Tag Archives: Tomato Farms

တောင်ကတုံးတွေနဲ့ တံငါသည်ဓါတ်ပုံတွေဟာ အင်းလေးအတွက် နိမိတ်မကောင်းဘူး

Standard

Image

 

Image

ကတုံးဖြစ်နေတဲ့ တောင်တန်းတွေနဲ့ ငါးရှာနေတဲ့ ပုံတွေကို နေရာတကာမှာ တွေ့နေရတာ ကျွန်တော်တို့ ခံစားရတယ်။ ဒါတွေဟာ ကျွန်တော်တို့အတွက် နိမိတ်မကောင်းဘူး။ သစ်ပင်မရှိတဲ့တောင်တွေကိုကြည့်ပြီး ကျွန်တော်တို့ ၀မ်းနည်းရတယ်။ ငါးရှာနေတဲ့ ပုံတွေကိုကြည့်ပြီး တစ်သက်လုံးငါးပဲ ရှာစားရတော့မယ့်အတိုင်းပဲ။ အင်းလေးရဲ့ ပြယုဂ်က ဆောင်းနဲ့ငါးရှာနေတဲ့ လှေသမားတွေ မဟုတ်ဘူးလို့ အင်းသားတွေက ကျွန်မတို့ကို ရင်ဖွင့်ပါတယ်။ အင်းလေးဒေသရဲ့ ဂုဏ်ကိုဆောင်တာဟာ ခြေထောက်နဲ့လှေလှော်နေတဲ့ အင်းသားတွေ ဖြစ်တယ်။ ကမ္ဘာမှာ ရေပေါ်မှာ နေတဲ့သူ ၊ ခြေထောက်နဲ့လှေလှော်တဲ့သူဆိုလို့ အင်းသားတွေပဲရှိတယ်။ ဒါတွေကို ဂုဏ်ယူစရာတစ်ခုအဖြစ်နဲ့ပဲ ကမ္ဘာကို ပြချင်တယ်။ အင်းသားတွေဟာ တံငါသည်တွေပါလို့ ကျွန်တော်တို့ ကမ္ဘာကို မကြေငြာချင်ဘူးဆိုတဲ့ ရင်ဖွင့်သံတွေကို အင်းသားလူငယ်တွေနဲ့ လူကြီးတွေက ကျွန်မတို့ကို ရင်နာနာနဲ့ပြောခဲ့ကြတယ်။Image

အင်းလေးဒေသမှာ ဖွံ့ဖြိုးရေးကို ဆောင်ရွက်နေတဲ့ NGO ပေါင်း (၄၀၀) ကျော်ရှိတယ်။ ဒါပေမယ့် အင်းသားတွေရဲ့ ဘ၀ဟာ ထူးခြားပြီးတိုးတက်မလာကြဘူး။ NGO တွေရဲ့ Project တော်တော်များများဟာ ဟန်ပြတွေပဲ ဖြစ်နေတာများတယ် လို့ အင်းသားတွေက ကျွန်မတို့ကိုပြောပါတယ်။ ချပေးတဲ့ Fund တွေကို NGO တွေက အချောင်ယူနေတယ်ဆိုတဲ့ စိတ်က အင်းသားတွေဆီမှာ အရိုးစွဲနေပြီ။ တစ်ခုစိတ်မကောင်းစရာ ကောင်းတာက အင်းသားတော်တော်များများဟာ NGO တွေကြောင့် သူတို့ဆီကို ကောင်းအောင်လာလုပ်ပေးမယ့် သူကိုမျှော်တတ်နေပြီ။ ကျွန်မတို့ကိုတောင် သူတို့က မေးတယ်… ကျွန်တော်တို့ကို ဘာလုပ်ပေးမှာလဲတဲ့… အကိုတို့တိုးတက်ဖို့ အကိုတို့ပဲ လုပ်ရမှာလို့ ကျွန်မပြန်ပြောခဲ့တာ.. သူတို့တွေ စိတ်အလိုမကျ ဖြစ်သွားရင်လည်း မတတ်နိုင်ဘူး။

