လူတွေက ကျွန်မကို မေးကြတယ်ရှင့်။ One Young World ကို ဘာကြောင့် သွားတက်တာလဲ။ တက်ပြီးရင် ဘာရလဲ လို့ပေါ့။ 2010 တုန်းကတော့ ဘာရယ် ညာရယ်မဟုတ်ပါဘူး။ ဒီအတိုင်း နိုင်ငံခြားကိုလည်း သွားချင်တာကြောင့်ရယ်၊ နောက်ပြီး လူသစ်တွေနဲ့ တွေ့ချင်တယ်၊ အတွေ့အကြုံသစ်တွေ လိုချင်တယ်။ ဒါတွေကြောင့် လျှောက်ဖြစ်ခဲ့တာပါ။ ကံက ကောင်းချင်တော့ Amex Sponsor နဲ့ သွားတက်ခွင့် ရခဲ့တာပေါ့။ ကျွန်မတို့ မြန်မာပြည်က လူတွေမှာက ဓလေ့လို့ပဲ ပြောရမလား၊ သမားရိုးကျ တွေးတယ်လို့ပဲ ပြောရမလား။ စပွန်စာကလည်း ရတယ်ဆိုတော့ ကျွန်မတို့လက်ထဲကို ပိုက်ဆံရောက်လာမယ်လို့ ထင်ကြတဲ့ သူတွေလည်း မနည်းမနောပဲကို။ တစ်ယောက်ယောက်ကများ ပိုက်ဆံရှိလို့ နိုင်ငံခြားသွားတာမဟုတ်ပဲ Program လေးတစ်ခုနဲ့ သွားရရင်ကိုပဲ အဲ့လူအကြောင်းကို ကောင်းတာတွေကော မကောင်းတာတွေကော ပြောလို့ မဆုံးကြတော့ပါဘူး။ လူငယ်တွေမှာ အကောင်းဘက်ကို များများတွေးတတ်တဲ့ အကျင့်ကလေးတွေလည်း ရလာဖို့လိုတယ်လို့ ကျွန်မရဲ့ အပြောအဆိုပေါင်းမြောက်များစွာကို ခံခဲ့ရတဲ့ အတွေ့အကြုံအရလည်း ပြောချင်ပါသေးတယ်။
2010 One Young World တက်လို့အပြီးမှာ ကျွန်မ ဘာတွေပြောင်းလဲသွားလဲဆိုတော့ နည်းနည်းမြောက်ကြွကြွ ဖြစ်သွားတာကို ၀န်ခံပါတယ်။ တစ်ခြားဟာကြောင့်တော့ မဟုတ်ပါဘူး။ ဘာမဆို ငါလုပ်နိုင်တယ်ဆိုတဲ့ အတွေးဝင်လာခဲ့လို့ပါပဲ။ လူငယ်တွေကို Speech လာပေးကြတဲ့ ခေါင်းဆောင်တွေရဲ့ စကားကလည်း သေလို့ရလောက်အောင် ကောင်းနေတော့ ကျွန်မမှ မဟုတ်ပါဘူး။ လူတိုင်းကို ဒီလို တက်ကြွမှုမျိုး ဖြစ်ကြတာ ချည်းပါပဲ။
“You are the very unique generation of human beings”
“You all are amazing bunch of young people”
“You must send poverty, wars and conflicts to the museum”
“Go and speak to your Government and challenge”
“Our generation has failed to you. You all are just to begin. You must change the world”