Category Archives: Random Thoughts

Feeling 26!

Standard

အခု ကျွန်မပြောတဲ့ အချက်ပေါင်း ၂၆ ချက်ဟာ.. လွန်ခဲ့သော ၂၆ နှစ်၊ ဇန်န၀ါရီလ (၁၉) ရက်နေ့ကစပြီး.. ကျွန်မအသက် ၂၆ နှစ်ပြည့်တဲ့ ဒီနေ့ ဇန်န၀ါရီလ (၁၉) ရက်နေ့ထိ ရှင်သန်ခဲ့တဲ့ ကာလမှာ ကျွန်မဘ၀၊ ကျွန်မပတ်ဝန်းကျင်၊ ကျွန်မ အသိုင်းအ၀ိုင်းထဲမှာ ကျွန်မသိမိ မြင်မိ တွေးမိသမျှတွေကို ချရေးထားတာ ဖြစ်ပါတယ်။ တစ်ခြားသူများနှင့် တိုက်ဆိုက်ခြင်း၊ သဘောတူညီခြင်း ရှိချင်မှလည်း ရှိပါလိမ့်မယ်။ ကျွန်မပြောတဲ့ ကျွန်မ စကားတွေဟာ မှန်ချင်မှလည်း မှန်ပါလိမ့်မယ်။ ဒါပေမယ့် သေချာတာကတော့ ဒီ ၂၆ ချက်ဟာ.. ကျွန်မရဲ့ ရင်တွင်းဖြစ်တွေ ဆိုတာပဲ ဖြစ်ပါတယ်ရှင်။

1. လူတွေဆိုတာ မွေးလာကတည်းက သေမယ့်ရက်ကို စား၊ သောက်ပြီး စောင့်နေရတာဖြစ်တယ်။

2. ငါ့မိဘ၊ ငါ့ Company ၊ ငါ့ Department အတွက် အလုပ်လုပ်တယ်ဆိုတာ အမည်ခံတွေပါ.. တစ်ကယ်တမ်းက ကိုယ့်အတ္တအတွက် ကိုယ် အလုပ်လုပ်ကြတာ ချည်းပဲ။

3. အလုပ်မှာအောင်မြင်ဖို့ဆိုတာ အလုပ်ကိုချည်းပဲ ကုန်းရုန်းပြီး လုပ်နေလို့ မရဘူး.. ကော်ဖီကောင်းကောင်းဖျော်တတ်ဖို့၊ ကားတံခါးဖွင့်ပေးတတ်ဖို့၊ ထီးလေးမိုး ၊ ဖိနပ်လေးကိုင် လုပ်ပေးတတ်ဖို့လည်း လိုသေးတယ်။

4. အလုပ်ထဲမှာ လူတစ်ယောက်က ဟိုနေရာမှလည်း နည်းနည်းမှား၊ ဒီနေရာမှာလည်း ပြသနာဖြစ်၊ နောက်တစ်နေရာမှာလည်း လိုအပ်တာတွေ နည်းနည်းနဲ့ အဆင်မပြေဖြစ်နေရင် သူ့ကို အပြစ်တင်ဖို့ပဲ တွေးတတ်ကြတယ်.. သူဟာ အလုပ်တိုင်းကိုလုပ်၊ နေရာတိုင်းမှာပါဝင်တဲ့ အလုပ်နဲ့ လက်နဲ့ ဦးနှောက် မပြတ်သူ တစ်ယောက်ပါလားလို့ ကောင်းတဲ့ဘက်က လှည့်တွေးသူက ရှားတယ်။

5. အလုပ်များများ လုပ်လေလေ အပြစ်များများ အပြောခံရလေပဲ။
6. လောကမှာ အမှန်တရားဆိုတာ အလကားမရဘူး။
7. ကျွန်မလည်း လူသားအလျောက် လောဘ ဒေါသ မောဟတွေ ရှိပါတယ်။ ဒါပေမယ့် ကျွန်မထင်တယ်.. မနာလိုစိတ်ရှိခြင်းကလည်း တိုးတက်မှုကိုဖြစ်စေတတ်တယ်။ ဒါပေမယ့် ဒီစိတ်ကို ကျွန်မ ခုချိန်ထိ မမွေးနိုင်သေးဘူးရှင့်။
8. အချစ်ဆိုတာ ယုံကြည်စရာ မကောင်းတဲ့ အရာတစ်ခုဖြစ်တယ်။
9. တစ်ချို့က ယုံကြည်စရာမကောင်းတဲ့ အချစ်နဲ့ ဝေးသထက်ဝေးအောင်နေတယ်၊ တစ်ချို့ကျတော့ အချစ်ကိုမယုံဘူးလို့ပြောပြီး အချစ်နဲ့ ဆော့ကစားတယ်။
10. အသဲကွဲတာပျောက်ဖို့ နှစ်သိမ့်အားပေးတာတွေ လုပ်လို့မရဘူး.. ကိုယ်တိုင်ကြိုးစားယူမှ ရတာ။
11. ခံစားချက်ဆိုတာ မရှိတာ ကောင်းတယ်…့.. တစ်ခါတစ်လေမှာ ရှိတာလည်း ကောင်းတာပါပဲ။
12. တာဝန်ယူမှုဆိုတာကို ဖယ်လိုက်ရင် လက်ထပ်ခြင်းနဲ့ လက်မထပ်ပဲ အတူနေခြင်းဟာ မခြားနားလှပါဘူး။
13. ပညာတတ်မှ ပိုက်ဆံများများရှာလို့ရမယ်… ဒါပေမယ့် ပိုက်ဆံများများမရှိပဲနဲ့ ပညာတတ်ဖြစ်ဖို့ဆိုတာ မလွယ်လှဘူး။
14. ကမ္ဘာပေါ်မှာ လူဦးရေ များပြားလာတာနဲ့အမျှ သစ်တောတွေ ပြုန်းပြုန်းသွားကြတယ်။ အဲ့နှစ်ခုကို အချိုးချပြီး ညီတူညီမျှ ဖြစ်အောင်လုပ်နိုင်ရင် သိပ်ကောင်းမှာပဲ။
15. တစ်ဦးတစ်ယောက်ရဲ့ ဆိုးသွမ်းမှုကြောင့် လူအများစု ဒုက္ခရောက်ကြသလို၊ တစ်ဦးတစ်ယောက်ရဲ့ အနစ်နာခံမှုကြောင့် လူအများ စိတ်ချမ်းသာမှုလည်း ဖြစ်တတ်ကြပါတယ်။
16. လူတစ်ယောက်ရဲ့ စိတ်ဓါတ်ကို ပျက်ပြားအောင်လုပ်တာဟာလည်း Management Technique တစ်မျိုးဖြစ်တယ်။
17. ကံကောင်းတာချင်းတူရင် အရည်အချင်းရှိသူက တိုးတက်မယ်၊ အရည်အချင်း ရှိတာချင်းတူရင် ၀ိရီယ ရှိသူက တိုးတက်မယ်၊ ၀ိရီယ ရှိတာချင်းတူရင် စည်းကမ်းရှိသူက ပိုတိုးတက်မယ်။
18. တင်းကျပ်လွန်းတဲ့၊ ကန့်သတ်မှုတွေများလွန်းတဲ့ ဘောင်ထဲမှာ အံဝင်အောင်နေတတ်တာဟာ ပညာပါရမီ တစ်မျိုးပါပဲ။
19. မိသားစုရယ်၊ သူငယ်ချင်းတွေရယ်၊ ပိုက်ဆံရယ်ရှိရင် ကျွန်မဘ၀ ပြည့်စုံပါပြီ။
20. ညီညာပြန့်ပြူးတဲ့ စာရွက်တွေမှာတောင် လေးဘက် လေးတန် အချွန်လေးတွေ ရှိနေတတ်ကြတာပဲ။ လူ့အသိုင်းအ၀ိုင်းမှာလည်း လူတွေနဲ့ အံမ၀င်တဲ့ လူမျိုးတွေ ရှိနေတာကို ရှိခွင့်ပေးသင့်ပါတယ်။
21. ဗေဒင်တွေ ယတြာတွေဆိုတာကို ကျွန်မ ယုံကြည်လေ့ မရှိပေမယ့် အဆိုးတွေကြုံရင်တော့ တစ်ခါ တစ်လေ ဗေဒင်ဆရာဆီ ပြေးတတ်သေးတယ်။
22. အလုပ်တိုင်းရဲ့ အစမှာ အမှားတွေ၊ ပြသနာတွေ ရှိတယ်။ နောက်တစ်ခါ မဖြစ်အောင် သတိထားလုပ်ပေမယ့် နောက်တစ်ခါမှာလည်း အရင်တစ်ခါနဲ့ မတူတဲ့ အဆင်မပြေမှုတွေ ပေါ်ပေါ်လာတတ်တာက လူနဲ့ အမှားကို မကင်းမရှင်း ဖြစ်စေပါတယ်။
23. မိန်းမတွေက ကြောက်ဖို့ကောင်းတယ်။ ဒါပေမယ့် ယောင်္ကျားတွေကို ပိုကြောက်တယ်။ သူတို့ရဲ့ ခြေကို ကျွန်မ မမြင်နိုင်ဘူးလေ။
24. လူ့ဘ၀က ဒုက္ခများလှတယ်.. ငိုယိုကြ၊ ပူဆွေးကြ၊ သေကြေပျက်စီးကြနဲ့.. ဒါတွေကြားထဲမှာ ဒေါသ မောဟ သောက နည်းနိုင်သမျှ နည်းအောင် နေတတ်ဖို့ ကျွန်မကြိုးစားရအုံးမယ်။
25. လက်ရှိ ကိုယ်ပိုင်ဆိုင်ထားတာလေးတွေကို ကျေးဇူးတင်ရင်းနဲ့ပဲ တစ်နေ့ပြီး တစ်နေ့ ကြိုးစားရှင်သန် နေထိုင်သွားချင်ပါတယ်။
26. အသက် ၂၆ ကိုရောက်ပြီဆိုတဲ့ အသိက.. ကျွန်မကို ထိတ်လန့်မှု ဖြစ်စေပါတယ်.. ကျွန်မခုထိ ဘာဆိုဘာမှ မလုပ်ရသေးသလို ဖြစ်ချင်တာတွေလည်း မဖြစ်သေးပါဘူး။ မွေးနေ့နဲ့အတူ အခြားအထိမ်းအမှတ်နေ့တွေရှိနေတာကို ကျွန်မနှစ်သက်မိတယ်.. ဒါတွေသာမရှိရင် ကျွန်မတို့တွေလည်း အရာရာကို သတိမေ့နေမလားပဲ။
Advertisements

