Tag Archives: Thingyan

ပိတောက်ပင်အောက်က သီချင်းရှင်

Standard

(၁)
မနက်စောစော အိပ်ရာကနိုးတော့ မွှေးပျံ့သည့်ပန်းရနံ့တွေကြောင့် ချက်ချင်းကို ငေါက်ခနဲထထိုင်မိသည်။ ခါတိုင်းဆို အိပ်ရာကနိုးနေပေမယ့် အိပ်ရာထဲတွင် နည်းနည်းလေး နှပ်နေရသည်က ” စိမ့် ” ၏အကျင့်။ ဒီနေ့မနက်မှာတော့ ထူးထူးခြားခြား ပန်းရနံ့လေးတွေ သင်းပျံ့လို့နေသည်။ ပြူတင်းတံခါးကို ဖွင့်ကြည့်လိုက်တော့ တစ်ဘက်ခြံထဲမှ ၀ါဝင်းနေသည့် ပိတောက်ပင်ကြီးကို တွေ့ရသည်။ အို… ပိတောက်တွေတောင် ပွင့်ပြီ.. သင်္ကြန်နီးလာပြီပဲ။

လေပွေတစ်ချက် ဝှေ့တိုက်သည်။ မြေသင်းရနဲ့လေးတွေက နှာသီးဝကို ကလူကျီစယ်သွားကြသေးသည်။ မနေ့ညက ခပ်ဖွဲဖွဲရွာခဲ့သော မိုးကြောင့်ထင်သည်.. ပိတောက်လည်းပွင့်သည်.. မြေဆီလွှာလည်း သင်းပျံ့သည်။ မနက်ခင်းသည် သာယာလှပနေတော့သည်။ ခဏကြာတော့ တစ်ဘက်ခြံမှ ခြံစောင့်အမျိုးသားတစ်ယောက် တံချုတစ်လက်နဲ့ ခြံထဲဆင်းလာကာ ပိတောက်ပန်းတွေကို ခြွေယူတော့သည်။ ဟင့်အင်း… မလုပ်ပါနဲ့.. မခူးလိုက်ပါနဲ့လား.. ပိတောက်တွေကို စိမ့် မခြွေယူစေချင်ပါ။ ဘုရားကပ်ဖို့ ခူးယူသည်ဟု စိတ်ထဲက သဘောပေါက်လိုက်သော်လည်း ပိတောက်ပန်းကို အပင်ထက်တွင်ရှိနေသည်က ပိုလှသည်.. ပိုတင့်တယ်သည်ဟု စိမ့် စိတ်ထဲ မှတ်ယူထားသည်။ သို့သော် စိမ့် မှာတော့ ပိတောက်ပင်ပိုင်ရှင်ကို တားပိုင်ခွင့်မရှိပါ။ မနက်စောစောဝယ်.. မြေခသက်ဆင်းလာသည့် ပိတောက်ခိုင်များကို နှမြောတသစွာ ငေးမောကြည့်နေရတော့သည်။

“တုံ.. တုံ .. တုံ”

ဟော ဂျီတော့ကနေ တစ်ယောက်ယောက်က ခေါ်ပြီထင်သည်။ မနေ့ညကတည်းက ကွန်ပျူတာမပိတ်၊ ဂျီတော့ဖွင့်လျက်သား အိပ်ပျော်သွားခဲ့သည်ကို ခုမှ သတိရသည်။ ကဗျာ ကယာလှည့်ကြည့်လိုက်တော့ အံမယ်… မန္တလေးက မမကြီး ခေါ်နေပါလား။

“ဟိုင်း မမကြီး.. စိမ့် နိုးနေပြီ.. ဒီမနက် ပဲခူးမှာ ပိတောက်တွေပွင့်တယ်.. သိပ်လှတာပဲ မမကြီးရယ်”
“မမကြီးတို့ဆီမှာလည်း ပွင့်တယ်လေ.. အဲ့ဒါ ပိတောက်ကို မြင်တော့ စိမ့်လေးကို အရမ်းသတိရလာတာနဲ့.. အွန်လိုင်းလည်း တွေ့နေတာနဲ့ လှမ်းခေါ်လိုက်တာ.. စိမ့် ၀မ်းနည်းနေလားဟင်”
“စိမ့် ၀မ်းမနည်းပါဘူး မမကြီးရယ်.. ပိတောက်ပန်းတွေက အပင်ပေါ်မှာ ပိုလှပါတယ်.. ခူးနေသူတွေကို စိမ့် မနာလိုလိုက်တာ”
“ဒီ သင်္ကြန် စိမ့် ဆီကို မမကြီး လာခဲ့ရမလား.. စိမ့် အဖော်ရအောင်လေ”
“မလာပါနဲ့ မမကြီးရယ်.. ပင်ပန်းပါတယ်.. နှစ်နှစ်ဆိုတဲ့ အချိန်ကာလက စိမ့်ကို နေသားကျစေခဲ့ပါပြီ.. စိမ့် ဘာမှ မဖြစ်ပါဘူး မမကြီးရဲ့.. အိမ်မှာ ဖွားဖွားနဲ့နေမှာပေါ့.. မေမေလည်းရှိတယ်လေ.. အွန်လိုင်းပေါ်မှာလည်း သူငယ်ချင်းတွေမှ ပေါလို့.. အငယ်မကတော့ ပြောမနေဲ့ ဘယ်တော့မှ အဖော်မရပါဘူး”
“အိုးကေ အိုးကေ.. ပျင်းရင်လည်း ဖုန်းဆက်လိုက်နော်.. မမကြီး လာခဲ့မယ်သိလား ခုတော့ အလုပ်ကို ပြေးလိုက်အုံးမယ် စိမ့်ရေ တာ့တာ”
“Bye”

