Tag Archives: blogger

London Trip to attend One Young World Summit (Arriving Hotel)

Standard

ဟီသရိုးနဲ့ London City Airport ဟာ လန်ဒန်ရဲ့ အစနဲ့ အဆုံးပါပဲ။ ကျွန်မတို့တွေ အကုန်လုံးကို လန်ဒန်မှာ ရှိတဲ့ Travelodge Hotel တွေမှာ ထားတာပါ။ Travelodge – London City Road, Travelodge – Docklands, Travelodge – London City Airport စတဲ့ နေရာသုံးခုမှာ ခွဲထားပါတယ်။ ကျွန်မနေရမယ့် ဟိုတယ်က London City Airport မှာရှိတဲ့ ဟိုတယ်မှာပါ။ ဟီးသရိုးကနေ အဲ့နေရာကို တစ်နာရီလောက် ထပ်မောင်းရပါသေးတယ်။ လာကြိုတဲ့အမကြီးကလည်း လမ်းသေချာမသိပါဘူး။ ဒါနဲ့သူ Satellite ဖွင့်ပြီး မောင်းပါတယ်။ နည်းပညာတွေ တိုးတက်တာကို ကျွန်မအဲ့မှာ စမြင်ရတာပါပဲ။ ကျွန်မ မြန်မာပြည်မှာနေတုန်းက တိုးတက်နဲ့ နည်းပညာဆိုတာ ကြားဖူးတာပဲ ရှိတာပါ။ မြင်ဖူးတာဆိုလို့ Laptop, Mobile phone အသစ်တွေရယ်၊ ဖွတ်ချက် ဖွတ်ချက် အင်တာနက်ရယ်ပဲ ရှိပါတယ်။ ကားမှာပါတဲ့ ဘာနဲ့ချိတ်ဆက်ထားတာလဲတော့ မသိပါဘူးလို့ ထင်ပေမယ့် တစ်ကယ်က ဖုန်းနဲ့ချိတ်တာပါ။ Satellite က အမျိုးသမီးအသံက ပြောတဲ့အတိုင်း မောင်းသွားလိုက်တာပါပဲ။ ကိုက် ၁၀၀ လောက်မောင်းပြီးရင် ဘယ်ကိုကွေ့လိုက်ပါ.. ရှေ့တည့်တည့်ဆက်မောင်းသွားပါ.. နောက်ထပ် ကိုက်ဘယ်လောက်ရောက်ရင်တော့ ညာကို ကွေ့လိုက်ပါ အဲ့လိုမျိုးပေါ့။ လန်ဒန်မှာ လမ်းတွေကို မကျွမ်းကျင်သူမှန်သမျှ ဒါမျိုးတွေသုံးပြီးပဲ သွားတာပါပဲ။ မြန်မာတွေကတော့ ”တုံတုံ” လို့ခေါ်ကြလေရဲ့.. ”တုံတုံ” ဖွင့်ပြီးသွားရင် ဘယ်နေရာမဆို ရောက်ပါတယ်။

Travelodge ကိုရောက်တော့ မနက် ကိုးနာရီ နည်းနည်းကျော်ပါပြီ။ ဟိုတယ်က သိပ်ပြီးတော့ မခမ်းနားပါဘူး။ မန္တလေးမှာ ကျွန်မတည်းဖူးတဲ့ ဟိုတယ်တွေလောက်တောင် မခမ်းနားပါဘူး.. ဒီအတိုင်း ခပ်ရိုးရိုးလေးပါပဲ။ လိုက်ပို့တဲ့ အမျိုးသမီးလည်း ကျွန်မကို ထားသွားပြီး နောက်လူတွေကို ကြိုဖို့ ဆက်သွားပါတယ်။ ကျွန်မလည်း Reception ကိုသွားပြီးတော့ ”ကျွန်မနာမည်က တင်မြတ်ထက်ပါ.. One Young World Summit တက်ဖို့လာပါတယ်.. ဒီဟိုတယ်မှာ နေရမယ်လို့ပြောပါတယ်.. ကျေးဇူးပြုပြီး Booking လေး Check လုပ်ပေးနိုင်မလား” လို့ မေးလိုက်ပါတယ်။ အဲ့တော့ စာအိတ်တွေ တစ်ထပ်ကြီး ထုတ်လာပါတယ်။ ကျွန်မနာမည်ရေးထားတဲ့ စာအိတ်ကိုပေးပြီး ”အခု Check in ၀င်မယ်ဆိုရင် ၁၀ ပေါင်အပိုပေးရမယ်တဲ့.. ပုံမှန်အချိန်ကတော့ ညနေ (၃) နာရီမှ” လို့ပြောပါတယ်။ ကျွန်မ စိတ်ညစ်သွားတော့တာပါပဲ။ ကျွန်မမှာ ပေါင်ဆိုလို့ ကိုယ်ခန္ဒာက ပေါင်နှစ်ချောင်းကလွဲရင် ဘာမှ မပါပါဘူး။ လေဆိပ်မှာလည်း ကိုယ့်အပူနဲ့ကိုယ် လဲဖို့ သတိမရခဲ့ပါဘူး။ ဒါနဲ့ ကျွန်မလည်း ”Can I pay the dollars?” လို့မေးတော့ မရဘူးတဲ့.. ပေါင်မှ ပေါင်ပဲတဲ့။ ဒုက္ခတော့ ရောက်တော့တာပါပဲ။ ဒါနဲ့ ကျွန်မကလည်း ”ဒါဆိုလည်း (၃) နာရီထိစောင့်မယ် ဒီမှာနေလို့ ရမလား” ဆိုတော့ အိုကေ ရတယ်တဲ့။ အင်္ဂလန်က လူတွေဟာ သိပ်ကိုလူမျိုးကြီးဝါဒ ရှိပါတယ်.. သူတို့ ပစ္စည်းမှ သူတို့ပစ္စည်း၊ သူတို့ငွေမှ သူတို့ငွေပါပဲ။