ကမ္ဘာပျက်ခဲ့ရင်

Standard

အခုတလော ဘလောဂ့်ဂါတော်တော်များများရေးနေကြတဲ့ ကမ္ဘာပျက်ခဲ့ရင် ဆိုတဲ့ ပိုစ့်လေးကို ဘယ်သူမှ မတဂ်ပဲ ကျွန်မလည်း ရေးချင်စိတ် ပေါက်လို့ ရေးလိုက်ပါတယ်။ ခပ်ကြောင်ကြောင်အတွေးတွေတော့ ဖြစ်နေနိုင်ပေမယ့်.. ဖတ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်ရှင်။

၁)ဘယ်သူတွေနဲ့ရှိနေချင်လဲ။

တစ်ယောက်တည်းပဲ ရှိနေချင်တယ်။ ချစ်ခင်ရသူတွေနဲ့အတူတူ ရှိမနေချင်ဘူး။ သူတို့တစ်ခုခုခံစားနေရတာကို ကြည့်ပြီး စိတ်မဆင်းရဲချင်သလို ကိုယ်ဖြစ်နေတာတွေကိုကြည့်ပြီးလည်း သူတို့တွေကို စိတ်မဆင်းရဲစေချင်ဘူး။ တစ်ယောက်တည်း ရှိနေဖို့ပဲ မျှော်လင့်ပါတယ်။

(၂)ဘာတွေခံစားနေရမလဲ

မသိဘူး။ ဘာတွေခံစားနေရမလဲဆိုတာကို။ သေချာတာကတော့ ဘုရားကို အာရုံပြုမိနေလိမ့်မယ်။

(၃)ဘာတွေပြင်ဆင်ထားမလဲ။

ကမ္ဘာပျက်မယ်ဆိုတဲ့ ရည်မှန်းချက်နဲ့တော့ မပြင်ဆင်ထားပါဘူး။ အခုလည်း ကိုယ်လုပ်သင့်တာကို လုပ်နေတာပါပဲ။ ပြင်ဆင်နေတာပါပဲ။ ကိုယ်ဖြစ်ချင်တာတွေ လုပ်ချင်တာတွေကို အဆုံးစွန်ထိ လုပ်ခွင့်ရမသွားတဲ့အတွက်တော့ စိတ်မကောင်းဖြစ်မိမှာပေါ့လေ။

(၄)ဝမ်းနည်းမိမှာက..

အခုတောင် ကမ္ဘာပျက်မလားလို့ တွေးကြည့်လိုက်ရင် ၀မ်းနည်းစိတ် ကြောက်စိတ် စိုးစဉ်းမှ မဖြစ်ပေါ်ဘူး။ ဒါကြောင့် တစ်ကယ်သာဆိုရင်လည်း ၀မ်းနည်းမှာ မဟုတ်ဘူး။ အဲ့ဒီအချိန်မှာ ဖြစ်ပေါ်နေတဲ့ ဖောက်ပြန်မှုတွေကြောင့် မျက်ရည်တော့ ကျချင်ကျမိမှာပေါ့လေ။

(၅)ကြောက်လန့်မိမှာက..

အားလုံးတူတူ သေကြမှာလေ။ မကြောက်ပါဘူး။

(၆)ဆောင်ထားချင်တာ..

ဘုရား တရားကို သတိရတဲ့ စိတ်ကလေးပေါ့။ ဒါမှ ဘ၀ကူးကောင်းပြီး နောက်ကမ္ဘာမှာများ သတ္တ၀ါတစ်ခု ဖြစ်ခွင့်ရခဲ့ရင် ကောင်းရာလေးတွေ ဖြစ်မှာ မဟုတ်လား။

(၇)ဘာတွေရေးမိမလဲ..

အမ်.. ရေးလိုက်ရင်လည်း ပျက်သွားမှာပဲဟာ။ မရေးတော့ပါဘူး။

(၈)တွေးမိတွေးရာအတွေး..

တွေးမိမှာလည်း မဟုတ်ဘူးရှင့်။

(၉)ဂုဏ်ယူချင်တာက..

အားလုံးနဲ့ အတူတူ သေခွင့်ရတာကို။

(၁၀)ရှာကြံဖြေသိမ့်မိတာက..

သေနေ့ရောက်လာပြီဆိုတော့ သေရမှာပဲလေ။

(၁၁)ကျူးရင့်ချင်တဲ့ဥဒါန်း..

