောင်ရယ်.. ဆောင်းရာသီမှ ဟုတ်ရဲ့လား မသိဘူး.. တော်သေးတယ် ဦးပိန်တံတားမှာ လေအေးအေးတွေ တိုက်နေလို့”

“တောင်သမန်အင်းကြောင့်လည်း ပါတာပေါ့ သဲ ရဲ့.. ရေပြင်ကိုဖြတ်တိုက်လာတဲ့ လေတွေက အေးတယ်လေ..”

“မောင် ဓါတ်ပုံ ကောင်းကောင်းကော ရရဲ့လား”

“အား.. ရပါ့ဗျာ.. ဒီပုံတွေထဲမှာ မောင်အကြိုက်ဆုံးကတော့ ဟိုးနားက သစ်ပင်ကြီးပဲ”

မောင် လက်ညှိုးညွှန်ရာကို ကျွန်မကြည့်မိတော့ သစ်ပင်သေကြီးတစ်ပင်ကို တွေ့ရသည်။ ပင်စည်လုံးပတ်ကြီးမားသည်။ အကိုင်းအခက်တွေ ဖြာထွက်နေပုံက ကဗျာဆန်သည်။ သို့သော သစ်ခြောက်ပင်ကြီး ဖြစ်သောကြောင့် အရွက်တွေ တစ်ရွက်မှ မရှိ။ အရိုးပြိုင်းပြိုင်းနဲ့ နေပူကျဲတောက် ကောင်းကင်အောက်တွင် ထီးထီးကြီး ရှိနေပုံက သနားစရာပင် ကောင်နေသေးတော့သည်။

“အဲ့ဒါ ဘာအပင်လည်း မောင်.. အရွက်တွေလည်း မရှိဘူး.. သူက အရွက်ရော ထွက်သလား”

“ဘာပင်မှန်းတော့ မောင်လည်း မသိဘူးလေ.. ဒါပေမယ့် မောင့်ဓါတ်ပုံမှာ ထိုးမယ့် Caption ကိုတော့ စဉ်းစားပြီးသေား.. အသဲကွဲ သစ်ပင် တဲ့.. သဲ ကြိုက်ရဲ့လား”

“မောင်ကလည်းနော်.. အသဲကွဲသစ်ပင်ပဲ ဖြစ်ရသေးတယ်.. သစ်ပင်ကတော့ အသဲကွဲမလား မောင်ရဲ့”

“သဲကလည်း ကဗျာ မဆန်လိုက်တာကွာ.. ကြည့်လေ.. သူ ရပ်တည်နေပုံက အထီးကျန်တယ်.. အကိုင်းအခက်တွေ ဖြာထွက်နေပုံက ကွဲအက်အက် သဏ္ဍန်ပေါ်နေတယ်.. သူ့ဟာ အင်းဘေးမှာ ရှိနေတယ် .. ဒါပေမယ့် နေမင်းရဲ့ အပူရှိန်က သူ့ကို မအေးမြစေနိုင်ဘူး.. ကွဲအက် ပူပြင်းနေတဲ့ သစ်ပင်ဟာ အသဲကွဲ သမားတစ်ယောက်နဲ့တူတယ်..”

ပြောပြောဆိုဆို မောင်က ကင်မရာဖြင့်ချိန်ကာ သူပြောသည့် အသဲကွဲ သစ်ပင်ကြီးကို ဓါတ်ပုံရိုက်ဖို့ လုပ်နေပြန်သည်။ ကျွန်မ မောင့်မျက်နှာကို ကျွန်မ သေသေချာချာကြည့်မိသည်။ သစ်ပင်ကြီးကို ဓါတ်ပုံရိုက်နေသော မောင့်မှာ ခံစားမှု တစ်ခုတစ်လေများ ရှိနေလိမ့်မလား။ ကျွန်မကို မပြောပြချင်သည့် အကြောင်းအရာတွေ မောင့်နောက်ကွယ်မှာ ဖြစ်ခဲ့ဖူးသလား။ ကျွန်မကကော မောင့်အတွက် ဘယ်လောက်ထိ အရေးပါသည့် မိန်းမတစ်ယောက်လဲ။

“မောင်.. မောင် အသဲကွဲဖူးလားဟင်”

Read the rest of this entry

အချစ် လှေကားထစ်လေးများ (၃)

Standard

နောက်တစ်နေ့ မနက်ကျတော့ တစ်ဖွဲ့လုံး ချောင်းသာကမ်းခြေ၏ အခြားတစ်ဘက်တွင်ရှိသော ကျောက်မောင်နှမရှိရာကို သွားကြသည်။ ဒုတိယနေ့အတွက် ဆွေးနွေးမည့် သင်ခန်းစာက သဘာဝ ပတ်ဝန်းကျင်နှင့် လူအခွင့်အရေး ဖြစ်သောကြောင့် ပတ်ဝန်းကျင် သာယာလှပသည့် ကျောက်မောင်နှမ ရှိရာနေရာကို ရွေးချယ်လိုက်ကြခြင်း ဖြစ်သည်။ သင်တန်းအတွက် တာဝန်ကျသည့် သူမတို့လည်း လိုအပ်သည့်ပစ္စည်းများကို စုံလင်အောင်ထည့်ရသည်။ အဖွဲ့သားအားလုံး ကားနှင့်သွားကြသော်လည်း ခိုင်စိုးလင်းနှင့် မခရေကတော့ ဆိုင်ကယ်စီးချင်သည်ဟုဆိုတာက နှစ်ယောက်သားဆိုင်ကယ်တစ်စီးနှင့် ထွက်သွားကြသည်။ ပျော်ရွှင်နေသာ ချစ်သူနှစ်ဦး၏ ပုံရိပ်က မနက်ခင်းကို ကျက်သရေတိုးစေသည်ဟု ငြိမ်းထင်မိသည်။ အချစ်သည် လောကကြီးကို သာယာစေသည်ဟု ဆိုလျှင် လောကကြီးသာယာဖို့ ချစ်သူများများလိုအပ်ပါသည်။

ကျောက်မောင်နှမဆိုသည်မှာ ကျောက်ဆောင်ကြီးကြီးနှစ်ခုကို ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။ ဘာကြောင့်များ ကျောက်ညီအကိုနဲ့ ကျောက်ညီအစ်မလို့ နာမည်မပေးခဲ့ကြတာပါလိမ့်။ သက်မဲ့ဖြစ်သည့် ကျောင်ဆောင်တွေကိုတောင် မောင်နှစ်မဖြစ်အောင် အထီးနဲ့ အမဆိုပြီး လုပ်တတ်ကြသည့်လူတွေက ရီစရာတော့လည်းကောင်းလှပါသည်။ ကျောက်မောင်နှမရှိရာ ကမ်းခြေဘက်က တော်တော်ကြီးကို လှပါသည်။ ဟိုတယ်များရှိရာဘက်တွင် ပင်လယ်ရေများ နောက်ကျိနေသလောက် ဒီဘက်ခြမ်းတွင်တော့ ရေများက ပြာလဲ့ကာ အောက်ခြေထိပင်မြင်နေရသည်။ အုန်းပင်တန်း စိမ်းစိမ်းစိုစိုတွေရယ် ၊ ပြာလဲ့နေသောရေပြင်ရယ်ကို မြင်ရသဖြင့် အဖွဲ့သားတွေ ပျော်ရွှင်စွာ အော်ဟစ်ကြသည်။ တစ်ချို့က ရေထဲကို တစ်ဟုန်ထိုးပြေးဆင်းကြသည်။ လှိုင်းလုံးကြီးများက ဖွေးကနဲ့ ဖွေးကနဲနဲ့ ကမ်းခြေကို တစ်ဝုန်းဝုန်းရိုက်နေကြသည်။ ဒီဘက်အပိုင်းရှိ သဲသောင်ပြင်သည် ဖြူလွသည်။ ရေများက ကြည်လဲ့သည်။ အုန်းပင်များက စိမ်းလဲ့လဲ့ဖြင့် ယိမ့်နွှဲ့ကြသည်။ သဘာဝ ပတ်ဝန်းကျင်သည် အသက်ရှုမှားလောက်အောင် လှပလွန်းလှသည်။ ကမ်းခြေတစ်လျှောက်လုံးတွင် ဆိုင်ကလေးတစ်ဆိုင်တည်းသာရှိသည်။ အုန်းရည်ချိုချိုတွေကို ငြိမ်း ၀ယ်သောက်လိုက်သေးသည်။

“ပတ်ဝန်းကျင်ကြီးက အရမ်းကိုလှတယ်.. ကျွန်မတို့တွေ လှပတဲ့ပတ်ဝန်းကျင်ကြောင့် ဘယ်လိုအခွင့်အရေးတွေ ရနေတယ်လို့ထင်လဲ”

ပိုးအိက ဆွေးနွေးပွဲကို မေးခွန်းဖြင့်စတင်သည်။ လူ့အခွင့်အရေးအကြောင်းကို ငြိမ်း များများစားစား မလေ့လာဖူးပါ။ သို့သော် လှပသည့်ပတ်ဝန်းကျင်သည် လူ့စိတ်ကို ရွှင်လန်းချမ်းမြေ့စေသည်ဆိုတာကိုတော့ အသေအချာသိထားပါသည်။

“ရန်ကုန်မှာ ညဘက်တွေဆို အမှိုက်ပုံတွေက လမ်းမကြီး တော်တော်များများမှာ တွေ့ရတယ်.. အနားကဖြတ်သွားတော့ အနံ့တွေနံတယ်.. လေထုညစ်ညမ်းတယ်.. အဲ့တော့ ကျွန်မတို့တွေ နှာခေါင်းတွေ တစ်ရှုံ့ရှုံ့နဲ့ မပြေးရုံ တစ်မယ်လမ်းလျှောက်ကြတယ်.. ပတ်ဝန်းကျင်ကြီး ညစ်ပတ်နေရင်ကော ကျွန်မတို့ ဘယ်လိုအခွင့်အရေးတွေ ဆုံးရှုံးသွားလဲ”

ပထမ မေးခွန်းပြီးတော့ ဒုတိယမေးခွန်းလာသည်။ အားလုံးက သိသလောက် တစ်ယောက် တစ်ပေါက်ဖြေကြသည်။ ပတ်ဝန်းကျင်ကြီးက ညစ်ပတ်မှတော့ အနားမှာရှိသည့် လူတွေလည်း လေထုကြောင့် အဆုတ်ရောဂါတွေ ၊ နောက်ပြီး တစ်ခြား ကျန်းမာရေး မကောင်းတာတွေ ဖြစ်ကြမှာပေါ့။ ညစ်ပတ်သည့် ပတ်ဝန်းကျင်ကြောင့် ဖြစ်လာတဲ့ အကျိုးဆက်က ကျန်းမာရေးကို ထိခိုက်စေမှာ အမှန်ပါပဲ။ ကြွက်တွေလည်း ရောက်လာပါလိမ့်မည်။ တစ်ခြား အန္တရယ်ဖြစ်စေသည့် ပိုးမွှားတွေလည်း ခိုအောင်းကြပါလိမ့်မည်။ ပတ်ဝန်းကျင်ညစ်ညမ်းလျှင်တော့ လူ့စိတ်လည်း ရွှင်လန်းတော့မှာ မဟုတ်ပါဘူး။

“ကျွန်မတို့ အခု ကျောက်မောင်နှမကို ရောက်နေတယ်.. ဟိုတယ်တွေ ရှိတဲ့ဘက်နဲ့ ဒီဘက် ကမ်းခြေခြင်းတူပေမယ့် လှပပုံခြင်း ကွာခြားတယ်.. ဘာကြောင့်လဲ.. ဒီဘက်က လူသူ အရောက်အပေါက်နည်းတာကိုး.. ဒီတော့ စည်းကမ်းမဲ့ အမှိုက်စွန့် ပစ်တာတွေ မဖြစ်ဘူး.. ဈေးသည်တွေလည်း ဒီဘက်မှာ မရှိသလောက်နည်းတယ်.. ဒီဘက်မှာ စားစရာ သိပ်မရှိတဲ့အတွက် ကျွန်မတို့လည်း စားကြွင်းစားကျန်တွေကို သောင်ပြင်မှာ ပစ်စရာမလိုဘူး.. လူတွေအရောက်များတဲ့ဘက်နဲ့ လူတွေအရောက်နည်းတဲ့ဘက်.. အရောက်နည်းတဲ့ဘက်က ပိုလှနေတယ်.. ဟိုဘက်မှာ လူတွေကြောင့် ရေပြင်လည်း ညစ်နွမ်းနေပြီ.. သောင်ပြင်လည်း ညစ်ပတ်နေပြီ.. လူတွေဟာ ပတ်ဝန်းကျင်ကို အဓိက ညစ်ညမ်းစေတဲ့ တရားခံတွေ ဖြစ်တယ်”

ဟုတ်ပါရဲ့.. ကျွန်မတို့တွေဟာ ကမ္ဘာမြေကို မှီခိုနေကြပြီး ကမ္ဘာမြေကို ပြန်အန္တရာယ်ပြုနေတဲ့ သူတွေပါလား။ ဟိုတလောက သတင်းတွေမှာ ငြိမ်း ဖတ်လိုက်ရသေးသည်။ ဒီဘက်မှာလည်း ဟိုတယ်ဇုန်လုပ်တော့မယ်တဲ့။ ဒါဆိုရင် တည်းခိုသူတွေ များလာပါလိမ့်မည်။ လူများလာလျှင် ပတ်ဝန်းကျင်ကြီးလည်း ညစ်နွမ်းလာပါလိမ့်မည်။ ပြာလဲ့သည့်ရေပြင် အရောင်ပြောင်းသွားပါလိမ့်မည်။ အိုး.. မလုပ်လိုက်ကြပါနဲ့။ စီးပွားရေးလောဘတွေကြောင့် ကျွန်မတို့ကို အကျိုးပြုတဲ့ ပတ်ဝန်းကျင်ကို မညစ်ပတ်စေပါနဲ့။ လူတွေသာ စည်းကမ်းတကျရှိကြလျှင် တော်တော်ကောင်းပါလိမ့်မည်။ နိုင်ငံခြားမှာလို ထိရောက်သည့် ပတ်ဝန်းကျင်ထိမ်းသိမ်းရေး ဥပဒေတွေ မြန်မာနိုင်ငံမှာလည်း ကျင့်သုံးစေချင်ပါသည်။

