Category Archives: Thingyan

Last Day of Thingyan

Standard

မနက်အိပ်ရာကနိုးတော့ စစချင်း သတိပြုမိတာက ဆာလောင်မှုဖြစ်သည်။ ဟုတ်တာပေါ့ မနေ့က ဥပုသ်စောင့်ထားလို့ ညနေစာ မစားရတော့ ဒီနေ့မနက်မှာ ကျွန်မ အတော်လေးကို ဗိုက်ဆာနေတော့တာပေါ့။ သွားတိုက် မျက်နှာသစ်ပြီး တစ်ခုခုစားမယ်ဆိုတဲ့ စိတ်ကူးနဲ့ အိပ်ရာက ထလိုက်တော့ ခေါင်းထဲက မိုက်ခနဲဖြစ်သွား၍ ပြန်လှဲနေလိုက်ရသေးသည်။ ကျွန်မက ဒီလိုပါပဲ။ နဂိုကတည်းက ကိုယ်ခံအား သိပ်မကောင်းတော့ တစ်ခုခုဖြစ်ဆိုလျှင် သူများထက်ပိုလို့ ဒဏ်ခံရတတ်သည်။ ခုလည်းကြည့်လေ.. ညနေစာလေး တစ်နပ်မစားတာနဲ့ ခေါင်းမူးသလိုလိုဖြစ်ချင်နေပြီ။ ဒီအတိုင်းဆိုရင်တော့ ကျွန်မများ သီလရှင် ရာသက်ပန်ဝတ်လိုက်ရင် ဘယ်လိုများနေလိမ့်မလဲ ဆိုပြီး တွေးလိုက်မိသေးသည်။ မဖြစ်သေးပါဘူးလေ.. ဒီလိုပျော့နေပုံထောက်လို့ကတော့ မိဝေး ဖဝေးမှာ ကျွန်မတစ်ယောက်တည်း ဒီအတိုင်းသာ ဆက်နေလို့ တစ်ခုခုအသည်းအသန်ဖြစ်ရင် ခက်ချေပြီလို့ တွေးပြီး အစာများများစားဖို့ လေ့ကျင့်ပေးရမည်။ အိပ်ရာထာခဲ ခဏလေး ထပ်မှိန်းနေပြီး အားယူထလိုက်သည်။

လမ်းထိပ်က ဒီဂျေဖွင့်သံကြားရသည်။ မနက်စောစော ခုနစ်နာရီဆိုပေမယ့် အရင်ရက်တွေနဲ့ မတူ အော် ဟစ် ဆူ ညံ သံတွေက ပတ်ဝန်းကျင်ကို လွှမ်းနေသည်။ အင်း ဒီနေ့ သင်္ကြန် နောက်ဆုံးရက်ဆိုတော့ ကဲမယ့်သူတွေ အပီကဲမယ့်နေ့ပဲလေ။ ဒီလောက်တော့ ဖြစ်မှာပေါ့။ သင်္ကြန်တွင်းကို အရင်နေ့များကလို မီးအကြာကြီး မပြတ်တာတစ်ခုတော့ ကျေးဇူးတင်စရာ ကောင်းပါသည်။ သွားတိုက် မျက်နှာသစ်ပြီး ကော်ဖီဖျော်တော့ တစ်ယောက်ယောက်ကို သတိရသလို၊ လွမ်းသလိုလို ခံစားလိုက်ရသေးသည်။ အာ.. ကော်ဖီနဲ့ လွမ်းတာ ဘာဆိုင်လို့တုန်း။ မနက်စာစားနေတုန်း ၀ရံတာ ထွက်ရပ်တော့ သင်္ကြန်ကားမျိုးစုံ လမ်းမထက်မှာ ဥဒဟို သွားလာ နေကြလေရဲ့။ အော်သူကအော်၊ သီချင်းဆိုသူကဆို၊ ကသူကကနဲ့ သူတို့တွေ သင်္ကြန် နောက်ဆုံးရက်ကို အပီကဲကြပေရော့မည်။

ဒီနေ့တော့ ကျွန်မ ဥပုသ် မစောင့်တော့ပါဘူးလေ။ သူငယ်ချင်းတွေကို ဖုန်းဆက်ကြည့်လျှင်တော့ ကောင်းမည်။ သူတို့တွေ ဘယ်တွေများ သွားနေကြမလဲ.. ကျွန်မကို သတိရနေလေမလား။ မဏ္ဍပ်ထိုင်မည့် သူငယ်ချင်းတွေကတော့ ခုချိန်လောက်ဆို အလှပြင်နေကြရောပေါ့။ ကော်ဖီသောက် မုန့်စားပြီးတော့ ကျွန်မ ထမင်းချက်ဖို့ လုပ်ရသည်။ မီးက အစိုးရတာ မဟုတ်.. နေ့လည်စာရော ညစာပါ တစ်ခါတည်းပေါင်းချက်လိုက်တော့ အေးတာပါပဲလေလို့ တွေးမိပြီး ကျွန်မ မီးဖိုချောင်ဝင်သည်။ အာလူးရယ် ငါးခြောက်ရယ်ကိုချက်၊ ထမင်းကို ပေါင်းအိုးနဲ့ ပေါင်းထားလိုက်သည်။ ဒီနေ့ လမ်းထဲမှာလည်း ခါတိုင်းထက် ပိုပြီး စည်ကားနေပါသည်။ ကြာဆံကြော် စတုဒီသာ ကျွေးမည့် အဖွဲ့၊ မုန့်လုံးရေပေါ် လုံသည့်အဖွဲ့တွေကလည်း စည်ကားလို့။ လမ်းထဲက ကာလသား တစ်သိုက်ကတော့ လမ်းထိပ်မှာ ရေတိုင်ကီတွေ အသင့်ပြင်ပြီး လမ်းသွား လမ်းလာတွေကို ရေလောင်းဖို့ ပြင်ဆင်လို့။ အားလုံးကတော့ သူ့ဟာနဲ့သူ ပျော်နေကြတာ ချည်းပါပဲလေ။

ကျွန်မအဖို့တော့ သင်္ကြန်နောက်ဆုံးရက်သည် အီလည်လည်ကြီး ဖြစ်နေလေတော့သည်။ နေ့လည်စာအတွက် ထမင်းဟင်းချက်ပြီးတော့ မနက် ၁၀ နာရီကျော်ပြီ။ သူငယ်ချင်းတွေကို ဖုန်းခေါ်ကြည့်ရမည်.. သူတို့ တစ်ခုခုသွားရင်တော့ ကျွန်မလည်း လိုက်သွားချင် လိုက်သွားနိုင်တာပဲ။ အမ တစ်ယောက်ကို ဖုန်းဆက်တော့ အ၀တ်လျှော်နေသည်တဲ့။ သူ့အိမ်က တစ်အိမ်လုံး ဒီနေ့လည်မယ်ဆိုတော့ သူက အိမ်မှာ နေခဲ့ရမယ်တဲ့လေ။ နောက် သူငယ်ချင်း တစ်ယောက်ရဲ့ ဖုန်းကတော့ ဆက်မရ။ အကို တစ်ယောက်ကိုဖုန်းဆက်တော့ ညီမလေးရယ် အကိုက အစ နှစ်ရက်က လည်တာ.. လှည်းတန်းကိုလည်း နေ့တိုင်းရောက်တယ်.. ညီမလေးကိုလည်း ၀င်ခေါ်ဖို့ သတိရတယ်.. အိမ်ကိုလည်းမသိဘူး.. ဖုန်းဆက်တော့လည်း မရဘူး။ ဒီနေ့တော့ ကားကို အဖေယူသွားတယ်တဲ့။ အင်း ထားလိုက်ပါတော့လေ.. အရင်နေ့တွေလိုပဲ အိမ်မှာ စာကျက်လိုက် ၀တ္ထုဖတ်လိုက် အချိန်ကုန်ရပေအုံးမှာပေါ့။