အင်းလေးဟာ မြန်မာပြည်ရဲ့ ခရီးသွားအများဆုံးဒေသထဲက တစ်ခုဖြစ်တယ်။ ဒါပေမယ့် အင်းသားတွေဟာ ဒီအကျိုးကျေးဇူးတွေကို မခံစားရဘူး။ ဟိုတယ်တွေမှာ သာမန်အောက်ခြေ၀န်ထမ်းအဆင့်ကိုပဲ အင်းသားတွေ ရတယ်။ ယုတ်စွအဆုံး ဟိုတယ်စက်လှေတွေကို မောင်းတဲ့သူတွေတောင် တစ်ခြားဒေသက လူတွေဖြစ်နေတယ်။ သူတို့ရဲ့ မှီခိုအားထားရာ အင်းလေးကန်ဟာလည်း ခုဆိုရင် တစ်ဖြည်းဖြည်းပျက်စီးလာပြီ။ အလုပ်အကိုင်အခွင့်အလမ်းနဲ့ ပတ်သက်တဲ့ မူဝါဒတွေကို တစ်နိုင်ငံလုံးမှာ သေသေချာချာချမှတ်ပြဌာန်းဖို့ လိုအပ်နေပါပြီ။ အင်းဝန်ကြီးဆိုတာကလည်း ဆုံးဖြတ်ပိုင်ခွင့်ကို ဘာမှ ရရှိမထားတာကြောင့် သူ့မှာလည်း လုပ်ပိုင်ခွင့်မရှိဘူး ဖြစ်နေတယ်။ အင်းထဲကို လာတဲ့လူတိုင်းကတော့ တံငါသည်တွေကို ဓါတ်ပုံရိုက်ယူကြမှာပဲရှင့်။ ဒါက အထူးတလည်ပြောနေစရာမလိုဘူး။ ခြေထောက်တွေနဲ့ လှေလှော်နေတဲ့ အလှပုံတွေကို ရိုက်စေချင်လည်း ဒီလိုအခွင့်အရေးတွေ များများဖန်တီးပေးရမယ်။ ဖောင်တော်ဦး ဘုရားပွဲတစ်ခုတည်းမှာ အလှပြလှေလှော်ကြတာထက် ၊ အလှပြလှေလှော်တာကို ဧည့်သည်တွေ တစ်ပတ်တစ်ခါ (သို့) နှစ်ခါလောက် ကြည့်ရှုခံစားနိုင်ဖို့ ဖန်တီးပေးရင် ဒါကိုလည်း ဓါတ်ပုံရိုက်ခွင့်ရမှာ ဖြစ်သလို ၊ ငွေရှာစရာ နည်းလမ်းတစ်ခုလည်း ဖြစ်လာနိုင်ပါသေးတယ်။