တစ်ကယ်တော့ စိမ့်က အောက်ပိုင်းလှုပ်မရတော့သည့် ဒုက္ခိတလေးတစ်ယောက် ဖြစ်သည်။ စိမ့် အခုလိုဖြစ်သွားရသည်ကလည်း ပိတောက်ပန်းနှင့် သင်္ကြန်ကြောင့်ဟု ပြောရပေလိမ့်မည်။ လွန်ခဲ့သော နှစ်နှစ်ခန့် စိမ့် တစ်ယောက် အမျိုးတွေရှိရာ မန္တလေးသင်္ကြန်ကို အပျော်ကြီး ပျော်လိုက်မည်ဟု သွားရောက်ခဲ့သည်။ သင်္ကြန်ရက်များတွင်တော့ မန်းသင်္ကြန်ကို ပျော်ပျော်ကြီး ဆင်နွှဲရပါသည်။ သို့သော် နှစ်ဆန်းတစ်ရက်နေ့တွင်ကား ပိတောက်ပန်းတွေ ခူးချင်သည့် စိတ်နှင့် စိမ့်အခုလို ဖြစ်သွားခဲ့ရသည်။ ထိုနေ့က မမကြီးတို့ ခြံထဲတွင် ပိတောက်ပန်းတွေ ဝေနေအောင်ပွင့်သည်။ ဘုရားတင်ရန် ပိတောက်ပန်းခူးမည်ပြင်တော့ တံချူကရှာမတွေ့။ သည့်အတွက်ကြောင့် ငယ်ငယ်ကတည်းက မျောက်ရှုံးအောင်ဆော့သည့် စိမ့် မိန်းကလေးတန်မဲ့ ပိတောက်ပင်ပေါ်တက်ကာ ခူးတော့သည်။ ပိတောက်ပန်းတွေခူးရင်း မတော်တဆ လိမ့်ကျကာ စိမ့်၏ အောက်ပိုင်းလှုပ်မရတော့ပဲ ဒုက္ခတဘ၀ကို ရောက်သွားခဲ့ရခြင်းပင်။ ထိုအချိန်မှစကာ သင်္ကြန်ရောက်တိုင်း စိမ့် မပျော်နိုင်တော့.. ပိတောက်တွေကိုလည်း သူများတွေကို မခူးစေချင်တော့။ သင်္ကြန်နှင့် ပိတောက်သည် စိမ့်အတွက်တော့ စိတ်နာစရာတစ်ခု ဖြစ်နေချေသေးတော့သည်။ ထိုအချိန်မှစ၍ စိမ့်အတွက် စိတ်အပန်းဖြေစရာသည် အင်တာနက် ဖြစ်လာသည်။ စီးပွားရေးတောင့်တင်းသော ခေတ်မီသောမိသားစုဖြစ်သဖြင့် စိမ့်အတွက် အိမ်နားရှိ အင်တာနက်ဆိုင်မှ Network ကြိုးသွယ်ကာ အင်တာနက်ချိတ်ပေးထားသည်။ စိမ့်သည်လည်း အွန်လိုင်းကမ္ဘာထဲဝယ် အများနည်းတူ မွေ့လျော်နေမိတော့သည်။

“မကြီးစိမ့် နိုးနေပြီလား.. မျက်နှာသစ်ရအောင်လေ”

မေမေခေါ်ပေးထားသည့် အိမ်ဖော်ကောင်မလေး ရောက်လာသည်။ ရေချိုးခန်းတူတူဝင်ပြီး မျက်နှာသစ် ကိုယ်လက်သန့်စင် လုပ်ရသည်။ ထို့နောက် မေမေတို့ ဖွားဖွားတို့နဲ့ မနက်စာစားကြသည်။

“သင်္ကြန်ရောက်ဖို့ ဘယ်နှစ်ရက် လိုသေးလဲ မေမေ”
“သဘက်ခါဆို သင်္ကြန်ပဲ စိမ့်ရဲ့.. ဒီနှစ်လည်း မေမေတို့ ဘယ်မှ မသွားပါဘူး.. စိမ့်နဲ့ပဲ တူတူနေပေးမှာနော်။ ငယ်လေးကတော့ လျှောက်လည်မယ် ထင်ရဲ့”
“ဟဲဟဲ ကားက စည်သူတို့ဆီက အလကားရမှာ မေမေရ.. မမစိမ့်အတွက် နှစ်ယောက်စာ ပိုပျော်ပေးမယ် စိတ်ချနော်”
“သွားပါ ငယ်လေးရယ်.. သတိလည်းထားနော်.. အရမ်းလည်း မဆော့နဲ့အုံး”
“စိတ်ချမမ.. ငယ်က အရမ်းမလွတ်ပါဘူး”