စာကျက်ဖို့ စာအုပ်ကိုင်တော့ အိမ်ဘေးက သီချင်းသံ၊ လမ်းထိပ်က ဒီဂျေသံတွေကြောင့် အာရုံစူးစိုက်လို့ မရ။ ကြိုးစားပြီး စိတ်နှစ်လိုက်တော့ နည်းနည်းစိတ်ဝင်စားလို့ရသွားသည်။ ခဏကြာတော့ လမ်းထဲကောင်လေးတွေ အိမ်ပေါက်စေ့ ကြာဆံကြော်တွေ လိုက်ဝေသည်။ ကျွန်မတို့အိမ်ကိုလည်း လာပေးသောကြောင့် ကျေးဇူးတင်ရသေးသည်။ ကြာဆံကြော်ကို ထမင်းနဲ့ နေ့လည်စာစားပြီးတော့ စာကျက်ရင်းနဲ့ နေ့လည်ခင်းကို အချိန်ဖြုန်းရသည်။ နည်းနည်းလောက်ကြာတေ့ ပျင်းပျင်းရှိသည်နဲ့ ၀ရံတာကို ထွက်ရပ်ကြည့်သည်။ ရာသီဥတုကလည်း အရင်နေ့တွေတုန်းက မိုးရွာခဲ့သလောက် ဒီနေ့ကျမှ အတော်လေးကို ပူနေသည်။ လမ်းပေါ်မှာ အော်ဟစ်ရင်း သွားနေကြသည့် သင်္ကြန်ကားများကိုကြည့်ကာ နေပူပူမှာ ဒီလိုအော်နေတာ ငရဲကျနေတာနဲ့ တူနေသလားဟု တွေးမိသေးတော့သည်။ အင်း သူတို့များ သိသွားရင်တော့ ငါ့ကို သူမလည်ရလို့ ဒီလိုပြောတယ်လို့များ စွပ်စွဲနေအုံးမလား မသိ။

ညနေစောင်းတော့ မိုးရိပ်မိုးသားတွေ တက်လာသည်။ ရုတ်တရက် မနေ့က အင်တာနက်တွင် ဖတ်ခဲ့သော မုန်တိုင်း သတိပေးချက်များကို သတိရမိသည်။ ဘုရားရေ မုန်တိုင်းတိုက်လို့ ရခိုင်ပြည်ကို ၀င်မွှေရင်တော့ ဒုက္ခပဲဆိုပြီး အိမ်ကိုလည်း လှမ်းစိတ်ပူမိသေးသည်။ မဖြစ်သေးပါဘူးလေ… အိမ်ကိုတော့ အကြောင်းကြားအုံးမှပဲ.. မနှစ်တုန်းကလည်း ဒီလိုပဲ မထင်မှတ်ပဲ နာဂစ်ဝင်မွှေသွားခဲ့တာ မဟုတ်လား။ ရာသီဥတုက ပူလိုက် မိုးအုံ့လိုက်ဖြင့် အတော်လေးတော့ မနှစ်မြို့စရာ ကောင်းလှ သေးတော့သည်။

သင်္ကြန်ကားများကတော့ မုန်တိုင်းကိုလည်း စိတ်ပူကြပုံ မရပါဘူး။ အင်း ဒီနေ့ဟာ နှစ် တစ်နှစ်ရဲ့ နောက်ဆုံး နေ့ရက်ပဲ။ မနက်ဖြန်ဆို နှစ်ကူးပေတော့မည်။ ဒီလိုနဲ့ အသက်တစ်နှစ်ကြီးသွားမည်။ သေမယ့်အချိန်လည်း တစ်နှစ်နီးလာပေတော့မည်။ ကျွန်မ ဘာတွေများ လုပ်ခဲ့ပါလိမ့်။ ဒီလိုများ သေသွားခဲ့ရင် ကျွန်မဟာ ဆန်ကုန် မြေလေးခဲ့ရုံကလွဲလို့ ဘာမှ အကျိုးမရှိ ဖြစ်ခဲ့မှာပါလားဟု အတွေးဝင်ကာ လက်ရှိထက် ပိုကြိုးစားဖို့ နှလုံးသွင်းရသည်။

တစ်ဖြည်းဖြည်းနေညိုလာသည်။ ပတ်ဝန်းကျင်ကို အမှောင်ထုက စိုးမိုးလာသည်။ သင်္ကြန်ကားများလည်း အိမ်ပြန်ချိန် ရောက်ပြီ။ လမ်းထိပ်က ကာလသားအဖွဲ့ကတော့ သောင်းကျန်း၍ ကောင်းတုန်း။ ပျော်သူတွေလည်း ပျော်ခဲ့ပြီးကြပြီ။ ကဲသူများလည်း ကဲခဲ့ပြီးကြပြီ။ လွမ်းသူများလည်း ရှိပေရော့မည်။ ဒီလိုနဲ့ပဲ သင်္ကြန်သုံးရက်တာကာလသည် ကုန်ဆုံးလွန်မြောက် သွားခဲ့လေပြီ။

Advertisements

First Day of Thingyan

Standard

ချောင်းသာကတော့ ပြန်ရောက်ပြီ.. အသားလေးတွေ နည်းနည်းမဲလာသည်.။ ပြန်ဖြူအောင် အိမ်တွင်း အောင်းရပေအုံးမည်။

ချောင်းသာမှာ တော်တော်ပျော်ဖို့ကောင်းပါတယ်။ ရေထဲမှာ စိမ်နေရတာ တစ်ကယ့်ကို ဇိမ်ပါပဲရှင်။ ဒါပေမယ့် ခရီးကကြမ်းတော့ သွားရတာ ပင်ပန်းလိုက်တာ မပြောပါနဲ့တော့။ နောက်မှ ချောင်းသာအကြောင်း သပ်သပ်ပို့စ်တင်ပြီး ပုံတွေပါ တင်ပေးပါအုံးမယ်။

ရန်ကုန်သင်္ကြန်ကတော့ ထုံးစံအတိုင်း ကဲသူကကဲ မူးသူကမူးနဲ့ အရောင်အသွေးစုံလင်လို့ပါပဲ။ လမ်းမ တစ်လျှောက်မှာ ရေပက်ခံကားတွေ ကနေ အော်သံ၊ သီချင်းဆိုသံတွေဟာ အရင်နှစ်တွေက သင်္ကြန်တွေ အတိုင်းဘာမှ မပြောင်းလဲပါဘူး။ ဘယ်နေရာမှာ ဘယ်လိုစည်တယ်ဆိုတာကတော့ ကျွန်မလည်း အပြင်မထွက်တော့ မပြောတတ်ဘူးရှင့်။ အင်းယားလမ်းတို့ ဘာတို့မှာတော့ အရင်အတိုင်းပဲ စည်မှာပါ။ စိုးဇေယျ ဘလောဂ့်မှာတော့ ပုံတွေ တင်ထားတာ တွေ့တယ်။ လူတိုင်းကတော့ သင်္ကြန်မှာကဲဖို့ အားခဲထားကြတာပဲလေ။ ကျွန်မကတော့ သင်္ကြန်မှာ လူတိုင်းကို ပျော်စေချင်တယ်။

သင်္ကြန် အကျနေ့မှာ ကျွန်မအဖို့တော့ ဘာမှ မထူးခြားပါဘူးရှင်။ မနက်က ငါးပါးသီလ ယူတယ်။ တစ်ကယ်က ရှစ်ပါးသီလ ယူမလို့ပဲ။ ဒါပေမယ့် အကုန်မရတဲ့အပြင် စာအုပ်မှာလည်း ရှာမတွေ့လို့ မယူဖြစ်လိုက်ဘူး။ ဒါကြောင့် အွန်လိုင်းတက်လာပြီး သူငယ်ချင်းတွေကို လိုက်မေးရသေးတယ်။ ခုတော့ ရှစ်ပါးသီလလည်း ရသွားပြီဆိုတော့ မနက်ဖြန် သီလယူဖို့ အသင့်ပဲပေါ့။

သင်္ကြန်မှာ ပျော်နိုင်ကြပါစေ.. ကောင်းမှုကုသိုလ်လည်း များများ ယူနိုင်ကြပါစေရှင်။

Thingyan Shades..!