ဒါနဲ့ ကျွန်မလည်း ဧည့်ခန်းမှာပဲ (၃) နာရီထိုးအောင် ထိုင်စောင့်ရတော့တာပေါ့။ မျက်လုံးကလည်း ဘယ်လိုမှ မရတော့ပါဘူး.. ရန်ကုန်က ညနေ ၅း၃၀ ကတည်းက ထွက်လာတာ လန်ဒန်မှာ မနက် ကိုးနာရီဆို ရန်ကုန်မှာ နောက်နေ့ ညနေ (၄) နာရီနီးပါးလောက် ရှိနေပါပြီ။ ကျွန်မ လေယာဉ်မှာလည်း တစ်ရေးမှ အိပ်မလာတဲ့ အတွက် မျက်လုံးကလည်း ဘယ်လိုမှ မရတော့ပါဘူး။ ခဏနေတော့ သူတို့က ကျွန်မကို လှမ်းမေးတယ် ” Do you want coffee?” တဲ့.. ကျွန်မကလည်း ၀မ်းသာအားရ ”sure” ပေါ့.. ဒါနဲ့ သူတို့က တစ်ယောက်ကို လှမ်းခေါ်တော့ လူတစ်ယောက် ထွက်လာပါတယ်.. ကျွန်မဆီလာပြီး မေးတယ် ” Are you from Vietnam” တဲ့.. အသံကတော့ အာရှလေသံပါပဲ.. ကျွန်မကလည်း မဟုတ်ဘူး မြန်မာပြည်ကပါလို့ ပြောတော ”သြော် ဘားမား ကလား.. ဒါဆို ကျွန်တော့ကို ဘာလို့တွေ့ချင်တာလဲ” တဲ့.. ကျွန်မကလည်း မဟုတ်ဘူးလေလို့ ပြောပြီး ဒီအတိုင်း ကြောင်တောင်တောင်ပဲ ဖြစ်သွားမိတယ်.. နောက်တော့မှ Reception က အမကြီးက ထရီပြီး ”သြော် ကိုဖီနဲ့ တွေ့ချင်လားမေးတာကို ကော်ဖီလိုချင်လားလို့ ကြားသွားပုံရတယ်တဲ့.. ဗီယက်နမ်က ထင်လို့” တဲ့.. အဲ့တော့မှ အကုန်လုံး ရီကြပါတော့တယ်။ ဒါနဲ့ ဗီယက်နမ်ကောင်လေးကလည်း ကျွန်မကို ကော်ဖီတစ်ခွက် ယူလာပေးပါတယ်။ ကျွန်မလည်း မထူးတော့ဘူးလေ သောက်နေလိုက်တာပေါ့။ အလွဲလေးတွေလည်း ရှိလိုက်ပါသေးတယ်။