နောက်ကမ္ဘာမှာ ဘုရားရှင်နဲ့ ကြုံရစေသား………..။

Sue and Phat (Thorn and Leaf)

Standard

ဟိုတစ်နေ့က သတင်းလေးတစ်ပုဒ် ဖတ်လိုက်မိတယ်။ မိန်းကလေးတစ်ယောက် အသတ်ခံရတဲ့ သတင်းလေးပါ။ ဖြစ်တာက ရန်ကုန်ပြင်ပ တစ်နေရာမှာ ဖြစ်တာ.. ရည်းစားဖြစ်သူ မိန်းကလေးကို သူ့ကောင်လေးက သတ်သွားတဲ့ အဖြစ်အပျက်လေးပါ။ အဓိက အကြောင်းရင်းက ကောင်မလေးမှာ ကိုယ်ဝန်ရှိပြီး ကောင်လေးက တာဝန်မယူချင်လို့ ဖြစ်ကြတဲ့ ကိစ္စကြီးတစ်ခုပါ။ ကိုယ်တော်ချောက သူနဲ့ရတဲ့ ကိုယ်ဝန်ကိုလည်း တာဝန်မယူချင်တော့ ကောင်မလေးကို သတ်ပစ်ခဲ့တာလေ။ အင်မတန် ရက်စက်တဲ့၊ အသဲနှလုံးမရှိတဲ့၊ အောက်တန်းကျတဲ့ ယောင်္ကျားမျိုးတွေပဲ ဒါမျိုးလုပ်ကြမယ် ထင်တယ်။ ဒီနေ့ ဒီလို အင်မတန် တိုးတက်ခေတ်မီဖွံ့ဖြိုး (သူများဆီက စကားငှားသုံးသည်) နေတဲ့ခေတ်မျိုးမှာ ၀န်ထုပ် ၀န်ထည်ဖြစ်အောင် နေကြတဲ့ စုံတွဲမျိုးကိုလည်း အံ့သြပါရဲ့ (ပင့်ဂိုလ်းနော် ဘာမှ မသိဘူး.. သူများပြောတာ ကြားဖူးလို့ အဟီး)။

တစ်ကယ်တမ်းကြတော့ မိန်းကလေးတွေဘက်က အင်မတန်ကို နစ်နာပါတယ်။ ယောင်္ကျားအပေါင်း သူတော်ကောင်းများကတော့ ဆူးကျိုးစရာကိစ္စမှ မရှိပဲကိုးရှင့်။ တစ်ချို့မိန်းကလေးတွေ ပညာမတတ်လို့၊ ဗဟုသုတ နည်းပါးလို့ မိုက်ကြတယ်။ တစ်ချို့မိန်းကလေးတွေကျတော့လည်း သိသိကြီးနဲ့ကို မိုက်ကြတယ်။ ဒါပေမယ့် ဖြစ်လာရင်တော့ နှစ်ဦးစလုံးမှာ တာဝန်ရှိသလို နှစ်ဦးစလုံး တိုင်ပင်ဖြေရှင်းမှ ရမယ့်အဖြစ်မျိုးပါ။ လျစ်လျူရှုလိုက်တာကတော့ အင်မတန်ကို နှမချင်း မစာနာရာ ရောက်ပါတယ်။ တောရွာဒေသတွေမှာ ကိုယ်ဝန်ဖျက်ချလို့ သေကြတဲ့ မိန်းကလေးတွေ မနည်းပါဘူး။ ကျောင်းသူ ကျောင်းသားလေးတွေ စိတ်မထိန်းနိုင်ကြလို့ မှားခဲ့ပြီးမှ မရှုနိုင် မကယ်နိုင် ဇတ်လမ်းတွေလည်း ကြားရပေါင်း များလှပါပြီ။ ပညာတတ် စုံတွဲတွေ နေချင်သလို နေခဲ့ကြပြီးမှ အရှက်တကွဲ အကျိုးနည်းရတဲ့ သတင်းတွေဟာလည်း နေ့နဲ့အမျှကို ကြားနေရတဲ့ အရာတစ်ခု ဖြစ်နေပါပြီ။

အဲလိုဖြစ်လာခဲ့ရင် ကိုယ်ကျိုးနည်းရသူတွေကတော့ မိန်းကလေးတွေပါပဲ။ ပတ်ဝန်းကျင်ကလည်း ယောင်္ကျားများကို နောက်မှ အပြစ်ပြောကြပြီး မိန်းကလေးတွေကိုပဲ “တော်တော်ရွတယ်” ဆိုတဲ့ စကားနဲ့ အရင်ဆုံး နှိပ်ကွပ်တတ်ကြပါတယ်။ ဒီနေ့ ဒီအချိန်မှာ စုံတွဲတွေကြား အနေအထိုင်ပွင့်လင်းကြတာဟာ အရင်တုန်းကလောက် ပြောစရာ ကိစ္စကြီးတော့ မဟုတ်တော့ပေမယ့် နှစ်ဦးစလုံး ဆင်ခြင်ကြရင်တော့ အကောင်းဆုံးပေါ့ရှင်။ ယောင်္ကျားလေးများ ဘက်က တောင်းဆိုတယ် ဆိုပေမယ့် မိန်းကလေးများကလည်း မလိုက်လျောမိကြဖို့၊ လိုက်လျောမိကြရင်လည်း ပြသနာ မဖြစ်အောင် ကာကွယ်ကြဖို့က အရေးကြီးပါတယ်။ မဟုတ်လို့ဖြစ်လာရင် လက်ညှိုးထိုးခံရတာက မိန်းကလေးများကိုပဲ ဖြစ်ပါတယ်။

ကျွန်မ စဉ်းစားကြည့်တယ်.. မိန်းကလေးများ ကိုယ်ဝန်ဖျက်ချချင်ကြတဲ့ အကြောင်းရင်းက အလုပ်ပျက်မှာစိုးလို့၊ ကျောင်းပျက်မှာစိုးလို့ ဆိုတာမျိုးတွေထက် မိဘ ညီအစ်ကို မောင်နှမတွေရဲ့ ဂုဏ်သိက္ခာရယ်၊ ပတ်ဝန်းကျင်က ကဲ့ရဲ့ကြမယ့် စကားတွေကို မခံနိုင်လို့ရယ် ဆိုတဲ့အကြောင်းပြချက်က များပါလိမ့်မယ်။ ပတ်ဝန်းကျင်ဆိုတာ ဂရုမစိုက်ချင်ပေမယ့်လည်း ဂရုစိုက်နေရတဲ့ အရာကိုးရှင့်။ ဒီတော့ လောကထဲကို ရောက်ဖို့အခွင့်အရေး ရှိလျက်နဲ့ မရှိလိုက်ကြပဲ ဖြစ်တဲ့ ကလေးလေးတွေ များလာကြရတာပေါ့။ ကျွန်မပြောချင်တာ နည်းနည်းတော့ တိုင်ပတ်နေပြီ။ ကျွန်မ အတွေးက၊ ပြောချင်တာက အဲ့လိုဖြစ်လာရင် မိန်းကလေးရဲ့ ကိုယ်ထဲကို သတ္တိတွေထည့်ပေးလိုက်ရမှာ ဖြစ်တယ်။ လောကအလယ်မှာ မျက်နှာမငယ်အောင် ၀ိုင်းဝန်းဖေးမပေးကြစေချင်တယ်။ ဖြစ်ပြီးသား ကိစ္စကို အပြစ်တင်နေရင် အဖြေဆိုတာ ရှိလာမှာ မဟုတ်ဘူး။ ကိုယ်ဝန်ဖျက်ချတယ်ဆိုတာလည်း လူသတ်မှုပဲလေ။ အကုသိုလ် အလုပ်ပါပဲ။ ဒီတော့ မိန်းကလေးတွေ ဒီကိစ္စမျိုး မကျူးလွန်မိကြစေဖို့ ပတ်ဝန်းကျင်ရဲ့၊ မိဘရဲ့၊ မိတ်ဆွေတွေရဲ့ အားပေးမှု ဆိုတာမျိုးက မရှိ မဖြစ်လိုအပ်တယ်။ ဘာဖြစ်လဲ.. ဒင်းမရှိလည်း ငါတစ်ယောက်ထဲ သတ္တိရှိရှိ ရင်ဆိုင်မယ် ဆိုတာမျိုးတွေ ကျွန်မက ဖြစ်စေချင်တယ်။ ဒါမှ ရှေးဘ၀က ကောင်းမှုကြောင့် လူဖြစ်ခွင့်ရတဲ့ သတ္တ၀ါကလေးတွေကိုလည်း ချီးမြှောက်ပေးရာ ရောက်မှာပေါ့။ ဒါ့အပြင် ဟို တာဝန်မယူချင်တဲ့ အမောင်ယောင်္ကျား သကောင့်သားကိုလည်း လှလှပပ လက်စားချေပြီးသား ဖြစ်တယ်လို့ ကျွန်မက ခံယူပါတယ်။ ကိုယ်ဝန်ဖျက်ချလို့ အသက်ဆုံးရှုံးကြတဲ့ rate လည်း နည်းသွားလိမ့်မယ်။