Read the rest of this entry

Advertisements

Last Day of Thingyan

Standard

မနက်အိပ်ရာကနိုးတော့ စစချင်း သတိပြုမိတာက ဆာလောင်မှုဖြစ်သည်။ ဟုတ်တာပေါ့ မနေ့က ဥပုသ်စောင့်ထားလို့ ညနေစာ မစားရတော့ ဒီနေ့မနက်မှာ ကျွန်မ အတော်လေးကို ဗိုက်ဆာနေတော့တာပေါ့။ သွားတိုက် မျက်နှာသစ်ပြီး တစ်ခုခုစားမယ်ဆိုတဲ့ စိတ်ကူးနဲ့ အိပ်ရာက ထလိုက်တော့ ခေါင်းထဲက မိုက်ခနဲဖြစ်သွား၍ ပြန်လှဲနေလိုက်ရသေးသည်။ ကျွန်မက ဒီလိုပါပဲ။ နဂိုကတည်းက ကိုယ်ခံအား သိပ်မကောင်းတော့ တစ်ခုခုဖြစ်ဆိုလျှင် သူများထက်ပိုလို့ ဒဏ်ခံရတတ်သည်။ ခုလည်းကြည့်လေ.. ညနေစာလေး တစ်နပ်မစားတာနဲ့ ခေါင်းမူးသလိုလိုဖြစ်ချင်နေပြီ။ ဒီအတိုင်းဆိုရင်တော့ ကျွန်မများ သီလရှင် ရာသက်ပန်ဝတ်လိုက်ရင် ဘယ်လိုများနေလိမ့်မလဲ ဆိုပြီး တွေးလိုက်မိသေးသည်။ မဖြစ်သေးပါဘူးလေ.. ဒီလိုပျော့နေပုံထောက်လို့ကတော့ မိဝေး ဖဝေးမှာ ကျွန်မတစ်ယောက်တည်း ဒီအတိုင်းသာ ဆက်နေလို့ တစ်ခုခုအသည်းအသန်ဖြစ်ရင် ခက်ချေပြီလို့ တွေးပြီး အစာများများစားဖို့ လေ့ကျင့်ပေးရမည်။ အိပ်ရာထာခဲ ခဏလေး ထပ်မှိန်းနေပြီး အားယူထလိုက်သည်။

လမ်းထိပ်က ဒီဂျေဖွင့်သံကြားရသည်။ မနက်စောစော ခုနစ်နာရီဆိုပေမယ့် အရင်ရက်တွေနဲ့ မတူ အော် ဟစ် ဆူ ညံ သံတွေက ပတ်ဝန်းကျင်ကို လွှမ်းနေသည်။ အင်း ဒီနေ့ သင်္ကြန် နောက်ဆုံးရက်ဆိုတော့ ကဲမယ့်သူတွေ အပီကဲမယ့်နေ့ပဲလေ။ ဒီလောက်တော့ ဖြစ်မှာပေါ့။ သင်္ကြန်တွင်းကို အရင်နေ့များကလို မီးအကြာကြီး မပြတ်တာတစ်ခုတော့ ကျေးဇူးတင်စရာ ကောင်းပါသည်။ သွားတိုက် မျက်နှာသစ်ပြီး ကော်ဖီဖျော်တော့ တစ်ယောက်ယောက်ကို သတိရသလို၊ လွမ်းသလိုလို ခံစားလိုက်ရသေးသည်။ အာ.. ကော်ဖီနဲ့ လွမ်းတာ ဘာဆိုင်လို့တုန်း။ မနက်စာစားနေတုန်း ၀ရံတာ ထွက်ရပ်တော့ သင်္ကြန်ကားမျိုးစုံ လမ်းမထက်မှာ ဥဒဟို သွားလာ နေကြလေရဲ့။ အော်သူကအော်၊ သီချင်းဆိုသူကဆို၊ ကသူကကနဲ့ သူတို့တွေ သင်္ကြန် နောက်ဆုံးရက်ကို အပီကဲကြပေရော့မည်။

ဒီနေ့တော့ ကျွန်မ ဥပုသ် မစောင့်တော့ပါဘူးလေ။ သူငယ်ချင်းတွေကို ဖုန်းဆက်ကြည့်လျှင်တော့ ကောင်းမည်။ သူတို့တွေ ဘယ်တွေများ သွားနေကြမလဲ.. ကျွန်မကို သတိရနေလေမလား။ မဏ္ဍပ်ထိုင်မည့် သူငယ်ချင်းတွေကတော့ ခုချိန်လောက်ဆို အလှပြင်နေကြရောပေါ့။ ကော်ဖီသောက် မုန့်စားပြီးတော့ ကျွန်မ ထမင်းချက်ဖို့ လုပ်ရသည်။ မီးက အစိုးရတာ မဟုတ်.. နေ့လည်စာရော ညစာပါ တစ်ခါတည်းပေါင်းချက်လိုက်တော့ အေးတာပါပဲလေလို့ တွေးမိပြီး ကျွန်မ မီးဖိုချောင်ဝင်သည်။ အာလူးရယ် ငါးခြောက်ရယ်ကိုချက်၊ ထမင်းကို ပေါင်းအိုးနဲ့ ပေါင်းထားလိုက်သည်။ ဒီနေ့ လမ်းထဲမှာလည်း ခါတိုင်းထက် ပိုပြီး စည်ကားနေပါသည်။ ကြာဆံကြော် စတုဒီသာ ကျွေးမည့် အဖွဲ့၊ မုန့်လုံးရေပေါ် လုံသည့်အဖွဲ့တွေကလည်း စည်ကားလို့။ လမ်းထဲက ကာလသား တစ်သိုက်ကတော့ လမ်းထိပ်မှာ ရေတိုင်ကီတွေ အသင့်ပြင်ပြီး လမ်းသွား လမ်းလာတွေကို ရေလောင်းဖို့ ပြင်ဆင်လို့။ အားလုံးကတော့ သူ့ဟာနဲ့သူ ပျော်နေကြတာ ချည်းပါပဲလေ။