“အဲ့ဒီတော့ ကမ်းခြေတွေကြောင့် ဟိုတယ်တွေများလာတယ်.. ဒေသခံတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ပွင့်လာတယ်.. လာရောက်လည်ပတ်သူတွေရှိတာကြောင့် ဈေးဆိုင်တွေပေါ်လာတယ်.. စီးပွားရေး ထောင်တက်လာတယ်.. ဒါပေမယ့် တစ်ဘက်က ကြည့်ပြန်တော့လည်း ရေသတ္တ၀ါတွေကို အလွန်အကျွံဖမ်းဆီးတာတွေ လုပ်လာတယ်.. ဒါကိုလည်း အပြစ်ပြောလို့မရဘူး.. စားဝတ်နေရေးက ရှိသေးတာကို.. ကောင်းလာတဲ့ စီးပွားရေး အခွင့်အလမ်းတွေနဲ့အတူ တစ်ဘက်မှာ ရေထုညစ်ညမ်းတာတွေ ၊ ရေသတ္တ၀ါလျော့နည်းတာတွေ ဖြစ်လာတယ်.. တစ်နည်းအားဖြင့်ပြောရရင် Biodiversity ကို ထိခိုက်တယ်ပေါ့.. အဲ့တော့ ပတ်ဝန်းကျင်ကြီးလည်းလှအောင် ဒေသခံတွေရဲ့ စီးပွားရေးလည်း မထိခိုက်အောင်.. ကျွန်မတို့ ဘာလုပ်ကြရင် ကောင်းမလဲ”

“Group လေးတွေ ခွဲလိုက်ပြီး ဆွေးနွေးကြမယ်လေ” သားငယ်က ၀င်ပြောသည်။

“အိုးကေ ဒါဆိုရင် ငါးယောက် တစ်ဖွဲ့ဖွဲ့ရအောင်.. ကြိုက်သလို လွပ်လွပ်လပ်လပ်ပြောလို့ရပါတယ်”

“ရေထဲကော ဆင်းပြောလို့ရလား” မအိမ့်က ၀င်မေးတော့ သူ့ကို အားလုံးက ရီကြသည်။ အဖွဲ့ထဲတွင် မအိမ့်က ရေအကြိုက်ဆုံးဖြစ်သည်။ ပင်လယ်ထဲကနေ တော်ရုံပြန်တက်မလာတတ်ပဲ မမောတမ်းရေကူးနေလေ့ရှိသည်။

“ရတာပေါ့ ကျွန်မတို့ Workshop က Human Rights နဲ့ ဆက်စပ်နေတာပဲဟာ.. လူတိုင်းမှာ ကြိုက်တဲ့နေရာမှာ ကြိုက်သလို ဆွေးနွေးနိုင်တဲ့ အခွင့်အရေး ရှိပါတယ်”

ပိုးအိ အဖြေကြားတော့ မအိမ့် ၊ စုစု ၊ ဘိုဘို ၊ ထွန်းထွန်းနဲ့ အာကာတို့ ငါးယောက်အဖွဲ့ ရေထဲ ပြေးဆင်းကြသည်။ တစ်ခြားအဖွဲ့တွေလည်း ကျောင်ဆောင်နားမှာ ၊ ကမ်းခြေမှာ ၊ ရေစပ်မှာ စသည်ဖြင့် အသီးသီးသွားကြသည်။ ငြိမ်းတို့အဖွဲ့မှာတော့ ငြိမ်းနဲ့အတူ ဖြိုးပိုင် ၊ သီတာ ၊ ၀တ်ရည်နဲ့ အာကာတို့ပါသည်။ ဆွေးနွေးမှုတွေအားလုံးကို ဖြိုးပိုင်က ဦးဆောင်ဆွေးနွေးသွားသဖြင့် သူ့ကို အထင်ကြီးလေးစားမိရသေးသည်။ ငါးဖမ်းသင်္ဘောတွေနဲ့ ပတ်သက်သည့် ဥပဒေတွေ၊ သန္တာကျောက်တန်းကို ကာကွယ်နိုင်မည့် နည်းလမ်းတွေ၊ လည်ပတ်သူတွေနဲ့ ဟိုတယ်တွေအတွက် စည်းကမ်းချက်တွေ စတာတွေကို သူက ဦးဆောင်သွားသဖြင့် ငြိမ်းတို့တောင် အများကြီးပြောစရာ မလိုလိုက်ပါ။ နာရီဝက်ခန့် ဆွေးနွေးပြီး အဖွဲ့လိုက် Presentation တွေ လုပ်ကြသည်။ ပိစိတို့အဖွဲ့က ဇာတ်လမ်းလေးနှင့် သရုပ်ဆောင်ကာ စည်းကမ်းရှိဖို့ သင်ပြသွားကြသေးသည်.. “ပင်လယ်ကြီး ငိုနေပြီ သူ့ကို မျက်ရည်တွေသုတ်ပေးလိုက်ကြရအောင်.. ငါတို့ စည်းကမ်းမဲ့နေလို့ သူငိုနေတာ.. မငိုပါနဲ့ ပင်လယ်ကြီးရယ်.. နင်ငိုရင် ငါတို့လည်း မျက်ရည်တွေလိမ်းကျံရလိမ့်မယ်.. လူသားတွေ စည်းကမ်းရှိအောင် ငါတို့ စည်းရုံးပေးပါ့မယ်” ဆိုသည့် ခင်မြတ်၏ သရုပ်ဆောင်ချက်က ပီပြင်လွန်းသဖြင့် လက်ခုပ်တွေတီးပြီး အားပေးကြသည်။

Workshop ပြီးတော့ အားလုံးကိုယ်ပိုင်အချိန်ထပ်ရသည်။ တစ်ချို့က ရေဆင်းကူးကြသည်။ တစ်ချို့က သဲကျင်းတွေတူးပြီး ၀င်အိပ်ကြသည်။ တစ်ချို့ကလည်း မြင်းစီးကြသည်။ သုံးယောက်တစ်ဖွဲ့ လေးယောက်တစ်ဖွဲ့စသည်ဖြင့် စိတ်ကူးတည့်ရာ လုပ်နေကြသည်မှာလည်း လူငယ်တို့၏ သဘာဝပင်ဖြစ်သည်။ ငြိမ်းရယ် မူနွှဲ့ရယ်ကတော့ ဓါတ်ပုံတွေ လျှောက်ရိုက်နေမိသည်။ ကမ်းခြေ၏အလှကို ဓါတ်ပုံရိုက်လို့ မ၀နိုင်အောင်ရှိလှသည်။ ကျောက်ဆောင်တွေဘက်ကို မြင်ကွင်းချိန်နေတုန်း လူတစ်ယောက်က ကင်မရာ screen ထဲ တွေ့လိုက်သည်။ ဖြိုးပိုင်… ပါလား။ ဘယ်သူနဲ့မှလည်း အတူမရှိပဲ ကမ်းခြေတစ်လျှောက် တစ်ယောက်တည်း လမ်းလျှောက်လို့နေသည်။ ခြေလှမ်းတွေကို ရေတွက်ပြီး လျှောက်နေသည့်အလား ခေါင်းငိုက်စိုက်နဲ့ တစ်လှမ်းချင်းလျှောက်လို့နေသည်။ ကျောက်မောင်နှမရယ်.. လူတစ်ယောက်ရယ်.. ငြိမ်းအတွက်တော့ မြင်ကွင်းက အသက်ဝင်လွန်းလှသည်။ အသင့်တော်ဆုံး ရှုထောင့်မှ အမိအရ ရိုက်ယူပြီး ငြိမ်း တစ်ယောက် မရည်ရွယ်မိပါပဲ ကျောက်ဆောင်တွေဘက်ကို လမ်းလျှောက်မိရက်သား ဖြစ်သွားသည်။

ခြေလှမ်းလေးတွေက သဲပြင်အိအိထက်မှာ ခြေဖ၀ါးရာအလိုက် ထင်ဟပ်လို့နေသည်။ သူမရှေ့မှ လျှောက်သွားသည့် ဖြိုးပိုင်၏ ခြေရာတွေက ညီညာစွာ ရှိနေသေးသည်။ သူ့ခြေရာလေးတွေနဲ့ ဘေးချင်းယှဉ်လျက် လှမ်းလျှောက်မိနေသည်။ ခြေရာတိုင်းတယ်ဆိုတာ ဒါများလား မသိဟု ရီစရာတွေးမိသေးသည်။ ဒီလိုသာ ခြေလှမ်းတွေ အတူတူလှမ်းမယ့်သူရှိလျှင် ဘ၀က ပိုမိုပြည့်စုံမည်ဟုလည်း ထင်မိသည်။ ဘ၀ခရီးကို အတူလျှောက်မည့်သူ.. အိုးး ငြိမ်းတစ်ယောက် တစ်ခါမှ မတွေးမိခဲ့ဖူးပါ။ ဖေဖေရယ်.. မေမေရယ် နောက်ညီမလေးရယ်.. သူမရယ်.. အရင်တုန်းက သူမဘ၀က ဒါတွေသာ ရှိခဲ့သည်။ ပျော်ရွှင်စရာကောင်းသော မိသားစုတွေနဲ့ အခက်အခဲမှန် သမျှကို ရင်ဆိုင်ရင်း ဘ၀ကို ဒီအသက်အရွယ်ထိ ငြိမ်းချမ်းစွာ ဖြတ်သန်းခဲ့သည်။ ဘာကြောင့်များ ဘ၀လက်တွဲဖော်ဆိုတာကို ခုမှ ကောက်ကာ ငင်ကာ တွေးမိရတာပါလိမ့်။ သူမစိတ်တွေ ဘာဖြစ်နေတာလဲ။ ခြေလှမ်းတွေကို စိုက်ကြည့်ရင်း လမ်းလျှောက်ရာမှ ကျောက်ဆောင်တွေဘက်ကို လှမ်းကြည့်လိုက်သောအခါ ကျောက်ဖျာကြီးထက်တွင် ပက်လက်အနေအထားဖြင့် အိပ်နေသော ဖြိုးပိုင်ကိုတွေ့ရသည်။ ငြိမ်း ၏ စိတ်များက ဖြိုးပိုင်ဘေးနားလို့ အလိုလိုရောက်သွားပြန်သည်။ သူ့ဘေးမှာ ယှဉ်အိပ်ရင်း ကောင်းကင်ကြီးကို မော့ကြည့်ရလျှင် တော်တော်ကောင်းမှာပဲဟု တွေးမိသည်။ ရွေ့လျားနေကြသည့် တိမ်တောင်တွေနဲ့အတူ သူမတို့နှစ်ယောက်၏ စိတ်တွေ လွတ်လပ်စွာ စီးမျောမည်။ ကောင်းကင်ကြီးထဲတွင် စိတ်ကူးတွေနဲ့ အတူတူပျံသန်းချင်လည်း ပျံသန်းပါလိမ့်မည်။ ဒါမှမဟုတ် ပါးပြင်တွေကို ကျီစယ်ကြမည့် ပင်လယ်လေကိုလည်း ခံစားမိကြပါလိမ့်မည်။ အချစ်ဆိုသော ဇာတ်လမ်းတွင် စိတ်ကူးယဉ်မှုသည် ဇာတ်ပို့ဖြစ်သည်ဆိုပါက စိတ်ကူးယဉ်နေမိသော သူမ အချစ်ဇာတ်လမ်းတွင် ကိုယ်တိုင် မင်းသမီးအဖြစ်များ သရုပ်ဆောင်မိပါလိမ့်မည်။ သူမ၏ စိတ်ကူးတွေကို ဖြိုးပိုင်များ သိသွားခဲ့လျှင် ဆိုသည့်အတွေးများ ပါးပြင်များတွင် ရှက်သွေးများ ဖြာမိသည်။ လူ့အခွင့်အရေးကို လူတိုင်းတန်ဘိုးထား ကျင့်သုံးသည်ဟု ဆိုလျှင် စိတ်ကူးယဉ်မှုများကို ကိုယ်ပြောပြချင်သည့်သူကို ပြောပြနိုင်သည့် အခွင့်အရေးလည်း အမှန်အကန် ရှိပါလိမ့်မည်။ သို့သော် ပျက်ရယ်ပြု မခံရဖို့တော့ အတော်ကြိုးစားရပါမည်။ ဖြိုးပိုင်ရယ်.. ကျွန်မလည်း ရှင်နဲ့အတူ လှေကားထစ်တွေ လိုက်တက်ချင်လိုက်တာ.. ။