ဒီအကြောင်းတွေကို စာရေးဆရာတွေလည်း ဇတ်လမ်းအမျိုးမျိုးဆင်ပြီး ပညာပေးဆောင်းပါးတွေ ရေးကြတယ်။ PSI တို့လို NGO တွေကလည်း ကွင်းဆင်းပြီးတော့ကို ပညာတွေပေးကြတယ်။ သူများဆီမှာ သွားနားထောင်ရမှာ ရှက်တယ်ဆိုရင်တော့ ဖတ်စရာ စာအုပ်တွေလည်း တစ်ပုံတစ်ပင်ကြီး။ မိဘတွေကလည်း သားသမီးတွေကို ဘယ်လိုစာအုပ်မျိုး ဖတ်နေတာလဲလို့ ဆူပူကြိမ်းမောင်းဖို့ထက် ဖတ်သင့်ရင် ပေးဖတ်ကြရမယ်လို့ ကျွန်မ ထင်မိတယ်။ ကာယကံရှင်များကလည်း ရိုးရိုးပဲ ချစ်ကြရင်တော့ အကောင်းဆုံးပေါ့ရှင်။ ဆရာမ ဂျူး နောက်ဆုံးရေးတဲ့ “သူမင်းကို ဘယ်တော့မှ” ဆိုတဲ့ စာအုပ်ထဲမှာဆို ယောင်္ကျားလေးက တာဝန်မယူချင်လို့ ပစ်သွားတဲ့ ကိုယ်ဝန်ကို ရအောင်မွေးပြီး အဖေနဲ့တူတဲ့ ကလေးလေးကိုပြ၊ အဲ့ဒီယောင်္ကျားကို တရားရုံးမှာ တရားစွဲလို့ တရားနိုင်လိုက်တဲ့ မိန်းကလေးကို ကျွန်မ အရမ်းချီးကျူးပါတယ်။

ဖက်ပေါ်ဆူးကျလို့ ဆူးကျိုးတဲ့ ပြသနာမျိုး မရှိဘူးလို့လည်း ကျွန်မက မပြောပါဘူး။ ဒါပေမယ့် လက်ရှိမှာ ဆူးကျိုးတာထက် ဖက်ပေါက်တာက ပိုအရေးကြီးတာကိုးရှင့်။ ကိုကိုများကိုလည်း ပြောချင်ပါတယ်.. ထိန်းချုပ်ကြပါ၊ တာဝန်ယူကြပါ၊ ကိုယ်ချင်းစာကြပါလို့။ မမများကိုလည်း ပြောချင်ပါတယ် သိပ်မရက်ရောကြပါနဲ့လို့။

Ultimate Truth (Uncanny – But True)

Standard

Whenever I find the key to success, someone changes the lock.

(အောင်မြင်မှုရဲ့ သော့ချက်ကို ရှာတွေ့တိုင်းမှာ တစ်ယောက်ယောက်က သော့ကို ပြောင်းပြောင်းသွားတယ်)

To Err is human, to forgive is not a COMPANY policy.

(မှားဖို့တာဝန်ကတော့ လူ့တာဝန်ပဲ၊ ဒါပေမယ့် ခွင့်လွတ်ဖို့ဆိုတာ ကုမ္ပဏီရဲ့ ပေါ်လစီ မဟုတ်ဘူး။)

The road to success? Is always under construction.

(အောင်မြင်မှုကို သွားဖို့လမ်းလား… အမြဲတမ်း တည်ဆောက်ဆဲပဲလေ။)

Alcohol doesn’t solve any problems, but if you think again, neither does Milk.

(အရက်ဟာ ဘာပြသနာကိုမှ မဖြေရှင်းနိုင်ဘူး။ ထပ်စဉ်းစားကြည့်ပြန်တော့ နို့သောက်တာကလည်း မဖြေရှင်းပေးနိုင် ပြန်ဘူး။)

In order to get a Loan, you first need to prove that you don’t need it.

(ပိုက်ဆံချေးလို့ ရဖို့ဆိုရင် ပထမဦးဆုံး အဲ့ဒီပိုက်ဆံကို မလိုအပ်ကြောင်း သက်သေပြဖို့ လိုတယ်။)

Since Light travels faster than Sound, people appear brighter before you hear them speak

(အလင်းက အသံထက်မြန်တယ်ဆိုတော့.. လူတွေရဲ့ အသံကိုမကြားရခင် သူက လင်းလင်းကြီး အရင်ပေါ်လာရမယ်။)

Everyone has a scheme of getting rich? Which never works

(လူတွေမှာ ဘယ်တော့မှ အလုပ်မဖြစ်တဲ့ ချမ်းသာနည်းတွေ ရှိတယ်။)

If at first you don’t succeed?. Destroy all evidence  that you ever tried.

(စစချင်း မအောင်မြင်ခဲ့ရင် သင်ကြိုးစားဖူးတဲ့ အထောက်အထားမှန်သမျှကို ဖျက်ဆီးလိုက်ပါ။)

You can  never determine which side of the bread to butter.. If it falls down,  it

will always land on the buttered side.

(ပေါင်မုန့်ရဲ့ ဘယ်ဘက်အခြမ်းကို ထောပတ်သုတ်မယ်ဆိုတာ သင်ဘယ်တော့မှ စဉ်းစားမှာ မဟုတ်ဘူး။ ဒါပေမယ့် လွတ်ကျသွားခဲ့ရင်တော့ ထောပတ်သုတ်ထားတဲ့ ဘက်က မြေကြီးပေါ် ကျတာပဲ။)

Anything dropped on the floor will roll over to the most inaccessible corner.

(ကြမ်းပြင်ပေါ်ကျတဲ့ အရာမှန်သမျှဟာ မတွေ့နိုင် မယူနိုင်တဲ့ ထောင့်တွေဆီကို လိမ့်သွားကြလိမ့်မယ်။)

As soon as  you mention something?? if it is good, it is taken?. If it is  bad, it happens.

