MOSN ရဲ့ အကြောင်းကို တစ်ချို့လည်း ကြားဖူးပြီးသား ဖြစ်မယ်ထင်ပါတယ်။ အွန်လိုင်းပေါ်မှာလည်း ဒီအဖွဲ့လေးရဲ့ အကြောင်းတွေ၊ လှုပ်ရှားမှုတွေက များမကြာသေးခင်ကစလို့ ပျံ့နှံ့နေခဲ့ပါတယ်။ မိဘမဲ့ကလေးတွေကို ထောက်ပံ့ဖို့အတွက် စေတနာရှင် လူငယ်တစ်စုက စတင်တည်ထောင်ခဲ့တဲ့ ဒီအဖွဲ့လေးဟာ အခုအချိန်မှာလည်း ခြေလှမ်း တစ်လှမ်းပြီး တစ်လှမ်း လှမ်းလို့ ရည်မှန်းချက် ပန်းတိုင်ဆီကို အရောက်လှမ်းနေတာ ဖြစ်ပါတယ်။ ကျွန်မကိုယ်တိုင်ကလည်း ဒီအဖွဲ့လေးရဲ့ အမှုဆောင်တစ်ယောက် ဖြစ်နေတာကြောင့် ကျွန်မတို့တွေ ဘာတွေလုပ်နေလဲ၊ ရှေ့ဆက်ဘာတွေ ဆက်လုပ်အုံးမှာလည်းဆိုတာ အားလုံးသိအောင် ထပ်မံမိတ်ဆက်ပေးချင်ပါတယ်။
ကျွန်မတို့ရဲ့ ပထမဦးဆုံး အသင်းတည်ထောင်တဲ့ လှုပ်ရှားမှုအနေနဲ့ 2009 ခုနှစ် ဇူလိုင်လ (26) ရက်နေ့မှာ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်မှာရှိတဲ့ မြသိင်္ဂီ သီလရှင်စာသင်တိုက်မှာ စာရေးကီရီယာတွေ၊ ကျောင်းသုံးစာအုပ်တွေ၊ ကျောင်းဖတ်စာအုပ်တွေနဲ့ အခြားအသုံးအဆောင်ပစ္စည်းတွေကို လှူဒါန်းနဲ့ လှုပ်ရှားမှုလေးနဲ့ စတင်ခဲ့ပါတယ်။ ဆက်ပြီးတော့လည်း အဲ့ဒီ သီလရှင်စာသင်တိုက်မှာ ပညာသင်ကြားနေကြတဲ့ မိဘမဲ့ကလေးတွေနဲ့ ဆင်းရဲနွမ်းပါးတဲ့ ကလေးငယ်တွေအတွက် စာကြည့်တိုက်လေးတစ်ခု တည်ထောင်ပေးမယ်ဆိုတာလေးကို တိုင်ပင်ခဲ့ကြပါတယ်။ ဒီစာကြည့်တိုက်လေး ဖြစ်မြောက်ဖို့အတွက် ရံပုံငွေရှာဖွေတဲ့ လှုပ်ရှားမှုလေး တစ်ခုအနေနဲ့ ကလေးတို့ရဲ့ ပန်းချီပြပွဲဆိုတာလေးကို လုပ်ဖြစ်ခဲ့ပါတယ်။
ရန်ကုန်မှာသာမက တစ်နိုင်ငံလုံးမှာရှိတကြတဲ့ အသက်ဆယ်နှစ်အောက် မည်သည့်ကလေးမဆို “ကျွန်ုပ်တို့၏ကျောင်း ၊ ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်” ဆိုတဲ့ ခေါင်းစဉ်လေး နှစ်ခုနဲ့ ပန်းချီပြိုင်ပွဲလေးတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ကျောင်းအသီးသီးက ပြိုင်ပွဲဝင် ပန်းချီကားပေါင်း 700 ကျော်လက်ခံ ရရှိခဲ့ပြီး ပန်းချီပြပွဲလေးကိုတော့ 2009 ခုနှစ် စက်တင်ဘာလ (13) ရက်နေ့မှာ၊ သမ္မတဟိုတယ်မှာရှိတဲ့ Myanmar Egress Ballroom မှာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ အဲ့ဒီပန်းချီပြပွဲလေးမှာ Child Care Seminar တစ်ခုကိုလည်း ထည့်သွင်းပြုလုပ်ပေးခဲ့ပြီး ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာကျော်လင်းနဲ့ ကာတွန်းအော်ပီကျယ်တို့က ဟောပြောပေးခဲ့ပါတယ်။ ပန်းချီပြပွဲကို တက်ရောက်လာကြတဲ့ အလှူရှင်များထံမှ အလှူငွေစုစုပေါင်း ကိုးသိန်းကျော်ကိုလည်း လက်ခံရရှိခဲ့ပါတယ်။
မြသိင်္ဂီ သီလရှင်စာသင်တိုက်မှာ စာကြည့်တိုက်ကလေး ဖြစ်မြောက်ဖို့အတွက် စတင်လှုပ်ရှားခဲ့တဲ့ MOSN Art Exhibition လေးဟာ အတော်အသင့် အောင်မြင်ခဲ့ပါတယ်။ သို့သော်လည်း စာကြည့်တိုက် တည်ထောင်ဖို့အတွက် အလှူငွေတွေ လိုအပ်နေပါသေးတယ်။ ဒါကြောင့် စေတနာရှင်များအနေနဲ့ အလှူငွေများ ဆက်လက်ထည့်ဝင်နိုင်ပါသေးတယ်။ MOSN အကြောင်းကို www.myanmar-osn.org မှာလည်း ပြည့်ပြည့်စုံစုံ ဖတ်ရှုနိုင်ပါတယ်။ အခြားစိတ်ဝင်တစား မေးမြန်းမှုတွေကိုလည်း ကြိုဆိုပါတယ်။ အဖွဲ့လေးကို ဆက်သွယ်ချင်တယ်ဆိုရင်တော့ members@myanmar-osn.org ကို ဆက်သွယ်နိုင်ပါတယ်ရှင်။
ကျွန်မတို့အဖွဲ့ဟာ ယုံကြည်မှုအပြည့် သဒ္ဒါတရားအပြည့်နဲ့ မိဘမဲ့ကလေးများကို ထောက်ပံ့နေအုံးမှာပါ။ မိဘမဲ့ကလေးတွေ ရှိကြတဲ့ နေရာတွေကိုလည်း စူးစမ်းရှာဖွေ နေအုံးမှာပါ။ လှုပ်ရှားမှုတွေကိုလည်း အဆက်မပြတ် ပြုလုပ်နေအုံးမှာပါ။ ကျွန်မတို့ အဖွဲ့လေးကို တတ်နိုင်သလောက် အဘက်ဘက်က ၀င်ရောက်ကူညီပေးနိုင်ကြပါတယ် ဆိုတဲ့အကြောင်းကိုလည်း ထပ်မံပြောချင်ပါတယ်ရှင်။