Standard

သင်္ကြန်ရောက်ခါနီးတော့ စိတ်ကလေးက မရိုးမရွ ဖြစ်လာတယ်။ ပိတောက်ပန်းမြင်ရင် ရင်ခုန်တယ်။ သင်္ကြန်သီချင်းတွေလည်း ဟိုမှာ သည်မှာ စဖွင့်နေကြပြီ။ ခေတ်အဆက်ဆက်က သီဆို ဟစ်ကြွေးလာကြတဲ့ သီချင်းတွေကို ရိုးရာမပျက်တဲ့ မူလလက်ဟောင်း သံစဉ်တွေအတိုင်းဖွင့်ကြတယ်။ တစ်ချို့ပညာရှင်တွေက Remix ဆိုတာတွေလုပ်ပြီးတော့ Electro နဲ့ ရောသမမွှေကြတယ်။ ဘယ်လိုပဲ ပြောပြော သင်္ကြန်သီချင်းတွေကတော့ လူတွေကို မရိုးမရွဖြစ်စေတာ အမှန်ပါပဲ။ ကျွန်မက ဒီနှစ်သင်္ကြန်ကို အိမ်တွင်းပုန်းပြီး စာကျက်မယ်လို့ပဲ စိတ်ကူးထားတယ်။ ဒါပေမယ့် စိတ်ကူးထားတယ်ဆိုတော့လည်း လာရောက်ညမြှူဆွယ်သူများရှိရင် အချိန်မရွေး စိတ်ကူးပြောင်းရင်လည်း ပြောင်းသွားနိုင်တယ်။ ခုကတည်းကတောင် ရုံးက အကိုတစ်ယောက်က သူ့ဂျစ်ကားကို အလှူပေးမယ်လို့ ပြောနေတော့ စိတ်က နည်းနည်းယိုင်နေတယ်။

သင်္ကြန်ဆိုတော့ ငယ်ငယ်တုန်းက သင်္ကြန်၊ မငယ် တစ်ငယ်ကသင်္ကြန်၊ လူကြီးအဖြစ်နဲ့ နွှဲရတဲ့ သင်္ကြန်.. စသော စသော သင်္ကြန်ပုံရိပ်တွေက စိတ်ကူးထဲကို အစီအရီ ထင်ဟပ်လာတယ်။ ကျွန်မကို မာန်အောင်ကျွန်းဆိုတဲ့ ဟိုး ပင်လယ်ထဲက လူမသိ သူမသိ နေရာလေးမှာ မွေးခဲ့တော့ ကျွန်မရဲ့ သင်္ကြန်ရက် တော်တော်များများကိုပြောရင် မာန်အောင်ကို ပြေးသတိရတော့တာပါပဲ။ မှတ်မိတဲ့ အရွယ်လောက်ကစပြောရရင် ရွာသင်္ကြန်ကနေ စပြောရမယ်။ ကျွန်မတို့ဆီမှာ ခုချိန်ထိ တစ်ခြားမြို့တွေမှာလို မဏ္ဍပ်အကြီးကြီးတွေထိုး၊ ပိုက်တွေနဲ့ပက်ကြတဲ့ ရိုးရာ မရှိဘူး။ ရခိုင်ပြည်နယ်က တစ်ခြားမြို့တွေမှာလိုတောင် စည်စည်ကားကား ကျင်းပပြုလုပ်တဲ့ သင်္ကြန်ရက်မျိုး မရှိဘူး။ ကျွန်မတို့ဆီက သင်္ကြန်ပွဲတော်ဟာ ကိုယ့်ရပ် ကိုယ့်ရွာမှာပဲ လူကြီးသူမတွေက ဥပုသ်စောင့်၊ ကလေးတွေက ခွက်စုတ်ကလေးနဲ့ ရေပက်၊ အပျို လူပျိုတွေက ဘုန်းကြီးကျောင်းတွေမှာ ဥပုသ်သည်တွေအတွက် စုပေါင်းအလှူတွေ လုပ်ပေးဆိုတာမျိုးလောက်ပဲ ရှိပါတယ်။ ဘာပဲ ပြောပြော သူ့ဟာလေးနဲ့သူတော့ လူတိုင်းပျော်ကြတာပါပဲ။

ကျွန်မ ငယ်ငယ်ကလည်း ရေသေနပ်တစ်လက်နဲ့ လာသမျှလူကို ပါးစပ်ကလည်း ဘာတွေရွတ်မှန်းမသိ ရွတ်ပြီး ရေလိုက်ပက်နေတော့တာ။ အဖွားနဲ့အတူ ဘုန်းကြီးကျောင်းလိုက်ပြီး ရွာကလှူသမျှတွေကိုလည်း လိုက်စား၊ အဖေ့တပည့် အကိုကြီး အမကြီးတွေဆီကလည်း ညာစား ကပ်စားနေခဲ့တာ မှတ်မိနေပါသေးတယ်။ နည်းနည်းလေးကြီးလာတော့ ရွာရိုးကိုးပေါက် လျှောက်သွားတတ်လာပြီ။ သူငယ်ချင်းတွေဆိုတာလည်း ရလာပြီး။ ဟိုဘက်ရွာ ဒီဘက်ရွာကိုလည်း ကူးတတ်လာပြီ။ အိမ်က လူကြီးတွေမသိအောင်လည်း တစ်ခုခုကို ခိုးလုပ်တတ်လာပြီ။ ကျွန်မတို့ဆို ငယ်ငယ်ကတည်း သူ့ရွာ ကိုယ့်ရွာက ကလေးအုပ်စုတွေနဲ့ ရွာပြင်မှာ ရေစစ်ပွဲတွေ နွှဲနေကြ။ ခွက်စောင်းထိလို့ တစ်ယောက်ကငိုရင် ရှုံးပြီပဲ။ ရှုံးရင်တော့ ဘာမှလုပ်ပေးရတာလည်း မဟုတ်ပဲနဲ့ အောင့်သက်သက်ဖြစ်ရသေးတယ်။ နာလို့ ငိုမိတဲ့သူကိုလည်း ဒေါသကထွက်ကြသေးတယ်။ နင်ငိုလို့ ငါတို့ ရှုံးတာ ဆိုတာမျိုးတွေလည်း ပြောတတ်လာပြီပေါ့။

အသက် ကိုးနှစ် ဆယ်နှစ်ရောက်လာတော့ မာန်အောင်မြို့ပေါ်ကို ပြောင်းလာကြတယ်။ ကျွန်မ အဖေရော၊ အမေပါ ကျောင်းဆရာတွေဆိုတော့ မာန်အောင်ကျွန်းပေါ်မှာပဲ နယ်လှည့်တာဝန်ထမ်းဆောင်ကြရတယ်။ ကျွန်မ ငယ်ငယ်တုန်းကတော့ အဖေက နယ်က အလယ်တန်းကျောင်း တစ်ကျောင်းမှာ တာဝန်ကျတော့ ရွာမှာပဲ နေခဲ့ရပါတယ်။ မြို့ပေါ်ရောက်လာတော့ အသိကတစ်ယောက်မှ မရှိဘူး။ အိမ်ဘေးနားမှာလည်း ရွယ်တူ ကလေးတွေ မရှိဘူး။ ကျောင်းကလည်း မဖွင့်သေးလို့ အတန်းမတက်ရသေးတော့ သူငယ်ချင်း အသစ်မရသေးဘူး။ အဲဒီတုန်းက သင်္ကြန်က တော်တော်ပျင်းစရာကောင်းတာ မှတ်မိနေသေးတယ်။ အမေကတော့ အိမ်ရှေ့မှာ ဇလားကြီးချပေးပြီး ရေတွင်းက ရေတွေခပ်ထည့်။ ကျွန်မ မပျင်းအောင်ဆိုပြီး လမ်းသွား လမ်းလာတွေကို ကျွန်မနဲ့အတူ ရေလိုက်ဆော့ပေးပါသေးတယ်။ ဒါပေမယ့် ပျင်းတာပေါ့နော်။