(တစ်စုံတစ်ရာကို ဖော်ထုတ်ပြလိုက်ချက်ချင်းပဲ၊ ကောင်းတယ်ဆိုရင် သူများတွေက ယူသွားကြတယ်၊ ဆိုးတယ် ဆိုရင်တော့ ကိုယ့်ဆီမှာ ဖြစ်တော့တာပဲ။)

He who has the gold, makes the rules —- Murphy’s golden rule.

(ရွှေရှိတဲ့သူက စည်းမျဉ်းတွေကို ပြုလုပ်တယ်…. မာဖီရဲ့ ရွှေရောင် စည်းမျဉ်းတွေလေ။)

If you  come early, the bus is late. If you come late?? the bus is still late.

သင်က စောစောလာရင် ဘတ်စ်ကားက နောက်ကျမှ ရောက်တယ်။ နောက်ကျမှ လာရင်ရင် ဘတ်စ်ကားကတော့ နောက်ကျဆဲပါပဲ။

Once you have  bought something, you will find the same item being sold somewhere  else at a cheaper rate.

(ပစ္စည်းတစ်ခုခုကို ၀ယ်ပြီးသွားတာနဲ့ တစ်ခြားတစ်နေရာမှာ ပိုဈေးသက်သာသာနဲ့ရောင်းတဲ့ အဲ့ဒီ ပစ္စည်းကို တွေ့တော့တာပဲ။)

When in a  queue, the other line always moves faster and the person in front of you will always have the most complex of transactions.

(တန်းစီ ရပ်နေစဉ်မှာ (ငွေရှင်းကောင်တာမှာပဲ ဖြစ်ဖြစ်ပေါ့)၊ တစ်ခြားလိုင်းတွေက ပိုပြီးတော့ မြန်မြန် သွက်သွက်ကို ပြီးသွားပြီး၊ ကိုယ့်ရှေ့မှာ ရပ်နေတဲ့ သူဟာလည်း အရှုပ်ဆုံး၊ အများဆုံးတွေ ဖြစ်နေတတ်တယ်။)

If you  have paper, you don’t have a pen??. If you  have a pen, you don’t have paper?? if you  have both, no one calls.

(သင့်မှာ စာရွက်ရှိရင် ဘောလ်ပင် မရှိဘူး။ ဘောလ်ပင်ရှိပြန်တော့ စာရွက် မရှိဘူး။ နှစ်ခုစလုံး ရှိနေချိန်မှာတော့ ဘယ်သူမှ မခေါ်တော့ဘူး။)

Especially  for engg. Students—-
If you have  bunked the class, the professor has taken attendance

(ကိုယ်အတန်းလစ်တဲ့ အချိန်တွေဆိုရင် ပါမောက္ခက အမြဲ attendance ခေါ်တတ်တယ်။)

The door  bell or your mobile will always ring when you are in the bathroom.

(တံခါး ဘဲလ်တွေ၊ မိုဘိုင်လ်းဖုန်းတွေဟာ ကိုယ်လည်း ရေချိုးခန်းဝင်ရော မြည်ရောပါပဲ။)

After a  long wait for bus no.20, two 20 number buses will always pull in  together and the bus which you get in will be more crowded than the  other

(ကားနံပါတ် (20) ကိုလည်း အကြာကြီး စောင့်ပြီးရော ကားနှစ်စီးက ပြိုင်တူလာတယ်.. အဲ.. ကိုယ်တက်လိုက်တဲ့ ကားက လူပိုကြပ်နေတတ်တယ်။)

If your exam is tomorrow, there will be a power cut tonight.

(မနက်ဖြန်သာ စာမေးပွဲရှိကြည့် ဒီနေ့ည မီးပြတ်တော့တာပဲ။)

Irrespective of the direction of the wind, the smoke from the cigarette will  always tend to go to the non-smoker.

(လေတိုက်ရာ လမ်းကြောင်းတွေ ဘာတွေနဲ့ မသက်ဆိုင်ပါဘူး။ဆေးလိပ်သောက်တတ်တဲ့သူ မှုတ်ထုတ်လိုက်တဲ့ မီးခိုးငွေ့တွေဟာ ဆေးလိပ်မသောက်တတ်တဲ့သူဘက်ကို လာတော့တာပဲ။)

Advantages of Nargis!

Standard
နာဂစ်အကြောင်းကတော့ ခုချိန်ထိကို ပြောမဆုံးပေါင် တောသုံးတောင်ကို ဖြစ်လို့နေပါတယ်။ ကျွန်မ ညီမလေး တစ်ယောက် ပြောသလိုပေါ့.. နာဂစ် များမဖြစ်ရင် သတင်းစာတွေ ဘာကိုများ ရေးကြမလဲ မသိဘူးနော် တဲ့ :)။ ဟုတ်ပါတယ် နာဂစ် စဖြစ်တဲ့အချိန်ကနေ ခုထိ ကယ်ဆယ်ရေး၊ ထောက်ပံ့ရေး၊ ပြန်လည်ထူထောင်ရေး စတဲ့သတင်းတွေဟာ သတင်းစာမျက်နှာတိုင်းရဲ့ နေရာတော်တော်များများမှာ ပါဝင်နေတယ် မဟုတ်လား။ နာဂစ်ရဲ့ ဒုက္ခတွေကို ရေးကြသလို နာဂစ်ကြောင့် ပေါက်ဖွားလာတဲ့ ပရဟိတ အကြောင်းတွေလည်း ဖော်ကြူးကြပါတယ်။ နာဂစ်က တော်တော်ဆိုးပေမယ့် အရာရာတိုင်းမှာ အကောင်းအဆိုး ဒွန်တွဲနေတတ်တဲ့ သဘောအတိုင်း နာဂစ်ရဲ့ ကောင်းကျိုးလေးတွေကို တစ်ချက်တွေးကြည့်မိပါတယ်။

(၁) ပရဟိတ စိတ်များ ထွန်းကားလာခြင်း

နာဂစ်ဟာ ဒီနေ့ခေတ် မြန်မာ လူငယ်တော်တော်များများရဲ့ ကိန်းအောင်းနေတဲ့ လူမှုဝန်ထမ်း ပရဟိတ စိတ်ကိုဖော်ထုတ်ပေးလိုက်ပါတယ်။ လူငယ် လူရွယ်တွေကို တစ်ခုခုလုပ်ဖို့အရေး အရင်တုန်းကဆို လူကြီးတွေက နားမနည်းဝင်အောင် ပြောကြရပါတယ်။ အဲ.. နာဂစ်လည်း ဖြစ်ရော လူငယ်တိုင်းဟာ ကိုယ့်အသိ၊ ကိုယ့်စိတ်ဓါတ်နဲ့ ကယ်ဆယ်ရေး ထောက်ပံ့ရေး လုပ်ငန်းတွေမှာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှား လာကြတာ တွေ့ရပါတယ်။ အရင်တုန်းက ကာရာအိုကေဆိုင်၊ ဘီယာဆိုင် စသောနေရာများမှာ ပျော်ပါး အချိန်ကုန်နေတဲ့ သူတွေတောင် နာဂစ်နဲ့ ပတ်သက်လာရာ အချိန်မရွေးကူညီဖို့ အသင့်ဖြစ်နေတာဟာ အားရစရာကောင်းတဲ့ အချက်ကလေးတွေ ဖြစ်ပါတယ်။ လူသားချင်း စာနာစိတ်တွေ၊ အခက်အခဲကို ထိုင်ကြည့်မနေတတ်တဲ့ မြန်မာလူငယ်တွေရဲ့ စိတ်ဓါတ်ဟာ ချိးကျူး ဂုဏ်ယူစရာ ကောင်းလှပါတယ်ရှင်။