ဟိုတယ်မှာ အင်တာနက်ရမလားလို့ Laptop ထုတ်ပြီး စမ်းကြည့်သေးပေမယ့် Wireless က လိုင်းသာရှိတာ သုံးလို့ မရပါဘူး။ မိနစ် (၂၀) ကို တစ်ပေါင်တဲ့။ ဈေးအရမ်းကြီးပါတယ်။ ဒီမှာ သုံးနာရီထိစောင့်နေရမှာကို ကျွန်မ မခံနိုင်တော့ပါဘူး.. အွန်လိုင်းသုံးပြီး သူငယ်ချင်း တစ်ယောက်ကို အမြန်လာဖို့ ခေါ်ချင်နေပါပြီ။ ဟိုတယ်ရောက်မယ့်အချိန်ကို လာခဲ့မယ်လို့ ပြောထားတဲ့ သူတွေကလည်း ရှိတာကို။ ဒါနဲ့ အရဲစွန့်ပြီး မေးလိုက်ပါသေးတယ် ”အင်တာနက် မိနစ် ၂၀ လောက်သုံးချင်လို့ပါ.. ဒေါ်လာနဲ့ လက်ခံပေးပါလား” ဆိုတော့ မရဘူးတဲ့… စိတ်ညစ်လိုက်တာပါပဲ။ ဒါနဲ့ ကျွန်မလည်း ဧည့်ခန်းမှာ ထိုင်ရတာ နည်းနည်းအေးလာတာနဲ့ Dining Room ကို ပြောင်းထိုင်ပါတယ်။ အဲ့မှာတော့ နည်းနည်းနွေးပါတယ်။ ဧည့်ခန်းနဲ့လည်း တစ်ဆက်တည်းပါပဲ။ တစ်ခြား delegate တွေ ရောက်တာကိုလည်း မတွေ့ရသေးပါဘူး။ ကျွန်မက အစောဆုံး ရောက်တာပါတဲ့။ ဒါနဲ့ နေ့လည် ၁၂ နာရီလောက်ထိုးတော့ ကျွန်မနားကို ကောင်လေးတစ်ယောက် ရောက်လာပါတယ် “Do you come here for One Young World summit?” တဲ့။ ကျွန်မကလည်း “Yeah” လို့ပြောတော့.. တွေ့ရတာဝမ်းသာပါတယ်.. ငါက မက္ကဆီကိုက Delegate ပါတဲ့။ ကျွန်မကလည်း အို ၀မ်းသာလိုက်တာ ငါက မြန်မာပြည်က လို့ပြန်မိတ်ဆက်ပါတယ်။ ဒီမှာ ဘာလုပ်နေတာလဲ လို့ ဆက်မေးပါတယ်။ ကျွန်မကလည်း ပေါင်မပါလို့ အခန်းရအောင် (၃) နာရီထိ စောင့်နေရတဲ့ အကြောင်းကို ပွင့်ပွင့်လင်းလင်းပဲ ပြန်ပြောလိုက်ပါတယ်။ သူက ပြောပါတယ် သူ့အခန်းထဲမှာ နားနေပါလားတဲ့။ ကျွန်မ မြန်မာ ပီပီ နည်းနည်းတော့ တစ်မျိုးဖြစ်သွားပါတယ်။ ဒါနဲ့ပဲ နေပါစေ ငါ ဒီမှာပဲ စောင့်ပါမယ်လို့ ပြန်ပြောရပါတယ်။ သူက ရပါတယ် အခန်းထဲမှာ ဆိုတော့ နင်လှဲနေလို့ ရတာပေါ့တဲ့။ သူ့ရုပ်ရည်လေးကလည်း နုညံ့ပါတယ်။ Summit တက်ဖို့လာတဲ့သူဆိုတော့ ဘာပဲပြောပြော သူလည်း ခေသူတော့ဟုတ်မှာ မဟုတ်ပါဘူး။ ပြီးတော့ ကျွန်မရောက်နေတာ အင်္ဂလန်ဆိုတာလည်း နည်းနည်းတော့ ပြန်သတိရလာပါတယ်။ သူကလည်း ရိုးရိုးသားသား ခေါ်နေတာပါပဲ။ ဒါနဲ့ကျွန်မလည်း လိုက်သွားလိုက်ပါတယ်။ သူကပဲ ကျွန်မအထုပ်တွေကို ကူသယ်ပေးပါတယ်။