ကျွန်မအဖို့တော့ သင်္ကြန်နောက်ဆုံးရက်သည် အီလည်လည်ကြီး ဖြစ်နေလေတော့သည်။ နေ့လည်စာအတွက် ထမင်းဟင်းချက်ပြီးတော့ မနက် ၁၀ နာရီကျော်ပြီ။ သူငယ်ချင်းတွေကို ဖုန်းခေါ်ကြည့်ရမည်.. သူတို့ တစ်ခုခုသွားရင်တော့ ကျွန်မလည်း လိုက်သွားချင် လိုက်သွားနိုင်တာပဲ။ အမ တစ်ယောက်ကို ဖုန်းဆက်တော့ အ၀တ်လျှော်နေသည်တဲ့။ သူ့အိမ်က တစ်အိမ်လုံး ဒီနေ့လည်မယ်ဆိုတော့ သူက အိမ်မှာ နေခဲ့ရမယ်တဲ့လေ။ နောက် သူငယ်ချင်း တစ်ယောက်ရဲ့ ဖုန်းကတော့ ဆက်မရ။ အကို တစ်ယောက်ကိုဖုန်းဆက်တော့ ညီမလေးရယ် အကိုက အစ နှစ်ရက်က လည်တာ.. လှည်းတန်းကိုလည်း နေ့တိုင်းရောက်တယ်.. ညီမလေးကိုလည်း ၀င်ခေါ်ဖို့ သတိရတယ်.. အိမ်ကိုလည်းမသိဘူး.. ဖုန်းဆက်တော့လည်း မရဘူး။ ဒီနေ့တော့ ကားကို အဖေယူသွားတယ်တဲ့။ အင်း ထားလိုက်ပါတော့လေ.. အရင်နေ့တွေလိုပဲ အိမ်မှာ စာကျက်လိုက် ၀တ္ထုဖတ်လိုက် အချိန်ကုန်ရပေအုံးမှာပေါ့။

စာကျက်ဖို့ စာအုပ်ကိုင်တော့ အိမ်ဘေးက သီချင်းသံ၊ လမ်းထိပ်က ဒီဂျေသံတွေကြောင့် အာရုံစူးစိုက်လို့ မရ။ ကြိုးစားပြီး စိတ်နှစ်လိုက်တော့ နည်းနည်းစိတ်ဝင်စားလို့ရသွားသည်။ ခဏကြာတော့ လမ်းထဲကောင်လေးတွေ အိမ်ပေါက်စေ့ ကြာဆံကြော်တွေ လိုက်ဝေသည်။ ကျွန်မတို့အိမ်ကိုလည်း လာပေးသောကြောင့် ကျေးဇူးတင်ရသေးသည်။ ကြာဆံကြော်ကို ထမင်းနဲ့ နေ့လည်စာစားပြီးတော့ စာကျက်ရင်းနဲ့ နေ့လည်ခင်းကို အချိန်ဖြုန်းရသည်။ နည်းနည်းလောက်ကြာတေ့ ပျင်းပျင်းရှိသည်နဲ့ ၀ရံတာကို ထွက်ရပ်ကြည့်သည်။ ရာသီဥတုကလည်း အရင်နေ့တွေတုန်းက မိုးရွာခဲ့သလောက် ဒီနေ့ကျမှ အတော်လေးကို ပူနေသည်။ လမ်းပေါ်မှာ အော်ဟစ်ရင်း သွားနေကြသည့် သင်္ကြန်ကားများကိုကြည့်ကာ နေပူပူမှာ ဒီလိုအော်နေတာ ငရဲကျနေတာနဲ့ တူနေသလားဟု တွေးမိသေးတော့သည်။ အင်း သူတို့များ သိသွားရင်တော့ ငါ့ကို သူမလည်ရလို့ ဒီလိုပြောတယ်လို့များ စွပ်စွဲနေအုံးမလား မသိ။

ညနေစောင်းတော့ မိုးရိပ်မိုးသားတွေ တက်လာသည်။ ရုတ်တရက် မနေ့က အင်တာနက်တွင် ဖတ်ခဲ့သော မုန်တိုင်း သတိပေးချက်များကို သတိရမိသည်။ ဘုရားရေ မုန်တိုင်းတိုက်လို့ ရခိုင်ပြည်ကို ၀င်မွှေရင်တော့ ဒုက္ခပဲဆိုပြီး အိမ်ကိုလည်း လှမ်းစိတ်ပူမိသေးသည်။ မဖြစ်သေးပါဘူးလေ… အိမ်ကိုတော့ အကြောင်းကြားအုံးမှပဲ.. မနှစ်တုန်းကလည်း ဒီလိုပဲ မထင်မှတ်ပဲ နာဂစ်ဝင်မွှေသွားခဲ့တာ မဟုတ်လား။ ရာသီဥတုက ပူလိုက် မိုးအုံ့လိုက်ဖြင့် အတော်လေးတော့ မနှစ်မြို့စရာ ကောင်းလှ သေးတော့သည်။