ဟိုတယ်ကို ပြန်ရောက်တော့ တော်တော်များများ ပင်ပန်းနေကြပေမယ့် မီးပုံပွဲကိုတော့ နွှဲဖြစ်အောင် နွှဲလိုက်ကြသေးသည်။ မနက်ဖြန်ဆို ကမ့်ပြီးဆုံးပြီဖြစ်သဖြင့် ရန်ကုန်ကို ပြန်ရပေတော့မည်။ ချောင်းသာအမှတ်တရတွေကို ရန်ကုန်ထိ သန့်ရှင်းစွာ သယ်ဆောင်သွားချင်ပါသည်။ ချောင်းသာ၏ နောက်ဆုံးညကို ဂစ်တာတီးရင်း ကုန်ဆုံးကြသည်။ ဘိုဘိုတို့က ဓါတ်မီးတွေနဲ့ Spot Light ပုံစံထိုးကာ နိုက်ကလပ်ဆိုပြီး လုပ်ကြသေးသည်။ အဲ့ဒီမှာ ရီစရာ ဇာတ်လမ်းတစ်ခု ထပ်ဖြစ်သည်။ နောက်ဆုံးညဖြစ်သဖြင့် မိန်းကလေးတော်တော်များများလည်း ဘီယာတွေ သောက်ကြသည်။ တစ်ချို့တွေလည်း မူးပြီး ကကြသေးသည်။ တစ်ချို့ကတော့ မိန်းကလေးပေမယ့် မမူးတတ်ကြ။ ရီစရာအဖြစ်က ဒီလိုပါ။ ခင်မြတ်ကို ခိုင်စိုးလင်းတို့အဖွဲ့ ဘီယာတွေ တော်တော်တိုက်လိုက်ကြသည်ထင်သည်။ မူးမူးနဲ့ တွေ့ရာလူကို ရစ်တော့သည်။ ခင်မြတ်၏ တရားခံ ဖြစ်သွားသူက သားသား။ တစ်မျိုးပြီး တစ်မျိုးပတ်ရစ်သဖြင့် နောက်ဆုံးတွင် သားသားခမျာ မခံနိုင်ရှာတော့။ အိပ်ချင်သည်ဟုဆိုကာ အခန်းထဲဝင်ပြေးဖို့ လုပ်ရသည်။ မရ.. ။ နောက်ဆုံးတွင် “ဆယ့်ငါးမိနစ်ပဲ အိပ်မှာပါ ခင်မြတ်ရယ်.. ပြီးရင် ငါ့ကို ကြိုက်သလောက်ရစ်ပါ.. ဆယ့်ငါးမိနစ်ထဲပါ” ဟု မနည်းတောင်းပန်မှ ခင်မြတ်က သားသားကို အိပ်ခွင့်ပြုလိုက်တော့သည်။ ငြိမ်းလည်း ပစ္စည်းတွေ သိမ်းချင်သဖြင့် အခန်းထဲ ပြန်ဝင်လာခဲ့သည်။ သားသားကတော့ ဆယ့်ငါးမိနစ်အိပ်ရန် အခန်းထဲဝင်သွားသည်။ ခင်မြတ်က သူ့မ၏ အရစ်ခံလူသားကို ရေသန့်ပုလင်းလေးဖက်ကာ အပြင်မှ စောင့်သည်။ နောက်ဘာတွေ ဆက်ဖြစ်သွားသည် မသိ.. သူတို့နှစ်ယောက်၏ ဆယ့်ငါးမိနစ် ဇာတ်လမ်းကတော့ ခုထိ ပြောလို့မဆုံးတော့။ ငြိမ်းအခန်းထဲ ၀င်ကာနီးတော့ ဖြိုးပိုင်က လှမ်းခေါ်က ဖုန်းနံပါတ်ပေးပါလား အမဟုတောင်းသည်။ ဒီနေ့အဖို့ သူနဲ့ စကားလေးတစ်ခွန်းတောင် ဟဟ မပြောဖြစ်သေး။ အိပ်ရာဝင်ကာနီးမှ ဖုန်းနံပါတ်လာတောင်းဖော်ရသည်။

“ရန်ကုန်ပြန်ရောက်ရင် ဖုန်းဆက်လို့ ရလား”

“ရပါတယ်.. ဆက်ပါ ဖြိုးပိုင်ရဲ့”

“ကိစ္စမရှိလည်း ဆက်မှာနော်”

“သြော်.. ကဲ ဆက်လို့ရပါတယ်ဆို”

“နေ့တိုင်းကော ဆက်လို့ရလား”

“အယ် ဘာလုပ်ဖို့တုန်း”

“ကိစ္စမရှိလည်း ဆက်လို့ရတယ်ဆိုလို့လေ မေးကြည့်တာ”

ငြိမ်း သူ့ကို မျက်စောင်းထိုးမိပြန်သည်။ တစ်နေကုန် တေမိလုပ်နေပြီးကာမှ ခုမှလာ အလွမ်းသယ်နေလိုက်တာ။ ထို့နောက် သူ့ဖုန်းဟုဆိုကာ လိပ်စာကဒ်လေး ထုတ်ပေးသည်။

“အံမယ် ကဒ်တွေ ဘာတွေနဲ့..”

“လူရှိန်အောင်ပါဗျာ.. တစ်ကယ်တော့ အညတရ လေးပါ”

“ဟား ဟား ဟုတ်ပါပြီ.. ဒါနဲ့ မနက်စောစောထမှာလား.. ပလပ်စတစ်အိတ် သွားကောက်ကြမယ်လေ.. ပိုးအိလည်း လိုက်မယ်တဲ့.. နောက်လည်း မူနွှဲ့တို့ မိုးအောင်တို့ လိုက်လိမ့်မယ်.. အမပြောပြီးသွားပြီ”

“အိုးကေ သွားမယ်လေ အမ… အိုကေ ဒီနေ့ ပင်ပန်းနေပြီ နားတော့နော်.. Good Night”

“Good Night.. သရဲမနဲ့ အိပ်မက် မက်ပါစေ”

“လာစမ်းပါ.. သရဲမကို အာဘွားပေးပလိုက်မယ်”

သူမတို့နှစ်ယောက် နောက်ပြောင်ရင်း အိပ်ရာအသီးသီးဝင်ကြသည့်။ တစ်နေကုန် ပင်ပန်းခဲ့သမျှကို အတိုးချ အိပ်ပစ်ရမည်။ မနက်ကျလျှင် ရန်ကုန်ကို ပြန်ရမည် ဖြစ်သဖြင့် ခရီးက ပန်းပေအုံးမည်။ အင်း သူမမှာလည်း ကိုယ်လုပ်ချင်တာတွေကို လုပ်ဖို့ အခွင့်အရေးတွေ ရှိပါသည်။ အတူရှိနေစေချင်သည့်သူနှင့် ရှိရန် အခွင့်အလမ်းတွေ ဖန်တီးနိုင်မည့် အခွင့်အရေးလည်း ဖြစ်ပါသည်။ ငြိမ်းကိုယ်တိုင် မသေချာသေးသော အချစ်တစ်ခုအတွက် ပိုကောင်းမည့် အခွင့်အရေးတွေကို သူမကိုယ်တိုင် ဖန်တီးကာ ကိုယ့်ကိုကိုယ် စမ်းသပ်ကြည့်ရပါအုံးမည်။ လူ့အခွင့်အရေးသည် သဘာဝ ပတ်ဝန်းကျင်နှင့်သာမက အချစ်ကိစ္စနဲ့လည်း အများကြီး သက်ဆိုင်ပါသည်။

(အပိုင်း ၄ လာပါအုံးမည်)

အချစ်လှေကားထစ်လေးများ…….. (၂)

Standard

(၃)

ညနေခင်းက သာသာယာယာရှိလှသည်။ တစ်နေ့တာအတွက် သင်တန်းချိန်ပြီးတော့ တစ်ချို့တွေက အနားယူကြသည်။ တစ်ချို့တွေက ရွာထဲကို လမ်းလျှောက်ထွက်ကြသည်။ ငြိမ်းရယ်.. ၀တ်ရည်ရယ်.. မဒီရယ် သုံးယောက်သားက ကမ်းခြေဘက်ကို လမ်းလျှောက်ထွက်လာကြသည်။ ချောင်းသာကမ်းခြေတစ်လျှောက်မှာ ရေကူးသူတွေ သိပ်မရှိကြတော့။ Hotel Max ရှေ့မှာတော့ မီးပုံပွဲအတွက် ပြင်ဆင်နေကြသည်။ နောက်ဆုံးညမှာ ကိုယ့်အဖွဲ့မှာလည်း မီးပုံပွဲ လုပ်ဖြစ်ကြအုံးမည်။ ကောင်းကင်ကြီးကတော့ နေ၀င်ချိန်မို့ထင်သည်.. ပုဇွန်ဆီသွေးရောင်တောက်ကာ လှချင်တိုင်း လှနေတော့သည်။ ပင်လယ်ထဲသို့ ငုပ်လျိုးလုလုဖြစ်နေသော နေမင်းကြီးကို အမိအရ ဓါတ်ပုံတွေ ရိုက်နေမိတော့သည်။ ၀တ်ရည်တို့ကတော့ ဘုရားလေးဘက်ကို လမ်းဆက်လျှောက်သွားကြသည်။ ပတ်ဝန်းကျင်မှာ တစ်ဖြည်းဖြည်းမှောင်ရီ ပျိုးလာသည်။ ကမ်းစပ်ကို လှိုင်းရိုက်သံတွေကလည်း တစ်ဖြည်းဖြည်းပီပြင်လာသည်။ ကမ်းစပ်ဆီသို့ အရောက်လာနေသော ရေလှိုင်းတွေကို ခြေနဲ့ မထိ တထိလေး ဆော့ရသည်မှာ ပျော်စရာကောင်းပါသည်။ တစ်ချက် တစ်ချက်မှာတော့ ပင်လယ်ထဲတွင် မျောလာသည့် ဒိုက်တွေကို တွေ့ရသည်။ ကမ်းစပ်တစ်လျှောက်တွင် စွန့်ပစ်ခံခဲ့ရသော ပလပ်စတစ်အိတ်များကလည်း တစ်လွင့်လွင့်။ ချောင်းသာ ကမ်းခြေကို လာရောက် အပန်းဖြေသူတွေ စည်းကမ်းရှိကြရင် တော်တော်ကောင်းမည်။ ပင်လယ်ပြင်ကြီးကလည်း ပြာလဲ့လဲ့အရောင်မရှိတော့။ ရေတွေလည်း အရောင်ပြောင်းနေပြီ။ ပတ်ဝန်းကျင်ထိမ်းသိမ်းရေး အသိပညာသာမက ၊ လက်တွေ့လုပ်ဆောင်ကြဖို့ကိုလည်း တိုက်တွန်းရပေအုံးမည်။

ခဏကြာတော့ ဘုရားဘက်ကို လမ်းလျှောက်သွားသော ၀တ်ရည်တို့ ပြန်လှည့်လာကြသည်။ ငြိမ်းတို့ သုံးယောက် တည်းခိုရာ ဟိုတယ်ဆီသို့ ပြန်လာလိုက်ကြတော့သည်။ ပင်လယ်ဘက်မှ ဟိုတယ်ဆီလာရာလမ်းတွင် မီးရောင်လေးက အားမရှိ တရှိလင်းလက်နေသည်။ တစ်နေရာအရောက်တွင်တော့ ငြိမ်း အကြည့်တွေ ရုတ်တရက် တစ်ယောက်ယောက်ဆီကို စိုက်ကြည့်မိသွားသည်။ ဓါတ်တိုင်အောက်တွင် ဂဏန်းသည်တွေနဲ့ စကားပြောနေသည့် ဖြိုးပိုင်။ ဂဏန်းရောင်းသည့်သူတွေက ငါးတန်း ၊ ခြောက်တန်းအရွယ် ကလေးလေးတွေ။ ဖြိုးပိုင်တစ်ယောက်တော့ ဂဏန်းတွေချက်စားဖို့ မှာလိုက်ပြန်ပြီထင်သည်။

“ဟာ ဟိုမှာ ဖြိုးပိုင်ပါလား.. ဂဏန်းရောင်းတဲ့ကလေးတွေကို ဘာရှုပ်ပြန်ပြီလဲ မသိဘူး”

ဝတ်ရည်လည်း ဖြိုးပိုင်ကို မြင်သွားပြီဖြစ်သည်။ ပြောပြောဆိုဆို ၀တ်ရည်တစ်ယောက် ဖြိုးပိုင်ဆီသို့ ပြေးသွားသည်။

“ဟဲ့ ဘာရှုပ်နေတာတုန်း”

“အား မ၀တ်ရည်တို့ပါလား.. မငြိမ်းတို့လည်း ပါတာကိုး.. ကျွန်တော် ဂဏန်းမှာနေတာဗျ.. မနက်ဖြန်ကျရင် စားရအောင်လေ”

“၀ိုးး မိုက်တယ် ငါတို့မောင်လေးကို ဒါကြောင့် ချစ်ရတာ.. ဒါနဲ့ နင်ပြီးရင် ဟိုတယ်ပြန်မှာ မဟုတ်လား.. တူတူပြန်မယ်လေ”

“ပြန်မယ်ဗျ.. သွားကြမယ်.. ”

သို့နှင့် ဖြိုးပိုင်ရယ်.. ငြိမ်းတို့ရယ် ဟိုတယ်ကို တူတူပြန်လာခဲ့ကြသည်။ ငြိမ်း လက်ထဲမှ ကင်မရာကို မြင်သဖြင့် “အမလည်း ဓါတ်ပုံ မရိုက်ရရင် မနေနိုင်ဘူးထင်တယ်နော်လို့..” ငြိမ်းကို ပြောနေသေးသည်။ ထို့နောက်.. “ကျွန်တော့် ပုံလေးလဲ ပါအောင် ရိုက်ဗျနော” ဟု ပြောလိုက်သေးသည်။ ငြိမ်းကတော့ သူ့ကို ပြုံးရုံသာ ပြုံးပြလိုက်မိသည် ထင်သည်။

ဟိုတယ်ကို ပြန်ရောက်တော့ ၁၀၄ ရှေ့မှာ အဖွဲ့သားတွေ စုရုံး စုရုံးဖြစ်နေကြသည်ကို တွေ့ရသည်။ ၁၀၄ ဆိုတာက သားသားရယ် ၊ ဘိုဘိုရယ်၊ နွေဦးရယ် သုံးယောက်သား နေကြသည့်အခန်း။ ခရီးအစမှာ ဖြိုးပိုင်နဲ့ တူတူထိုင်လာခဲ့သည့် သားသားက အဖွဲ့ထဲက ရွှတ်နောက်နောက်နှစ်ယောက်ဖြစ်သည့် ဘိုဘိုတို့နဲ့ ဘယ်လိုပေါင်းစည်းဖြစ်သွားပါလိမ့်ဟု တွေးမိသေးသည်။ ခိုင်စိုးလင်းတို့ ၊ သားငယ်တို့က ပုလင်းဖောက်နေကြသည်။ ထွန်းထွန်းနှင့် မိုးအောင်ကတော့ ပိုးအိအတွက်ဟုဆိုကာ Cocktail စပ်နေသည်။ တစ်ခြားသူတွေကတော့ ၁၀၄ အခန်းထဲမှာ ဖဲဆော့နေကြသည်တဲ့။ ငြိမ်းကိုတွေ့တော့ ထွန်းထွန်းက ဘာသောက်မလဲဟု မေးသည်။ အအေးပဲပေးပါလို့ ပြောလိုက်ရသည်။ ဒီကောင်တွေက မလွယ်သည့်ကောင်တွေ.. ငြိမ်းက ခပ်တည်တည်နေတတ်သူမို့သာ။ ခုလည်းကြည့်လေ အိမ့်နဲ့ စုစုကို ဘီယာတွေ အတင်းလိုက်တိုက်နေသေးသည်။