“Where did you exchange the money?” လို့ မေးတော့ လေဆိပ်ကတဲ့။ အခန်းထဲရောက်တော့ နင် အိပ်ချင်ရင် အိပ်နေလို့ရတယ်နော်တဲ့.. သုံးနာရီကျရင် ငါနှိုးလိုက်မယ်တဲ့။ ကျွန်မကလည်း ရတယ်လို့ ပြောတော့.. ငါတို့ မြေပုံကြည့်ရအောင်တဲ့ ငါတို့နေရာက လန်ဒန်ရဲ့ ဘယ်နားလဲ ဆိုတာ လို့ပြောပြီး နှစ်ယောက်သား မြေပုံထိုင်ကြည့်ကြသေးတယ်.. အရမ်းရှုပ်တော့ နှစ်ယောက်လုံး ရှာမတွေ့ပါဘူး။ ဒါနဲ့ တစ်ယောက်နာမည် တစ်ယောက်မေးပြီး ဘာအကြောင်းအရာကို စိတ်ဝင်စားတယ်. ဘယ်လိုပြင်ဆင်ခဲ့တယ် ဆိုတာကို နှစ်ယောက်သား လေပေါကြတော့တာပါပဲ။ သူ့နာမည်က Gererado တဲ့.. ငါ့နာမည်က တင်မြတ်ထက် လို့ပြောတော့ ခေါ်ရခက်လိုက်တာတဲ့ “Tin” လို့ခေါ်ရမှာလားတဲ့။ မဟုတ်ဘူးလေ ”Htet” လို့ခေါ်လို့ ပြောရသေးတယ်.. ဘယ့်နှယ် တင် လို့တော့ အခေါ်မခံချင်ပါဘူးရှင်။ ကျွန်မကို ဆက်မေးသေးတယ်.. “Is it your first trip to London?” တဲ့.. ကျွန်မကလည်း “My first trip to London and also first trip to abroad” လို့ပြောတော့ အံ့သြနေပါတယ်။ ငါက ခရီးတွေအများကြီး သွားဖူးတယ်တဲ့.. လန်ဒန်ကိုတော့ ခုမှရောက်ဖူးတာတဲ့။ သူက Environment Session မှာ စကားတက်ပြောရမယ် Speaker တဲ့။ ကျွန်မကလည်း ”ကောင်းလိုက်တာ ငါက အရွေးမခံရဘူး” လို့ ပြန်ပြောရတာပေါ့။ နောက်ပြီး ကျွန်မက ပြောလိုက်ပါသေးတယ်.. ငါကလေ အွန်လိုင်းသုံးပြီး ငါ့သူငယ်ချင်းတွေနဲ့ ဆက်သွယ်ချင်တာ.. ဒါပေမယ့် ဒီမှာ ဈေးကြီးလွန်းတယ်.. ပေါင်ကလည်း ပါမလာဘူး လို့ပြောတော့ သူဝယ်လိုက်မယ်ဆိုပြီး Visa Card လား Amex Card နဲ့လား မသိဘူး ၀ယ်လိုက်ပါတယ်။ သူ့စက်ကလည်း Mac Book ဆိုတော့ ကျွန်မ သိပ်မကိုင်တတ်ပါဘူး။ ဒါနဲ့ ကျွန်မ မေလ်းပို့သင့်တဲ့ သူတွေဆီကို အမြန်ပဲ မေလ်းပို့လိုက်ပါတယ်။ မျက်စိကလည်း ဘယ်လိုမှ မရတော့တာနဲ့ ”ငါ အိပ်မယ်နော်” ဆိုပြီး သူ့အခန်းထဲမှာပဲ အိပ်လိုက်တယ်။

နည်းနည်းလောက် ကြာတော့ သူလာနှိုးတယ် ”ထတော့. ၃ နာရီ ၁၀ မိနစ်ရှိပြီတဲ့”.. ကျွန်မလည်း ဟုတ်သားပဲ အခန်းရနေလောက်ပြီ ဆိုပြီး Reception ကို ပြန်ဆင်းလာ.. ကိုယ့်အခန်းကိုယ်တောင်းရပါတယ်။ သူ့ကို ကျေးဇူးနော်လို့ပြောပြီး ကျွန်မအတွက် ရတဲ့ အခန်းနံပါတ် (၁၀) ကိုသွား ရောက်ရောက်ချင်း ရေချိုးပြီး အိပ်ရာထဲ ပစ်လဲလိုက်တော့တာပါပဲ။ အခန်းထဲမှာ ဘာ facilities မှ မရှိပါဘူး။ ဟိုတယ်တိုင်းမှာ ထားပေးတဲ့ Toiletry တွေတောင်း မရှိပါဘူး။ ဖုန်းလည်း မရှိပါဘူး။ အစကတော့ ကျွန်မက ကျွန်မနဲ့ လူကြုံပါးလိုက်တဲ့ ပစ္စည်းတွေကို ဟိုတယ်ကနေ ဖုန်းလှမ်းဆက်ပြီး ယူခိုင်းမယ်.. သူတို့ကို တစ်ခါတည်း ပေါင်ပါလဲလာခိုင်းမယ်ပေါ့လေ.. အခု ဖုန်းမရှိတော့ အခက်တွေ့တော့တာပါပဲ။ ဒါနဲ့ ကျွန်မလည်း မေလ်းပို့ထားခဲ့တာပဲ ရောက်လာပါလိမ့်မယ်လို့ တွေးပြီး အိပ်ဖို့ပဲ လုပ်လိုက်ပါတော့တယ်။ ခဏနေတော့ ကျွန်မ အတော်ကြီးကို အိပ်ပျော်သွားတာ ကျွန်မကို တစ်ယောက်ယောက်က လှုပ်နှိုးနေတယ်ဆိုတာကို ခံစားမိမှပဲ နိုးလာခဲ့ပါတော့တယ်။

Advertisements

Happy Wedding, Ma Nine Nine Sanay

Standard

မနိုင်းနိုင်း မင်္ဂလာဆောင်တော့မယ် ဆိုတဲ့သတင်းဟာ ကျွန်မအတွက်တော့ တစ်ကယ်ကို အထူးအဆန်းပါပဲ။ မနိုင်းနိုင်းကို အပျိုကြီးဘ၀နဲ့ပဲ ဆက်လက်ရှိနေစေချင်တာမျိုး မဟုတ်ပေမယ့် ရုတ်တစ်ရက်ကြီး ကြားလိုက်ရတဲ့အတွက် အံ့သြမှင်သက်သွားခဲ့မိတာတော့ အမှန်ပါ။