နောက်လည်း နှစ် နည်းနည်းကြာတော့ ခွက်စုတ်သင်္ကြန်၊ ရေသေနပ်သင်္ကြန် မဟုတ်တော့ဘူး။ အပျိုနည်းနည်း လုပ်ချင်လာပြီ။ ရွယ်တူ ကောင်မလေးတွေစုပြီး မြို့တစ်ပတ် စက်ဘီးလေးနဲ့ လျှောက်သွားချင်လာပြီ။ ဘုန်းကြီးကျောင်းက အလှူတွေမှာ ဟိုမရောက် သည်မရောက်ပါဝင် ချင်လာပြီ။ အပျိုကြီးမမတွေ ခိုင်းတာလုပ်၊ အကိုကြီးတွေ ခိုင်းတာလုပ်နဲ့ လူတောသူတော နည်းနည်းတိုးချင်လာပြီ။ ကျွန်မတို့ မာန်အောင်မှာ သင်္ကြန်အပြီးမှာ (၃) ရက်လောက် ထပ်လုပ်တဲ့ ရေစစ်ပွဲနားကို ယောင်ချင်လာပြီး။ မနှစ်တုန်းကလည်း ကျွန်မ ရေစစ်ပွဲအကြောင်း ရေးဖူးပါတယ်။ မြန်မာ တစ်နိုင်ငံလုံးမှာ သင်္ကြန် နှစ်ခါကျတာဆိုလို့ ကျွန်မတို့ တစ်မြို့တည်းမှာပဲ ရှိမယ်ထင်တယ်။ သင်္ကြန်ရက်တွေဟာ ထူးထူးခြားခြား ပျော်စရာမကောင်းလို့ သင်္ကြန်အပြီး တစ်ပတ်လောက်အကြာမှာ တစ်မြို့လုံးမှာ မဏ္ဍပ်တွေထိုးပြီး အပျိုနဲ့ လူပျိုချင်း ရေပက်ကြတဲ့ ရေစစ်ပွဲဆိုတာ လုပ်ကြပါတယ်။ လုပ်လာတာ ဘယ်နှစ်နှစ် ရှိပြီမှန်းတော့ သေချာမသိပေမယ့် ဟိုး အရင် အမေတို့ခေတ်ကတည်းက လုပ်လာခဲ့ကြပါတယ်။ မနှစ်တုန်းက ရေးထားတဲ့ အကြောင်းအရာလေးကိုတော့ ဒီနေရာလေးမှာ ဖတ်နိုင်ပါတယ်။

ကျွန်မတို့ ကိုးတန်း ဆယ်တန်းကိုရောက်လာတော့ ရေစစ်ပွဲမှာ ၀င်နွှဲလို့ရပြီပေါ့ရှင်။ မြီးကောင်ပေါက်ကလေးတွေ သစ်ရွက်လှုပ်တာတောင် ရီချင်တဲ့ အရွယ်လေးတွေဆိုတော့ ကိုယ့်ကို ဘယ်သူများ ရေပက်ဖို့ လာတောင်းဆိုမလဲဆိုပြီး ရင်ခုန်ရတာ ရှိသေးတယ်။ အလှတွေ သေချာပြင်၊ အ၀တ်အစားဆိုလည်း အလန်းတွေဝတ်နဲ့ မဏ္ဍပ်ထဲမှာ တစ်ရပ်ကွက်လုံးက အပျိုတွေနဲ့ အတူထိုင်ပြီး တစ်ခြားရပ်ကွက်က ကောင်လေးတွေနဲ့ ရေပက်ဖို့ စောင့်ရတယ်။ တစ်ချို့ ကာလသားလေးတွေက ရှိသေးတယ်။ ကိုယ့်မဏ္ဍပ်ကိုလာလည်ရင် ကိုယ်နဲ့ကျတဲ့ ကောင်မလေးနဲ့ ပက်တာမျိုးမဟုတ်ပဲ ဟိုတစ်ယောက်နဲ့မှ ပက်ချင်ပါတယ်ဆိုတာမျိုး။ ကိုယ့်ကိုများ လက်ညှိုးထိုးပြီး ခေါ်ရင်၊ ခေါ်တဲ့ ကောင်လေးကလည်း ချောရင် ပင့်ဂိုလ်းတို့မှာ အယောင်ယောင် အမှားမှားနဲ့ပေါ့။

အဲဒီအချိန်မှာ တစ်ခြားမြို့က သင်္ကြန်တွေကိုလည်း ရုပ်ရှင်တွေမှာ ကြည့်ဖူးထားတော့ ရန်ကုန်မှာ သင်္ကြန်ကျရရင် ကောင်းမှာဆိုတဲ့ စိတ်ကလေးကလည်း ၀င်မိသေးပါရဲ့။ ဆယ်တန်းအောင်တော့ ရန်ကုန်ရောက်လာပြီ။ ကျောင်းကလည်း သင်္ကြန်အပြီးမှာ စာမေးပွဲ စစ်တာမို့ သင်္ကြန်ကို ရန်ကုန်မှာပဲ ကျရတာ 2001 ခုနှစ်လောက်ကတည်းက ခုချိန်ထိပဲ ဆိုပါတော့။ စစချင်း ကြုံတဲ့နှစ်တုန်းက သင်္ကြန်လည်ရမှာ ကြောက်လည်းကြောက်တယ်၊ လိုက်လည်း လိုက်ချင်တယ်။ သူငယ်ချင်းတွေကလည်း အခေါ်ကောင်းတာနဲ့ ကားစုငှားပြီး သင်္ကြန်လည် ထွက်ကြတယ်။ အဲဒီမှာ ပိုက်နဲ့ထိုးတာကို စခံရတော့တာပါပဲ။ မီးသတ်ပိုက်ဒဏ်ကို မခံနိုင်လို့ ကားပေါ်ကဆင်းပြေးရတယ်။ ဆရာစံလမ်းမှာ အူယား ဖားယားထွက်ပြေးတာ ပြန်မြင်ယောင်ရင် တော်တော်ရီစရာ ကောင်းတယ်။ ခုချိန်မှာတော့ ဘာပိုက်မှ မကြောက်တော့ပါဘူး။ အထာနပ်သွားပြီ။ ကြောက်လို့ ပုန်းကြ ကွယ်ကြတဲ့ လူမျိုးဆို မီးသတ်ပိုက်ကိုင်တဲ့ ကိုယ်တော်ချောတွေက ပိုကျီစယ်တတ်ကြတယ်။ ဘာမှ မလုပ်ရင် ဘာမှမဖြစ်ဘူးပေါ့။ ရန်ကုန်မှာ မဏ္ဍပ်ထိုင်ရတာထက်စာရင် လည်ရတာကို ပိုကြိုက်တယ်။ မဏ္ဍပ်ထိုင်ရင် လက်မှတ်ဖိုး အ၀တ်အစားဖိုးနဲ့ ပိုက်ဆံ တော်တော်ကုန်ပါတယ်။ ရည်းစားလေးရှိရင်တော့ ကောင်းတာပေါ့နော်။ ဒါပေမယ့် သင်္ကြန်တစ်ခါလည်ပြီးရင် အသားအရေကို နဂိုအတိုင်းပြန်ဖြစ်အောင် လုပ်ရတာက တော်တော် အချိန်ကြာတယ်။

ဒါတွေကတော့ မှတ်မိသလောက် သင်္ကြန်ပုံရိပ်တွေပါ။ ဒီနှစ် သင်္ကြန်တော့ စာကျက်မှ ဖြစ်မယ်။ မဟုတ်ရင် အလုပ်နဲ့ ကျောင်းစာနဲ့ ရောနေတော့ ခေါင်းထဲကို သေချာ မ၀င်ဘူးဖြစ်နေတယ်။ သင်္ကြမတိုင်ခင်တော့ ချောင်းသာသွားမှာရှင့်။ ရုံးက တစ်ရုံးကို လိုက်ပို့ပေးမှာလေ။ ချောင်းသာ သွားလိုက်ရပြီပဲ ကျေနပ်ပါတော့ ပင့်ဂိုလ်းရယ်။ သင်္ကြန်မှာ အိမ်မှာပဲ အေးအေးနေလိုက်ပါတော့ကွယ်။ 😛

My Thingyan Days, My Thingyan Review.