တစ်ခုတော့ ထူးခြားသည်ဟု ပြောရမည်။ ဖြိုးပိုင်တို့အခန်းက ယောင်္ကျားလေးတွေ တစ်ယောက်မှ အရက်မသောက်တတ်ကြ။ အာကာ ၊ ရဲကျော်နဲ့ ဖြိုးပိုင်.. အရက်ကိုဆို အနံ့တောင် မခံနိုင်ကြသူတွေတဲ့။ ဒီတစ်ချက်တော့ သူတို့ကို ငြိမ်း လေးစားသွားရသည်။ Camp မှာရှိသည့် ယောင်္ကျားလေးတိုင်း အရက်သောက်နေချိန်တွင် ထိုသုံးယောက်ကတော့ အုန်းပင်အောက်တွင် အေးအေးလူလူထိုင် စကားပြောနိုင်ကြသည်။ အားလုံး ၁၀၄ အခန်းရှေ့မှာ အရှိန်ရနေကြပြီ။ ထွန်းထွန်းက ပါလာသည့် Woofer နဲ့ Laptop တွဲကာ ဒီဂျေသီချင်းတွေ စဖွင့်သည်။ ခင်မြတ်တို့က သီချင်းလေးနဲ့လိုက်ကာ ခန္ဓာကိုယ်လေးတွေ ယိမ်းနေကြပြီ။ နွေဦးကတော့ ဒီဂျေနဲ့ အပြိုင်ဟုဆိုတာက ဂစ်တာကို မရ အရ တီးနေသေးသည်။ အိမ့် ၊ စုစုနဲ့ ၀တ်ရည်တို့ကလည်း ဘာတွေပြောပြီး ရီနေကြသည် မသိ။ ပိစိရယ် ခိုင်စိုးလင်း မခရေတို့ရယ်ကတော့ နံရံတွင်မှီပြီး ဖြစ်သမျှအကြောင်း အကောင်းဆိုသည့် ပုံစံဖြင့် ကြည့်နေကြသည်။ သူတို့ရှေ့မှာလည်း ပုလင်းတွေ စီရီလို့။ အားလုံးကတော့ သူတို့ကို ဘံဆိုင်ကောင်တာက အစောင့်တွေတဲ့။

ငြိမ်းကတော့ အစကတည်းက အေးအေးနေတတ်သူမို့ အုန်းပင်လေးအောက်ရှိ ခုံလေးတွင်သာထိုင်နေမိသည်။

“အမ ပျင်းရင် ကျွန်တော်နဲ့ စကားပြောမလား”

လှည့်ကြည့်တော့ ဖြိုးပိုင်။ သူမနောက်တွင် Max ကိုလာပုလင်းလေး ကိုင်ကာ ရပ်နေသည်။

“အာကာတို့ ရဲကျော်တို့က အခန်းထဲ ပြန်သွားကြပြီဗျ.. အိပ်ချင်လိုတဲ့.. သူတို့က မနက်စောစောထပြီး ငါးတွေ သွားမှာမယ်ဆိုလား”

“သြော်.. ရတယ်လေ ဖြိုးပိုင်ရဲ့.. အမလည်း ဟိုအဖွဲ့တွေကိုကြည့်ပြီး ထိုင်ရီနေတာ.. တော်တော်မနိုင်တဲ့လူတွေ”

“ဟုတ်ပါ့ဗျာ..  သူတို့ကို ကြည့်ရင်း ကျွန်တော်တောင် ဘာမှမလုပ်ပဲ အလိုလိုပျော်နေတာ.. အမကော ပျော်လားဟင်”

“ဟုတ်ပါ့… အမလို လူတွေချည်းပဲဆိုရင်လည်း Camp က ဘယ်ပျော်စရာ ကောင်းတော့မလဲ”

“ဟုတ်ပါ့ အမနဲ့ ကျွန်တော်နဲ့ တူတယ်ဗျနော်.. အေးအေးဆေးဆေးနေတတ်တာကို ပြောပါတယ်”

ဖြိုးပိုင်ကို သူမ မျက်စောင်းလေး လှမ်းထိုးလိုက်မိသည် ထင်ပါသည်။ ရုတ်တရက် နေ့လည်က အိုင်ပေါ့ ကိစ္စကို သတိရမိသည်။ မေးလိုက်ရင် ကောင်းမလား။ အိုး…. သူတောင်မှ မမေးတာ မမေးတော့ပါဘူးလေ။ ကျွန်တော့် အိုင်ပေါ့ကို အမ ဘယ်တုန်းက စပြီး သတိထားမိတာလဲဗျ လို့ မေးရင်ကော ဘယ်လို ဖြေရမှာပါလိမ့်။ ဒီလိုပဲ မထင်မှတ်ပဲ သတိထားမိတာလို့ပဲ ဖြေလိုက်ရမှာပေါ့လေ။ အား.. သူကမှ မမေးတာကို ငါက ဘာလို့ အတွေးတွေ များနေရတာပါလိမ့်.. ဆိုပြီး ကိုယ့်ကိုကိုယ် ပြန်ရှက်မိသေးသည်။

“အမ.. ကျွန်တော် ပြောတာ ပြန်လည်း မပြောဘူး”

“အင်.. ဘာလဲ ဖြိုးပိုင်…”

“အမကလည်းဗျာ… အမ ဂဏန်းကြိုက်တယ် မဟုတ်လားလို့.. ညနေထမင်းစားတုန်းက ဂဏန်းဟင်းတွေ အများကြီးစားတာ တွေ့တယ်”

“အင်း ကြိုက်တာပေါ့ ပင်လယ်စာတွေထဲမှာ ပုဇွန်ထက်တောင် ပိုကြိုက်သေးတာ”

“အဲ့ဒါကြောင့် ကျွန်တော့ ခုနက ကလေးတွေဆီမှာ ဂဏန်းမှာထားခဲ့တာပေါ့.. အမနဲ့ ကျွန်တော် အကြိုက်ချင်း တူပြန်ပြီ.. ”

“အားလုံးစားဖို့ မမှာခဲ့ပဲနဲ့များ…”

“အား.. အားလုံးတော့ မဟုတ်ဘူးလေဗျာ.. ဒီအတိုင်း အမကို သတိရပြီး မှာခဲ့တာ.. အမလည်းစား.. ကျန်တဲ့သူလည်း စားပေါ့.. ဒါနဲ့ အမကို ပြောစရာ ရှိသေးတယ်ဗျ… ကျွန်တော်တို့ မနက်စောစောကမ်းခြေမှာ ပလပ်စတစ်အိတ်တွေ လိုက်ကောက်ရင် မကောင်းဘူးလား”

” WOW!! မိုက်တာပေါ့.. အမလည်း ညနေက ကမ်းခြေမှ လမ်းလျှောက်ရင်း စဉ်းစားနေတာ.. ပိုးအိကို ပြောကြမယ်လေ..”

“တွေ့လား အမနဲ့ ကျွန်တော် တူတာတွေ များနေပြီဗျ”

ဖြစ်ရပြန်ပြီ ဖြိုးပိုင်ရယ်.. တမင်များပြောနေတာလား.. သူ့ရင်ထဲကအတိုင်း ပြောနေတာလား ဆိုတာကိုတော့ သူမှလွဲ၍ တစ်ခြားသူ သိနိုင်မည် မထင်ပါ။ ငြိမ်းတို့နှစ်ယောက် စကားတွေ ဆက်ပြောကြသည်။ မနက်ဖြန်မှာ လုပ်ရမည့် Training ကိစ္စတွေ… ပင်လယ်ကြီးကို ချစ်သည့်အကြောင်းတွေ.. ခရီးသွားတာကို နှစ်သက်သည့်အကြောင်းတွေ.. နောက်ပြီး ကြယ်တွေကို တူတူကြည့်ဖြစ်ကြသေးသည်။ အဲ့ဒီနေ့က လလည်း သာပါသည်။ ကြယ်တွေလည်း စုံပါသည်။ ဖြိုးပိုင်၏ စကားလုံးများကလည်း ချိုပါသည်။ ဘာကြောင့်များ သူ့စကားတွေ ချိုမြရသည်ဟု ငြိမ်း ထင်မိပါလိမ့်။ သေချာတာကေတော့ ဖြိုးပိုင်နဲ့ စကားပြောနေရသော အချိန်များကို သူမ၏ မသိစိတ်က တန်ဘိုးထားနေမိခြင်းဖြစ်သည်။ သူမတို့နှစ်ယောက် သစ်ပင်လေးတွေကို ချစ်ကြသည်။ ပင်လယ်စာတွေကို နှစ်သက်ကြသည်။ သီချင်းလေးတွေကိုလည်း ထပ်တူ ထပ်မျှ နှစ်သက်ကြသေးသည်။ ရန်ကုန်မှာ ရှိစဉ်တုန်းက အဖွဲ့မီတင်တိုင်းတွင် တွေ့ခဲ့ကြပါလျှက် ဘာကြောင့်များ ခုလောက်ထိ စကား မပြောမိခဲ့တာ ပါလိမ့်။ တစ်ကယ်ဆို သူမတို့နှစ်ယောက် ယခုထက် ပိုစောကာ ရင်းနှီးဖို့ကောင်းသည်။

“ကျွန်တော် ရန်ကုန်ပြန်ရောက်ရင် ဒီအချိန်လေးကို လွမ်းနေမှာ…. အခုလို လသာတဲ့ ညတိုင်းကိုပေါ့”

သူမလည်း လွမ်းနေလိမ့်မည် ထင်ပါသည်။ လေပြည်လေးက တသော့သော့တိုက်ခတ်နေသည်။ သူ၏ ကိုယ်သင်းနံ့လေးကို သူမ အမှတ်မထင် ရှူမိသည်။ သူ့ကိုလှည့်ကြည့်တော့ ကောင်းကင်ကြီးကို အပြုံးမျက်နှာဖြင့် ကြည့်နေသည်ကို တွေ့ရသည်။ သူမကိုယ်တိုင်လည်း လမင်းကြီးကို ပြုံးပြုံးကြီး ကြည့်နေလိုက်မိတော့သည်။

“အား လုပ်ကြအုံး.. ပဲသီးတောင့် တစ်ယောက် ၁၀၄ ထဲမှာ အိပ်ပျော်နေပြီဗျ”

“ဟဲ့.. ပဲသီတောင်း ဘီယာသောက်ပြီးများ အခန်းမှားတာလား .. နေပါအုံး အဲ့အခန်းထဲမှာ ဘိုဘိုတို့ ဖဲဆော့နေတာ မဟုတ်လား”

“မဟုတ်ဘူး.. အကုန်လုံးအပြင်မှာ သီချင်းထိုင်ဆိုနေတာ.. ပိုးအိက မနက်ဖြန်အတွက် စာလုပ်မယ်ဆိုပြီး အဲ့အခန်းထဲ ၀င်သွားတာ”

ပြသနာတော့ တက်ပြီထင်သည်။ ဖြိုးပိုင်ကော သူမကော ၁၀၄ ထဲကို ပြေးသွားကြတော့ ၀တ်ရည်တို့လည်း ရောက်လာသည်။ အခန်းထဲမှာတော့ ပိုးအိက ငြိမ်းချမ်းစွာ အိပ်ပျော်လို့နေသည်။ ဘေးခန်းမှ မဒီနဲ့ မူနွှဲ့တို့လည်း ပြေးထွက်လာကြသေးသည်။ သီချင်းသံတို့ ရပ်ကုန်သည်။ ယောင်္ကျားလေးများ မျက်လုံးတွေ ပြူးကုန်ကြသည်။

“မဟုတ်ဘူး.. ဘာမှ မဖြစ်ဘူး.. ငါသိတယ်ဟဲ့.. သူက ဖဲလည်းမဆော့တတ်ဘူးလေ.. ငါတို့နဲ့ ဖဲဆော့တုန်း ဘေးနားမှာ စာထိုင်လုပ်နေတာ.. နောက်တော့ အိပ်ပျော်သွားတာနဲ့… ငါတို့လည်း သူ့ကိုထားပြီး ထွက်လာတာ.. ငါပြန်မှ နှိုးမလို့ဟာကို..”

ဝတ်ရည်ကပြောတော့မှ အားလုံး ဟင်းချနိုင်ကြသည်။ ခဏနေတော့ ပိုးအိကို ၀ိုင်းနှိုးကြသည်။ ပိုးအိတစ်ယောက်ကတော့ ဘယ်သူ့အခန်းမှာ အိပ်ပျော်သွားမှန်းတောင် သိရဲ့လား မသိ။ အိပ်ချင်မူးတူးနဲ့ နိုးလာသောသူ့ကို အားလုံးက ၀ိုင်းရီတော့မှ သူလည်း သဘောပေါက်သွားသည် ထင်သည်။ တစ်ဟားဟားနဲ့ ထိုင်ရီကြတော့သည်။

ချောင်းသာ၏ ပထမညသည်.. ပျော်ရွှင်စရာများဖြင့် ထုံလွှမ်းနေတော့သည်။ ညလည်း နက်ချေပြီ… ယောင်္ကျားလေးတွေကတော့ ၀ိုင်းကောင်းတုန်း။ မိန်းကလေးတစ်ချို့ အိပ်ကုန်ကြပြီ။ သူမလည်း နောက်နေ့အတွက် အားမွေးဖို့ အိပ်ရအုံတော့မည်။ အခန်းထဲ ၀င်ကာနီးကျတော့ ဖြိုးပိုင်က လှမ်းပြောသည်။

“Good Night, Sweet Dreams”

ထိုညအဖို့ ငြိမ်းတစ်ယောက် အေးချမ်းစွာ အိပ်ပျော်ခဲ့ပါသည်။ အိပ်မက်တော့ မမက်ဖြစ်ခဲ့ပါ။

အချစ် လှေကားထစ်လေးများ….