2009 ခုနှစ် ၊ အောက်တိုဘာလ (28) ရက်နေ့က ကမ္ဘာကျော် ဘလောဂ့်ဂါ မနိုင်းနိုင်းစနေရဲ့ မင်္ဂလာဆောင်ပွဲကို Western Park မှာ ကျင်းပခဲ့ပါတယ်။ အမျိုးသားကတော့ အမေရီးကားမှာနေတဲ့ ကိုမင်းမင်းဆိုတဲ့ အကိုပါရှင်။ မနိုင်းနိုင်းရဲ့ မင်္ဂလာပွဲကို နှစ်ဘက်မိဘ ဆွေမျိုးသားချင်း သူငယ်ချင်းများအပြင် နာမည်ကြီး ဘလောဂ့်ဂါများပါ တက်ရောက်ခဲ့ပါတယ်။ အထူးဧည့်သည်အနေနဲ့ကတော့ စင်ကာပူက ခဏပြန်လာတဲ့ ကျွန်မတို့ သူငယ်ချင်း မောင်ပွတ်ကလည်း တက်ရောက်အားပေးခဲ့ပါတယ်။

ကိုမင်းမင်းနဲ့ မနိုင်းနိုင်းစနေ (ခ) မမီးမီး တို့နှစ်ယောက် အသက်ထက်ဆုံး ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံးပေါင်းစည်း နိုင်ကြပါစေလို့ ဆုမွန်ခြွေလိုက်ပါတယ်ရှင်။ ပျော်ရွှင်သာယာ သိုက်သိုက်ဝန်းဝန်းရှိသော မိသာစုတစ်ခုကိုလည်း ဖန်တီးနိုင်ကြပါစေ။

img3855e

img3906

img3911j

Image Hosted by ImageShack.us

10 Persons Who I wanna meet most!

Standard

သူငယ်ချင်း မီးလေးဇာဆိုတာ အွန်လိုင်းပေါ်က ကျွန်မနဲ့ အတော်လေးကိုခင်တဲ့ ဖက်တီးမလေးပါ။ သူဘလောဂ့်မရေးခင်ကတည်း ကျွန်မရဲ့ ဘလောဂ့်ကိုဖတ်ပြီး ကျွန်မရဲ့ ဘလောဂ့်ရီဒါတစ်ယောက်အဖြစ် အရမ်းကို ခင်ခဲ့ကြတဲ့ သူပေါ့။ ခုတော့ သူလည်း ဘလောဂ့်ဂါကြီးဖြစ်လာ.. အပေါင်းအသင်းတွေလည်း များလာပေမယ့် ကျွန်နဲ့ ခင်မြဲ ခင်ဆဲ ချစ်စရာ သူငယ်ချင်း တစ်ယောက်ပေါ့။ ဆိုးတာတစ်ခုတော့ ရှိတယ်ရှင့်.. သူ့ကို လူတကာ တဂ်လုပ်တဲ့ ပိုစ့်တွေကို ရေးပြီး အပုဒ်တိုင်းကိုလည်း ကျွန်မကို ပြန်ပြန် တဂ်တတ်တာလေ။ ခုလည်း အတွေ့ချင်ဆုံးလူ (၁၀)ယောက်ဆိုပြီး ရေးလာခိုင်းပြန်တော့ ကျွန်မလည်း လက်ကလေးပြန်လှုပ်ရတာပေါ့ရှင့်။

လူဖြစ်ရတဲ့ အခိုက်မှာ တွေ့ရတဲ့ သူတွေအားလုံးဟာ ရှေးဘ၀က ရေစက်ကြောင့်ပဲလို့ ကျွန်မ မှတ်ယူပါတယ်။ အရင့် အရင်ဖြစ်လာခဲ့သမျှ ဘ၀တွေက ကောင်းမှုကုသိုလ်တွေ အတူတူလုပ်ခွင့် ကြုံခဲ့လို့ ဒီဘ၀မှာလည်း ကလျာဏမိတ်ဆွေများ အဖြစ်နဲ့ ပြန်လည်တွေ့ဆုံကြရတာကြောင့် တွေ့ရတဲ့ သူတိုင်းကို ကျွန်မ ခင်ခင်မင်မင် ပေါင်းသင်းပါတယ်။ တတ်အားသလောက် ကူညီပေးပါတယ်။ ဒီလို ရေစက်ကြောင့် တွေ့ရတဲ့ သူများရှိသလို မီးစက်ကြောင့် တွေ့ရတဲ့ သူများလည်း ရှိပါတယ်ရှင်။ ဒါကတော့ တစ်ခြားမဟုတ်ပါဘူး.. အွန်လိုင်းပေါ်က မိတ်ဆွေ သူငယ်ချင်းများပေါ့။ ဘာလို့လဲ ဆိုတော့ ကျွန်မတို့ မြန်မာပြည်မှာက တစ်ခြားနိုင်ငံများမှာလို မီးမှန်မှန်လာတာ မဟုတ်ဘူးလေ။ အင်တာနက်ကို ကိုယ်တက်ချင်တဲ့ အချိန်မှာတက်ပြီး အွန်လိုင်းမှာ ကိုယ်တွေ့ချင် ပွားချင်သောသူများတဲ့ ပွားများနိုင်ဖို့က မီးစက်မောင်းမှ အလုပ်ဖြစ်တာကိုးရှင့်။ ဒါကြောင့် ကျွန်မအတွက်တော့ အွန်လိုင်းပေါ်က သူငယ်ချင်းများဟာ မီးစက်ကြောင့် တွေ့ရသူများလို့ မှတ်ယူပါတယ်။