သင်္ကြန်ကားများကတော့ မုန်တိုင်းကိုလည်း စိတ်ပူကြပုံ မရပါဘူး။ အင်း ဒီနေ့ဟာ နှစ် တစ်နှစ်ရဲ့ နောက်ဆုံး နေ့ရက်ပဲ။ မနက်ဖြန်ဆို နှစ်ကူးပေတော့မည်။ ဒီလိုနဲ့ အသက်တစ်နှစ်ကြီးသွားမည်။ သေမယ့်အချိန်လည်း တစ်နှစ်နီးလာပေတော့မည်။ ကျွန်မ ဘာတွေများ လုပ်ခဲ့ပါလိမ့်။ ဒီလိုများ သေသွားခဲ့ရင် ကျွန်မဟာ ဆန်ကုန် မြေလေးခဲ့ရုံကလွဲလို့ ဘာမှ အကျိုးမရှိ ဖြစ်ခဲ့မှာပါလားဟု အတွေးဝင်ကာ လက်ရှိထက် ပိုကြိုးစားဖို့ နှလုံးသွင်းရသည်။

တစ်ဖြည်းဖြည်းနေညိုလာသည်။ ပတ်ဝန်းကျင်ကို အမှောင်ထုက စိုးမိုးလာသည်။ သင်္ကြန်ကားများလည်း အိမ်ပြန်ချိန် ရောက်ပြီ။ လမ်းထိပ်က ကာလသားအဖွဲ့ကတော့ သောင်းကျန်း၍ ကောင်းတုန်း။ ပျော်သူတွေလည်း ပျော်ခဲ့ပြီးကြပြီ။ ကဲသူများလည်း ကဲခဲ့ပြီးကြပြီ။ လွမ်းသူများလည်း ရှိပေရော့မည်။ ဒီလိုနဲ့ပဲ သင်္ကြန်သုံးရက်တာကာလသည် ကုန်ဆုံးလွန်မြောက် သွားခဲ့လေပြီ။

First Day of Thingyan

Standard

ချောင်းသာကတော့ ပြန်ရောက်ပြီ.. အသားလေးတွေ နည်းနည်းမဲလာသည်.။ ပြန်ဖြူအောင် အိမ်တွင်း အောင်းရပေအုံးမည်။

ချောင်းသာမှာ တော်တော်ပျော်ဖို့ကောင်းပါတယ်။ ရေထဲမှာ စိမ်နေရတာ တစ်ကယ့်ကို ဇိမ်ပါပဲရှင်။ ဒါပေမယ့် ခရီးကကြမ်းတော့ သွားရတာ ပင်ပန်းလိုက်တာ မပြောပါနဲ့တော့။ နောက်မှ ချောင်းသာအကြောင်း သပ်သပ်ပို့စ်တင်ပြီး ပုံတွေပါ တင်ပေးပါအုံးမယ်။

ရန်ကုန်သင်္ကြန်ကတော့ ထုံးစံအတိုင်း ကဲသူကကဲ မူးသူကမူးနဲ့ အရောင်အသွေးစုံလင်လို့ပါပဲ။ လမ်းမ တစ်လျှောက်မှာ ရေပက်ခံကားတွေ ကနေ အော်သံ၊ သီချင်းဆိုသံတွေဟာ အရင်နှစ်တွေက သင်္ကြန်တွေ အတိုင်းဘာမှ မပြောင်းလဲပါဘူး။ ဘယ်နေရာမှာ ဘယ်လိုစည်တယ်ဆိုတာကတော့ ကျွန်မလည်း အပြင်မထွက်တော့ မပြောတတ်ဘူးရှင့်။ အင်းယားလမ်းတို့ ဘာတို့မှာတော့ အရင်အတိုင်းပဲ စည်မှာပါ။ စိုးဇေယျ ဘလောဂ့်မှာတော့ ပုံတွေ တင်ထားတာ တွေ့တယ်။ လူတိုင်းကတော့ သင်္ကြန်မှာကဲဖို့ အားခဲထားကြတာပဲလေ။ ကျွန်မကတော့ သင်္ကြန်မှာ လူတိုင်းကို ပျော်စေချင်တယ်။

သင်္ကြန် အကျနေ့မှာ ကျွန်မအဖို့တော့ ဘာမှ မထူးခြားပါဘူးရှင်။ မနက်က ငါးပါးသီလ ယူတယ်။ တစ်ကယ်က ရှစ်ပါးသီလ ယူမလို့ပဲ။ ဒါပေမယ့် အကုန်မရတဲ့အပြင် စာအုပ်မှာလည်း ရှာမတွေ့လို့ မယူဖြစ်လိုက်ဘူး။ ဒါကြောင့် အွန်လိုင်းတက်လာပြီး သူငယ်ချင်းတွေကို လိုက်မေးရသေးတယ်။ ခုတော့ ရှစ်ပါးသီလလည်း ရသွားပြီဆိုတော့ မနက်ဖြန် သီလယူဖို့ အသင့်ပဲပေါ့။

သင်္ကြန်မှာ ပျော်နိုင်ကြပါစေ.. ကောင်းမှုကုသိုလ်လည်း များများ ယူနိုင်ကြပါစေရှင်။

Thingyan Shades..!