Standard

(၁)

ည (၁၀) နာရီဆိုပေမယ့် မြေနီကုန်းမှာ လူသွား လူလာမပြတ်သေးပေ။ ဒဂုံစင်တာရှေ့က လက်ဘက်ရည်ဆိုင်လေးတွေနဲ့ ထမင်းကြော်ဆိုင်လေးတွေကလည်း စည်စည်ကားကားရှိတုန်း။ ညဘက်ဂိတ်ထိုးသည့် တက္ကစီကားတန်းတွေက ကားသမားတွေကလည်း ခရီးသည်တွေကို စောင့်နေကြတုန်း။ အလှပြင်ဆိုင်တစ်ချို့နဲ့ စတိုးဆိုင်လေးတွေကတော့ ပိတ်စပြုနေကြပြီ။ ဆိုင်ပတ်ရန်ပြင်နေသော စတိုးဆိုင်လေးတစ်ဆိုင်မှာ အအေး (၁၀) ဘူးခန့်ဝင်ဝယ်ပြီး ကောင်းကောင်း ဟော့ပေါ့ဆိုင်ရှေ့သို့ သူမတို့ သူငယ်ချင်းနှစ်ယောက် ခပ်သွက်သွက်လေး လျှောက်သွားလိုက်ကြသည်။ ပိန်သွယ်သွယ် ကိုယ်လုံးလေးနဲ့ စတိုင်မိုက်မိုက် သူမတို့ကို ကားပေါ်မှ  ကာင်လေးတွေ အော်ဟစ် နောက်ပြောင်သွားကြသေးသည်။ အင်း ညဘက် (၁၀) နာရီဆိုတာ မိန်းကလေး လမ်းထွက်သင့်တဲ့ အချိန်မှ မဟုတ်ပဲကို။ သူမတို့အဖွဲ့ကတော့ ကိုယ့်အပျော်နဲ့ကိုယ် ပတ်ဝန်းကျင်ကို ဂရုစိုက်ဖို့ မအားကြပါ။ ခဏကြာတော့ ကောင်းကောင်း ဟော့ပေါ့ဆိုင်ရှေ့မှာ လှုပ်စိ လှုပ်စိဖြစ်နေသော လူငယ်တစ်သိုက်ကို တွေ့လိုက်ရသည်။

“ဟေးးးးးးးးးးးးး “

မြတ်မဒီက ၀မ်းသာအားရအော်လိုက်တော့ ကောင်လေးတစ်ယောက် လက်လှမ်းပြပြီး ပါးစပ်မှလည်း စကားလုံးတွေ တရစပ်မှုတ်တော့သည်။

“နင်တို့ကလည်း နောက်ကျလိုက်တာ.. ငါတို့မှာ တစ်ယောက်ပြီး တစ်ယောက်မျှော်ရတာ တော်တော်မောလာပြီ.. ချိန်းထားတာက ၁၀ နာရီ ၊ နင်တို့ရောက်တာက ၁၀ နာရီခွဲ .. ကဲ ကောင်းကြသေးရဲ့လား”

“အမလေး မျောက်ကောင်နော်… နင် သိပ်ဆရာ မလုပ်နဲ့ ကားထွက်မှာက ၁၁ နာရီမှ ကားမထွက်ခင်ရောက်ရင် ပြီးရော မဟုတ်လား”

“ဟ.. လုပ်စရာတွေ ရှိသေးတယ်လေ.. ငါတို့က ဒီခရီးကို စီစဉ်သူတွေဖြစ်တာ နောက်ကျလို့ ကောင်းမလား”

“ကဲ အဖိုးနဲ့ အဖွားနော်.. အိမ်မှာကတည်းက တကျက်ကျက်နဲ့ လမ်းမှာဗျာ.. အော်ကြီးဟစ်ကျယ် မလုပ်ကောင်းပါဘူး.. ရော့ ကျွန်တော် ဓါးပေးမယ် သတ်ကြ ဖြတ်ကြ”

ပိစိက ၀င်အရွှန်းဖောက်တော့ “သေနာလေး” ဟု မကြား တကြား ပြန်ပြောကာ မျောက်ကောင်ဟု သူမတို့ခေါ်သော မိုးအောင်နဲ့ စကားများတာ ရပ်ရသည်။ မိုးအောင် ဆိုတာကလည်း ဒီလိုပါပဲ.. အလုပ်က ဖြစ်ဖြစ်မြောက်မြောက် မရှိပဲ စကားများမည့်နေရာမှာတော့ နှစ်ယောက်မရှိ။ အဖွဲ့ထဲမှာလည်း ရီစရာ အပြောတတ်ဆုံး.. မိုးအောင်ရယ် ပိစိရယ် တွေ့လို့ကတော့ အဲ့ဒီနေ့မှာ အူတက်ပြီး မသေဖို့သာ ပြင်တော့။

“ဟဲ့ ပဲသီးတောင့်လည်း မတွေ့ပါလား.. ကားလည်း မရောက်သေးဘူးကော”

“ပဲသီးတောင့်က ပဲလင်းမြွေသီးနဲ့ ချိန်းတွေ့နေလို့ ဖြစ်မှာပေါ့ဗျ”

“အေး ဖြစ်နိုင်တယ်.. ပဲသီးတောင့်ရယ် ပဲလင်းမြွေရယ်ဆို လိန်လိန်ပိန်ပိန်နဲ့ ကြည့်ကောင်းမှာ မြင်ယောင်သေး”

“ဟဲ့.. အို.. သားကိုနော် နားရှက်ချာတွေ ပြောနဲ့… သူတို့က ဘာလုပ်ကြမှာတုန်း”

“သြော်.. စကားကများလိုက်တာ.. ဟော ဟိုမှာ လာပါပြီဗျာ.. ပဲသီးတောင့်.. ပဲလင်းမြွေသီးတော့ မပါဘူး… လက်ထဲမှ အထုပ်တွေပဲ ပါတယ်.. ကူသယ်လိုက်အုံးမယ်”

ပြောပြောဆိုဆို မိုးအောင်က ပဲသီးတောင့်ဟု သူမတို့ခေါ်သော အဖွဲ့ခေါင်းဆောင်ဆီ အပြေးလေး ထွက်သွားသည်။ ပဲသီးတောင့်ဆိုတာက President ကို နာမည်ဖျက်ကာ ခေါ်ကြခြင်းဖြစ်သည်။ ဒီလိုပါပဲ သူမတို့အဖွဲ့မှာ ခေါင်းဆောင်တွေ ဘာတွေဖြစ်ပေမယ့် အားလုံးက အသက်နှစ်ဆယ်ကျော် မတိမ်း မယိမ်းလူငယ်တွေချည်း ဖြစ်တာကြောင့် ဘယ်လောက် စ စ စိတ်ဆိုးလေ့ မရှိကြ။

“ဟူးးးး မောလိုက်တာ.. ကားကလည်း မနည်းငှားလာရတယ်.. အိုး.. ငြိမ်းတို့တောင် ရောက်နေကြပြီ တစ်ခြားသူတွေကော လူစစ်ဖို့ လုပ်ရမယ်.. ရှိတဲ့သူတွေကို စုခိုင်းလိုက်ပါအုံး.. ပစ္စည်းတွေကာ စုံပြီလား.. ဗီနိုင်းတွေလည်းပါပြီ မဟုတ်လား.. နေအုံး ခိုင်စိုးလင်းတို့ မခရေတို့ရော”

“ရှိတယ် ပဲသီးတောင့်ရေ… မြေနီကုန်းမှာ ရေသွားဖြည့်နေကြတယ်.. ဟဲဟဲ.. သိတယ်မလား ဒီကောင်တွေက ဒါပါမှ ဖြစ်မှာလေ.. ငြိမ်း လူသွားစုလိုက်အုံမယ်နော်”

ပြောပြောဆိုဆိုနဲ့ သူမလည်း လူစုဖို့ ပြေးရသည်။ သူမတို့အဖွဲ့က Myanmar Youths in Action ဟုခေါ်သည့် လူငယ်တွေချည်း စုထားသော အဖွဲ့။ ဒီနေ့က ချောင်းသာမှာ သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးဆိုင်ရာ Youth Camp ကို သွားရောက်ကြဖို့ဖြစ်သည်။ ကိုယ့်အဖွဲ့ထဲက လူတွေသာမက အသစ်တွေလည်းပါသည်။ ဒီ camp က MYIA ရဲ့ ပထမဆုံး ကမ့်ဖြစ်တာကြောင့် ငြိမ်းတို့ စိတ်တွေ လှုပ်ရှားရသည်။ အဖွဲ့နာမည်ကောင်းရဖို့နဲ့ ခရီးစဉ်တစ်လျှောက် အဆင်ပြေစေဖို့ လွန်ခဲ့သည့် တစ်လလောက်ကတည်းက သူမတို့ စီစဉ်စရာတွေ စီစဉ်ကြရသည်။ မောပေမယ့် ငြိမ်းတို့ ပျော်ပါသည်။ ပတ်ဝန်းကျင်ထိမ်းသိမ်းရေးဆိုတာ အခုအချိန်မှာ အင်တိုက် အားတိုက် လုပ်ဆောင်ကြရတော့မှာ မဟုတ်လား။

ချောင်းသာကိုသွားမှာက စုစုပေါင်း အယောက် (၃၀) တိတိ။ ခဏကြာတော့ ကားလည်းရောက်လာသည်။ မီနီဘတ်စ်အသေးစားလေးက ချစ်စရာလေး။ ခိုင်စိုးလင်းတို့လည်း ပြန်ရောက်လာသည်။ လူတွေ တော့ စုံသလောက်ရှိနေပါပြီ။ ဖြိုးပိုင်ကိုလည်း မတွေ့သေးပါလား။ သူက အဖွဲ့ထဲကဆိုပေမယ့် Website ပိုင်းကို ကူညီသူဖြစ်လို့ သူမတို့နဲ့အတူ ပရောဂျက်ထဲမှာ သိပ်မပါဖြစ်။ မီတင်တွေ ဘာတွေ ရှိမှသာ ရောက်လာလေ့ရှိသည်။ ဖြိုးပိုင်က ပရိုဂရမ်မာ တစ်ယောက်ဖြစ်ပြီး MYIA Website ကို လုပ်ပေးသူ ဖြစ်သည်။

“အမ.. ကျွန်တော်ရောက်ပြီ.. အမ လူစုနေတယ်ဆိုလို့.. ဘာကူရအုံးမလဲ”

လှည့်ကြည့်တော့ ဖြိုးပိုင်… သူ့စတိုင်လ်အတိုင်း စတိုင်ဘောင်းဘီလေးနဲ့ ရှပ်အင်္ကျီကို သေသေသပ်သပ်လေး ၀တ်ထားသည်။ သူ့မှာက ဆောင်းနေကျ ဦးထုပ်ကိုလည်း ဆောင်းရသေးသည်။ အေးတိအေးစက် နေတတ်သော်လည်း သူ့က ဖော်ဖော်ရွေရွေတော့ ရှိပါသည်။

“အေး မောင်လေး… အမ ဖုန်းလည်း လိုက်ဆက်နေတယ်.. တော်တော်များများလည်း ရောက်နေကြပြီ.. ပဲသီးတောင့်က လူစစ်မယ်ဆိုလို့.. အဲ့ဒါ လိုက်စုပေးပါအုံး.. အိုကေလား”

“လူစုံနေပြီ အမရဲ့.. ဟိုဘက်မှာ အကုန်ရောက်နေပြီ လာ.. အမလည်း လိုက်ခဲ့တော့”

ဖြိုးပိုင် ထွက်သွားတော့ သူမလည်း နောက်ကနေ လိုက်ရသည်။ သူမက ဒီဘက်ကားလမ်းမှာ တစ်ယောက်ပြီး တစ်ယောက်ဖုန်းဆက်ပြီး လိုက်ခေါ်နေတာမို့ လူစုံတာတောင် မသိလိုက်ရ။ ခဏကြာတော့ ပဲသီးတောင့်ဟု ခေါ်သော ပိုးအိနဲ့ မခရေက လူလိုက်စစ်သည်။

“ဟဲ့.. ဟိုတစ်ယောက် ရောက်မလာသေးဘူးနော်.. Application ကို သေချာတင်တဲ့ တစ်ယောက်လေ”

“ဟား ဟား.. ဟုတ်ပါ့ ငါတို့ Youth Camp မှာလည်း ကောင်းကောင်း ကန်းကန်း ဖောင်ဖြည့်ပြီး စနစ်တကျ တင်တာဆိုလို့ သူပဲ ရှိတယ်.. နေပါအုံး သူ့နာမည်က မင်းမင်းဆိုလား.. သားသား ဆိုလား”

“နှစ်လုံးပေါင်းပြီး မင်းသားပဲ ခေါ်လိုက်ပါတော့..”

မအိမ့်ဆိုသည့် တစ်ယောက်က အရွှန်းဝင်ဖောက်သည်။

“မင်းသားရှိရင် မင်းသမီးလိုတာပေါ့နော်.. ဟယ် တို့လုပ်ချင်တယ်ကွယ်.. အားဘွား ကိုကို လုပ်ပလိုက်မှာအေ့”

နွေဦးဆိုသည့် ကောင်လေးက ကနွှဲ့ကလျနဲ့ အခြောက်ပုံစံလေး လုပ်ပြတော့ အားလုံး ၀ိုင်းရီရသေးသည်။

“ပဲသီးတောင့်.. ဟိုဘက်မှာ ရပ်နေတဲ့ တစ်ယောက်လား မသိဘူးနော်.. ငြိမ်း.. နင်သွားခေါ်လိုက်ပါလား”

မိုးအောင်က ၀င်ပြောလို့ ကြည့်လိုက်တော့.. သူမတို့နဲ့ မလှမ်းမကမ်းမှာ ဟန်းဘက်အိတ်လေးဆွဲကာ ရပ်နေသာ ကောင်လေး တစ်ယောက်ကို တွေ့ရသည်။

“အို ငါ မခေါ်ချင်ပါဘူး.. နင်တို့ ယောက်ျားလေး ချင်းချင်း သွားခေါ်ကြပါလား..”