ရေစက်ကြောင့်ကော မီးစက်ကြောင့်ကော ကြုံခွင့် ဆုံခွင့်ရတဲ့ သူတွေအကုန်လုံးကို ကျွန်မ ကြုံချင် ဆုံချင်ပါတယ်။ တွေ့ဖူးပြီးသားသူတွေကိုသာမက မတွေ့ရသေးတဲ့ သူတွေကိုလည်း ကျွန်မ တွေ့ချင် မြင်ချင်ပါတယ်။ ခက်တာက ဆယ်ယောက်ပဲ ရေးရမယ်ဆိုတော့ ကျွန်မအနေနဲ့ ရေးဖို့က အခက်ကြုံရပြန်ပါတယ်။ တစ်ချို့တွေက ဘလောဂ့်ဂါတွေကိုချည်းပဲ ရွေးထုတ်ပြီး တွေ့ချင်တဲ့သူတွေကို ဖော်ပြကြသလို၊ တစ်ချို့တွေကလည်း ဘလောဂ့်ဂါရယ် ဘာရယ်လို့ မဟုတ်ပဲ ကိုယ်တစ်ကယ် တွေ့ချင်တဲ့သူတွေကို ရေးထားကြတာ ကျွန်မဖတ်ရပါတယ်။ ကျွန်မအနေနဲ့ အားလုံးကို တွေ့ချင်ပေမယ့်လည်း အတွေ့တကာ့ အတွေ့ချင်ဆုံးသူ ဆယ်ယောက်ကို ရွေးထုတ် ဖော်ပြချင်ပါတယ်။ မီးလေးကိုတော့ နဂိုကတည်းက တွေ့ချင်ပြီးသားမို့ စရင်းထဲ မထည့်တော့ပါဘူး။ မီးလေး + ဆယ်ယောက်ပေါ့နော်။ ဘလောဂ့်လောကမှာတော့ ကျွန်မတွေ့ဖူးတဲ့သူတွေ တော်တော်များတယ်ရှင့်။ ရန်ကုန်ကလူတွေလည်း အားနေရင် တွေ့နေကြ၊ အချင်းချင်းချိန်းပြီး တစ်ခုခုလုပ်လိုက်ကြ၊ စီမီနာတွေ လုပ်လိုက်ကြဆိုတော့ ကျွန်မအနေနဲ့ ဘလောဂ့်ဂါ တော်တော်များများကို တွေ့ဖူးပါတယ်။ နိုင်ငံခြားက ပြန်လာတဲ့ ဘလောဂ့်ဂါတွေဆိုရင်လည်း ရန်ကုန်ရောက်ရင် တွေ့ဆုံပွဲလေး လုပ်ဖြစ်ကြတယ်ဆိုတော့ ကျွန်မ မတွေ့ဖူးသေးတဲ့ အရမ်းလည်း တွေ့ဖူးချင်တဲ့သူ ဆယ်ယောက်ကတော့ လာပါပြီရှင်….။

1. Barack Obama

အိုဘားမားကို တွေ့ဖူးချင်တယ်ဆိုတာ မဖြစ်နိုင်ပေမယ့် တစ်ကယ့်ရင်ထဲမှာ ရှိတဲ့အတိုင်းကို ပြောလိုက်တာပါ။ လူငယ်တွေရဲ့ ဟီးရိုးဖြစ်သလို ကျွန်မအတွက်လည်း သူက ဟီးရိုးပါပဲ။ 2008 ခုနှစ်ရဲ့ ပြောင်းလဲမှုတွေထဲက အကြီးမားဆုံး ပြောင်းလဲမှုဟာ အိုဘားမးပါလို့ ပြောရင်လည်း မမှားဘူး မဟုတ်လားရှင်။ လေဖမ်းပြီး ဒန်းစီးချင်တယ်ပဲ ပြောပြော ကျွန်မကတော့ အိုဘားမားကို အမှန်ကို တွေ့ချင်တာပါ