(၂) နေရာ ဒေသအလိုက် အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာခြင်း

နာဂစ်လည်းဖြစ်ရော နိုင်ငံတကာ NGO, UN စသောအဖွဲ့များဟာ တာဝန်အရ လေဘေးသင့်ဒေသတွေကို သွားရောက်ကူညီကြရသလို၊ အခြား လတ်တလော ပေါ်ပေါက်လာတဲ့ ကယ်ဆယ်ရေးအဖွဲ့များလည်း ရှိပါတယ်။ လုပ်ငန်းတွေကို ပါဝင်လုပ်ကိုင်နိုင်ကြဖို့၊ လေဘေးသင့်ဒေသတွေမှာ တာဝန်ထမ်းဆောင်ဖို့ လူငယ်တော်တော်များများကို အလုပ်ခေါ်တာ တွေ့ရပါတယ်။ တစ်ချို့တွေကတော့ volunteer အဖြစ်နဲ့ပဲ ခေါ်ကြပေမယ့်၊ တစ်ချို့တွေကတော့ လုပ်ခလစာတွေလည်း များများလေး ပေးတာရှိပါတယ်။ ဒေသခံလူငယ်တွေရော၊ ဒေသခံမဟုတ်တဲ့ လူငယ်တွေရော ကူညီလုပ်ကိုင်ပေးရင်းကနေ အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိလာပါတယ်။

(၃) သဘာဝ ပတ်ဝန်းကျင်ကို ပိုမိုထိမ်းသိမ်း လိုကြခြင်း

နာဂစ် ဘာကြောင့်ဖြစ်ရလဲ….သစ်တော သစ်ပင်တွေ ပြုန်းတီးပြီး ရာသီဥတု ဖောက်ပြန်ခြင်းကြောင့်လို့ပဲ နားလည်မိပါတယ်။ ခုနောက်ပိုင်းမှာ လေဘေးသင့်ဒေသတွေမှာရော လေဘေးမသင့်ဒေသတွေမှာပါ လေကာပင်တွေ၊ သစ်ပင်တွေ ပိုမိုစိုက်ပျိုးလာကြပါတယ်။ လေဘေးသင့်ဒေသတွေမှာလည်း မိုးဒဏ်၊ လေဒဏ် ခံနိုင်တဲ့ အဆောက်အဦးတွေ တည်ဆောက်လာကြပါတယ်။ ဖြစ်ပြီးမှ လုပ်တာ မှန်ပေမယ့် ဒါဟာလည်း ကောင်းတဲ့အချက်ပဲ မဟုတ်လားရှင်။

(၄) နဂိုရှိရင်းစွဲ လမ်းပေါ်နေလူများ အိမ်ယာများ ရလာခြင်း

တစ်ချို့လူတွေဟာ နာဂစ်ကြောင့် ဆင်းရဲဒုက္ခရောက်တာမျိုး မဟုတ်ပဲ အစကတည်းက ဖြစ်သလိုနေ၊ ဖြစ်သလိုစား၊ ကြုံရာအိပ်နေတဲ့သူတွေ ဖြစ်ပါတယ်။ စော်ကားပြောဆိုတာတော့ မဟုတ်ပါဘူး။ အိမ်မရှိ ယာမရှိတွေလည်း ရှိနေကြတတ်ပါသေးတယ်။ နာဂစ်လည်းဖြစ်ရော သူတို့တွေက ပျော်တယ်လို့တောင် ပြောပါသတဲ့။ နာဂစ်ကြောင့် အလှူရှင်တွေ နေ့တိုင်းလာတော့ မပူမပင်စားရတယ်ဆိုတဲ့ အတွေးမျိုးရှိကြဟန် တူပါတယ်။ ခုတော့ လေဘေးသင့်ဒေသမှာ အိမ်တွေလည်းဆောက်ပေးတော့ သူတို့တွေ အိမ်တွေရလာကြတယ်။ စားဖို့သောက်ဖို့ အရင်ကလောက် ပူပင်ကြရတာမျိုး မရှိတော့ဘူး… ဒါဟာလည်း ပြောရရင် သူတို့တွေအတွက် အကျိုးကျေးဇူးပဲရှင့်

(၅) တစ်ချို့ကုန်သည်များ၊ လုပ်ငန်းရှင်များ ပိုမိုဝင်ငွေကောင်းလာခြင်း

အဓိကကတော့ ဆန်ကုန်သည်တွေ၊ အိမ်မိုးသွပ်ပြားရောင်းတဲ့သူတွေ၊ တာလာပတ်ရောင်းတဲ့ သူတွေပေါ့။ တစ်ချို့တွေဆို ဈေးတောင်ပိုတင်လိုက်ကြပါသေးတယ်။ အမြတ်အစွန်းလည်း ပိုမိုရရှိကြတာကြောင့် စီးပွားဖြစ် တွက်ချေကိုက်ပါတယ်ရှင်။ နာဂစ်ဟာ တစ်ချို့ကို ဆင်းရဲမွဲတေစေသလို၊ တစ်ချို့ကို ချမ်းသာသည်ထက်မက ချမ်းသာစေပါတယ်။

နောက်ပြီးတော့ ဒေသတွင် စားသောက်ဆိုင်၊ ဘီယာဆိုင်တွေ ပိုပြီးရောင်းအားကောင်းပါတယ်။ ကယ်ဆယ်ရေး ထောက်ပံ့ရေးအဖွဲ့တွေ ဆက်တိုက်ဆိုသလိုရောက်ကြပြီး သူတို့တွေဟာ ညဘက်တိုင်းမှာ စားသောက်ဆိုင်၊ ဘီယာဆိုင်တွေမှာ ညစာသုံးဆောင်လေ့ရှိပါတယ်။ အဲတော့ သူတို့တွေ ရောင်းအားပိုတက်ပြီး ပိုမိုစီးပွား ဖြစ်ထွန်းကြပါတယ်။

ကျွန်မပြောချင်တာ တစ်ချက်၊ နှစ်ချက်လောက်ပဲ ရှိပါသေးတယ်။ အဓိက ကတော့ နာဂစ်ကြောင့် ဆိုးကျိုးချည်းပဲ ဖြစ်သွားတာ မဟုတ်ပါဘူး။ တစ်ချို့နေရာမှာ၊ တစ်ချို့လူတွေအတွက် ကောင်းကျိုးကို သယ်ဆောင်ပေးတာလည်း ဖြစ်ပါတော့တယ်ရှင်။

2010 ကိုမျှော်လေသော်…

Standard
2010…..