“ပိစိရေ ခေါ်လိုက်ပါအုံး.. သူရောက်လာပြီဆိုတော့ လူစုံပြီ.. အားလုံး ကားပေါ်တက်ကြမယ်.. Vinyl ကပ်တဲ့သူတွေလည်း တက်လို့ရပါပြီ” … ပိုးအိ ၀င်ပြောတော့ ပိစိက မိုးအောင်ကို ခေါ်ကာ အသစ်ကောင်လေးကို သွားကြိုကြသည်။ လူစုံပြီဖြစ်သဖြင့် အားလုံး ကားပေါ်တက်ကြသည်။

“ဟေ့ ဟေ့ တစ်ယောက်မှ မအိပ်ကြေးနော်.. ဒီမှာ ဂစ်တာလည်း ပါလာတယ်.. အကုန်သီချင်းဆိုရမယ်.. အိပ်တဲ့လူ သေဖို့သာပြင်” … ဘိုဘို ဆိုသည့်တစ်ယောက်က အသံစာစာနဲ့ ၀င်ပြောသည်။

“ဗုဒ္ဓေါ” ဟု ညည်းသံကြားလို့ လှည့်ကြည့်လိုက်တော့ အခုမှ အသစ်လိုက်လာသည့် မူနွှဲ့ဖြစ်နေသည်။ သူ့ကို ပြုံးပြရင်း သူမလည်း ကိုယ့်အထုပ်ကိုယ်ဆွဲကာ ကားပေါ်တက်ဖို့ ပြင်ရသည်။ ကားပေါ်ရောက်တော့ မြတ်မဒီက နေရာဦးပေးထားသည်။ ဘိုဘိုတို့ မိုးအောင်တို့ ပိစိတို့တွေကတော့ နောက်ဆုံးတန်းမှာ ဂစ်တာ တစ်ဒေါင်ဒေါင်တီးဖို့ ပြင်နေကြပြီ။ သူမတို့ အဖွဲ့ထဲက အားကိုးအရဆုံး သားငယ်ဆိုသည့် ရခိုင်ကောင်လေးကတော့ ရေသန့်ဗူးတွေ လိုက်ဝေနေသည်။ ပဲသီးတောင့် ပိုးအိကတော့ သိပ်နေလို့မကောင်းဘူးဟု ပြောကာ ဆေးသောက်ဖို့ ပြင်နေသည်။ “ငါ ကားမူးတတ်တယ်.. ဆန်ပြုတ် ပြုတ်တာ မကြည့်ချင်ရင် ငါ့ကို သေချာဂရုစိုက်” ဟု သူ့ဘေးနားက ၀တ်ရည်ကို ပြုံးစိစိဖြင့် ပြောနေသေးသည်။ ခိုင်စိုးလင်းနဲ့ မခရေကတော့ ရှေ့မှာ နေရာအသင့်ယူပြီးပြီ.. တစ်ခြား အဖွဲ့သားတွေလည်း အချင်းချင်းစကားတွေများနေကြသည်။ နောက်ဆုံးမှ ရောက်လာသည့် သားသားက ယောင်လည်လည်လေး ဖြစ်နေရှာသည်။

“မောင်လေး… အနောက်မှာ နေရာတွေရှိတယ်… ငြိမ်းရေ.. သူ့ကို နေရချပေးမလားဟင်”

ပိုးအိကပြောတော့ သူမလည်း နေရာလွတ်လိုက်ရှာကြည့်သည်။ ဖြိုးပိုင် ဘေးမှာ တစ်နေရာလွတ်သေးသည်။

“ဖြိုးပိုင် မောင်လေးဘေးမှာ သားသားကို ခေါ်ထိုင်ပါလား.. မောင်လေးနဲ့လည်း စကားပြောဖော်ရတာပေါ့”

“ရတယ် အမ.. ကိုသားသား လာလေ ကျွန်တော့်ဘေးမှာ ထိုင်… အပျိုကြီးတွေနား မသွားနဲ့. .. ဓါတ်ကူးတတ်တယ်”

“ဒါတော့ မဖြစ်ဘူးဗျ.. ကျွန်တော်က ဘ၀ကို အဖော်လေးနဲ့မှ ဖြတ်သန်းချင်တာ.. ဓါတ်ဆိုလည်း စွံတဲ့ဓါတ်ပဲ ကူးချင်တာ ဟီး”

“အောင်မာ .. နင်တို့ကများ ပြောရတယ် ရှိသေး.. ချောင်းသာရောက်မှ သိမယ်”

“ဟား ဟား ချောင်းသာမှာ MYIA က အပျိုကြီးတွေ ဖလမ်းနိုင်ပါစေဗျာ.. ဟား ဟား”

“ဟဲ့ ဟဲ့… ငါတို့က မလိုချင်လို့နော်.. နင်တို့လောက်များ သနားသေးတယ်” အိမ့်နဲ့ မူနွှဲ့က ၀င်ပြောတော့ သားသားနဲ့ ဖြိုးပိုင် ဘာမှ ၀င်မပြောတော့.. “အပြောကြီးရင် အပျိုကြီး တတ်တယ်” ဟု နွေဦးတို့က မကြား တကြားဝင်နောက်ကြသေးသည်။

ခဏကြာတော့ ကာဘီးလေး စလိမ့်သည်။ ရန်ကုန်ကနေ ချောင်းသာဆိုသည့်နေရာကို အဖွဲ့လိုက်ကြီး ပျံသန်းကြတော့မည်။ အိုး… ချောင်းသာရေ.. ငါတို့လာပြီ.. လတ်ဆတ်တဲ့ လေတွေကို ရှူဖို့.. သဘာဝ ပတ်ဝန်းကျင်ကို လေ့လာဖို့.. နောက်ပြီး.. ဘာတွေများထပ်ကြုံရမလဲ မသိ။ သူငယ်ချင်းတွေနဲ့ မကြာမခဏ ခရီးထွက်ဖြစ်ပေမယ့် Camp ပုံစံနဲ့ ခရီးထွက်ရတာ ပထမဆုံးဖြစ်သောကြောင့် စိတ်ကတော့ တော်တော်လှုပ်ရှားနေသည်။ ခဏကြာတော့ သီချင်းနားထောင်ဖို့ Ipod လေးထုတ်လိုက်သည်။ တစ်ခုခုကို သတိရလိုက်မိ၍ ဖြိုးပိုင်တို့ခုံကို လှည့်ကြည့်လိုက်တော့ သူလည်း Ipod လေးနဲ့ သီချင်းနားထောင်နေသည့်။ ထူးခြားတာက သူမနဲ့ သူရဲ့ 3G Ipod လေးက ပုံစံတွေ ဆင်တူနေကြခြင်းဖြစ်သည်။ နောက်တော့ ပိုးအိက ခရီးစဉ်အတွင်းမှာ တစ်ဦးနဲ့ တစ်ဦး ဖေးမကြဖို့ ၊ အချင်းချင်းစည်းလုံးကြဖို့ ချောင်းသာရောက်ရင်လည်း စုစုစည်းစည်းနေကြဖို့ စသည်ဖြင့် သြ၀ါဒခြွေသည်။ တစ်ခါ တစ်လေ ပိုးအိကို သူမ အားကျသည်။ လုပ်ချင်သည့်အလုပ်ကို ရသည့်အချိန်တွင် အကောင်းဆုံး လုပ်ဆောင်နိုင်သည့် အရည်အချင်းကိုလည်း လေးစားသည်။ သူမရယ်.. ပိုးအိတို့တွေရယ်.. MYIA ရယ်.. ချောင်းသာရယ်….. မကြာခင်မှာ ရောက်လာတော့မည့် ပျော်စရာအချိန်လေးတွေကို တွေးရင်း…. သီချင်းသံလေးနဲ့အတူ စီးမျောလိုက်မိတော့သည်။

(၂)

ကားပေါ်မှာ တစ်ညလုံး သီချင်းတွေဆိုကြ ၊ ဂိမ်းတွေဆော့ကြနဲ့ အိပ်ဖို့အချိန်တောင်မရပဲ ချောင်းသာနား နီးလာခဲ့သည်။ မနက် ငါးနာရီခွဲလောက်မှာတော့ အရှေ့ဘက်ဆီက ရောင်နီပျို့လာသည်။ ၀ါရွှေရောင် နေလုံးကြီးက သူ့ရဲ့ လက်တံတွေကို ဖြန့်ကျက်ပြီး ကမ္ဘာလောကကို အလှဆင်စပြုပြီ။ ကောင်းကင်ယံမှာ မိုးသားပြာပြာတို့ကလည်း တစ်ရွေ့ရွေ့လွင့်လာနေကြသည်။ ကားမှန်တံခါးကို ဖွင့်လိုက်တော့ လေအေးအေးတို့ တိုးဝင်ကြသည်။ အအေးကြောက်သော သူမ အိတ်ထဲမှ အနွေးထည်ပါးပါးလေးကို ထုတ်ဝတ်ရသေးသည်။ ပင်လယ်ဆီသို့ မရောက်ခင်ဖြတ်ကျော်ရသည့် ရိုးမတောင်က အကွေ့အကောက်များလှသည်။ တောင်စောင်းမှာ တည်နေကြသည့် ရွာကလေးတွေကလည်း ချစ်စရာကောင်းသည်။ ဓါတ်ပုံရိုက်ဝါသနာပါသော သူမ ကင်မရာတစ်လုံးဖြင့် အလုပ်များရတော့သည်။ နွေဦးတို့ကတော့ သီချင်းဆိုလို့ ကောင်းတုန်း။ ရိုးမတောင် တစ်လျှောက်မှာတော့ ကျွန်းပင်လေးတွေကို ခြံနဲ့ ပျိုးထားတာ တွေ့ရသည်။ အပင်ကြီးတွေဆိုတာ ရှာမတွေ့တော့။ သြော်.. သစ်ပင်တွေ   တော်တော်နည်းသွားပြီပဲ။ ပတ်ဝန်းကျင်ကို ထိမ်းသိမ်းပါလို့ အော်လာခဲ့ပေမယ့် နေ့စဉ်ဘ၀ထဲမှာပဲ အလုပ်များနေခဲ့တာမို့ အခြေအနေတွေ ဒီလောက်ဆိုးသွားမှန်း သူမ မသိခဲ့ရိုး အမှန်ပါ။ တောင်ဆိုတာ တောရှိမှ စည်စည်ပင်ပင်ရှိတာ မဟုတ်လား။ ကတုံးနီးပါးဖြစ်နေသော.. ၀ါးရုံပင်နဲ့ ချုံပင်သာသာလောက်သာရှိသော တောင်နံရံတွေကို သူမ ၀မ်းနည်း တသစွာ ကြည့်မိသည်။ အဝေးတစ်နေရာမှာတော့ မီးခိုးတစ်လူလူထွက်နေသည့် တောင်ယာစိုက်ခင်း တစ်ခုနဲ့ တဲလေးတစ်လုံးကို လွမ်းစရာ ကောင်းလောက်အောင် တွေ့ရသေးသည်။

“ဝေးးးးးးးးး ရောက်ပြီကွ.. လှလိုက်တဲ့ ပင်လယ်ကြီးကွာ.. Youth Camp မဟုတ်ပဲ ချစ်သူလေးနဲ့သာ လာရရင် တော်တော်ပျော်ဖို့ ကောင်းမှာ”

“ဟေ့ကောင် မင်းကိုယ်မင်း ယောက်ျားဖြစ်ကြောင်းပဲ အရင် သက်သေပြစမ်းပါအုံး.. ဟီး ဟီး”

ထွန်းထွန်းနဲ့ အာကာတို့ပြောနေတဲ့ စကားတွေကြောင့် တစ်ကားလုံး ရီရပြန်သည်။ ထွန်းထွန်း တစ်ယောက်အဖွဲ့ထဲ ၀င်လာတော့ အားလုံးက သူ့ကို ယောင်္ကျားလျာလေးဟု ထင်ကြသည်။ ထွန်းထွန်းပုံစံကလည်း ထင်ချင်စရာ.. အသံလေးက မိန်းကလေးသံလို သေးသေးလေး ဖြစ်သည့်အပြင် ဆံပင်ရှည်ကိုလည်း အနောက်တွင် စုချည်ထားသေးသည်။ အင်္ကျီတွေ ၀တ်ပြန်တော့လည်း အထဲက တီရှပ်တစ်ထပ်ကိုခံပြီးမှ အပေါ်က ရှပ်အင်္ကျီကို ၀တ်လေ့ရှိသည်။ မိုးအောင်နဲ့ ငယ်ငယ်ကတည်းက ပေါင်းလာသည့် သူငယ်ချင်းဖြစ်လို့သာ ယောင်္ကျားလေးဆိုတာကို လက်ခံရခြင်းဖြစ်သည်။ ဒါတောင် ၀တ်ရည်တို့ စုစုတို့တွေက သိပ်ယုံကြသေးတာ မဟုတ်။ စုစုနဲ့ ၀တ်ရည်ဆိုတာကလည်း မိန်းကလေးသာ ဆိုရတာ ယောင်္ကျားလေးတွေနဲ့ ရင်ဘောင်တန်ပြီး သွက်လက်ကြသူတွေ ဖြစ်သောကြောင့် အဖွဲ့အတွက် အားကိုးရသူတွေ ဖြစ်သည်။