အင်းလေးရဲ့ အဓိက စိုက်ပျိုးရေးလုပ်ငန်းက ခရမ်းချဉ်သီးလုပ်ငန်းဖြစ်တယ်။ 2007 ခုနှစ်မတိုင်ခင်မှာတော့ အင်းသီးဆိုတာ တစ်နိုင်ငံလုံးမှာ နာမည်ကြီး ခရမ်းချဉ်သီးဖြစ်ခဲ့ပြီး တစ်နိုင်ငံလုံးရဲ့ ခရမ်းချဉ်သီးဈေးကွက်မှာလည်း အင်းသီးက အသာစီးရနေခဲ့တယ်။ 2007 နောက်ပိုင်းမှာတော့ တစ်ခြားဒေသက ခရမ်းချဉ်သီးတွေလည်း လှိုင်လှိုင်ထွက်ပေါ်လာတာကြောင့် အင်းသီးဈေးကွက်ရှယ်ယာတွေ လျော့ပါးလာခဲ့တယ်။ ပိုဆိုးတာက ဒါရိုက်တာ မင်းထင်ကိုကိုကြီးရဲ့ အင်းသီး မှတ်တမ်းရုပ်ရှင်ဟာ အင်းသီးအတွက်တော့ နိမိတ်ဆိုးတစ်ခု ဖြစ်စေခဲ့တယ်။ ဓါတုဆေးတွေ မလွန်အကျွံသုံးထားတဲ့ ခရမ်းချဉ်သီးအဖြစ် အင်းသီးဟာ ဈေးကွက်မ၀င်တော့ရှာဘူး။ အမှန်တစ်ကယ်အားဖြင့်လည်း အင်းသီးစိုက်ပျိုးဖို့အတွက် ပိုးသတ်ဆေးကို သုံးရပါတယ်။ ကျွန်းမျောတွေမှာ မြေအောင်းပိုးဆိုတာရှိတယ်။ ဒီပိုးဟာ ခရမ်းချဉ်ပင်တွေကို အရှင်လတ်လတ်ပြာကျစေတယ်။ ဒါကြောင့် ဒီမြေအောင်းပိုးကို သုတ်သင်ဖို့ အားပြင်းတဲ့ ပိုးသတ်ဆေးကို မသုံးမဖြစ်ကို သုံးနေရတယ်။ အင်းသီးဈေးကွက်ပျောက်ဆုံးလာခြင်းနဲ့အတူ အင်းသားတွေရဲ့ စီးပွားရေးကလည်း ယိုယွင်းလာတယ်။ ခုတော့ သူတို့တွေ ခရမ်းချဉ်သီးကို ယိုအဖြစ်သော်လည်းကောင်း ၊ တစ်ခြား Finished Good တစ်ခုအဖြစ်နဲ့သော်လည်းကောင်း ထုတ်လုပ်နိုင်ဖို့ နည်းပညာတွေ ရှာနေတယ်။

အင်းဆိုတာကတော့ သဘာဝအလျောက် ကော တတ်တာပဲရှင့်။ လူသူမနေတဲ့ အင်းတော်ကြီးဆိုလည်း တစ်ဖြည်းဖြည်းကျဉ်းလာနေတာပါပဲ ။ Tourism ဈေးကွက်ဟာ ခုချိန်မှာ အားကောင်းနေတယ်။ ဘယ်အချိန်ထိ အားကောင်းနိုင်မလဲဆိုတာတော့ တစ်ချက်ကြည့်ရမှာပေါ့။ နောက်ပြီး အင်းကောသွားရင်ကော ဘာလုပ်ကြမလဲ။ မြေသြဇာကောင်းတဲ့ မြေတွေပေါ်မှာ လယ်စိုက်ကြမလား။ ခရမ်းချဉ်သီးပဲ စိုက်နေကြတဲ့ တောင်သူတွေက လယ်စိုက်ရင်ကော ဘယ်လိုမျိုး ဖြစ်သွားနိုင်သလဲ။ လယ်စိုက်ရင်တောင် လယ်ယာမြေတွေက အင်းသားတွေ လက်ထဲမှာပဲ ရှိဖို့လိုအပ်တယ်။ တစ်ခြားဒေသက လူတွေလက်ထဲရောက်သွားရင်တော့ ဆွေးပြီပဲ