2. Ko Htike

ကိုထိုက် ကို တွေ့ချင်တယ်ဆိုလို့ တစ်မျိုးတော့ ဖြစ်မသွားကြပါနဲ.။ ကိုထိုက်နဲ့ ကျွန်မက 2006 ခုနှစ်လောက်ကတည်းက သူရော ကျွန်မပါ ဘလောဂ့်မရေးခင် အချိန်ကတည်းက ဖိုရမ်တစ်ခုမှာ ခင်မင်လာခဲ့ကြတဲ့သူတွေပါ။ အခုအချိန်ထိလည်း အခင်ဆုံး သူငယ်ချင်းတွေအဖြစ် ရှိနေကြတုန်းပါပဲ။ တစ်နေ့နေ့တော့ ဖြစ်လာမယ် ထင်ပါရဲ့။

3. ပန်ဒိုရာ

ဘလောဂ့်လောကမှာ ကျွန်မခင်ရတဲ့ အမ လေးယောက်ရှိတယ်ရှင့်။ မပန်၊ မဂျစ်၊ မမီ၊ မခွန်မြလှိုင်တို့ပါပဲ။ သူတို့တွေ ရေးတဲ့စာကိုဖတ်ပြီး အတွေးအမြင်တွေ ပွင့်လာရသလို ကျွန်မချစ်ပြီး လေးစားရတဲ့ အမတွေပါ။ ကျွန်မတို့တွေဟာ ဂျီတော့ပေါ်မှာ အရည်မရ အဖတ်မရတွေကော အရည်ကော အဖတ်ပါ ရတဲ့အကြောင်းအရာတွေ တော်တော်များများကို ပြောဖြစ်ခဲ့ကြပါတယ်။ မပန် ဟိုတစ်လောက် မြန်မာပြည် လာသွားပေမယ့် တွေ့ခွင့်မကြုံလိုက်ပါဘူးရှင်။ ကျွန်မကို မပန် လက်ဆောင်ပေးထားတဲ့ မီးချောင်းရုပ်ကလေးနဲ့ Key Chain လေးကိုလည်း ကျွန်မ ခုချိန်ထိ သိမ်းထားတုန်းပါပဲ။

4. မဂျစ်တူး

ဘလောဂ့်လောကမှာ ကျွန်မအတွက် ၀မ်းနည်းစရာ အရာတွေထဲက တစ်ခုကို ပြောပါဆိုရင် မဂျစ် တစ်ယောက် ဘလောဂ့်ရေးခြင်းကို ရပ်နားလိုက်တာလည်း တစ်ခုအပါအ၀င်ပါပဲလို့ ပြောပါရစေရှင်။ ကျွန်မကိုလည်း ညီမလိုချစ်တဲ့ ကျွန်မကလည်း အစ်မတစ်ယောက်လို ပြန်ချစ်တဲ့ မဂျစ်ကို ဘလောဂ့်ဆက်ရေးစေချင်သေးတာ မှန်ပေမယ့် သူအလုပ်အင်မတန်များတာကြောင့် ရပ်နားလိုက်ရတာကိုတော့ ကျွန်မတို့ ဘယ်လိုမှ မတားဆီးနိုင်ခဲ့ပါဘူး။ မဂျစ်ရဲ့စာတွေဟာ လူငယ်တွေအတွက် တစ်ကယ့်ကို ကောင်းတဲ့စာတွေဖြစ်ပါတယ်။ ကျွန်မသူ့ကို တွေ့ခွင့်ရရင် တွေ့ချင်ပါတယ်ရှင်။

5. မခွန်မြလှိုင်

သူကတော့ ကျွန်မနဲ့ ညီအစ်မလိုကော သူငယ်ချင်းလိုကော ပေါင်းတဲ့သူတစ်ယောက်ပါ။ ကျွန်မရဲ့ လိုအပ်ချက်တွေကိုလည်း အမြဲထောက်ပြတတ်တဲ့ စေတနာကောင်းတဲ့ အမတစ်ယောက်ပါရှင်။ အခုတော့ ချင်းမိုင်မှာ သူ့ချစ်တဲ့ သမီးလေးနဲ့ ပျော်နေလေရဲ့။ ကျွန်မတို့တွေ ရေစက်ကော မီးစက်ကောရှိရင် တစ်နေ့နေ့တော့ တွေ့ရမှာပေါ အမရယ်။