Camp အတွက် Booking လုပ်ထားသည့် ဟိုတယ်က ချောင်းသာတွင် နာမည်သိပ်မကြီးသည့် ဈေးသက်သာသည့် နေရာတစ်ခုသာ ဖြစ်သည်။ ဟိုတယ်ကိုရောက်တော့ ပိုးအိက အဖွဲ့ဝင်တွေကို Group တွေခွဲပြီး တာဝန်တွေပေးသည်။ ခိုင်စိုးလင်းတို့၊ သားငယ်တို့၊ မခရေတို့ ၊ ၀တ်ရည်တို့ကတော့ အစားအသောက် တာဝန်ကျတာကြောင့် ရောက်ရောက်ချင်း မနားကြပဲ ကမ်းခြေဘက်တွင် ထမင်းချက်သမား ရှာဖို့ထွက်ကြသည်။ ချောင်းသာတွင် တစ်ခုကောင်းသည်က ကမ်းခြေတစ်လျှောက်တွင် ဧည့်သည်များအတွက် ထမင်းချက်ပေးသည့် ထမင်းချက်သမားများ ရှိနေကြခြင်းဖြစ်သည်။ ရွာထဲကဆိုင်တွေမှာ ထမင်းစားခြင်းထက် အများကြီးပိုသက်သာပြီး ပင်လယ်စာ လတ်လတ်ဆတ်ဆတ်လည်း စားရသည်။ သူမကတော့ Training အတွက် တာဝန်ကျသည်။ သူမအဖွဲ့မှာ တူတူတာဝန်ကျသည်က ဖြိုးပိုင်၊ အာကာနဲ့ ခင်မြတ်။ မိန်းကလေးနှစ်ယောက်၊      ယောက်ျားလေး နှစ်ယောက် ခွဲပေးထားသည်က Gender အားဖြင့်တော့ ညီမျှပါသည်။ အာကာနဲ့ ခင်မြတ်ဆိုတာကလည်း Camp အတွက် အသစ်ရောက်လာသည့် အဖွဲ့ဝင်များဖြစ်တာကြောင့် ဖြိုးပိုင်နဲ့ သူမနဲ့က Training အတွက် ပိုပြီး အားထည့်ရပေတော့မည်။

“အမ ကျွန်တော်တို့ တာဝန်တွေအတွက် အမပဲ ဦးဆောင်ပေးနော်.. ကျွန်တော်က ဘာမှ သိပ်နားမလည်ဘူးဗျ”

“အို အမရော ဘာထူးလဲ ဖြိုးပိုင်ရဲ့.. ဒီလိုပဲ တူတူခေါင်းစားကြတာပေါ့.. နေအုံး.. မောင်လေးနဲ့ အမက Facilitate လုပ်ပေးမယ့် ဆရာကို သွားခေါ်ကြမယ်.. ဆရာက Hotel Max မှာတည်းတယ်.. အာကာနဲ့ ခင်မြတ်ကို စာရွက် စာတမ်းတွေ ပြင်ခိုင်းထားလိုက်မယ်”

“အိုးကေ.. ကျွန်တော် တစ်ယောက်တည်း သွားလည်း ဖြစ်ပါတယ်ဗျ.. အမ ပင်ပန်းနေရင် နားလေ.. ရေချိုးထားလိုက်ပါလား”

“အို အားလုံး တူတူပင်ပန်းကြတာ တစ်ယောက်တည်းတော့ ကွက်မနားချင်ပါဘူး”

“ကျွန်တော် အမအတွက်ကော နှစ်ယောက်စာ လုပ်ပေးမှာပေါ့.. အမနေမကောင်းဖြစ်မှာ စိုးတယ်”

“အပိုတွေ.. ကဲလာ ဆရာ့ကို တူတူသွားခေါ်ကြရအောင်”

ဖြိုးပိုင်နဲ့သူမ Hotel Max ကို လမ်းလျှောက်လာတော့ လမ်းမှာ အစားအသောက်တာဝန်ကျသည့် ၀တ်ရည်တို့ အဖွဲ့ကိုတွေ့သည်။ နေ့လည်စာရော ညနေစာရော အားလုံး အိုကေတယ်ဟု ပြောသွားကြသည်။ Hotel ကိုရောက်တော့ Lobby တွင် စောင့်နေသည့် ဆရာကို အဆင်သင့်ပဲ တွေ့ရသည်။ ဆရာ့ကို နုတ်ဆက်ပြီး Training Schedule တွေ ဆွဲကြသည်။ ဆရာက သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးမှာ တက်ကြွလှုပ်ရှား   နေသူတစ်ယောက်ဖြစ်သည်။ ၂၀၀၈ ခုနှစ် နာဂစ်နောက်ပိုင်းမှာတော့ ဧရာဝတီတိုင်းဘက်တွေကို သွားပြီး ဒီရေတော့ ပရောဂျက်တွေမှာ ပါဝင်လှုပ်ရှားနေသူလည်း ဖြစ်သည်။ UNEP နဲ့ လက်တွဲပြီး ပတ်ဝန်းကျင် ထိမ်းသိမ်းရေး ပညာပေးလုပ်ငန်းတွေကို လူငယ်များနှင့် လက်တွဲဆောင်ရွက်နေသူလည်း ဖြစ်သည်။ အလုပ်များသော ဆရာဦးမြင့်ဝေကို သူမတို့ ချောင်းသာ Youth Camp အတွက် ကံကောင်း၍ ရခဲ့ခြင်းဖြစ်သည်။ ဆရာကလည်း ချောင်းသာဘက်တွင် အသင့်ရောက်နေပြီးသား ဖြစ်သဖြင့် တော်သေးသည်။

“မပိုးအိ ကော သမီးတို့”

“ပဲသီးတောင့်…. အဲ.. ပိုးအိက ဟိုတယ်မှာ Training အတွက် ပြင်နေပါတယ် ဆရာ.. သူက ကားပေါ်မှာလည်း အန်လာတော့ သိပ်နေကောင်းတာနဲ့.. လိုက်မလာတော့ဘူးတဲ့”

“အိုးကေ သမီးတို့ Camp မှာက ကိုယ်ရယ်.. ပိုးအိရယ် နှစ်ယောက်ပဲ facilitate လုပ်မှာဆိုတော့ အကြောင်းအရာတွေ သေချာညှိဖို့ လိုတယ်လေ.. ဆရာ တစ်ခါတည်း လိုက်ခဲ့လိုက်မယ်..”

နောက်တော့ ဆရာရယ်.. သူမတို့ နှစ်ယောက်ရယ် Camp လုပ်မည့်ဟိုတယ်သို့ ပြန်လာခဲ့ကြသည်။ ပိုးအိက ဆရာ့ကို ထွက်ကြိုပြီး အစီအစဉ်တွေ ဆွဲကြသည်။ ဖြိုးပိုင်ကလည်း အခန်းထဲ ခဏနားမည်ဟု ဆိုကာ သူ့အခန်းထဲ ၀င်သွားသည်။ သူ့မ ကိုယ့်အခန်း နံပတ်တောင် ကိုယ်မသိသေး။ ဒီတော့မှ Admin အတွက် တာဝန်ကျသည့် မအိမ့်တို့ မစုတို့ မိုးအောင်တို့ကို ရှာပြီးမေးရသည်။ ၁၀၇ ဆိုသဖြင့် Reception တွင် သော့တောင်းကာ အခန်းထဲ လာခဲ့လိုက်တော့သည်။ သုံးယောက်တစ်ခန်းနေရမည့် အခန်းလေးက ချစ်စရာကောင်းပါသည်။ ဟိုတယ်ကြီးတွေကို TV တွေ ရေခဲသေတ္တာတွေ မပါသည်မှ လွဲပြီး သက်တောင့် သက်သာလည်း ရှိလှသည်။ သူမရယ် မြတ်မဒီရယ်၊ မူနွှဲ့ရယ်က တစ်ခန်း တူတူနေရသည်။ ရေမိုးချိုးပြီး…. လမ်းခရီး တစ်လျှောက် ပင်ပန်းလာသည့်ဒဏ်တွေကြောင့် ခဏမှေးခနဲဖြစ်သွားသည်မှာ Participant Manager ထွန်းထွန်းနဲ့ ဘိုဘိုတို့၏ ၀ီစီသံကြားမှ နိုးလာမိတော့သည်။

“အားလုံး မင်္ဂလာပါ.. မနေ့က တစ်ညလုံး ပင်ပန်းတာတွေ ပျောက်စေဖို့ ကျွန်မတို့ရဲ့  Camp ကို ရီရီမောမောလေးတွေနဲ့ စလိုက်ကြရအောင်.. စစချင်း ကျွန်မတို့ Game လေး တစ်ခု ဆော့ပါမယ်.. အဲ့ဒါကတော့ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ သစ်ရွက်ကြွေလေးတွေကို ကောက်ပါ.. နောက်ပြီး သစ်ပင်ပုံလေးဖြစ်အောင် အခု ပေးထာတးတဲ့ A 3 စာရွက်ပေါ်မှာ သစ်ရွက်လေးတွေ ကပ်ပြီး ပုံဖော်ကြရပါမယ်.. သစ်ရွက်လေးတွေ ပေါ်မှာတော့ အခုပါလာတဲ့ Participants တွေထဲက ရုတ်တရက် ကိုယ် မှတ်မိလိုက်သူတစ်ဦးရဲ့ မထင်မှတ်တဲ့ အကြောင်းအရာလေးတွေကို ရေးရပါမယ်.. နာမည်တွေ မရေးရပါဘူး သူဆိုတာလေးပဲ ရေးရမယ်.. နောက်တော့မှ အဲ့ဒီ သူဆိုတာ ဘယ်သူလဲ ကျွန်မတို့ ဖော်ကြမယ်.. ဟုတ်ပြီလား… အိုးကေ ကျွန်မတို့ စလိုက်ကြရအောင်.. အားလုံးပဲ ငါးမိနစ် အချိန်ရပါတယ်”

သူမတို့ရဲ့ Facilitator လည်းဖြစ် President လည်းဖြစ်သော ပိုးအိရဲ့ အဖွင့်အစီအစဉ်မှာပဲ ဂိမ်းစဆော့ရတော့သည်။ ပတ်ဝန်းကျင်မှာ ရှိသည့် သစ်ရွက်ကြွေတွေကို ကောက် .. စာလေးတွေရေးပြီး စာရွက်ပေါ်မှာ အပင်ပုံလေးဖြစ်အောင် ကပ်ရသည်။ A 3 စာရွက်လေးတွေကလည်း ထူးခြားသည်။ ရုံးတွေမှာ မသုံးပဲ ထားကြသည့် တစ်ဖက်လွတ် စာရွက်ကလေးများဖြစ်သည်။ ဒီစာရွက်တွေကို အဖွဲ့ဝင်တွေအားလုံး ရှာဖွေစုစည်းလာကြခြင်းဖြစ်သည်။

အားလုံးပြီးသွားတော့ စာရွက်တွေကို နံရံပေါ်မှာ ကပ်ရသည်။ လူအယောက် (၃၀).. စာရွက် (၃၀).. သစ်ပင် (၃၀) ပေါ့။ နောက်တော့ ဆရာဦးမြင့်ငွေရဲ့ သစ်ပင်တွေအကြောင်းကို သင်ရသည်။ ဆရာ့အချိန်ပြီးတော့ ကျွန်မတို့ရဲ့ သစ်ပင်တွေက သစ်ရွက်တွေပေါ်မှာ ရေးထားသည့် စာတွေကို အားလုံး တူတူလိုက်ဖတ်ကြသည်။

“ကားပေါ်မှာ ဆန်ပြုတ် ပြုတ်ရောင်းသူ တစ်ဦး”

“မျိုးကြီးရဲ့ မိုး သီးချင်တွေ ဆိုနေသူ”

“ဘေးကတစ်ယောက်များ ဟောက်တောင် ဟောက်တယ်”

“Beer နံ့လေး သင်းတယ်ကွဲ့”

စသည်ဖြင့် မျိုးစုံတွေ ရေးထားကြသည်။ “၀ိုး.. ထူးထူးခြားခြား Message နှစ်ခု တူနေပါတယ်ဗျို့”.. လို့ အာကာက လှမ်းအော်သည်။ အားလုံး စိတ်ဝင်စားပြီး သစ်ပင်လေး နှစ်ပင်ဆီသို့ အာရုံတွေ စုပြုံရောက်သည်။

“Ipod ချင်း ဆင်တူတယ်.. သီချင်းလေးတွေကိုချစ်တယ်”

ဘုရားရေ.. အဲ့ဒါ ကျွန်မ ရေးလိုက်တဲ့ စာသားလေးပါ။ နောက်သစ်ပင်လေး တစ်ခုမှာလည်း အဲ့ဒီအတိုင်းရေးထားသည်။ သူမ ရုတ်တရက် ဖြိုးပိုင်ကို ကြည့်လိုက်တော့.. ဖြိုးပိုင်ကလည်း သူမကို အံ့သြသလိုလေး ကြည့်နေသည်။ သူမ ရှက်ရွံ့စွာ အကြည့်တွေ လွှဲလိုက်မိသည်။ “ရှာရမယ်.. တရားခံကို တွေ့အောင်ကို ရှာရမယ်.. ခုချိန်ကစပြီး.. Ipod များကို သတိထားပါတော့မယ်ရှင်” ဟု ၀တ်ရည်က ရွှတ်နောက်နောက်ကလေး ၀င်ပြောသည်။ စာသားတွေချင်း ဘာလို့များ လာတိုက်ဆိုင်နေရတာပါလိမ့်။ အို.. တိုက်ဆိုင်မှာပေါ့.. ခုံချင်းက ရှေ့ နောက် ထိုင်ကြတာကိုးလို့   တွေးမိတွေးရာ   တွေးလိုက်သေးသည်။