Standard

ဒီနေ့ မြန်မာနှစ်ဆန်း (1) ရက်နေ့ကို ရောက်လာလို့၊ နှစ်သစ်ချိန်ခါကို ကူးပြောင်းလို့ လာပြန်ပါပြီ။ မြန်မာတို့ရဲ့ မင်္ဂလာရှိသော နှစ်သစ်မှာ၊ ကျွန်မတို့ မြန်မာနိုင်ငံ သားတွေအားလုံး မင်္ဂလာရှိနိုင်ကြပါစေလို့ တောင်းဆု ပြုပါရစေရှင်။ နှစ်သစ်ကို ကူးပြောင်းခြင်းရဲ့ အမှတ်အသားဖြစ်တဲ့ မြန်မာ့ရိုးရာ သင်္ကြန်ဟာလည်း ပျော်ရွှင်စွာပဲ အဆုံးသတ်ခဲ့ပါတယ်။ ပျော်ရွှင်စွာ အဆုံးသတ်ခဲ့တယ်လို့ပဲ ပြောပါရစေ။ ဘာကြောင့်လဲ ဆိုတော့ တစ်နှစ်ပတ်လုံး ရုန်းကန် လှုပ်ရှား လုပ်ကိုင်ခဲ့ရသမျှ သင်္ကြန်ကာလလေးမှာ လူတိုင်းလူတိုင်း အနားယူ၊ ကုသိုလ်ပြုနဲ့ အများစုဟာ ပျော်ပျော်လေး ဖြတ်သန်းနေကြလို့ပါပဲ။ သင်္ကြန်ဆိုတာ ပင်ပန်းမှုကို ဖြေဖျောက်နိုင်တဲ့ စိတ်ရဲ့ ထွက်ပေါက်တစ်ခု ဖြစ်တယ်လို့ ကျွန်မက ပြောရင်လည်း လက်ခံနိုင်ကြမယ်ထင်ပါတယ်။

ကျွန်မရဲ့ သင်္ကြန်နေ့ရက်တွေကရော ဘယ်လိုလဲ၊ ပင့်ဂိုလ်းတစ်ယောက် သင်္ကြန်ကို ဘယ်လို ဖြတ်သန်းခဲ့လဲ သိချင်ကြမှာပေါ့။ မေးချင်ကြမှာပေါ့။ တစ်ကယ်တော့ အကြတ်နှစ်ရက် ထပ်တဲ့ 5 ရက်တာ သင်္ကြန်ငာလဟာ ကျွန်မ အတွက်တော့ ခြောက်သွေ့လုနီးနီး ဖြစ်ခဲ့ပါတယ်။ အတက်နေ့ တစ်ရက်လေးပဲ ကျွန်မ အပြင်ထွက် ပျော်နိုင်ခဲ့တာပါ။ သင်္ကြန်အကြိုနေ့ကတည်းက ကျွန်မ နေမကောင်း ဖြစ်နေခဲ့တော့ ဘယ်လိုလုပ် ပျော်နိုင်တော့မှာလဲနော်။

ကျွန်မရဲ့ အကုသိုလ်တွေ အကျိုးပေးတာလား၊ အကြောင်းတရားကပဲ တိုက်ဆိုင်လွန်းလှတာလားတော့ မသိဘူးရှင်။ အခါကြီး ရက်ကြီးမှာ နေမကောင်းဖြစ်တာကတော့ ကျွန်မအတွက် တော်တော်လေးကို မကောင်းတာပါ။ အကြိုနေ့ကတည်းက သွားတွေ သေလောက်အောင် ကိုက်နေပြီး၊ အကျနေ့မှာတော့ အဖျားပါ ၀င်လာတော့တယ်လေ။ သွားကိုက်ပြီး သွားဖုံးရောင်တဲ့ အရှိန်ကြောင့် ပါးကလည်း ရောင်ကိုင်းနေတာမှ ဘယ်လိုမှကို မြင်မကောင်းပါဘူး။ သင်္ကြန်ရက်အတွင်း ဆေးခန်းတွေကလည်းပိတ်တော့ ကျွန်မတစ်ယောက် အိမ်ထဲမှာပဲ ဝေဒနာကို ဆေးသောက်ရင်း ကုရတော့တာပေါ့။ ဒေါက်တာ ရမ်းကု ဆိုတဲ့ ဘွဲ့ကို သင်္ကြန်ကာလအတွင်း ကိုယ့်ကိုကိုယ့် ရဲရဲကြီး နာမည်ပေးလိုက်တော့တယ်။ လမ်းထိပ် ဆေးဆိုင်ကနေ အကိုက်အခဲ ပျောက်ဆေးတွေ၊ အရောင်ကျဆေးတွေ၊ အဖျားပျောက်ဆေးတွေကို ဗမာဆေးရော၊ အင်္ဂလိပ်ဆေးပါ အကုန်ဝယ်ပြီး သောက်လိုက်တော့တာပါပဲ။ မောရိယ မန်းဆေးတွေကိုလည်း ပါးမှာ လိမ်းထားတာ ၀ါထိန်ပြီး တော်တော်ကို ရီချင်စရာ ကောင်းနေပါသေးတယ်။ သင်္ကြန် ဒုတိယ အကြတ်နေ့ရောက်တော့ ဆေးတွေကပဲ တန်ခိုးပြတာလား၊ ကောင်းချင်လို့လားပဲ မသိတော့ဘူး၊ ကျွန်မ နည်းနည်းလေး ထူထူထောင်ထောင် ဖြစ်လာတယ်လေ။

နည်းနည်းလေး နေကောင်းလာတဲ့ ကျွန်မ၊ ရှေ့ရက်တွေက ဘာမှ မလုပ်ဖြစ်ခဲ့တာကို အငြိုးထားပြီး သင်္ကြန်နောက်ဆုံးနေ့မှာ ပျော်ပျော်ကြီး ကဲလိုက်ပါသေးတယ်။ ဒါတောင် မနက် အိမ်က ထွက်ချိန်မှာ ကိုယ်နည်းနည်းပူပြီး၊ ပါးရောင်တာကလည်း မပျောက်သေးဘူးလေ။ မတတ်နိုင်ဘူးရှင့် ဒီနေ့မှ မထွက်ရရင် မနက်ဖြန်ဆိုတာ မရှိတော့ဘူး၊ ဘုန်းကြီးကျောင်းသွားဖို့လည်း စိတ်သိပ်မပါတာနဲ့ ဘာညာတို့၊ ဒီမိုတို့၊ ကိုဘလာဂေါက်တို့နဲ့ တူတူ ရေပက်ခံ ထွက်တော့တာပေါ့။ ဒီမှာတင် ကျွန်မရဲ့ Thingyan Review ရေးဖို့ အကြောင်း ဖန်လာတော့တာပေါ့။

Thingyan Review

ကျွန်မ အပေါ်မှာ ပြောခဲ့သလိုပါပဲ။ သင်္ကြန်ဆိုတာ မြန်မာတို့ရဲ့ ယဉ်ကျေးမှု မှတ်တိုင်တစ်ခု၊ ရိုးရာပွဲတော် တစ်ခုပါ။ တစ်နိုင်ငံလုံး စိတ်လွတ် ကိုယ်လွတ် ပျော်ကြတဲ့ အချိန်အခါလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ပျော်တယ်ဆိုတာလည်း ပျော်တတ်မှ ရသလို၊ မပျော်တတ်ရင်တော့ ဘေးတစ်ခုခုနဲ့ ကြုံမှာပါပဲ။ ကျွန်မပြောချင်တာကတော့ ဒါတွေကို အဓိကထား ပြောမှာ မဟုတ်ပါဘူး။ သင်္ကြန်မှာ ကျွန်မ တွေ့ခဲ့ မြင်ခဲ့တာလေးတွေကို ပြန်လည် ဖောက်သည်ချချင်တာလေးပါ။