ခုတစ်လော ၂၀၁၀ ဆိုတဲ့ ဂဏန်းလေး အကြောင်း ကျွန်မ ခဏ ခဏ တွေးနေမိတယ်။ ၂၀၁၀ ကျရင် ကျွန်မ ဘယ်ဆီ ရောက်နေမလဲ၊ ဘာတွေလုပ်နေမလဲ။ ၂၀၁၀ မှာ လူတွေ ဘာဖြစ်နေမလဲ၊ ဘယ်အရာ နောက်ကို တစ်ကောက်ကောက် လိုက်နေကြမလဲ။ ၂၀၁၀ မှာ နိုင်ငံရေး၊ စီးပွားရေး ပြောင်းလဲမှုတွေ ဘာများ ဖြစ်လာမှာလဲ။ မြန်မာနိုင်ငံကြီးရော ၂၀၁၀ မှာ ဘာဖြစ်နေလိမ့်မလဲ။

သေချာတာကတော့ ၂၀၁၀ ရောက်ရင် ကျွန်မ အသက် (၂) နှစ်လောက် ထပ်ကြီး လာမှာပေါ့။ ဒါကတော့ ပြေးမလွတ်တဲ့ ပြောင်းလဲမှုပဲလေ။ နောက်ပြီး ၂၀၁၀ မှာ နိုင်ငံကြီးမှာ ရွေးကောက်ပွဲ စမယ်ဆိုပဲ။ “အေးချမ်း သာယာ၍ ခေတ်မီ ဖွံ့ဖြိုးပြီး စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ နိုင်ငံတော် သစ်ကြီးကို စတင်မယ်ဆိုပဲ” (ရှည်လိုက်တာနော်)။ နိုင်ငံရေးတွေ ဘာတွေ ကျွန်မသိပ်တော့ စိတ်မ၀င်စားပါဘူး။ ဘယ်အစိုးရပဲ တက်တက်၊ ဘယ်သူပဲ အုပ်ချုပ် အုပ်ချုပ် ၂၀၁၀ မှာတော့ မူဝါဒတွေ ပြောင်းလဲရတော့မှာပေါ့။ ကျွန်မ စိတ်ဝင်စားတာက မြန်မာနိုင်ငံနဲ့လည်းဆိုင် အာဆီယံနဲ့လည်း ဆိုင်တဲ့ စီးပွားရေး စာချုပ်လေး တစ်ခုဖြစ်တဲ့ AFTA (Asian Free Trade Area) အကြောင်းလေးကိုပါ။

ပြောတာကို ကြားရသလောက် ဆိုရင်တော့ ၂၀၁၀ ကစပြီး အာဆီယံ နိုင်ငံတွင်း အလကား ကုန်သွယ်လို့ရတော့မယ်။ ကုန်စည် စီးဆင်းမှုတွေ လျင်မြန်လာတော့မယ်။ AFTA အရ အကောက်ခွန်နှုန်းထားတွေလည်း ကျဆင်းပြီး နိုင်ငံခြားဖြစ် ပစ္စည်းတွေကို ဈေးနှုန်း သက်သက်သာသာနဲ့ ၀ယ်ယူတင်သွင်းနိုင်တော့မယ် ဆိုတော့ ကျွန်မစိတ်မ၀င်စားပဲ မနေနိုင်ဘူးရှင့်။ ကိုယ့်အတွက် မဟုတ်ပေမယ့် ကိုယ်လုပ်နေတဲ့ ကုမ္ပဏီအတွက်လောက် စဉ်းစားကြည့်ရင်လည်း မဆိုးဘူး မဟုတ်လား။ ပြီးတော့ မြန်မာနိုင်ငံ အနေနဲ့လည်း International Business ထဲကို အစလှမ်းနိုင်မယ့် အခွင့်အလမ်းကောင်း တစ်ခုစတင်လို့ ရလာတော့မှာပေါ့။

ဒီတော့ ကျွန်မ ဥာဏ်မီသလောက်လေး တစ်ချက် တွေးမိတယ်ရှင့်။ Custom Duty “0” ဖြစ်တဲ့ အချိန်မှာ ကျွန်မတို့ နိုင်ငံရဲ့ အဓိက ပို့ကုန်က ဘာတွေ ဖြစ်မလဲ။ နိုင်ငံတစ်ကာကတော့ လာတော့မယ်လေ။ စီးပွားရေး ချဲ့ထွင်ဖို့၊ သူများနိုင်ငံမှာ Investment များများ လုပ်ဖို့၊ ကိုယ့်နိုင်ငံက ထုတ်ကုန်တွေကို နိုင်ငံခြားကို ပေါပေါများများ တင်သွင်းပြီး စီးပွားရှာဖို့။ စီးပွားရေး လမ်းကြောင်းတွေ တော်တော်ပွင့်သွားမယ့် အခြေအနေပါ။ ဒီလို အခြေအနေမှာ မြန်မာနိုင်ငံ အနေနဲ့ ကိုယ်က ဘာမှမသွင်းနိုင်ပဲ၊ သူများ export လုပ်လာတာကိုပဲ ခံပြီး အိတ်ထဲကပဲ ထုတ်နေမလား၊ နိုင်ငံရဲ့ Export အခြေအနေကကော ဘယ်လိုဖြစ်လာမလဲ၊ မြန်မာနိုင်ငံ အနေနဲ့ ဘယ်လို ထုတ်ကုန်မျိုးကို များများ တင်ပို့ကြမှာလဲ။ ဆန်စပါးလား၊ ကျွန်းသစ်လား၊ ကျောက်မျက်လား၊ ကောက်ပဲသီးနှံလား ပြောရအောင် လက်ရှိ အခြေအနေကလည်း တော်တော် အားရစရာ ကောင်းလှတာကို။

ပြီးတော့ International Business ထဲကို ၀င်ရတော့မယ်ဆိုရင် နိုင်ငံအချင်းချင်း နားလည်မှုတွေ၊ ယုံကြည်မှုတွေ စည်းလုံးမှုတွေ ရှိနေရမယ်ထင်တယ်။ ကျွန်မတို့ Business လုပ်တဲ့ နေရာမှာတောင် လန်ဒန် ကုမ္ပဏီတစ်ခုကက လူလည်း မမြင်ဖူး၊ တွေ့လည်း မတွေ့ဖူး ပဲနဲ့ ဒီအတိုင်း email နဲ့ပဲ စာချုပ်တွေချုပ်၊ Bank Account နဲ့ ပိုက်ဆံတွေချေ လုပ်နေကြတာဟာ နားလည်စည်းလုံးလို့ပေါ့။ မြန်မာနိုင်ငံ အနေနဲ့ကော ဘာတွေ ပြင်ဆင်ပြီးပြီလဲ။ နိုင်ငံတွင်းမှာ ထိုးထွင်းကောင်းစားနေတဲ့ Company တစ်ခု နှစ်ကို ခဏဘေးဖယ်ထားပြီး နိုင်ငံလိုက်ကြီးက ဘာတွေလုပ်နေလဲ ဆိုတာကို ကျွန်မစဉ်းစား ကြည့်မိတာပါ။ အင်္ဂလိပ် လက်အောက်က လွတ်လာတာ နှစ် ၆၀ လောက်ရှိပြီ။ ခုချိန်ထိ “ပြည်ထောင်စု မပြိုကွဲရေ” ၊ ” တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး” တွေ အော်နေရသေးတဲ့ နိုင်ငံက International ကို ဘယ်လိုများ ၀င်မှာပါလိမ့်။