6. ကိုကောင်းကင်ကို

လေပြင်းတွေ ခြွေလာလို့ သေမင်းဆီ ငါကြွေသွားရင်တောင် ကဗျာတွေကို စုပ်ခဲ့တဲ့နှုတ်ခမ်းနဲ့ ကမ္ဘာမြေကိုနုတ်ဆက်နမ်းခဲ့မယ်ဆိုတဲ့ မိတ်ဆက်စာသားနဲ့ အလန်းဆုံး ကဗျာစာသားတွေကို ရေးဖွဲ့ပေးနေသူပေါ့ရှင်။ ဘန်ကောက်ရောက်ရင် ဘီယာတူတူသောက်ကြမယ်လို့တော့ စကားခံထားတာပဲရှင့်။ တစ်ကယ်တွေ့လို့ ထွက်ပြေးရင်တော့ မပြောတတ်ဘူး။ ဘလောဂ့်ပေါ်က ကျွန်မရဲ့ အကိုတစ်ယောက်ပါ။

7. ကိုလူအေး

သူ့ကတော့ ကျွန်မရဲ့ မျိုးတူအကိုပါ။ ရခိုင်အချင်းချင်းမို့ ရိုင်းပင်းကြပါတယ်။ ယောင်္ကျားများ ယူမနေပါနဲ့ ပင့်ကူရယ်။ ကလေးလိုချင်ရဲ့ အကိုမိန်းမယူပြီး ရလာမယ့် ညည်းရဲ့ တူတွေ တူမတွေကို လာထိမ်းလို့ ပြောပြောနေတတ်တယ်လေ။ မကြာသေးခင်ကမှ ဒေါ့ကွမ်းကြီး ၀ယ်ပြီး လာသမျှလူကို လိပ်စာပြောင်းပြီ လိပ်စာပြောင်းပြီလို့ လိုက်ကြွားနေတတ်တဲ့ လူကြီးပါရှင့်။

8. ကိုထွန်းတောက်နေ

ထွန်းတောက်နေ ဆိုတဲ့ နာမည်နဲ့ ဘလောဂ့်ရေးတဲ့ ရုပ်ဆိုးဆိုးအကိုကြီး တစ်ယောက်ပါ။ အလကား စတာပါ။ ရုပ်မဆိုးပါဘူး.. စိတ်နှလုံးကောင်းပြီး ခင်ဖို့အလွန်ကောင်းပါတယ်။ ခုတော့ ချင်းမိုင်မှာ ပုလင်းကိုင်နေတယ် ထင်ရဲ့။ အရက်လည်း အင်မတန်သောက်တာပေါ့ရှင်။ အကိုရေ.. အကိုနဲ့ ကျွန်မတွေ့တဲ့ နေ့ဟာ အကိုအသဲခြောက်ပြီး ဘ၀ပြောင်းတဲ့နေ့တော့ မဖြစ်ချင်ဘူးနော်(အလကား စတာပါ.. သူက စလို့ကောင်းတယ်လေ)။

9. Sunday

To My Dearest ဆိုတဲ့ ပိုစ့်ကို ဖတ်မိတဲ့သူတိုင်း ကျွန်မမှာ အခင်ဆုံး သူငယ်ချင်း လေးယောက်ရှိတာ သိကြမှာပါ။ အဲ့လေးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ဂျစ် ဆန်းဒေးကိုတော့ ရင်ထဲ အသဲထဲကကို လှိုက်လှိုက်လှဲလှဲ နင့်နင့်သီးသီး တွေ့ချင်တာပါရှင်။ တစ်ကယ်ပါ။ သူနဲ့ တွေ့ဖြစ်ကြဖို့ ကျွန်မကို ၀ိုင်းဆုတောင်းပေးကြပါနော်။

10. ပါရမီ

The last, but not least ပါ ကျဲကျဲရေ။ အချစ်ဆုံး လေးယောက်ထဲက ကျွန်မနဲ့ မဆုံဖြစ်သေးတဲ့ အမပါ။ Padonma Forum က မော်ဒီရေတာ မမကြီးပေါ့။ ကျွန်မတို့ ငါးယောက်လုံးဆုံးနိုင်မယ့် နေ့ကလေးကို ရောက်လာဖို့ကလည်း ကျွန်မရဲ့ အတောင့်တဆုံး အိပ်မက်တွေထဲက တစ်ခုပါပဲရှင်။

ဆယ်ယောက်ပဲ ရေးခိုင်းလို့ပေါ့ရှင်။ မဟုတ်ရင်တော့ ကျွန်မ တွေ့ချင်တဲ့ သူတွေကို တွေ့ချင်သလောက်ကို ချရေးပစ်လိုက်အုံးမှာ။ ကိုရန်အောင်တို့၊ တစ်နိုင်ငံတည်းနေပြီး မတွေ့ဖြစ်ကြသေးတဲ့ လင်းဦးတို့၊ ကိုကြီးစေးထူးတို့ အို အများကြီး အများကြီး ကျန်နေသေးတာ။ နိုင်ငံတကာမှာ ရှိတဲ့ မြန်မာ ဘလောဂ့်ဂါတွေ အကုန်လုံးစုပြီး Blogger Conference ကြီးတစ်ခုလောက် လုပ်ရရင် ကောင်းမယ်လို့တောင် မျှော်လင့်မိပါသေးရဲ့ရှင်။