စစချင်း ပြောချင်တာကတော့ ကောင်မလေးတွေပါပဲ။ မြန်မာ မိန်းကလေးတွေပေါ့။ ပြောင်းလဲ လာတဲ့ ခေတ်ရေစီးကြောင်းနဲ့ အညီ၊ နေထိုင်ဝတ်စားမှု စရိုက်တွေ ပြောင်းလဲလာတာကို လက်ခံလို့ ရပါတယ်။ ဒါပေမယ့် အများအမြင်မှာ မရိုင်းရလေအောင် ပြောင်းလဲတာကတော့ အသင့်တော်ဆုံး ဖြစ်မယ်ထင်ပါတယ်။ ၀တ်တာ စားတာ၊ နေတာ ထိုင်တာတွေဟာ မိန်းကလေး တစ်ယောက်အနေနဲ့ ဆင်ခြင်သင့်တဲ့ အရာတစ်ခုပါ။ သင်္ကြန်ပဲ တစ်နှစ်မှ တစ်ခါကဲရတာ၊ နေချင်သလို နေမယ်ဆိုရင် ကဲ ဘာဖြစ်မလဲ။ ခေတ် ပေါ်စကားနဲ့ ပြောရရင် ယောင်္ကျား သားအပေါင်းကို အလှူပေးသလို ဖြစ်သွားတာပေါ့။ ဒီနှစ် မိန်းကလေးတွေ ၀တ်တာစားတာ တော်တော် လွန်ပါတယ်။ အောက်ပိုင်းမှာ တိုပြတ်နေအောင် ၀တ်ထားသလို၊ အပေါ်ပိုင်းမှာလည်း အလယ်တစ်ဝိုက်လောက်ကိုပဲ လုံရုံဖုံးထား ကြတာ တွေ့ရပါတယ်။ အထူးသဖြင့် မဏ္ဍပ်ထိုင်တဲ့ ကောင်မလေးတွေပေါ့။ လက် ငြိမ်ငြိမ်နေတတ်တဲ့ ကောင်လေးတွေနဲ့တွေ့ရင်တော့ ပြသနာ မရှိလောက်ပေမယ့်၊ အဲ တစ်ချို့တစ်ချို့သော ကိုကို ကာလသားများနဲ့ဆိုရင်တော့ မတွေးရဲ စရာလေးတွေပါ။ အမှန်အတိုင်း ပြောရရင် ဒီအချိန်မှာ ကောင်လေး တော်တော်များများကလည်း မူးနေကြတော့၊ မိန်းကလေးတွေကို ငမ်းနေကြတော့ supply=demand ဖြစ်သွားမှာ အသေအချာပါပဲ။

နောက် တစ်ခုက သင်္ကြန်မှာ မပါ မပြီးတဲ့ အရက်ပါ။ မပါ မပြီးတဲ့ ဘီယာပါ။ ဘယ်လောက်ပဲ မူးအောင် သောက်သောက် ကိုယ့်ကိုကိုယ် ထိန်းနိုင်တယ်ဆိုရင် ပြသနာ မရှိပါဘူး။ အရက်သောက်တာလည်း သင်္ကြန်ရိုးရာ လို့တောင် ပြောရမလို ဖြစ်နေပြီရှင်။ ဆယ်တန်း ကျောင်းသား အရွယ် လောက်ကနေ အသက် 60 လောကိထိက အရက်ကလေး တစ်မြမြနဲ့။ ကလိုက်ကြ၊ ခုလိုက်ကြ၊ ဆိုလိုက်ကြနဲ့ ပျော်စရာတော့ ကောင်းပါတယ်။ ကျွန်မ ပြောချင်တာက ယောင်္ကျားလေးတွေ မူးနေလို့ ဘာမှ မဖြစ်ပါဘူး။ မိန်းကလေးတွေ မူးနေတာ၊ လမ်းဘေး ပလက်ဖောင်းပေါ်မှာ ကောင်မလေးနဲ့ ကောင်လေးနဲ့ မူးပြီး ပြဲကွဲနေတာတွေဟာ ဆင်ခြင်သင့်တဲ့ အရာလေးတွေလို့ ထင်မြင်မိပါတယ်။ လူမြင်ကွင်းကြီးမှာ ကြည့် မကောင်းဘူးမဟုတ်လားရှင်။

ဒီနှစ် သင်္ကြန်မှာ မဏ္ဍပ် နည်းပါတယ်။ အင်းလျားလမ်း၊ တက္ကသိုလ်ရိပ်သာလမ်းနဲ့ ကမ္ဘာအေး ဘုရားလမ်းတို့ လောက်မှာပဲ မဏ္ဍပ်နည်းနည်း စိတ်ပါတယ်။ ကျန်တဲ့ နေရာတွေမှာတော့ တစ်ခုစ၊ နှစ်ခုစ လောက်ပါပဲ။ များတာကတော့ ကလေးတွေ၊ ရပ်ကွက်ထဲက လူငယ်တွေရဲ့ ခွက်စောင်း မဏ္ဍပ်တွေပေါ့။ မဏ္ဍပ်မှာ ရေပက်ဖို့ လက်မှတ်တွေကလည်း ခေတ်နဲ့အညီ ဈေးကြီးလို့လာပါတယ်။ မီးက မလာဘူးဆိုတော့ မဏ္ဍပ် Organizer တွေလည်း ရေမပြတ်လပ်ရေးအတွက် ကြံဖန်ရမှာမို့ ဟိုစရိတ်၊ ဒီစရီတ်တွေနဲ့ ဈေးကိုမြင့်လိုက်ကြမှာပေါ့လေ။ နှစ်တိုင်း စည်ကားနေကျ ပြည်လမ်းမှာလည်း မဏ္ဍပ်ဆောက်ဖို့ ပါမစ်မပေးတော့ပါဘူး။ ရေပက်ခံ ကားတွေ အရမ်းများပြီး မဏ္ဍပ်နေရာတွေက တစ်အားနည်းတာကြောင့် လမ်းတွေလည်း ပိတ်၊ ကားတွေက ကျပ်နေတာ တစ်နေရာထဲမှာတင် သုံးနာရီလောက် ကြပါတယ်။ အဆိုတော်တွေ ရှိတဲ့ မဏ္ဍပ်မှာဆို လူတွေရော၊ ကားတွေရော ပိတ်နေတာ တော်တော်ကြာအောင် မထွက်နိုင်ပါဘူးရှင်။ တစ်ချို့ကလည်း အဲနေရာမှာတင် မူးရမ်းပြီး ရန်ဖြစ်ကြတာတွေလည်း ရှိပါသေးတယ်။ မြင်ကွင်းကတော့ တော်တော်စုံတာပေါ့ရှင်။ အမျိုးစုံအောင် တွေ့နေရတယ်လေ။

သင်္ကြန်မှာ ပျော်ကြ ပါးကြ မူးကြတာ ပြသနာ မရှိပေမယ့်၊ ရန်မဖြစ်အောင် ထိန်းနိုင်ရင်၊ အပျော်မလွန်အောင် နေတတ်ရင်တော့ အကောင်းဆုံးပဲ ဆိုတာကို ထပ်ပြောလိုက်ပါရစေရှင်။

သြော် နောက်ဆုံး သတင်းကတော့ ပင့်ဂိုလ်းတစ်ယောက် မနေ့က သင်္ကြန်လည်စဉ်က တက္ကသိုလ်ရိပ်သာ လမ်းမှာ 4 နာရီလောက် ကြာကြာ ကားတွေ ပိတ်နေတုန်းမှာ အဲနေရာမှာပဲ မဏ္ဍပ်က လူတွေ၊ တစ်ခြား ကားပေါ်က လူတွေ၊ ကိုယ့်ကားပေါ်က လူတွေနဲ့ အပြိုင် 3 နာရီလောက် မနားတမ်း ကလိုက်တာ ခုချိန်မှာ ခြေတစ်ပေါင်ကျိုးဖြစ်ပြီး လမ်းလျှောက်ရတာ အနိုင်နိုင် ဖြစ်နေကြောင်းပါရှင်။