နောက်တော့ တစ်ယောက်ချင်း မိတ်ဆက်ရသည်။ တစ်ခြားသင်တန်းတွေလို.. မိတ်ဆက်ပြီးမှ အစီအစဉ်တွေ စတာမျိုးမဟုတ်ပဲ.. အစီအစဉ်တစ်ချို့ စထားပြီးမှ မိတ်ဆက်ရသည့် အစီအစဉ်ကို ဘယ်သူကများ အကြံပေးလိုက်ပါလိမ့်ဟု တွေးမိသေးသည်။ မိတ်ဆက်သည့်အချိန်တွင် ဘယ်နေရာမှာ ဖြစ်ဖြစ် ယူဆထားသည့် အယူအဆတစ်ခုကို ထည့်ပြောရသည် ။ သူမအလှည့်ရောက်လာသည်။

“မင်္ဂလာပါ.. ငြိမ်းအေးသန့်ပါ.. အားလုံးကတော့ ငြိမ်းလို့ခေါ်ကြပါတယ်.. MYIA အဖွဲ့ထဲကပါပဲ.. ခင်ရတာ ၀မ်းသာပါတယ်.. ကျွန်မရဲ့ Professional အလုပ်ကတော့ Web Developer ပါ… Social Work တွေ လုပ်ရတာ ၀ါသနာပါပါတယ်.. အဲ.. ကျွန်မရဲ့ အယူအဆတစ်ခုကတော့ ဘ၀နဲ့ ပတ်သက်ပါတယ်.. ဘ၀မှာ လက်ရှိပိုင်ဆိုင်ထားတာလေးတွေကို ကျေနပ်ပြီး ဒီထက်မက ပိုင်ဆိုင်ဖို့ ကြိုးစားချင်ပါတယ်။

တစ်ယောက်ပြီး တစ်ယောက် မိတ်ဆက်ကြသည်။ ဖြိုးပိုင်အလှည့်ရောက်တော့ သူပြောလိုက်သည့် စကားလေး၊ သူ့ရဲ့ အယူအဆလေး တစ်ခုကြောင့် အားလုံးပြောစရာ ဖြစ်ရတော့သည်။

“ကျွန်တော့် မောင်ဖြိုးပိုင်ရဲ့ အယူအဆကတော့ အချစ်နဲ့ ပတ်သက်တာလေးပါ.. ကိုယ်ချစ်တဲ့သူရဲ့ အချစ်ကို ရဖို့အတွက် လှေကားထစ်တွေ တစ်ထစ်ချင်း တက်သွားမှသာ ပန်းတိုင်ရောက်နိုင်မှာ ဖြစ်ပါတယ်.. ကျွန်တော်ကတော့ လှေကားထစ် တစ်ထစ် စတက်နေပြီဗျ… ဟား ဟား”

“လှေကားထစ်ကို တက်တာလား.. Ipod ကို တက်တာလားဗျို့” သားသားက ၀င်နောက်တော့ ဖြိုးပိုင်က ပြန်ပြောသည်။

“လှေကားထစ်ပေါ်မှာ Ipod ကို တွေ့တာဗျ.. Lucky Ipod လို့တော့ ထင်တာပဲ”

ဝိုးးးးးးး.. လုပ်ထားကွ ဖြိုးပိုင်ရ…

ဒါဆို သစ်ပင်ပေါ်က အိုင်ပေါ့ တစ်လုံးတော့ တွေ့ပြီ နောက်တစ်လုံး ကျန်သေးတယ်

မျက်စိရှင်ရှင် ရှာရမယ်….. စသည် စသည်ဖြင့် စကားတွေ တစ်ယောက် တစ်မျိုးပြောကြတော့ သူမ နေထိုင်မတတ် ဖြစ်ရပါသေးသည်။ လှေကားထစ်တွေ တက်မယ်တဲ့လား ဖြိုးပိုင်ရယ်.. အိုင်ပေါ့ဆိုတာ.. ကိုယ့်ကိုများ စောင်းပြောလေသလားဟု ထင်မိသေးသည်။ အိုး ချောင်းသာရယ်… အတွေ့အကြုံအသစ်တွေ မထင်မှတ်လောက်အောင် များလာတော့မှာလားကွယ်…. ။

(ဆက်ရန်)

ပိတောက်ပင်အောက်က သီချင်းရှင်

Standard

(၁)
မနက်စောစော အိပ်ရာကနိုးတော့ မွှေးပျံ့သည့်ပန်းရနံ့တွေကြောင့် ချက်ချင်းကို ငေါက်ခနဲထထိုင်မိသည်။ ခါတိုင်းဆို အိပ်ရာကနိုးနေပေမယ့် အိပ်ရာထဲတွင် နည်းနည်းလေး နှပ်နေရသည်က ” စိမ့် ” ၏အကျင့်။ ဒီနေ့မနက်မှာတော့ ထူးထူးခြားခြား ပန်းရနံ့လေးတွေ သင်းပျံ့လို့နေသည်။ ပြူတင်းတံခါးကို ဖွင့်ကြည့်လိုက်တော့ တစ်ဘက်ခြံထဲမှ ၀ါဝင်းနေသည့် ပိတောက်ပင်ကြီးကို တွေ့ရသည်။ အို… ပိတောက်တွေတောင် ပွင့်ပြီ.. သင်္ကြန်နီးလာပြီပဲ။

လေပွေတစ်ချက် ဝှေ့တိုက်သည်။ မြေသင်းရနဲ့လေးတွေက နှာသီးဝကို ကလူကျီစယ်သွားကြသေးသည်။ မနေ့ညက ခပ်ဖွဲဖွဲရွာခဲ့သော မိုးကြောင့်ထင်သည်.. ပိတောက်လည်းပွင့်သည်.. မြေဆီလွှာလည်း သင်းပျံ့သည်။ မနက်ခင်းသည် သာယာလှပနေတော့သည်။ ခဏကြာတော့ တစ်ဘက်ခြံမှ ခြံစောင့်အမျိုးသားတစ်ယောက် တံချုတစ်လက်နဲ့ ခြံထဲဆင်းလာကာ ပိတောက်ပန်းတွေကို ခြွေယူတော့သည်။ ဟင့်အင်း… မလုပ်ပါနဲ့.. မခူးလိုက်ပါနဲ့လား.. ပိတောက်တွေကို စိမ့် မခြွေယူစေချင်ပါ။ ဘုရားကပ်ဖို့ ခူးယူသည်ဟု စိတ်ထဲက သဘောပေါက်လိုက်သော်လည်း ပိတောက်ပန်းကို အပင်ထက်တွင်ရှိနေသည်က ပိုလှသည်.. ပိုတင့်တယ်သည်ဟု စိမ့် စိတ်ထဲ မှတ်ယူထားသည်။ သို့သော် စိမ့် မှာတော့ ပိတောက်ပင်ပိုင်ရှင်ကို တားပိုင်ခွင့်မရှိပါ။ မနက်စောစောဝယ်.. မြေခသက်ဆင်းလာသည့် ပိတောက်ခိုင်များကို နှမြောတသစွာ ငေးမောကြည့်နေရတော့သည်။

“တုံ.. တုံ .. တုံ”

ဟော ဂျီတော့ကနေ တစ်ယောက်ယောက်က ခေါ်ပြီထင်သည်။ မနေ့ညကတည်းက ကွန်ပျူတာမပိတ်၊ ဂျီတော့ဖွင့်လျက်သား အိပ်ပျော်သွားခဲ့သည်ကို ခုမှ သတိရသည်။ ကဗျာ ကယာလှည့်ကြည့်လိုက်တော့ အံမယ်… မန္တလေးက မမကြီး ခေါ်နေပါလား။

“ဟိုင်း မမကြီး.. စိမ့် နိုးနေပြီ.. ဒီမနက် ပဲခူးမှာ ပိတောက်တွေပွင့်တယ်.. သိပ်လှတာပဲ မမကြီးရယ်”
“မမကြီးတို့ဆီမှာလည်း ပွင့်တယ်လေ.. အဲ့ဒါ ပိတောက်ကို မြင်တော့ စိမ့်လေးကို အရမ်းသတိရလာတာနဲ့.. အွန်လိုင်းလည်း တွေ့နေတာနဲ့ လှမ်းခေါ်လိုက်တာ.. စိမ့် ၀မ်းနည်းနေလားဟင်”
“စိမ့် ၀မ်းမနည်းပါဘူး မမကြီးရယ်.. ပိတောက်ပန်းတွေက အပင်ပေါ်မှာ ပိုလှပါတယ်.. ခူးနေသူတွေကို စိမ့် မနာလိုလိုက်တာ”
“ဒီ သင်္ကြန် စိမ့် ဆီကို မမကြီး လာခဲ့ရမလား.. စိမ့် အဖော်ရအောင်လေ”
“မလာပါနဲ့ မမကြီးရယ်.. ပင်ပန်းပါတယ်.. နှစ်နှစ်ဆိုတဲ့ အချိန်ကာလက စိမ့်ကို နေသားကျစေခဲ့ပါပြီ.. စိမ့် ဘာမှ မဖြစ်ပါဘူး မမကြီးရဲ့.. အိမ်မှာ ဖွားဖွားနဲ့နေမှာပေါ့.. မေမေလည်းရှိတယ်လေ.. အွန်လိုင်းပေါ်မှာလည်း သူငယ်ချင်းတွေမှ ပေါလို့.. အငယ်မကတော့ ပြောမနေဲ့ ဘယ်တော့မှ အဖော်မရပါဘူး”
“အိုးကေ အိုးကေ.. ပျင်းရင်လည်း ဖုန်းဆက်လိုက်နော်.. မမကြီး လာခဲ့မယ်သိလား ခုတော့ အလုပ်ကို ပြေးလိုက်အုံးမယ် စိမ့်ရေ တာ့တာ”
“Bye”

တစ်ကယ်တော့ စိမ့်က အောက်ပိုင်းလှုပ်မရတော့သည့် ဒုက္ခိတလေးတစ်ယောက် ဖြစ်သည်။ စိမ့် အခုလိုဖြစ်သွားရသည်ကလည်း ပိတောက်ပန်းနှင့် သင်္ကြန်ကြောင့်ဟု ပြောရပေလိမ့်မည်။ လွန်ခဲ့သော နှစ်နှစ်ခန့် စိမ့် တစ်ယောက် အမျိုးတွေရှိရာ မန္တလေးသင်္ကြန်ကို အပျော်ကြီး ပျော်လိုက်မည်ဟု သွားရောက်ခဲ့သည်။ သင်္ကြန်ရက်များတွင်တော့ မန်းသင်္ကြန်ကို ပျော်ပျော်ကြီး ဆင်နွှဲရပါသည်။ သို့သော် နှစ်ဆန်းတစ်ရက်နေ့တွင်ကား ပိတောက်ပန်းတွေ ခူးချင်သည့် စိတ်နှင့် စိမ့်အခုလို ဖြစ်သွားခဲ့ရသည်။ ထိုနေ့က မမကြီးတို့ ခြံထဲတွင် ပိတောက်ပန်းတွေ ဝေနေအောင်ပွင့်သည်။ ဘုရားတင်ရန် ပိတောက်ပန်းခူးမည်ပြင်တော့ တံချူကရှာမတွေ့။ သည့်အတွက်ကြောင့် ငယ်ငယ်ကတည်းက မျောက်ရှုံးအောင်ဆော့သည့် စိမ့် မိန်းကလေးတန်မဲ့ ပိတောက်ပင်ပေါ်တက်ကာ ခူးတော့သည်။ ပိတောက်ပန်းတွေခူးရင်း မတော်တဆ လိမ့်ကျကာ စိမ့်၏ အောက်ပိုင်းလှုပ်မရတော့ပဲ ဒုက္ခတဘ၀ကို ရောက်သွားခဲ့ရခြင်းပင်။ ထိုအချိန်မှစကာ သင်္ကြန်ရောက်တိုင်း စိမ့် မပျော်နိုင်တော့.. ပိတောက်တွေကိုလည်း သူများတွေကို မခူးစေချင်တော့။ သင်္ကြန်နှင့် ပိတောက်သည် စိမ့်အတွက်တော့ စိတ်နာစရာတစ်ခု ဖြစ်နေချေသေးတော့သည်။ ထိုအချိန်မှစ၍ စိမ့်အတွက် စိတ်အပန်းဖြေစရာသည် အင်တာနက် ဖြစ်လာသည်။ စီးပွားရေးတောင့်တင်းသော ခေတ်မီသောမိသားစုဖြစ်သဖြင့် စိမ့်အတွက် အိမ်နားရှိ အင်တာနက်ဆိုင်မှ Network ကြိုးသွယ်ကာ အင်တာနက်ချိတ်ပေးထားသည်။ စိမ့်သည်လည်း အွန်လိုင်းကမ္ဘာထဲဝယ် အများနည်းတူ မွေ့လျော်နေမိတော့သည်။

“မကြီးစိမ့် နိုးနေပြီလား.. မျက်နှာသစ်ရအောင်လေ”

မေမေခေါ်ပေးထားသည့် အိမ်ဖော်ကောင်မလေး ရောက်လာသည်။ ရေချိုးခန်းတူတူဝင်ပြီး မျက်နှာသစ် ကိုယ်လက်သန့်စင် လုပ်ရသည်။ ထို့နောက် မေမေတို့ ဖွားဖွားတို့နဲ့ မနက်စာစားကြသည်။

“သင်္ကြန်ရောက်ဖို့ ဘယ်နှစ်ရက် လိုသေးလဲ မေမေ”
“သဘက်ခါဆို သင်္ကြန်ပဲ စိမ့်ရဲ့.. ဒီနှစ်လည်း မေမေတို့ ဘယ်မှ မသွားပါဘူး.. စိမ့်နဲ့ပဲ တူတူနေပေးမှာနော်။ ငယ်လေးကတော့ လျှောက်လည်မယ် ထင်ရဲ့”
“ဟဲဟဲ ကားက စည်သူတို့ဆီက အလကားရမှာ မေမေရ.. မမစိမ့်အတွက် နှစ်ယောက်စာ ပိုပျော်ပေးမယ် စိတ်ချနော်”
“သွားပါ ငယ်လေးရယ်.. သတိလည်းထားနော်.. အရမ်းလည်း မဆော့နဲ့အုံး”
“စိတ်ချမမ.. ငယ်က အရမ်းမလွတ်ပါဘူး”

Read the rest of this entry