Standard

သင်္ကြန်ရောက်ခါနီးတော့ စိတ်ကလေးက မရိုးမရွ ဖြစ်လာတယ်။ ပိတောက်ပန်းမြင်ရင် ရင်ခုန်တယ်။ သင်္ကြန်သီချင်းတွေလည်း ဟိုမှာ သည်မှာ စဖွင့်နေကြပြီ။ ခေတ်အဆက်ဆက်က သီဆို ဟစ်ကြွေးလာကြတဲ့ သီချင်းတွေကို ရိုးရာမပျက်တဲ့ မူလလက်ဟောင်း သံစဉ်တွေအတိုင်းဖွင့်ကြတယ်။ တစ်ချို့ပညာရှင်တွေက Remix ဆိုတာတွေလုပ်ပြီးတော့ Electro နဲ့ ရောသမမွှေကြတယ်။ ဘယ်လိုပဲ ပြောပြော သင်္ကြန်သီချင်းတွေကတော့ လူတွေကို မရိုးမရွဖြစ်စေတာ အမှန်ပါပဲ။ ကျွန်မက ဒီနှစ်သင်္ကြန်ကို အိမ်တွင်းပုန်းပြီး စာကျက်မယ်လို့ပဲ စိတ်ကူးထားတယ်။ ဒါပေမယ့် စိတ်ကူးထားတယ်ဆိုတော့လည်း လာရောက်ညမြှူဆွယ်သူများရှိရင် အချိန်မရွေး စိတ်ကူးပြောင်းရင်လည်း ပြောင်းသွားနိုင်တယ်။ ခုကတည်းကတောင် ရုံးက အကိုတစ်ယောက်က သူ့ဂျစ်ကားကို အလှူပေးမယ်လို့ ပြောနေတော့ စိတ်က နည်းနည်းယိုင်နေတယ်။

သင်္ကြန်ဆိုတော့ ငယ်ငယ်တုန်းက သင်္ကြန်၊ မငယ် တစ်ငယ်ကသင်္ကြန်၊ လူကြီးအဖြစ်နဲ့ နွှဲရတဲ့ သင်္ကြန်.. စသော စသော သင်္ကြန်ပုံရိပ်တွေက စိတ်ကူးထဲကို အစီအရီ ထင်ဟပ်လာတယ်။ ကျွန်မကို မာန်အောင်ကျွန်းဆိုတဲ့ ဟိုး ပင်လယ်ထဲက လူမသိ သူမသိ နေရာလေးမှာ မွေးခဲ့တော့ ကျွန်မရဲ့ သင်္ကြန်ရက် တော်တော်များများကိုပြောရင် မာန်အောင်ကို ပြေးသတိရတော့တာပါပဲ။ မှတ်မိတဲ့ အရွယ်လောက်ကစပြောရရင် ရွာသင်္ကြန်ကနေ စပြောရမယ်။ ကျွန်မတို့ဆီမှာ ခုချိန်ထိ တစ်ခြားမြို့တွေမှာလို မဏ္ဍပ်အကြီးကြီးတွေထိုး၊ ပိုက်တွေနဲ့ပက်ကြတဲ့ ရိုးရာ မရှိဘူး။ ရခိုင်ပြည်နယ်က တစ်ခြားမြို့တွေမှာလိုတောင် စည်စည်ကားကား ကျင်းပပြုလုပ်တဲ့ သင်္ကြန်ရက်မျိုး မရှိဘူး။ ကျွန်မတို့ဆီက သင်္ကြန်ပွဲတော်ဟာ ကိုယ့်ရပ် ကိုယ့်ရွာမှာပဲ လူကြီးသူမတွေက ဥပုသ်စောင့်၊ ကလေးတွေက ခွက်စုတ်ကလေးနဲ့ ရေပက်၊ အပျို လူပျိုတွေက ဘုန်းကြီးကျောင်းတွေမှာ ဥပုသ်သည်တွေအတွက် စုပေါင်းအလှူတွေ လုပ်ပေးဆိုတာမျိုးလောက်ပဲ ရှိပါတယ်။ ဘာပဲ ပြောပြော သူ့ဟာလေးနဲ့သူတော့ လူတိုင်းပျော်ကြတာပါပဲ။

ကျွန်မ ငယ်ငယ်ကလည်း ရေသေနပ်တစ်လက်နဲ့ လာသမျှလူကို ပါးစပ်ကလည်း ဘာတွေရွတ်မှန်းမသိ ရွတ်ပြီး ရေလိုက်ပက်နေတော့တာ။ အဖွားနဲ့အတူ ဘုန်းကြီးကျောင်းလိုက်ပြီး ရွာကလှူသမျှတွေကိုလည်း လိုက်စား၊ အဖေ့တပည့် အကိုကြီး အမကြီးတွေဆီကလည်း ညာစား ကပ်စားနေခဲ့တာ မှတ်မိနေပါသေးတယ်။ နည်းနည်းလေးကြီးလာတော့ ရွာရိုးကိုးပေါက် လျှောက်သွားတတ်လာပြီ။ သူငယ်ချင်းတွေဆိုတာလည်း ရလာပြီး။ ဟိုဘက်ရွာ ဒီဘက်ရွာကိုလည်း ကူးတတ်လာပြီ။ အိမ်က လူကြီးတွေမသိအောင်လည်း တစ်ခုခုကို ခိုးလုပ်တတ်လာပြီ။ ကျွန်မတို့ဆို ငယ်ငယ်ကတည်း သူ့ရွာ ကိုယ့်ရွာက ကလေးအုပ်စုတွေနဲ့ ရွာပြင်မှာ ရေစစ်ပွဲတွေ နွှဲနေကြ။ ခွက်စောင်းထိလို့ တစ်ယောက်ကငိုရင် ရှုံးပြီပဲ။ ရှုံးရင်တော့ ဘာမှလုပ်ပေးရတာလည်း မဟုတ်ပဲနဲ့ အောင့်သက်သက်ဖြစ်ရသေးတယ်။ နာလို့ ငိုမိတဲ့သူကိုလည်း ဒေါသကထွက်ကြသေးတယ်။ နင်ငိုလို့ ငါတို့ ရှုံးတာ ဆိုတာမျိုးတွေလည်း ပြောတတ်လာပြီပေါ့။