Thingyan Feeling

Standard

တစ်ကယ်တော့ မမယ်လိုဒီမောင် မတက်ခင်ကတည်းက သင်္ကြန်အကြောင်းရေးဖို့ အစီအစဉ် ရှိပါတယ်။ သူက တက်လိုက်တော့ လူတွေ အများကြီးလည်း ရေးကြမယ်ဆိုတော့ ပိုပြီး စည်စည်ကားကား ဖြစ်သွားတာပေါ့။ သင်္ကြန်ဆိုတာ ငယ်ငယ်ကတည်းက အသံကြားရုံနဲ့ တွေးပြီး ပျော်ရွှင် ရင်ခုန်ခဲ့ရတဲ့ မြန်မာ့ရိုးရာ ပွဲတော်တစ်ခုပေါ့။ ငုတွေပွင့်ပြီဆိုရင် ကျွန်မမှာ သင်္ကြန်ရောက်တော့မယ် ဆိုတဲ့အသိနဲ့ သင်္ကြန်ကျမယ့် ရက်တွေကို လက်ရှိုးရေတွက်ရတာလည်း မမောနိုင် မပန်းနိုင်အောင်ပါပဲ။ ကျွန်မ ငယ်ငယ်တုန်းက ကြုံဖူးခဲ့တဲ့ ရခိုင်သင်္ကြန်နဲ့ ခုကုန်သင်္ကြန်မှာ ပျော်ရွှင်ရပုံတွေကို ပြောပြချင်ပါတယ်။

ရခိုင်သင်္ကြန် ဆိုပေမယ့် တစ်ကယ်တမ်းပြောချင်တာက ကျွန်မတို့ မာန်အောင်သင်္ကြန်ပေါ့။ မော်လမြိုင်မှာတော့ သင်္ကြန်က တစ်လလုံးကျတယ်။ ကျွန်မတို့ မာန်အောင်မှာတော့ တစ်နှစ်မှာ သင်္ကြန်နှစ်ခါ ကျတာလေ။ အရင်တုန်းကဆို မာန်အောင်သင်္ကြန်က ရခိုင်ပြည်နယ် မှာ နာမည်ကြီးသင်္ကြန် တစ်ခုပါ။ မာန်အောင်သူလေးတွေက ချောလည်း ချောကြတယ် (မယုံဘူးလား ပင့်ဂိုလ်းကိုကြည့်လေ 😛 ) ဆိုတော့ ရခိုင်ပြည်နယ်တစ်ဝှမ်းက ကိုကိုကာလသားတွေ ဒုတိယအကြိမ် သင်္ကြန်ကျဖို့ မာန်အောင်ကို ရောက်လာတတ်ကြတာ ဆန်းတယ်လို့တော့ မဆိုနိုင်ဘူးရှင့်။ မာန်အောင်ကျွန်းရ ရခိုင်ပြည်နယ်မှာ နာမည်ကြီးတယ်လေ မိန်းမလှကျွန်း လို့…!

သင်္ကြန် (3) ရက်ကတော့ သိပ်ပျော်စရာ မကောင်းဘူးရှင့်။ ဒီအတိုင်းပဲ လူကြီးတွေက ဥပုသ်စောင့်ကြတယ်။ ကလေးတွေပဲ လမ်းမှာထွက် ရေလောင်းကြတယ် ဆိုတော့ တစ်ကယ့်သင်္ကြန်ရက်တွေက ခြောက်သွေ့လွန်းလှပါတယ်။ အဲ သင်္ကြန်ပြီးလို့ တစ်ပတ်လောက်နေတော့ ရေစစ်ပွဲဆိုတာ ကျင်းပကြပါတယ်။ အဲဒါကမှ တစ်ကယ့်ကို ပျော်စရာကောင်းတာ။ ရပ်ကွက်အသီးသီးမှာ မဏ္ဍပ်တွေ ထိုးကြတယ်။ ပြီးတော့ ဟိုဘက်ရပ်ကွက်က ကောင်မလေးနဲ့ ဒီဘက်ရပ်ကွက်က ကောင်လေးနဲ့ ပက်ရတယ်။ မဏ္ဍပ်တစ်ခုနဲ့ တစ်ခုကို သွားလည်ပြီး ပက်ရတာပေါ့။ သွားတာကလည်း တစ်ရပ်ကွက်လုံး အုပ်စုလိုက်ကြီး ဗုံတွေ ဆိုင်းတွေ တီးပြီး သွားကြရတာလေ။ စုစု ပေါင်း ရပ်ကွက် (10) ခုရှိတယ်ဆိုရင် မဏ္ဍပ်ကလည်း 10 ခုပေါ့။ စုစုပေါင်း 3 ရက်လုပ်ပါတယ်။ နှစ်ရက်က အပျိုလေး၊ လူပျိုလေးတွေအတွက်၊ နောက်တစ်ရက်ကတော့ အိမ်ထောင်သည်တွေအတွက်။ အဲလို သွားပက်ကြရာမှာ ပထမနေ့က ကိုယ်ကသွားရတဲ့ အလှည့်ဆိုရင် ဒုတိယနေ့မှာ ကိုယ်က သူများရပ်ကွက်ရဲ့ မဏ္ဍပ်ကလူတွေကို ပြန်ဧည့်ခံလှည့်ပေါ့။ ဘယ်နေ့မှာဖြင့် ဘယ်ရပ်ကွက်က ဘယ်တွေကို သွားရမယ်၊ ဘယ်မဏ္ဍပ်လာတာကို စောင့်ရမယ်ဆိုတာတွေကို ရေစစ်ပွဲ အလုပ်ခင်မှာ ရပ်ကွက်လူကြီးတွေ meeting ထိုင်ပြီး schedule ဆွဲကြပါတယ်။ ထွက်လာရင်တော့ အဲဒီအတိုင်း ကိုယ်က သွားလိုက်၊ ဧည့်ခံလိုက်ပေါ့။

အဲဒီ ရေစစ်ပွဲမှာ ကျွန်မ အပေါ်မှာ ပြောခဲ့တဲ့အတိုင်း ဟိုဘက်ရပ်ကွက်က ကောင်လေးနဲ့ ဒီဘက်က ကောင်မလေးနဲ့ အပြန်အလှန် ရေပက်ကြတာပေါ့။ ကျွန်မတို့ ငယ်ငယ် ကလေးလေး တုန်းကဆိုရင် အဲလိုပက်ချင်လိုက်တာလေ။ အဲလို ပက်ရအောင် မြန်မြန် အသက်ကြီးပြီး မြန်မြန်အရွယ်ရောက်ပါစေလို့ ဆုတောင်းရတာလေ (မနိုင်ဘူးနော် ပင့်ဂိုလ်းတို့.. ဟီး)။ အရွယ်လည်း ရောက်လာရော လူက ရန်ကုန်ရောက်လာတာ ဆိုတော့ တစ်နှစ်လားပဲ အဲလိုပက်ခဲ့ရတယ်။ အဲဒီမှာ တစ်ချို့တွေဆို ဇတ်လမ်းလေးတွေ ဖြစ်ကြတာပေါ့။ အဲမှာ စတွေ့ အဲမှာ စချစ်ပေါ့..ဟဲဟဲ။ ရေပက်ရာမှာလည်း တစ်ချို့က အကြင်နာလေးနဲ့ ညင်ညင် သာသာ ပက်ကြသလို၊ တစ်ချို့ကလည်း ရေစစ်ပွဲ ဆိုတဲ့အတိုင်း တစ်ယောက်နဲ့ တစ်ယောက် ခေါင်းမငုံ့ကြေး မျက်နှာချင်းဆိုင် မျက်နှာတည့်တည့်ကို ရေခွက်တွေနဲ့ ပက်ကြပါတယ်။ သြော် ဒီနေရာမှာ တစ်ခုထပ်ပြောချင်တာက ကျွန်မတို့ဆီမှာ ဆောက်တဲ့ မဏ္ဍပ်ဆိုတာ အုန်းလက်လေးတွေနဲ့ပဲ ဆောက်ကြတာပါ။ ဒီမှာလို ပိုက်နဲ့ထိုးတဲ့ မဏ္ဍပ် မဟုတ်ပါဘူး။ ညကတည်းက စဥ့်အိုးကြီးတွေ ထဲမှာ ရပ်ကွက်ထဲက အပျို လူပျိုတွေက ရေခပ်ထည့်ကြ၊ မဏ္ဍပ်ကို အလှဆင်ကြနဲ့ တော်တော် ပျော်စရာ ကောင်းပါတယ်။ မဏ္ဍပ်အလှပြိုင်ပွဲတွေ၊ အကပြိုင်ပွဲတွေလည်း ရှိပါတယ်။ ငယ်ငယ်တုန်းကတော့ သင်္ကြန်အက ခဏ ခဏ ကရပါတယ်။ အမြဲတမ်းလည်း ပထမ ရပါတယ်။ ဒါက ကြွားတာ။ နှစ်ရက်လည်း ပြီးရော အိမ်ထောင်သည်တွေ ပက်ရတဲ့ ရက်ရောက်လာတာပေါ့။ သူတို့က ပိုတောင်ကဲကြသေး။ ငယ်ငယ်တုန်းက ရည်းစား ချင်းချင်း ပက်ရတာနဲ့၊ သူငယ်ချင်း အချင်းချင်းပက်ရတာနဲ့။ ဘယ်လင်ယောင်္ကျား၊ မိန်းမကမှ သ၀န်မတိုကြပါဘူး။ အပျော်ပက်ကြတယ် ဆိုတော့ အားလုံးက ပျော်ပျော်ပါပဲ။ အဲဒီလို ပျော်စရာ ကောင်းတဲ့ ရေစစ်ပွဲလေးကတော့ ဘယ်နေရာမှာမှ မရှိတဲ့ မာန်အောင်မြို့ရဲ့ ရိုးရာ တစ်ခုပေါ့ရှင်။ ခုတော့လည်း သူများတွေ ပြောသလို ဂိန်မှန်မှာ အိမ်မပြန်နိုင်သူအဖို့ မှန်းလို့သာဆွေးးးးးး ။