နောက် တစ် ချက်က ပညာရေးပါ။ ၂၀၁၀ ရောက်လာတဲ့ အချိန်မှာ ASEAN ဒေသတွင်း Vacancy တစ်ခုပေါ်ရင် ဒေသတွင်း နိုင်ငံအချင်းချင်း လှမ်းလျှောက်လို့ရတယ်လို့ ပြောသံလည်း ကြားမိပါတယ်။ စင်ကာပူက Vacancy ကို မြန်မာနိုင်ငံက လှမ်းလျှောက်၊ အင်တာဗျူး၊ ကြိုက်ရင် ခန့်၊ နိုင်ငံခြားသားက အခန့်သားလေး လာလုပ်ပေါ့။ ခု လူတွေ နိုင်ငံခြား ထွက်ကြသလို အမောတကော အလုပ်ရှာစရာ မလိုတော့ဘူးပေါ့။ ဒီတော့ အလုပ်အကိုင် အခွင့်အလမ်းကလည်း တော်တော်လေးကို ကောင်းလာတော့မယ်ထင်တယ်။ အလုပ်အကိုင် အခွင့်အလမ်း ကောင်းလာတဲ့ အချိန်မှာ competition လည်းပိုများလာမယ်။ သူ့ထက်ငါ တော်သူတွေကို လုပ်ငန်းရှင်တွေက ပိုမျှော်လာကြတော့မယ်။ ဘယ်ကျောင်းက ထွက်တဲ့ သူကိုမှ ခေါ်မယ်၊ အလုပ်ခန့်မယ်၊ ဘယ်နိုင်ငံက လူကို ဦးစားပေးမယ်၊ အဲလိုတောင် ဖြစ်လာမလား မသိဘူး။ မြန်မာနိုင်ငံမှာ နေရာကောင်း တစ်ခု လစ်လပ်ရင်လည်း ဖိလစ်ပိုင်လို နိုင်ငံကနေ လှမ်းလျှောက်ရင် လျှောက်နေမှာ။ ပြောလို့တော့ မရဘူး။ စီးပွားရေး လုပ်ငန်းရှင်တွေကလည်း ဒီအချိန်မှာ သူ့နိုင်ငံသား ငါ့နိုင်ငံသား ကြည့်နေတော့မယ် မထင်ဘူး။ တော်ရင် ဘယ်သူ့ကို ဖြစ်ဖြစ် ခန့်လိုက်တော့မှာပဲ ထင်တယ်။

အဲဒီတော့ ကျွန်မတို့တွေ ဒီအခွင့်ကောင်းလို့ လက်မလွတ်ဖို့ ခုကတည်းက ကြိုးစားရတော့မှာပေါ့။ အရည်အသွေးတွေကို တတ်နိုင်သလောက် ဖြည့်ထားရတော့မှာပေါ့။ ဘွဲ့လက်မှတ်တွေ တစ်သီကြီး ရနေနိုင်အောင် ကြိုးစားရတော့မှာပေါ့။ တွေးကြည့်မိတယ်ရှင့်။ မြန်မာနိုင်ငံမှာ နိုင်ငံတကာ အဆင့်မီ ကျောင်းတွေ၊ တက္ကသိုလ်တွေ ဘာတစ်ခုမှ မရှိဘူး။ ပညာရေး စနစ်ဆိုတာလည်း နာတာရှည် ရောဂါ ဖြစ်နေပြီလေ။ ဒီအတိုင်းသာ ဆက်သွားလို့ကတော့ မြန်မာနိုင်ငံသားတွေ အနေနဲ့ အခွင့်အလမ်းတွေ ဆုံးရှုံးရတော့မှာလား။ ဒါမှ မဟုတ် နိုင်ငံခြားက ABE, ACCA, LCCI စတဲ့ စာမေးပွဲတွေကိုပဲ ပိုက်ဆံ အကုန်ခံပြီး ဖြေကြမလား။

နောက်တစ်ခုက Greater Mekong Subregion (GMS) ဆိုတာကလည်း စလာတော့မယ် ဆိုတော့ နိုင်ငံကို Tourism ကနေ ပိုက်ဆံရှာဖို့ အခွင့်အလမ်းကောင်းပေါ့။ ခုတော့ ဒီအခွင့်အလမ်းကောင်းကနေ ပိုက်ဆံရှာဖို့ မဆိုထားနဲ့ နိုင်ငံတကာက လုပ်တဲ့ Travel and Tourism Meeting တွေကို တက်တဲ့ လုပ်ငန်းရှင်တွေကတော့ အင်မတန်မှ မျက်နှာငယ်ရတယ်တဲ့လေ။ မင်တို့ရဲ့ လက်ရှိ အခြေအနေကိုပဲ ကောင်းအောင် လုပ်ကြပါအုံးး.. ရှေ့ဆက်ဖို့ အစဉ်းစားပါနဲ့အုံး ဆိုတဲ့ စကားလုံးမျိုးတွေကို ခဏ ခဏ အပြောခံရလေ့ ရှိတယ်ဆိုပဲရှင့်။

ဘာပဲ ပြောပြော ၂၀၁၀ ကတော့ မကြာခင်မှာ လှလှပပကြီးကို ရောက်လာတော့မှာပါ။ ဘာတွေ ဖြစ်မလဲ ဘာတွေပြောင်းလဲ မလဲဆိုတာကိုတော့ ဇတ်ခုံပေါ်မှာပဲ ရှုစားရတော့မှာပေါ့ရှင်။

May-24… ဘာနေ့လဲ…မဲပေးရမယ့်နေ့

Standard

အမှန်အတိုင်းပြောရရင်.. အစကတော့ မဲရုံသွားပြီး x ကြက်ခြေခတ်ကို လှလှလေး ခတ်မလို့ပါ။ ဒါပေမယ့် နာဂစ်ကြောင့် တစ်တိုင်းပြည်လုံး နှာကစ်သွားပြီးတဲ့ နောက်မှာ မဲဆိုတာကိုလည်း စိတ်မ၀င်စားတော့ပါဘုး.. ကိုယ်က ဘာပဲပေးပေး သူတို့ကတော့ လုပ်ချင်ရာ လုပ်နေအုံးမှာ မဟုတ်လား…။ အထက်မြန်မာပြည်နဲ့တင် 92.4% ထောက်ခံမဲ ရပြီးနေတာ.. နောက်ဆက်တွဲ မဲပေးလို့ရော ဘာတွေများ ထူးလာအုံးမှာလဲ။ 23 ရက်နေ့ည ကထင်ပါရဲ့.. ရပ်ကွက်လူကြီး ပြောတာကြားလိုက်တယ်.. ကြိုတင်မဲတွေနဲ့ဆိုင် 92.8% ရနေပြီတဲ့။ ကျွန်မတို့က ရပ်ကွက်ရုံးလူနဲ့ အပေါ်ထပ် အောက်ထပ် နေတာဆိုတော့ ပြောတာ ဆိုတာ တော်တော်ဆင်ခြင်ရတယ်။ ဒါတင် ဘယ်ကအုံးမလဲ.. အောက်ထပ်မှာလဲ ဗိုလိကြီးတစ်ယောက် နေသေးတော့ အိမ်မှာနေရင် ပြောချင်တာကို မပြောရဘူး လေတယ်။

ဘာပဲ ဖြစ်စြဖ်ပါ..ထောက်ခံမဲပဲ များများ၊ ကန့်ကွက်မဲပဲ ပေးကြပေးကြ.. ကျွန်မ တစ်ကယ်စိတ်မ၀င်စားတော့ဘူး။ ပြောရရင် ဒီအချိန်မှာ ဒီလိုလုပ်နေနိုင်တဲ့ နိုင်ငံခေါင်ဆောင်ကြီးများကို ဘယ်လိုနှဏ်လုံးသားနဲ့များ လူလုပ်နကြပါလိမ့်လို့ တွေးမိပါရဲ့။ ကျွန်မ မဲသွား မပေးခဲ့ပါဘူး။ ရုံးကလူတွေ ၊ ရပ်ကွက်ထဲက လူတွေ တော်တော်များများတော့ အမှားခြစ်ကြတယ်တဲ့။ အမှားပေးပေး အမှန်ပေးပေး နင့်အဖေကတော့ စင်ပေါ်မှာပဲလို့ ကျွန်မ တစ်ခါ ပြောခဲ့ဖူးသလိုပါပဲ။ ဘာမှ မပေးလည်း ဘာမှထူးလာမှာ မဟုတ်လို့ ဘာမှကို သွားမပေးခဲ့ဘူး။ စိတ်လေတယ်။ နောက်နေ့ သွားလှူဖို့ ပြင်ဆင်လိုက်အုံးမယ်။