အသက် ကိုးနှစ် ဆယ်နှစ်ရောက်လာတော့ မာန်အောင်မြို့ပေါ်ကို ပြောင်းလာကြတယ်။ ကျွန်မ အဖေရော၊ အမေပါ ကျောင်းဆရာတွေဆိုတော့ မာန်အောင်ကျွန်းပေါ်မှာပဲ နယ်လှည့်တာဝန်ထမ်းဆောင်ကြရတယ်။ ကျွန်မ ငယ်ငယ်တုန်းကတော့ အဖေက နယ်က အလယ်တန်းကျောင်း တစ်ကျောင်းမှာ တာဝန်ကျတော့ ရွာမှာပဲ နေခဲ့ရပါတယ်။ မြို့ပေါ်ရောက်လာတော့ အသိကတစ်ယောက်မှ မရှိဘူး။ အိမ်ဘေးနားမှာလည်း ရွယ်တူ ကလေးတွေ မရှိဘူး။ ကျောင်းကလည်း မဖွင့်သေးလို့ အတန်းမတက်ရသေးတော့ သူငယ်ချင်း အသစ်မရသေးဘူး။ အဲဒီတုန်းက သင်္ကြန်က တော်တော်ပျင်းစရာကောင်းတာ မှတ်မိနေသေးတယ်။ အမေကတော့ အိမ်ရှေ့မှာ ဇလားကြီးချပေးပြီး ရေတွင်းက ရေတွေခပ်ထည့်။ ကျွန်မ မပျင်းအောင်ဆိုပြီး လမ်းသွား လမ်းလာတွေကို ကျွန်မနဲ့အတူ ရေလိုက်ဆော့ပေးပါသေးတယ်။ ဒါပေမယ့် ပျင်းတာပေါ့နော်။

နောက်လည်း နှစ် နည်းနည်းကြာတော့ ခွက်စုတ်သင်္ကြန်၊ ရေသေနပ်သင်္ကြန် မဟုတ်တော့ဘူး။ အပျိုနည်းနည်း လုပ်ချင်လာပြီ။ ရွယ်တူ ကောင်မလေးတွေစုပြီး မြို့တစ်ပတ် စက်ဘီးလေးနဲ့ လျှောက်သွားချင်လာပြီ။ ဘုန်းကြီးကျောင်းက အလှူတွေမှာ ဟိုမရောက် သည်မရောက်ပါဝင် ချင်လာပြီ။ အပျိုကြီးမမတွေ ခိုင်းတာလုပ်၊ အကိုကြီးတွေ ခိုင်းတာလုပ်နဲ့ လူတောသူတော နည်းနည်းတိုးချင်လာပြီ။ ကျွန်မတို့ မာန်အောင်မှာ သင်္ကြန်အပြီးမှာ (၃) ရက်လောက် ထပ်လုပ်တဲ့ ရေစစ်ပွဲနားကို ယောင်ချင်လာပြီး။ မနှစ်တုန်းကလည်း ကျွန်မ ရေစစ်ပွဲအကြောင်း ရေးဖူးပါတယ်။ မြန်မာ တစ်နိုင်ငံလုံးမှာ သင်္ကြန် နှစ်ခါကျတာဆိုလို့ ကျွန်မတို့ တစ်မြို့တည်းမှာပဲ ရှိမယ်ထင်တယ်။ သင်္ကြန်ရက်တွေဟာ ထူးထူးခြားခြား ပျော်စရာမကောင်းလို့ သင်္ကြန်အပြီး တစ်ပတ်လောက်အကြာမှာ တစ်မြို့လုံးမှာ မဏ္ဍပ်တွေထိုးပြီး အပျိုနဲ့ လူပျိုချင်း ရေပက်ကြတဲ့ ရေစစ်ပွဲဆိုတာ လုပ်ကြပါတယ်။ လုပ်လာတာ ဘယ်နှစ်နှစ် ရှိပြီမှန်းတော့ သေချာမသိပေမယ့် ဟိုး အရင် အမေတို့ခေတ်ကတည်းက လုပ်လာခဲ့ကြပါတယ်။ မနှစ်တုန်းက ရေးထားတဲ့ အကြောင်းအရာလေးကိုတော့ ဒီနေရာလေးမှာ ဖတ်နိုင်ပါတယ်။