နောက် ရန်ကုန် သင်္ကြန်ကတော့ အားလုံးလည်း သိကြပါတယ်။ လျှောက်လည်ရင်လည်၊ မလည်ရင် မဏ္ဍပ်ထိုင်၊ တစ်ခုမှ မလုပ်ချင်ရင် တရားစခန်းဝင်၊ မဟုတ်ရင်တော့ အိမ်မှာနေပေါ့။ သင်္ကြန်တွင်းဆိုတာ တစ်ကယ်တော့ အိမ်မှာ နေရင် ဘာမှ အကျိုးမရှိတဲ့ အရာလို့ ကျွန်မထင်ပါတယ်။ စာမေးပွဲ ရှိနေကြတဲ့ သူတွေကို မပြောဘူးနော်။ ရန်ကုန်ရောက်လာတော့ တစ်နှစ် နှစ်နှစ်လောက်ကတော့ လည်ဖြစ်ပါတယ်။ သင်္ကြန်ရေထိရင်တော့ ပျော်ပေမယ့် မဏ္ဍပ်တွေကို မရောက်ခင် ကားတန်းရှည်ကြီးတွေ ပိတ်မိနေတာ စောင့်နေရတာကိုတော့ တော်တော်စိတ်ကုန်ပါတယ်။ လမ်းလျှောက်လို့သာ မဏ္ဍပ်ရောက်အောင် သွားလိုက်ချင်တော့တယ်။ မဏ္ဍပ်တွေ ဆီရောက်တေည့လည်း ကျွန်မက တစ်မျိုးရှင့်။ သူများတွေ မီးသတ်ပိုက်ကို ရှောင်ကြတယ်။ ကျွန်မကတော့ မီးသတ်ပိုက်နဲ့ အထိုးခံတယ်။ ပြောသားပဲ အရူးပါဆို ပင့်ဂိုလ်းက…။ ရေတွေ အလုံးလိုက် အရင်းလိုက်ဝင်လာတာကို ပျော်လို့ပါ။ ပြန်လည်းရောက်ရော အသားတွေ နီစပ်စပ်နဲ့ ဘာရုပ်ပေါက်နေမှန်း မသိဘူးလူက။ မဏ္ဍပ်ထိုင်တော့လည်း ပိုက်ဆံကုန်ပါတယ်။ အ၀တ်အစားဖိုး၊ လက်မှတ်ဖိုး၊ တက္ကစီဖိုးနဲ့ မွဲကိန်းရောက်တော့ မတတ်ပါပဲ။ ဘဲဘဲရှိရင်တော့ မိုက်တယ်ရှင်။ စပွန်စာရှိတာပေါ့။ ကိုယ်ကမှ အဲလို မစွမ်းတာလေ.. ကိုယ့်အားကို ကိုးပေးအုံးပေါ့။ နောက်တော့လည်း ရန်ကုန်သင်္ကြန်ကို နည်းနည်းစိတ်ကုန် သွားတော့ သီလရှင် ၀တ်တာ၊ တရားစခန်းဝင်တာပဲ လုပ်ဖြစ်ပါတော့တယ်။ ပြောရင်တော့ ဘယ်သူမှ မယုံကြဘူးရှင့်. ရွှေထက်ရယ် ဟုတ်မှလည်း ပြောပါဟယ်ဆိုတာကို အမြဲ အပြောခံရပေမယ့် ကျွန်မတစ်ကယ် သီလရှင်ဝတ်၊ တရားစခန်းဝင်တာကို လုပ်ပါတယ်။ ဒီနှစ်လည်း ၀င်ဖို့ အစီအစဉ်ရှိပေမယ့် ဘန်ကောက်ကေ သူငယ်ချင်းတစ်ယောက်၊ စင်ကာပူက တစ်ယောက် ပြန်ရောက်နေတယ်။ ဘယ်လိုဖြစ်မလဲတော့ မပြောတတ် သေးဘူး။

နောက်တစ်ခု ပြောချင်တာက ပိတောက်ဖီလင်ပါ။ ပြောလက်စနဲ့တော့ ဘယ်လောက် ရှည်ရှည် ကုန်အောင် ပြောတော့မယ်ရှင့်။ ပြီးအောင်ဖတ်ကြနော်။ ကျွန်မ ပိတောက်ပန်းကို ကြိုက်ပါတယ်။ ဒါပေမယ့် အပင်မှာ ရှိနေပြီး တစ်ပင်လုံး ၀ါထိန်နေမှ ကြိုက်တာပါ။ ပိတောက်ခူးတဲ့ သူတွေကို သိပ်မုန်းတာပဲ။ အလှတရားကို ဖျက်ဆီးသူတွေလို့တောင် ထင်မိပါသေးတယ်။ တစ်နှစ်မှ တစ်ခါပွင့်တဲ့ ပိတောက် ပင်ယံထက်မှာ ကောင်းကောင်းလေး လှပနေပါစေလားရှင်။ ခူးလိုက်တော့လည်း ခဏနေ နွမ်းသွားတဲ့ဟာကိုများ။ ပြီးတော့ ပိတောက်တွေ ကြွေလို့ မြေပြင်တစ်ခုလုံး ၀ါထိန်နေရင် အရမ်းပျော်ပါတယ်။ အဲဒီအပေါ်မှာ လမ်းလျှောက်သွားရတာလေ ဘယ်လို ဖီလင်လာမှန်းကို မသိဘူး။ ဘ၀င်မြင့်သလိုလို ဘာလိုလိုပေါ့။

သင်္ကြန်ဆိုတာ လူတိုင်းပျော်ကြတဲ့ ပွဲတောင်တစ်ခုလို့ ကျွန်မထင်ပါတယ်။ ကျွန်မ ကိုယ့်ဆီက သင်္ကြန်အကြောင်းလေးကို ရေးခဲ့သလိုပဲ နိုင်ငံအသီးသီးက မြန်မာတွေလည်း ကိုယ်ရောက်နေတဲ့ နေရာမှာ သင်္ကြန်ကို ဘယ်လိုကျင်းပတယ်ဆိုတာ လေးများ ရေးပေးနိုင်ကြမလားရှင်။ ကျွန်မ သိချင်လို့ပါ။ ထိုင်းသင်္ကြန်၊ မဲခေါင်သင်္ကြန် ဆိုတာတွေကိုလည်း ဘယ်လို ကျင်းပကြတယ်ဆိုတာ သိချင်ပါတယ်။ ကဲဒီတော့ ကျွန်မကတော့ မျက်နှာမလိုက် လူမရွေးပဲ အကုန်လုံးကို တက် (tag) ပါတယ်ရှင်း။ ပြောသားပဲ အားလုံးကို ပင့်ဂိုလ်းက ချစ်ပါတယ်ဆို။