ကျွန်မတို့နိုင်ငံမှာ Rural Development ဆိုတာကို သေသေချာချာကို လုပ်ဖို့လိုအပ်နေပါပြီ။ ပညာရေးနဲ့ ပတ်သက်လာရင်လည်း တက္ကသိုလ်တွေကို အဆင့်မြင့်တာထက် ကျေးလက်ဒေသက မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းကျောင်းကိုတွေ အဆင့်မြှင့်ခြင်းကနေ စတင်ရမှာပါ။ ဆရာဝန်ရှားပါလာမှု၊ ကျေးလက်ဆေးပေးခန်းတွေက သူနာပြုမရှိ၊ ဆေးမရှိနဲ့ ဗလာဖြစ်နေမှု အစရှိတာတွေကလည်း ကျေးလက်ဖွံ့ဖြိုးရေးကို တစ်ကယ်ကိုနှောင့်နှေးစေတာပါပဲ။ ခရီးသွားတွေဒီလောက်များနေရက်နဲ့ အင်းသားတွေရဲ့ အဓိက ငွေဝင်ပေါက်ဟာ ခရမ်းချဉ်သီးတစ်ခုပဲ ဖြစ်နေသေးတာကလည်း ၀မ်းနည်းဖို့ကောင်းနေပါသေးတယ်။ လျှပ်စစ်မီးဆိုတာကလည်း အင်းလေးက ရွာတိုင်းမှာ မရှိဘူး။ ဒါကလည်း အင်းလေးမှာမှ မဟုတ်ဘူး။ ကျေးလက်ဒေသတိုင်းမှာကို ဖြစ်နေတာ။ စွမ်းအင်ပေါပေါသီသီထွက်တဲ့ ကျွန်မတို့နိုင်ငံက ကိုယ့်ဒေသတွင်းမှာ လျှပ်စစ်မီးလုံလောက်အောင် ပေးနိုင်ဖို့ ဒီထက်ပိုလုပ်ဖို့ လိုနေပါပြီ။ နိုင်ငံရဲ့ ထိပ်ပိုင်းတွေမှာ ပြောင်းလဲမှုတွေကို တွင်တွင်ပြောနေတဲ့သူတွေ တစ်ကယ့်ဘ၀ထဲကို တစ်ခေါက်လောက် ဆင်းကြည့်သင့်တယ်။ သက်ဆိုင်ရာ ပြည်နယ်အစိုးရနဲ့ ၀န်ကြီးတွေကို လုပ်ပိုင်ခွင့် ပိုပေးသင့်တယ်။ နောက်ပြီး အစိုးရပိုင်းတွေတင် မဟုတ်ပါဘူး။ ကျွန်မတို့ ပြည်သူပြည်သားတွေရဲ့ စိတ်ဓါတ်ကလည်း ပြောင်းလဲဖို့ လိုနေပါပြီ။

ကျွန်မ အားအားနေ Youth Youth ဆိုပြီး ပြောနေတာ အလကား မဟုတ်ဘူးရှင့်။ လူကြီးတွေက ပြောင်းလဲဖို့ ခက်ကုန်ပြီ။ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ လုပ်ချင်လုပ်ကြမယ်၊ စိတ်ဓါတ်တွေက ပြောင်းလဲဖို့ မလွယ်တော့ဘူး။ လူငယ်တွေထဲမှာတောင် အသက် 25 နောက်ပိုင်းတွေက အကျင့်တွေပြင်ဖို့ ခက်သွားပြီ။ အနာဂတ်ကို လူငယ်တွေနဲ့ပဲ တည်ဆောက်ရမှာပါ။ ဒါကြောင့် Youth Development ဆိုတာ အရေးကြီးကို ကြီးတယ်။ အုပ်ချုပ်သူလူတန်းစားများလည်း လူငယ်တွေအတွက် အလုပ်များများလုပ်နိုင်ကြပါစေကြာင်း ပြောရင်း…

အင်းလေးကိုလည်း ချစ်ပါတယ်… အင်းလေးကိုလည်း တိုးတက်စေချင်ပါတယ်.. အင်းလေးတိုးတက်ဖို့ဆို အင်သားတွေလည်း ပြောင်းလဲဖို့ လိုအပ်ပါတယ်။

တစ်နိုင်ငံလုံး တိုးတက်လာဖို့ကိုလည်း ကျွန်မတို့ စိတ်ရှည်ရှည်နဲ့ ကိုယ်တိုင်ကစလို့ ကြိုးစားပြောင်းလဲဖို့ လိုအပ်ပါတယ်။

 

Pinkgold

Photo Credit goes to original photographers.