ကျွန်မတို့ ကိုးတန်း ဆယ်တန်းကိုရောက်လာတော့ ရေစစ်ပွဲမှာ ၀င်နွှဲလို့ရပြီပေါ့ရှင်။ မြီးကောင်ပေါက်ကလေးတွေ သစ်ရွက်လှုပ်တာတောင် ရီချင်တဲ့ အရွယ်လေးတွေဆိုတော့ ကိုယ့်ကို ဘယ်သူများ ရေပက်ဖို့ လာတောင်းဆိုမလဲဆိုပြီး ရင်ခုန်ရတာ ရှိသေးတယ်။ အလှတွေ သေချာပြင်၊ အ၀တ်အစားဆိုလည်း အလန်းတွေဝတ်နဲ့ မဏ္ဍပ်ထဲမှာ တစ်ရပ်ကွက်လုံးက အပျိုတွေနဲ့ အတူထိုင်ပြီး တစ်ခြားရပ်ကွက်က ကောင်လေးတွေနဲ့ ရေပက်ဖို့ စောင့်ရတယ်။ တစ်ချို့ ကာလသားလေးတွေက ရှိသေးတယ်။ ကိုယ့်မဏ္ဍပ်ကိုလာလည်ရင် ကိုယ်နဲ့ကျတဲ့ ကောင်မလေးနဲ့ ပက်တာမျိုးမဟုတ်ပဲ ဟိုတစ်ယောက်နဲ့မှ ပက်ချင်ပါတယ်ဆိုတာမျိုး။ ကိုယ့်ကိုများ လက်ညှိုးထိုးပြီး ခေါ်ရင်၊ ခေါ်တဲ့ ကောင်လေးကလည်း ချောရင် ပင့်ဂိုလ်းတို့မှာ အယောင်ယောင် အမှားမှားနဲ့ပေါ့။

အဲဒီအချိန်မှာ တစ်ခြားမြို့က သင်္ကြန်တွေကိုလည်း ရုပ်ရှင်တွေမှာ ကြည့်ဖူးထားတော့ ရန်ကုန်မှာ သင်္ကြန်ကျရရင် ကောင်းမှာဆိုတဲ့ စိတ်ကလေးကလည်း ၀င်မိသေးပါရဲ့။ ဆယ်တန်းအောင်တော့ ရန်ကုန်ရောက်လာပြီ။ ကျောင်းကလည်း သင်္ကြန်အပြီးမှာ စာမေးပွဲ စစ်တာမို့ သင်္ကြန်ကို ရန်ကုန်မှာပဲ ကျရတာ 2001 ခုနှစ်လောက်ကတည်းက ခုချိန်ထိပဲ ဆိုပါတော့။ စစချင်း ကြုံတဲ့နှစ်တုန်းက သင်္ကြန်လည်ရမှာ ကြောက်လည်းကြောက်တယ်၊ လိုက်လည်း လိုက်ချင်တယ်။ သူငယ်ချင်းတွေကလည်း အခေါ်ကောင်းတာနဲ့ ကားစုငှားပြီး သင်္ကြန်လည် ထွက်ကြတယ်။ အဲဒီမှာ ပိုက်နဲ့ထိုးတာကို စခံရတော့တာပါပဲ။ မီးသတ်ပိုက်ဒဏ်ကို မခံနိုင်လို့ ကားပေါ်ကဆင်းပြေးရတယ်။ ဆရာစံလမ်းမှာ အူယား ဖားယားထွက်ပြေးတာ ပြန်မြင်ယောင်ရင် တော်တော်ရီစရာ ကောင်းတယ်။ ခုချိန်မှာတော့ ဘာပိုက်မှ မကြောက်တော့ပါဘူး။ အထာနပ်သွားပြီ။ ကြောက်လို့ ပုန်းကြ ကွယ်ကြတဲ့ လူမျိုးဆို မီးသတ်ပိုက်ကိုင်တဲ့ ကိုယ်တော်ချောတွေက ပိုကျီစယ်တတ်ကြတယ်။ ဘာမှ မလုပ်ရင် ဘာမှမဖြစ်ဘူးပေါ့။ ရန်ကုန်မှာ မဏ္ဍပ်ထိုင်ရတာထက်စာရင် လည်ရတာကို ပိုကြိုက်တယ်။ မဏ္ဍပ်ထိုင်ရင် လက်မှတ်ဖိုး အ၀တ်အစားဖိုးနဲ့ ပိုက်ဆံ တော်တော်ကုန်ပါတယ်။ ရည်းစားလေးရှိရင်တော့ ကောင်းတာပေါ့နော်။ ဒါပေမယ့် သင်္ကြန်တစ်ခါလည်ပြီးရင် အသားအရေကို နဂိုအတိုင်းပြန်ဖြစ်အောင် လုပ်ရတာက တော်တော် အချိန်ကြာတယ်။

ဒါတွေကတော့ မှတ်မိသလောက် သင်္ကြန်ပုံရိပ်တွေပါ။ ဒီနှစ် သင်္ကြန်တော့ စာကျက်မှ ဖြစ်မယ်။ မဟုတ်ရင် အလုပ်နဲ့ ကျောင်းစာနဲ့ ရောနေတော့ ခေါင်းထဲကို သေချာ မ၀င်ဘူးဖြစ်နေတယ်။ သင်္ကြမတိုင်ခင်တော့ ချောင်းသာသွားမှာရှင့်။ ရုံးက တစ်ရုံးကို လိုက်ပို့ပေးမှာလေ။ ချောင်းသာ သွားလိုက်ရပြီပဲ ကျေနပ်ပါတော့ ပင့်ဂိုလ်းရယ်။ သင်္ကြန်မှာ အိမ်မှာပဲ အေးအေးနေလိုက်ပါတော့ကွယ်။ 😛